ဘုရားစူးချစ်ပါ့မယ်၊ မောင်ကြီးရေ၊ အလှကမ္ဘာတေးသီချင်းများပိုင်ရှင်နှင့် ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ(၁၈)

ရုပ်ရှင်မင်းသမီးကြီး အဆိုတော် ဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် အနုပညာလောက၌ သက်တမ်းရှည်ကြာစွာ အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူထားနိုင်သော ထူးချွန် အနုပညာရှင်တစ်ဦး ဖြစ်သလို အသံတိတ်ရုပ်ရှင်၊ သံစုံသွင်းရုပ်ရှင်၊ ခေတ်ဟောင်း အသံထွက်မှ ယနေ့ အချိန်အထိ ဘဝတူ အနုပညာရှင်များကြား၌ အနုပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်နေဆဲ မင်းသမီးကြီးပင် ဖြစ်ပေသည်။
မင်းသမီးကြီးသည် ဇာတ်ဝင်တေးသီချင်း များကိုလည်း ကိုယ်တိုင် သီဆိုခဲ့သလို ရောင်းတမ်းဝင် ဓာတ်ပြားလောကတွင်လည်း အောင်မြင်သော အဆိုတော်တစ်ဦး၏ ဘဝကို 'သက်လည်' ရုပ်ရှင်ဇာတ်ကားမှ 'ချစ်စိတ်ရည်' သီချင်းဖြင့်တက်လှမ်းလာနိုင်ခဲ့သူဖြစ်ပေသည်။ မင်းသမီးကြီး ရိုက်ကူး ခဲ့သော ဇာတ်ကားများနှင့်အတူတွဲလျက် နာမည်ကြီးလာသောတေး သီချင်းများမှာ 'မြဲတဲ့သစ္စာ'ရုပ်ရှင်မှ 'ဘုရားစူးချစ်ပါမယ်''၊ 'ချစ်ပန်း သဇင်'ရုပ်ရှင်မှ 'လမင်းထိန်ထိန်သာ'တေးသီချင်းနှင့် 'မောင်ကြီးရေ' တေးသီချင်း၊ 'ဖြေလျော့ခွေ'ရုပ်ရှင်မှ 'မြစ်ကြီးဧရာဝတီနှင့်ဂျာအေး' သီချင်း၊ 'တိမ်လွှာမို့မို့လွင်' ဇာတ်ကားထဲမှ 'အလှကမ္ဘာ'သီချင်း၊ 'ရေစီးတစ်ခါ၊ ရေသာတစ်လှည့်'မှ 'ချစ်သူ့နယ်မြေ'သီချင်းစသည် တို့မှာ မင်းသမီးကြီး၏ ကျော်ကြားသော ဇာတ်ဝင်တေးသီချင်းများ ဖြစ်ခဲ့ရသည်ကို မှတ်သားခဲ့ရပေသည်။
ထို့အပြင် ဓာတ်ပြားတေးသီချင်း များစွာဖြစ်သော 'နပန်းဆန်၊ စခန်းသာ၊ စန္ဒာ၊ အင်းလျားကန်၊ ပန်းချယ်ရီ၊ နောင်အင်းလေး၊ မေမေ့ကျောင်း'သီချင်းများမှာလည်း မင်းသမီးကြီး၏ အထင်ကရ သီချင်းများပင် ဖြစ်သည်။
မင်းသမီးကြီးနှင့် ယခင်တစ်ပတ်က ပြောကြားချက်များကို ပြန်လည် အစဖော်ထုတ်ရင်း ဆရာရွှေပြည်အေး၊ အေဝမ်းဦးခင်မောင်၊ ဆရာဦးဘသန်းတို့မှ Vocal Guide လုပ်ပေးရင်း၊ တေးသီချင်းများ သင်ကြားပေးခဲ့မှုအပေါ် မင်းသမီးကြီး၏ သုံးသပ်ချက်စကားသံများကို ထပ်မံနားဆင်ခွင့်ရခဲ့ပေသည်။
သူတို့သီချင်းပဲ သူတို့သင်ပေးတာပေါ့။ တခြားလူတွေရေးတဲ့ သီချင်းတွေ မဆိုဖူးဘူး။ ကိုမင်းနောင် သီချင်းဆိုလည်း သူချပေးတာပေါ့။ ဒါပေမယ့် notes တွေမရှိတော့ သီချင်းတွေက နှမြောဖို့တော့ကောင်းတယ်။ စာသားတွေမြင်ပြီး အသံပြန်ထည့်လို့မရဘူး ဖြစ်နေတာပေါ့။ ဆိုတဲ့လူကလည်း နည်းနည်းပါးပါးလောက်ပဲ ရတာပေါ့။
တေးသီချင်းတစ်ပုဒ် သီဆိုနိုင်ရန်အတွက် အဓိကအရေးကြီးဆုံးမှာ သီချင်းနှင့်လိုက်ဖက်မည့် Key ကို သိရှိထားဖို့လည်းလိုအပ်လှပေသည်။
ဟိုအရင်တုန်းက ဒီလို Key ချိန်းတာသိပ်မရှိဘူး။ စာရေးဆရာရေးထား တဲ့ Key အတိုင်းပဲဆိုရတာ။ ကောလိပ်ဂျင်ဇာတ်ကားထဲက သီချင်းဆိုဖူးတယ်။ အဲဒါတောင် သီချင်းရေးဆရာက Key မချိန်းပေးဘူး။ ရအောင်ဆိုရတယ်။ ရအောင်ကိုအော်ရတယ်။ direct Live သာရိုက်မယ်ဆို ရုပ်ပျက်ဆင်းပျက်ဖြစ် နေမှာပေါ့။ သီချင်းရေးဆရာကလည်း သိပ်ပြီးဗဟုသုတ မရှိဘူးဖြစ်မှာပေါ့။ တချို့ဟာတွေ နားထောင်ကြည့် Key မကိုက်ဘူးလေ။ အခုဆို အဆိုတော် တွေက ဟာ ဒီ Key မရဘူး။ မရဘူးဆိုတာနဲ့ချက်ချင်းပြောင်းပေးရတယ်လေ။ မာမီတို့ခေတ်တုန်းကတော့မရဘူး ဆို,ရအောင်ဆို။ အခုတော့ ပညာတတ်သွား တာပေါ့သမီးရယ်။
ဓာတ်ပြားခေတ်မှာ မာမီတို့သီချင်းတွေကို ရောင်းတမ်းဝင် အဆိုတော်နာမည်တွေနဲ့ သွင်းပြီး သီချင်းပေါက်တဲ့ အခါကျ ဓာတ်ပြား သီချင်းသီဆိုသူ ဘယ်သူပေါ့။ မူရင်းဆိုခဲ့တဲ့ မာမီတို့ နာမည်တွေက ပျောက်နေတာပေါ့။ အဲလိုဖြစ်ခဲ့တဲ့ အရာတွေနဲ့ယှဉ်ပြီး အခုခေတ်ဂီတလောက အခြေအနေတွေနဲ့ မာမီပိုပြီး ပြောစရာ ဘာတွေဖြစ်သွားမလဲ။ အခု ခေတ်ကျ မူရင်းအဆိုတော် ဘယ်သူဆိုပြီး ဟစ်တိုင်လုပ်နေကြတာလေ။ 'မာမီက အဲဒီ့တုန်းက ဘာလို့ငြိမ်နေခဲ့တာလဲ' ဟူသော မေးခွန်းကို စာရေးသူမှ မေးမြန်းကြည့်မိသည့်အခါ-
အဲလိုလုပ်ရမယ်ဆိုတာလည်း မာမီကနားမလည်ဘူးလေ။ ဒီလိုပြောပိုင်ခွင့်၊ မူပိုင်ခွင့်တွေဘာတွေကိုလေ။ အမှန်က သီချင်းတစ်ပုဒ်ဆိုတာက ရေးတဲ့လူက ပိုင်တာလေ။ ဆိုတဲ့လူက ပိုင်တာမှ မဟုတ်တာ။ သူရှာတာကို ကိုယ်က သက်သေအနေနဲ့ ဆိုပေးရတာလေ။ အခုတော့ မန္တလေး FM မှာ ခဏခဏ လွှင့်ဖြစ်လာရင် အနုပညာကြေးပေးတယ်လေ။ တစ်ကြိမ်လွှင့်ပြီးရင် ဆိုတဲ့လူက ဘယ်လောက်၊ တီးတဲ့လူက ဘယ်လောက်၊ တေးရေးက ဘယ်လောက်ဆိုပြီး အဲလိုခွဲပေးတယ်။ များများတောင်းခံရတဲ့လူက ပိုရတာပေါ့လေ။ (၄)လတစ်ခါ ပေးတယ်။ မာမီရော၊ မဆွေရောရတယ်။
ဘယ်သီချင်းနဲ့ ရတာလဲဆိုတော့ မာမီရဲ့သီချင်းအပုဒ်ရေ ဘယ်လောက် လွှင့်ခံရတယ်ဆိုပြီးတော့ ချီးမြှင့်တာပဲ။ ခုနှစ်ထောင်ကျော်လောက်ရတယ်။ မဆွေကတော့ သောင်းကျော်တာပေါ့လေ။ များတာပေါ့လေ။
မင်းသမီးကြီးသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် အတွဲညီခဲ့သော မင်းသားများစွာ ရှိခဲ့သည့်အနက် (ဦး)ဝင်းဦးနှင့် အများဆုံး အတွဲညီခဲ့သည်ဟု သူမ၏ ပရိသတ်များက သုံးသပ်ပြောကြားခဲ့ကြသေးသည်။ စာရေးသူအတွက်မူ ဒါရိုက်တာစံရွှေမောင်၏ ပွဲဦးထွက်ရုပ်ရှင် ဇာတ်ကားဖြစ်သော 'တိမ်လွှာမို့မို့လွင်'တွင် လူငယ်လေးတစ်ဦး၏ တဇွတ်ထိုး မေတ္တာသက်ဝင်ခြင်းကို ခံရသည့် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားသော သရုပ်ဆောင်ချက်များကို ပိုမိုအလေးထား နှစ်ခြိုက်မိခဲ့၏။
အမှန်က သေချာပြန်စဉ်းစားကြည့်ရင် မာမီနဲ့ ဦးဝင်းဦးက အများဆုံး တွဲဖြစ်သလိုဖြစ်သွားတာပေါ့။ စောစောပိုင်းကတော့ ကြိုးကြားကြိုကြား ကိုထွန်းဝေ၊ ကိုကျော်ဆွေ၊ ကိုနေဝင်း၊ ဝင်းညွန့် မြင့်အောင်၊ ဇော်လွင်၊ ညွန့်ဝင်းတို့နဲ့လဲ ရိုက်ဖူးတယ်။ ဒီဘက်ပိုင်းမာမီအိမ်ထောင်ကျပြီးတော့ ဝင်းဦးနဲ့ကားများသွားတယ်။ အမှတ်တရက ပထမဆုံးရိုက်တဲ့ ကားက သိပ်မအောင်မြင်ဘူး။ သစ္စာတူပြိုင်လေ။
အဲဒီခေတ်က ဒီမင်းသားက ဒီမင်းသမီးနဲ့ အဆင်ပြေတယ်ဆို တွဲပြီးငှားကြတာပဲလေ။ ဒုတိယကားက 'တိမ်လွှာမို့မို့လွင်'၊ ညွန့်မြန်မာက ရိုက်တာလေ။ အဲဒီတုန်းက အပျံစားဖက်ရှင်တွေ ဝတ်ရတာလေ။ ဝင်းဦးနဲ့ ပထမဆုံးကား 'ချစ်သူရွေးမယ်ချစ်ဝဲလည်'၊ 'ချစ်သူကြင်သူမြတ်နိုးသူ' ကားက မျက်မမြင်အဖြစ် သရုပ်ဆောင်ရတာ။ 'မုန်းပါတယ်မောင့်ကို' သီချင်းဆိုတော့လည်း အတွဲညီတယ်။ သူနဲ့သီချင်းဆိုရတာက အဟောင်းပဲဆိုရတာများတယ်။
အနုပညာရှင် တစ်ဦးအတွက် မိမိနှင့်အတူ တွဲဖက်သရုပ်ဆောင်ရမည့် သရုပ်ဆောင်များအပေါ်၊ အလုပ်သဘော အခြေခံအရ ဆက်ဆံ တတ်ကြစမြဲဖြစ်ပြီး မင်းသမီးကြီး၏ သဘောထားမှာလည်း ...။
အဆင်မပြေတာတော့ မရှိပါဘူး။ အားလုံး အပေးအယူ မျှတာပါပဲ။ သီချင်း ဆိုတာကတော့ မာမီတို့ငယ်ငယ်က May Day တွေဘာတွေဆို ပွဲလုပ်တယ်။ သီချင်းဆိုရတာပေါ့။ Supporting လောက်ပါပဲ။ main သီချင်းတောင် မဆိုရပါဘူး။
သစ္စာတူပြိုင်ကားက အင်္ဂလိပ်ကားကို ပြန်ရိုက်ထားတာလေ။ ဝင်းဦးက ဇာတ်ပြန်ရေးတာလား မသိဘူး။
အသံတိတ် ရုပ်ရှင်ဇာတ်ကားများ၏ သဘောတရားမှာ အရုပ်ကို ပိတ်ကားထက်မှာ ပြသပြီး အသံကို ပရိသတ်အား တိုက်ရိုက် နားဆင်ခွင့် ရအောင် ဖန်တီးပေးရခြင်း ဖြစ်သည့် အတွက် အသံတိတ် ဇာတ်ကားများနှင့် ပတ်သက်သော ဗဟုသုတများကို မင်းသမီးကြီးထံမှ သိရှိခဲ့ရပေသည်။
ဟိုးအရင်တုန်းက ရုပ်ရှင်ကြည့်မယ်ဆိုရင် တီးဝိုင်းသမားကြီးတွေက အရှေ့မှာဆိုပေးရတယ်။ စာတမ်းထိုးရင် လူတွေကဖတ်။ ပြီးတာနဲ့တီးလုံး တီးပေးပေါ့ အဲလိုမျိုး။ အသံထွက်ကားမှာ dubbing သံထည့်သလိုပုံစံပဲ အသံတိတ်မှာလည်းလုပ်ရတာပါပဲ။ direct တီးပေးနေရပြီး တီးတဲ့လူရော၊ ဆိုတဲ့ လူရော အကုန်လုံး ဘေးမှာရှိနေရတယ်။ မာမီက ကလေးတွေကို ကြားဖူး နားဝဆိုပေးတယ်။ အလှည့်နဲ့ပေါ့။ ပင်တိုင်ကတော့ ဝင်းဦးများတယ်။ Traders Hotel နဲ့ မျက်နှာချင်းဆိုင်ဘက်ကရုံမှာပြတာလေ။ မြဂနိုင်ကားကိုလေ။ အမျိုးသမီးအဆိုတော်တွေ ပြောင်းပေမယ့် ဝင်းဦးကတော့ ပင်တိုင်ဆိုတာပဲ။ ဝါသနာလည်း သိပ်ပါတယ်။ (၄)ပွဲရှိ (၄)ပွဲလုံးသူဆိုတာ။ ဒီကားမှာ ဦးဝင်းဦးပါပါ မပါပါ ဝါသနာပါလို့ကို ဝင်ဆိုပေးတာလေ။ ရှေးတုန်းကကားတွေမှာ သူ့အသံနဲ့ဝင်ဆိုပေးတာ။ သူကကိုဆိုချင်နေတာ။ တလှည့်စီဆိုလို့ရပေမယ့် တီးဝိုင်းကလည်း မပြောင်းဘဲ ဒီတစ်ဖွဲ့ပဲ။ တစ်နေကုန်တီးနေတာ။ ပျော်နေတာကျတော့ သိပ်ပင်ပန်းမှန်းမသိကြဘူး။ ထမင်းစားတဲ့ အချိန်စားကြပေါ့။ အဆိုကျ အလှည့်ရှိတော့လေ။ တီးတဲ့လူတော့ နည်းနည်းပင်ပန်းတာပေါ့။
တူရိယာပစ္စည်းများမှာလည်း ဆိုင်းဝိုင်း တစ်ဝိုင်းစာနီးပါး အသုံးပြုပြီး အသံထွက်လာအောင် ဖန်တီးယူရခြင်းပင် ဖြစ်သည်။
Instrument တွေက စန္ဒရား၊ တယော၊ ဗုံ၊ ပုလွေ၊ နှဲ။ (၆)လုံးပတ်ဗုံလေး ပေါ့။ ဆိုင်းဝိုင်းအသေးလေးပေါ့။ စည်းနဲ့ဝါးပေါ့။
အသံတိတ်ကားအတွက် နောက်ခံသီချင်းဆိုရင် တစ်ခါတစ်လေဂစ်တာ တောင်ပါတယ်ထင်တယ်။ မယ်ဒလင်ရော၊ ဇာတ်လမ်းထဲမှာ မင်းသားက ဇာတ်လမ်းအရမယ်ဒလင်တီးရင် အောက်ကလည်း မယ်ဒလင်တီးပြရတယ်။ Play back ပုံစံပေါ့။ ဂစ်တာကလွယ်ပြီးတီးတဲ့ဂစ်တာမဟုတ်ဘူး။ ထိုင်ပြီးတီးရ တာမျိုး။ Size ကတော့ သာမာန်ဂစ်တာမျိုးပဲ။ မြဂနိုင်မှာဆို မင်းသားက မင်းသမီးကို မယ်ဒလင်နဲ့ ကျူတဲ့အခန်းမှာဆို အောက်ကလည်း တီးပြကြတာ ဟိုမင်းသား တစ်ကယ်တီးနေသလိုပဲ။ အဲလိုခံစားရတာပေါ့။ မင်းသားက ရဲခေါင် ချစ်ဆွေလေ။ မင်းသမီးက မြင့်မြင့်။
မင်းသမီးကြီးတို့၏ ခေတ်ကာလ အချိန်အခါက အသံတိတ်ကား များစွာ ရှိခဲ့သည့်အနက် 'မြဂနိုင်'ဇာတ်ကားမှာ ပိုမိုထင်ပေါ် ကျော်ကြားခဲ့သည်ကို မှတ်သားခဲ့ရပြီး၊ မြဂနိုင်၏ ထူးခြားချက်များကို ပြောကြားရင်း၊ အခြားသော အသံတိတ်ဇာတ်ကားများ အကြောင်းကိုလည်း သိရှိခဲ့ရပေသည်။
နာမည်ကြီး အသံတိတ်ကားတွေမှာ မှတ်မှတ်ရရက မြဂနိုင်ကို မှတ်တမ်းအနေနဲ့ သူတို့သိမ်းထားတာတော့ မာမီမှတ်မိတယ်။ 'ဂျပန်ရင်သွေး'ကားကျ အသံထွက်လားမသိဘူး။ ဂျပန်မင်းသမီး အေးမိစံနဲ့လေ။ ဦးညီပုနဲ့ယူထားတဲ့ မိန်းမက အဲဒီ့မင်းသမီးလို့တောင် ပြောကြတယ်။ တချို့ကျ မဟုတ်ဘူးတဲ့။ သက်သက်စီပါတဲ့။ ဦးညီပု ပညာသွားသင်ရင်းနဲ့ တွေ့တဲ့ဆရာကြီးရဲ့ သမီးလို့ ပြောတာပဲ။ သူကလည်း ဂျပန်မပဲလေ။ သူတို့က အန်တီစံပဲခေါ်နေတော့ အေးမိစံလို့ပဲ ထင်နေကြတာနေမှာပေါ့။
မြဂနိုင်ကားကျမှ ဘာလို့ record ကျန်သွားရတာလည်းဆိုတော့ အသံတိတ်လည်း ဖြစ်တယ်။ ထူးလည်း ထူးဆန်းတယ်။ တောတွင်းကားလေ။ တာဇံလိုလို စတန့်ကားမျိုးပေါ့။ နွယ်ပင်လွှဲပြီးတော့ စတန့်လုပ်တာ။ ဆင်တွေတောင်ပါ တယ်ထင်တယ်။ ဆင်အော်သံ ပါလာရင်လည်း တီးဝိုင်းကြီးကပဲ လုပ်ပေးတာလေ။ ထရန်ပက်နဲ့အော်တာလေ။ 'ရှင်ဥပဂုတ်' အသံတိတ်ကားလည်း နာမည်ကြီးတာပဲ။ ရေမျှောတာပဲ။ နောက်တပတ်ပြန်ပြမှ အဲဒီ့ကားက အရမ်း နာမည်ကြီးသွားတာ။ 'ရှင်ဥပဂုတ်'ရဲ့ ဖြစ်စဉ်ကို ရိုက်ထားတာ။ မင်းသမီး၊ မင်းသားက နာမည်သိပ်မရှိဘူး။ ဖလင်လိပ်ကို နောက်တစ်ကျော့ ဘယ်သူကခဲတွေ ရောင်းဖို့လားမသိဘူး။ လူတစ်ယောက်က စွန့်ပြီးဝယ်လိုက်တာ။ ဖလင်ကို ကျိုလိုက်ရင် ခဲထွက်ထွက်တယ် ဆိုလားမသိဘူး။ သူကပဲ ဒီကားကိုပြန်ပြလိုက်တာ။ ပေါက်သွားပြီ။ ဥပမာ-ဒန်အိုး၊ ဒန်ခွက်ပြန်ရောင်းရင် နားလည်တဲ့လူက ဝယ်ပြီး ကျိုလိုက်တော့ ခဲတွေ၊ ဘော်တွေ ထွက်လာသလိုပဲ။ ဖလင်ကထွက်တာလေ။ တချို့ဆို ရွှေတောင်ထွက်တယ်။ ဘာညာပြောကြတာ။ နောက်ပိုင်းတော့ ဖလင်ကနေ မထွက်တော့ဘူး။ ဟိုတုန်းက ဘယ်လိုဟာတွေနဲ့ လုပ်ထားမှန်း မသိဘူး။ ကုလားဆီကနေ ဝယ်လိုက်တဲ့လူက အရင်တောမြို့မှာ သွားပြတယ်။ နောက်ရန်ကုန်မှာ ပြန်လာပြတော့ သောက်သောက်လဲနာမည်ကြီးသွားတာ။ ခင်လေးနဲ့ ခင်ထွေး ညီအစ်မနှစ်ယောက်လို့ ပြောတယ်။ မာမီက အရင်တုန်းက ဂျာနယ်အဟောင်းတွေထဲမှာ ပါတယ်။ အခုမရှိတော့လို့ စာပေဗဟုသုတရအောင် တစ်ခါတစ်လေ တောတွေကို ပေးလိုက်တာလေ။ ကိုယ့်လက်ထဲမှာ အများကြီး မထားတော့ဘူးလေ။ သူများတွေ အကျိုးရှိအောင်လေ။ တစ်ခါတစ်လေ စာကြည့်တိုက်တွေမှာ လှူလိုက်တယ်။ အိတ်တွေနဲ့ ထည့်ထည့်ပြီးတော့လေ။
စာဖတ်ဝါသနာပါသော မင်းသမီးကြီးမှာ စာအုပ်စာပေ များကိုလည်း အသိမ်းအဆီး ကောင်းသူ တစ်ဦးပင် ဖြစ်ပေသည်။
ဟုတ်တယ်။ မာမီစာအုပ်စုတာက ငယ်ငယ်လေးကတည်းက ဝါသနာ ပါတာ။ သမီးတွေလက်ထက်ကျမှ ပျောက်ကုန်တာ။ အရင်က မာမီရိုက်ခဲ့တဲ့ ဝတ္ထုတွေအကုန်သိမ်းထားတာ။ သူတို့က ဖတ်ချင်တယ်ဆိုပြီး တစ်ယောက် တစ်အုပ်ယူသွားကြတာလေ။ မာမီ့လက်ထက်က ဝတ္ထုလေဆိုတာနဲ့ သမီး (၅)ယောက်လက်ဆင့်ကမ်းပြီး ပျောက်ကုန်ရော။ အများကြီးရှိခဲ့တာ။ မှတ်တမ်း အနေနဲ့ သိမ်းထားတာလေ။ ဆရာရွြှေုပည်အေးရဲ့ အတိတ်က တစ်နာရီဆိုတဲ့ ဝတ္ထုဆိုတာက သူ့ရဲ့တစ်ခုတည်းသော ဝတ္ထုလေ။ အရမ်းကောင်းတာ။ အဲဒါကို မာမီပြန်ချုပ်ဖို့လုပ်နေတယ်။ ကလစ်တွေနဲ့ ညှပ်ထားရတာ။ အမျိုးသမီး တစ်ယောက်ရဲ့အကြောင်းပဲ။
မင်းသမီးကြီးသည် အနုပညာသက်တမ်း တစ်လျှောက်တွင် ဒါရိုက်တာစုံ၊ မင်းသား၊ မင်းသမီးအစုံ၊ ဇာတ်ပို့ဇာတ်ရန် အစုံတို့ဖြင့် အတူ သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးအဖြစ် မှတ်တမ်းတင်နိုင်ပေသည်။ မင်းသမီးကြီးသည် ဇာတ်လမ်း၊ ဇာတ်ကွက်အရ မြို့သူ၊ တောသူ၊ မိန်းမပျိုလေး၊ အိမ်ထောင်သည်၊ အဖွားအို၊ ဆရာဝန်မ၊ ဈေးသည်၊ စသဖြင့် သဏ္ဌာန်လုပ်သရုပ်တူ ပီပြင်အောင် သရုပ်ဆောင်နိုင်ခြင်းကိုလည်း ယနေ့မျိုးဆက်သစ် အနုပညာသမားများ နည်းလမ်းယူငင်ကာ အတုယူလေ့လာသင့်ပေသည်။
ဆုကဗျာ ဆက်လက်၊တွေ့ဆုံ၊မှတ်တမ်းတင်မည်။

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009