" လားရှိုးသိန်းအောင်နှင့် တွေ့ ဆုံမေးမြန်းခြင်း "

0 comments

" လားရှိုးသိန်းအောင် နှင့် Fancy journal မှတွေ့ ဆုံမေးမြန်းခြင်း " 
 Fancy journal အတွဲ (၁ ) ၊ အမှတ် (၇ ) 

 လားရှိုးသိန်းအောင် ခေါ် Jimmy Jack ဟာ အမေတခုသားတခု၊ မုန်းမုန်းမေ့မေ့၊ နှုတ်မဆက်နဲ့၊ တောင်ကြီးမြို့ဧည့်သည်၊ ဘ၀သစ္စာ စတဲ့ သီချင်းတွေနဲ့ တချိန်က မြန်မာ့ စတူရီယို ခေတ်ဦးလောကမှာ အောင်မြင်မှု မှတ်တိုင်တခု အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီးမှ အနုပညာလောကကနေ ရုတ်တရက် ပျောက်သွားခဲ့သူပါ။ ဒါပေမယ့် တလောကတော့ အင်တာနက် Youtube တွေပေါ်ကတဆင့် လွှတ်တော်အမတ်တွေကြားမှာပါ အတော်လေး ရေပန်းစား၊ ရိုက်ခတ်သွားခဲ့တဲ့ သမ္မတကြီး (ဦးသိန်းစိန်) ဂုဏ်ပြုသီချင်းကို ကိုယ်တိုင် ရေးသား သီဆိုလိုက်တဲ့အချိန်မှာ မြန်မာပရိတ်သတ်တွေအကြား လားရှိုးသိန်းအောင်ဆိုတဲ့ နာမည် တဖန် ပြန်လည် နိုးထလာပြန်ပါတယ်။ လားရှိုးသိန်းအောင်နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် သေသလား၊ ရှင်သလား၊ ဘယ်ရောက်နေသလဲ ဆိုတဲ့အပေါ်မှာလည်း တချိန်က အယူအဆ အမျိုးမျိုး ရှိနေခဲ့တာပါ။ ဒါကြောင့် အမေရိကန်နိုင်ငံ Texas ပြည်နယ်၊ Houston မြို့မှာ မိသားစုနဲ့အတူ အခြေချ နေထိုင်နေတဲ့ လားရှိုးသိန်းအောင်ကို Fancy ဂျာနယ်က သီးသန့် ဆက်သွယ် မေးမြန်းထားပါတယ်။

 မေး။ ပထမဆုံး မေးချင်တာက ဦးဂျင်မီ အနေနဲ့ မြန်မာပြည်ကနေ ဘယ်နှစ်ခုနှစ်က ထွက်သွားတာပါလဲ။ ဘာကြောင့် ထွက်သွားတာပါလဲ။
 ဖြေ။ ၁၉၇၂ ခုနှစ်မှာ တောခိုသွားခဲ့တာ။ အဓိကတော်လှန်ရေးပါ၊ ဆိုရှယ်လစ်လမ်းစဉ်ကို လက်မခံတာရယ်၊ စွန့်စားခန်း ဝါသနာပါတာရယ်ပေါ့နော်။

 မေး။ အခု အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်မှာ အခြေချ နေထိုင်နေတယ်ဆိုတော့ မြန်မာပြည်ကထွက်သွားကတည်းက အမေရိကန်နိုင်ငံကို တန်းသွားတာလား။
 ဖြေ။ တောထဲမှာ တနှစ်ကျော်၊ ယိုးဒယားမှာ တနှစ်ကျော်၊ ပြီးတော့မှ အမေရိကန်နိုင်ငံ Texas ကိုရောက်ခဲ့တာပါ။

 မေး။ ပြည်ပမှာနေတဲ့ကာလတလျှောက် အနုပညာလုပ်ငန်းတွေကို ဆက်လုပ်ဖြစ်ပါသလား။ ဘာတွေများ လုပ်ဖြစ်ပါသလဲ။
 ဖြေ။ US ကိုပထမဆုံးရောက်တော့ Night Club မှာသီချင်းဆိုဖြစ်တယ်လေ၊ အိမ်ထောင် ကျပြီးမှ တခြားအလုပ်ဆက်လုပ်ပါတယ်။

 မေး။ မြန်မာပြည်မှာ အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့ ပတ်သက်လို့ရော။
 ဖြေ။ အမိမြေကမိန်းကလေးတွေ စိမ်းကားတော့ အသဲကွဲ၊ အသဲကွဲမှဘဲ သီချင်းတွေက အသက်ဝင်လာတယ်ပေါ့နော်။ 

မေး။ ဒီနေ့ခေတ်အထိ ဦးဂျင်မီရဲ့ သီချင်းတွေကို နောက်တက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေ ပြန်ဆိုနေကြတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။ အထူးသဖြင့် ဘယ်တော့မှ မရိုးနိုင်တဲ့ “အမေတခု သားတခု” လို သီချင်းမျိုးပေါ့။ ဒီသီချင်းကို ပြန်ဆိုတိုင်းလဲ အောင်မြင်နေတာကို တွေ့ရလို့ပါ။
 ဖြေ။ ကျနော်သီချင်းတပုဒ်တင်လိုက်ပြီဆိုရင် အားလုံးအတွက်ပါ။ သူတို့ဆိုလေ ပိုကောင်းလေပေါ့။ မှူပိုင်ရယ်လို့တော့ ချုပ်ခြယ်မထားပါဘူး။ ပြန်ဆိုတိုင်းအောင်မြင်တယ်ဆို တော့ဝမ်းသာစရာဘဲလေ။

 မေး။ သီချင်းတွေကို ဦးဂျင်မီ ကိုယ်တိုင်ရေးလေ့ရှိလား။ သီချင်းတွေကို ဘယ်လို ရွေးချယ်ခဲ့သလဲ။
 ဖြေ။ ကျနော့သီချင်းတွေက ကျနော့ဘဝဇါတ်လမ်း ပုံရိပ်တွေပါ။ ကိုယ်တိုင်ရေးပြီး ဆိုတယ်ဆိုတော့ ပိုအသက်ဝင်တယ်ပေါ့နော်။ တချိန်ကအချစ်သီချင်းလေးတွေ ခံစားချက်လေးတွေ၊ ခုတလော နိုင်ငံရေးနဲ့ တိုင်းပြည်အတွက်ဘဲလေ။

 မေး။ လက်ရှိ မိသားစုအခြေအနေလေးလဲ သိပါရစေ။ ဦးဂျင်မီမှာ သားသမီး ဘယ်နှစ်ယောက် ရှိပါသလဲ။
 ဖြေ။ လက်ရှိမိသားစုက US မှာ၊ US ကပါ။ သားနှစ်ယောက်၊ သမီးလေးတယောက်ပါ။ အိမ်ထောင်တော့မကျကြသေးဘူး။ ခလေးတွေက လိမ္မာတယ်။ မူးယစ်ဆေးဝါး မလုပ်ကြဘူး။ အဖေလိုဘဲဆေးလိပ်မသောက်၊ အရက်မသောက်ဘူး။ အမျိုးသမီးကတော့ အမေရိကန်မလေးပါ။

 မေး။ သားသမီးတွေထဲမှာရော ဦးဂျင်မီလို ဂီတတို့၊ အနုပညာတို့ဘက်ကို စိတ်ဝင်စားသူတွေပါလား။
 ဖြေ။ သူတို့တွေအားလုံးအနုပညာဝါသနာအိုးတွေပါ။ မောင်နမတွေ အားတဲ့အခါ Rock, Heavy, Country စုံလို့ပါဘဲ ပျော်စရာကြီးပါ။

 မေး ဦးဂျင်မီအနေနဲ့ မြန်မာ ပြန်ဖို့ အစီအစဉ်ရှိလား။ ပြန်မယ်ဆို ဘယ်တော့လောက်ပြန်ဖြစ်မလဲ။
 ဖြေ။ US မှာ (၃၇) ကြာပေမဲ့ နိုင်ငံခြားသားအယူမခံသေးပါဘူး။ အမိမြေပြန်လာဘို့ ဆိုတာလဲ ပြည်ဝင်ခွင့် ပေးရင်တော့လာခြင်တာပေါ့ဗျာ။ လာဖြစ်ရင်လဲ မေမေ့ကို ကန်တော့ဘို့ပါဘဲ။ မေမေက (၉၈) နှစ်ပြည့်ပြီလေ။ 

 မေး။ မြန်မာပြည်ပြန်ရင် အနုပညာလုပ်ငန်းတွေ ဆက်လုပ်ဖြစ်မလား။ မြန်မာပြည်မှာ တခြား လုပ်ချင်တဲ့၊ စိတ်ဝင်စားတဲ့ လူမှုရေးလုပ်ငန်းမျိုးရော ရှိပါသလား။
 ဖြေ။ အနုပညာချစ်မြတ်နိုးသူဆိုတော့ ပြောလို့မရဘူးလေ။ လူမှုရေးကတော့ တိုင်းပြည်ကတာဝန်ပေးမယ်ဆိုရင် အခကျေးမယူဘဲ တာဝန်ထမ်းဆောင်မှာပါ။ မေး။ မြန်မာနိုင်ငံအတွင်းမှာ မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ဂီတလောကအပေါ်မှာ ဦးဂျင်မီရဲ့အမြင်လေးလဲ ပြောပြပါဦ။ ဖြေ။ ခေတ်နဲ့အလိုက်ဆိုသလို ပြောင်းလာမှတော့ လက်ခံရမှာပေါ့ဗျာ။

 မေး။ ဂီတနဲ့ အနုပညာအပေါ် ဦးဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအရ ဦးရဲ့ခံစားချက်၊ အမြင်လေးတွေလည်း သိပါရစေ။
 ဖြေ။ ကျနော်ကလေ စားပွဲတလုံးမှာထိုင်ပြီး သီချင်းရေးမယ်ဆိုရင် မရတာအမှန်ဘဲ။ Feeling ဝင်ရင်ဝင်သလို (၅) မိနစ် (၁၀) မိနစ်အတွင်း စာသားရော သံစဉ်ပါရတယ်။ ခံစားချက်အတွေ့ အကြုံလေးတွေပေါ့ဗျာ။ 

 မေး။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး ပြောင်းလဲမှုတွေအပေါ် ဦးဂျင်မီရဲ့ အမြင်ဘယ် ဘယ်လိုရှိပါသလဲ။
 ဖြေ။ နိုင်ငံအပြောင်းလွှဲကတော့ လမ်းမှန်ပေါ်ရောက်နေပြီဘဲ။ ကျနော်တို့အားလုံးက ယုံကြည်စိတ်ချပြီး ဝိုင်းဝန်းကူညီကြဘို့လိုတယ်။ ဒီအဖြေလေးတွေနဲ့ဘဲ ကျေနပ်ပါတော့နော်။ အော်. . . . . . ဒါနဲ့ . . . . . . . မြေအိုးထဲက ရေအေးလေး တခွက်လောက်။ ကျေးဇူးပါ၊ မင်္ဂလာပါခင်ဗျား။

 လားရှိုးသိန်းအောင်ဟာ မကြာခင်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး ကျေးဇူးရှင် မွေးသမိခင်ကြီးကို ဂါရ၀ပြုရင်း သူချစ်မြတ်နိုးတဲ့ အနုပညာလုပ်ငန်းတွေ ဆက်လုပ်ချင်တယ်လို့ ပြောပါတယ်။ ဒီအထဲမှာ အခကြေးငွေမယူဘဲ နယ်လှည့် ဖျော်ဖြေပွဲတွေအပါအ၀င် တခြား လူမှုရေးလုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက် ကြိုးစားပြီး မြန်မာပြည်သူတွေအတွက် လုပ်ပေးချင်တယ်လို့ ပြောပါတယ်။

 (စိုင်းချစ်)
 Fancy journal အတွဲ (၁ ) ၊ အမှတ် (၇ )

ဦးဝင်းဖေနှင့်အင်တာဗျူး (Fancy Vol.1 No.6)

0 comments
ရုပ်ရှင် ဒါရိုက်တာ အကယ်ဒမီဝင်းဖေဟာ တချိန်က မြန်မာ့ရုပ်ရှင်လောကမှာအအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး ဒါရိုက်တာ တယောက် ဖြစ်ခဲ့တယ်ဆိုရင်မှားမယ် မထင်ပါဘူး။ မြန်မာ့ရုပ်ရှင်လောကမှာ အတွေးအခေါ် အယူအဆ၊ ရိုက်ကွက်နှင့် ဇာတ်ညွှန်း အသစ်အဆန်းတွေကို တီထွင် ရိုက်ကူးနိုင်ခဲ့သူတဦးလည်းဖြစ်လည်း အသိအမှတ်ပြုခံရသူ တဦးပါ။



တခြား အနုပညာနယ်ပယ်မှာလည်း အသိအမှတ်ပြုခံရလောက်အောင် အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တာကြောင့် စွယ်စုံရ အနုပညာရှင်တဦးရယ်လို့လုပ်ဖော်ကိုင်ဖက်တွေ၊ အနုပညာအသိုင်းဝိုင်းက ချစ်ခင်လေးစားတဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံခြားက ပညာရှင်တွေကပါ အသိအမှတ်ပြုခံထားရသူ တဦးပါ။

သူက မြန်မာပြည်ကို မကြာခင် ရက်ပိုင်းအတွင်းပြန်လာပြီး အနုပညာလုပ်ငန်းတွေကို ပြန်လုပ်တော့မယ်လို့ Fancy Journal ကို
ပြောပြခဲ့ပါတယ်။ စွယ်စုံ အနုပညာရှင် ဒါရိုက်ဦးဝင်းဖေရဲ့ အနာဂတ် အနုပညာလုပ်ငန်းတွေအကြောင်းနဲ့ ဒီနေ့ခေတ် အနုပညာလောကအပေါ် ဆရာ့ရဲ့အမြင်တွေကို စိုင်းချစ်က မေးမြန်းထားပါတယ်။

မေး။ ဒါရိုက်တာ အကယ်ဒမီ ၀င်းဖေ၊ မန္တလေး ပန်တြာနှင့်အက ကျောင်းအုပ်ကြီးဝင်းဖေ၊ ဂီတပညာရှင် ၀င်းဖေ၊ ပန်းချီ ၀င်းဖေ၊ စာရေးဆရာ ၀င်းဖေ၊ ရေဒီယိုသတင်းဌာနတွေမှာ အသံလွှင့်တဲ့ ၀င်းဖေ။ ဒီလို ဘ၀မျိုးစုံမှာ ကျင်လည်ပြီးအောင်မြင်မှုတွေ မျိုးစုံရထားတဲ့ ဆရာဦးဝင်းဖေရဲ့ ဘ၀ တစေ့တစောင်းကိုပြောပြပေးပါလား။

ဖြေ။ အဲဒါတွေက ဒီလိုရှိတယ်။ ဘ၀တလျှောက်လုံးမှာ ထင်ရှားတဲ့အနေနဲ့သာလူတွေက ပြောနေကြတာ။ ရုပ်ရှင်ရိုက်တာတို့၊ ပန်းချီရေးတာတို့၊ဂီတလိုက်စားတာတို့၊ အဲဒီလို ကျောင်းအုပ်တွေ လုပ်တာတို့သာ ပြောနေတာ။တကယ်တန်းက ဘ၀ Pattern ပဲ၊ သိပ်စုံတယ်။ဟိုးကျောက်စိမ်းတွင်းထဲလဲရောက်သွားဖူးတယ်၊ အထည်လဲ ရောင်းဖူးတယ်၊ စာစောလဲထုတ်ဖူးတယ်။ နောက်ပြီးတော့ မိုးကုတ်မှာ ကျောက်ဝယ်ပြီးတော့ ဟိုးနယ်ခြားလဲသွားရောင်းဖူးတယ်။
အဲဒီတော့ ဘာပြောချင်တာလဲဆိုတော့ မွေးလာတဲ့ ဘ၀ကိုက နေရာစုံကိုလျှောက်သွား၊ လျှောက်ရောက်ရတဲ့ ကံကြမ္မာမျိုး ပါလာတယ်လို့ကို ပြောရမယ်။အဲဒီတော့ ဒီ Arts (အနုပညာ) တွေနဲ့တင် ပတ်သက်တာမဟုတ်ဘူး၊ ဒိပြင်ဟာလည်း
တော်တော်စုံတယ်။ လျှောက်ပြီးတော့ ဟိုဟာ ဒီဟာတွေ အများကြီးပဲ လုပ်ဖူးတယ်။အဲဒီတော့ ဘ၀ရဲ့ သဘာဝကိုက အဲဒီလို ဖြစ်လာပုံရတယ်။
နောက်ပြီးတော့ကာ Arts တွေကို လျှောက်ပြီးတော့ စာပေအနုပညာ၊ ပန်းချီအနုပညာ၊ရုပ်ရှင် အနုပညာ၊ နောက်ပြီးတော့ ဂီတ အနုပညာပေါ့လေ၊ အဲဒီ အနုပညာတွေကိုစိတ်ဝင်စားပြီးတော့ တောက်လျှောက်လုပ်တယ်။ ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်။
အခုချိန်အထိလဲ စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လုပ်တာလဲဆိုတာကိုယ့်ဟာကိုယ်ပြန်တွေးဖူးတယ်။ နောက်လူထု ဒေါ်အမာက မေးလို့လည်း ပြောဖူးတယ်။ အဲဒါက
ဘာလဲလို့ဆိုတော့ တခုခု တစ်နေရာရာမှာ သူများလုပ်တာ၊ ဒါမှမဟုတ် ဖြစ်နေတာတစ်ခုကို ဒါဘာလုပ်တာပါလိမ့်၊ ဘာဖြစ်တာပါလိမ့်၊ ဘယ်လုပ်ရင်ဖြစ်မှာပါလိမ့်လို့ စဉ်းစားတဲ့ အကျင့်ရှိတယ်။
ဥပမာအားဖြင့် သတင်းထောက် (Journalism) အလုပ်ဆိုရင် ၀ါသနာကို မပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အသက် ၂၀ ကျော်လောက် ကတည်းက လူထု ဒေါ်အမာက ချစ်လို့၊ကိုယ့်အပေါ် သံယောဇဉ် ကြီးလွန်းလို့ အသက်ငယ်ငယ်လေးနဲ့ နိုင်ငံခြားရေးအယ်ဒီတာ ခန့်ဖူးတယ်။ အလွန်ကို ထူးခြားတဲ့ အခွင့်အရေးကို ရတာ။ အဲဒီအယ်ဒီတာအလုပ်ကို ၆ လ၊ ၇ လပဲလုပ်ပြီးတော့ တော်ပြီ ကျနော် ၀ါသနာမပါဘူးဆိုပြီး ထွက်ကို ထွက်တယ်။
ဒါပေမယ့် ဘာဆက်လုပ်သလဲဆိုတော့ အမေရိကန်ပြည်ရောက်လာတော့ ရေဒီယိုသတင်းထောက်အလုပ်ကို ဆက်လုပ်တယ်။ ၀ါသနာ မပါပေမယ့် ဖြစ်အောင်လုပ်တယ်။အကုနလုံးတော့ မဖြစ်ဘူးပေါ့။ ဖြစ်သင့်သလောက်ပဲ ဖြစ်ပါတယ်။ကိုယ်သန်တဲ့ဖက်ပဲ ဖြစ်တာပေါ့။ တကယ်တန်း သတင်းပို့ဖို့အတွက်တို့ဘာတို့အတွက်တော့ မဖြစ်ပါဘူး။ ဒီလိုပဲ ကျန်တဲ့ Arts တွေမှာလဲ ဟို . . . .
အင်္ဂလိပ်စကားတခုလိုပေါ့၊ Jack of All Trade, Master of Noneဆိုတဲ့အတိုင်းပဲ၊ အကုန်လုပ်တယ်တဲ့၊ ဘာမှတော့ မတတ်ဘူးတဲ့။ တချို့ကအန်ကယ့်ကို အဲဒီလို ခေါ်ကြတယ်။
ဒါပေမယ့် Maureen Aung Thwin တို့လို အမေရိကန်တက္ကသိုလ်အသိုင်းဝိုင်းကလူတွေကကျတော့ အန်ကယ့်အကြောင်းရေးလို့ရှိရင် Renaissance Man လို့ရေးကြတယ်။ Renaissance (အလယ်ခေတ်: ၁၄ ရာစုကနေ ၁၇ ရာစုကို ဆိုလိုသည်)တုန်းက ဆိုရင် လူတွေက ရှေးခေတ် မြန်မာဘုရင်တွေလက်ထက်ကလို အထာရဿ ၁၈ရပ်သင်တဲ့ ပုံစံမျိုး ထင်ပါရဲ့။ အဲဒီလို ပြောခံရဘူးတယ်။ အတိအကျဘာကိုဆိုလိုတယ်တော့ အန်ကယ်လည်း မသိဘူး။
အဲဒီတော့ ကိုယ်ကတော့ ၀ါသနာပါလို့ လျှောက်လုပ်နေတာတော့ အမှန်ပဲ၊တစ်စုံတစ်ရာသော အတိုင်းအတာထိ ဖြစ်ဖြစ်နေတာလဲ အမှန်ပဲ။ တကယ်တန်းတော့အကုန်လုံး အစုံးစွန်တော့ မဖြစ်ဘူးပေါ့။ ပန်းချီလဲ ကမ်းကုန်အောင်မတတ်ပါဘူး။ နောက်ပြီးတော့ ဂီတလည်း အဲဒီလိုပဲ။ စာပေလည်း ထိုနည်း၎င်းပဲ။ဒါပေမယ့် အန်ကယ်ယုံထားတာကလည်း ဘယ်သူမှလည်း ကမ်းကုန်အောင် မတတ်ပါဘူး။ဒီပညာတွေက လိုက်လေ ကျယ်လေ လေ။ အဲဒီတော့ လုပ်ခဲ့ဘူးတာတွေကတော့အများကြီးလို့ပဲ ချုံပြောရမှာပဲ။

မေး။ မန္တလေး ပန်တြာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အခြေအနေလေးရော ပြောပြလို့ရမလား အန်ကယ်။

ဖြေ။ တကယ်တော့ မန္တလေးကျောင်းက ပန်တြာကျောင်းမဟုတ်ဘူးကွ။ မန္တလေးပန်တြာနှင့်အကနှင့် နုပညာကျောင်းလို့ ခေါ်တယ်။ အင်္ဂလိပ်လိုဆို ပိုရှင်းတယ်State School of Fine Arts Music and Dancing လို့ ခေါ်တယ်။ ရန်ကုန်မှာသာပန်တြာကျောင်းရှိတယ်၊ ပန်းချီ ပန်းပုကျောင်းဆိုပြီး နှစ်ကျောင်း ရှိတာ။မန္တလေးကျတော့ အဲဒီလို မဟုတ်ဘူး။ ရန်ကုန်ကျောင်း နှစ်ကျောင်းကိုပေါင်းထားတာ။ ကျောင်းသားအရေအတွက် ကလည်း ရန်ကုန်နှစ်ကျောင်းပေါင်းစာရှိတယ်။ ဆရာတွေလည်း အတူတူပဲ နှစ်ဆပဲ။ အဲဒီတော့ဆိုလိုချင်တာက မန္တလေးကျောင်းအုပ်က ရန်ကုန်ကျောင်းနှစ်ခုစာကို
အုပ်ချုပ်ရတာ။ မန္တလေးကျောင်းအုပ်တိုင်းက ကျောင်းအုပ်အလုပ်အတွက်အလုပ်လျှောက်တော့လဲ ပန်းချီပန်းပုအတွက်က သပ်သပ်၊ ပန်တြာအတွက်က သပ်သပ်နှစ်မျိုး ဖြေကြရတယ်။
အဲဒီတော့ ရန်ကုန်ကျောင်း နှစ်ကျောင်းစာပေါ်မှာကျောင်းအုပ်လုပ်ရတာ။ အဲဒါ ထူးခြားချက် တခု။ ကျန်တဲ့လူတွေ သိပ်မသိဘူး။
ကျန်တဲ့သူတွေက ၀င်းဖေ ပန်တြာကျောင်း ကျောင်းအုပ်လုပ်တယ်ပေါ့၊ အန်ကယ်လည်းဒီအတိုင်းပဲ ပြောတာပဲ။ တကယ်တော့ ငယ်ငယ်တည်းက ပန်းချီ ပန်းပုနဲ့မဟာဂီတတွေကို လေ့လာထားတော့ အသက်ငယ်ငယ်နဲ့ပဲ ကျောင်းအုပ်အခန့်ခံရတယ်။
ကျောင်းအုပ်ဖြစ်တုန်းက အသက် ၃၁ နှစ်ပဲ ရှိသေးတယ်။ ၃၁ နှစ်နဲ့ကျောင်းအုပ်ဖြစ်တဲ့သူ ဒီကျောင်းအုပ်သမိုင်းတွေမှာ တစ်ယောက်မှ မရှိဘူး။အကုန်လုံး ၅၀ ကျော်မှ ဖြစ်ကြတာ။

မေး။ အန်ကယ့်အနေနဲ့ အခုလို ဘက်ပေါင်းစုံထူးချွန်တဲ့ စွယ်စုံအနုပညာရှင်တယောက်ဖြစ်လာတာ ဘာကြောင့်ပါလဲ။ ကိုယ်ကိုယ်တိုင်က ၀ါသနာပါလိုက်စားလို့လား၊ ပါရမီကြောင့်လား။

ဖြေ။ မွေးရာပါလဲ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်လေးကတည်းကအန်ကယ်တို့ အဖေက အန်ကယ်တို့ ညီအကို မောင်နှမတွေအားလုံးကို ပန်းချီနဲ့ဂီတကို မသင်မနေရ သင်ခိုင်းတယ်။ အဖေက သူကိုယ်တိုင်းကလည်း အနုပညာကို
လိုက်စားပြီး တန်ဖိုးထားတဲ့သူတယောက် ဖြစ်နေတယ်။ သူတို့ခေတ်က မန္တလေးမှာအနုပညာမတတ်ရင်၊ မလိုက်စားရင် လူရာမ၀င်သလို ဖြစ်နေတာကို။ လူကုန်တန်လို့ခေါ်တဲ့ လူတန်းစားတွေပေါ့။ ဒါကြောင့် သားသမီးတွေကိုလည်း အနုပညာအကြောင်း
အဖေက သိစေချင်တယ်။ သင်ယူစေချင်တယ်။
အတန်းပညာ လေးတန်းလောက်ရောက်တော့မှ ၀ါသနာမပါတဲ့သူတွေ၊စိတ်ညစ်နေတဲ့သူတွေကို အဖေက ရပ်ချင်ရင် ရပ်ခွင့်ပြုတယ်။ အဲဒီမတိုင်ခင်တစ်တန်းကနေ လေးတန်းလောက်အထိကတော့ ၀ါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သင်ကိုသင်ရတယ်။ အဲဒီတော့ အန့်ကယ့်အဖေ ကျေးဇူးတွေလည်း အများကြီးပါတယ်။အန်ကယ်တို့ ညီအကိုမောင်နှမတွေထဲမှာ ဒီအနုပညာအလုပ်ကို ဆက်လုပ်နေတာအန်ကယ်တစ်ယောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေကတော့ အခြေခံပဲ တတ်ကြတယ်။
နောက်ထပ် ကျန်တာ သူတို့ စိတ်မ၀င်စားကြတော့ဘူး။
အဲဒီတော့ ခြုံပြောရရင်တော့ ဖအေရိုက်သွင်းပေးလိုက်တဲ့Principles (အခြေခံအချက်တွေ) အပြင် အန်ကယ့်မှာ မွေးရာပါ
ပါလာတာကြောင့်လို့ ပြောရမှာပဲ။

မေး။ အန်ကယ် လုပ်ဆောင်ခဲ့တဲ့ / လုပ်ဆောင်နေတဲ့ အနုပညာလုပ်ငန်းတွေထဲမှာဘယ်ဘက်ကို ပိုအားသန်ပါသလဲ။ ရုပ်ရှင်လား၊ ဂီတလား၊ ပန်းချီလား၊ ဒါမှမဟုတ်အကုန် တန်းတူသဘောထားသလား။

ဖြေ။ အဲဒီလိုတော့ သတ်သတ်မှတ်မှတ်တော့ မရှိဘူး။ အန်ကယ်ကဂီတလုပ်နေတဲ့အချိန်မှာ ဂီပဲ။ ပန်းချီ စိတ်ဝင်စားတဲ့အချိန်မှာ ပန်းချီပဲ။ရုပ်ရှင် စိတ်ဝင်စားတဲ့အချိန်မှာ ရုပ်ရှင်ပဲ။ကိုယ်စိတ်ဝင်စားနေတဲ့အချိန်လေးမှာ အဲဒီကောင်က First Priority
(ဦးစားပေးအဆင့်တစ်) ဖြစ်တာ။ အဲဒီတော့ ဘာနဲ့ဆိုင်တုန်းဆိုတော့ ကာလ ဒေသနဲ့ဆိုင်တယ်။ အဲဒီတော့ ဘယ်ဟာကို အကြိုက်ဆုံးပါ၊ ဘယ်ဟာကိုတော့ အရူးအမူးပဲ၊ဘယ်ဟာကိုတော့ အတော်ဆုံး အတတ်ဆုံးပါဆိုတာမျိုး မရှိဘူး။ ဒါက သေချာတယ်။
ကိုယ့်ကိုယ်ကိုလည်း ခနခန စစ်ဆေးတယ်။ စစ်ဆေးတိုင်းလဲ အဲဒီလိုပဲ တွေ့ရတယ်။


မေး။ ဘယ်နှစ်ခုနှစ်က အကယ်ဒမီရတာပါလဲ။ ဘယ်ဇာတ်ကားနဲ့ ရတာပါလဲ။

ဖြေ။ အန်ကယ့်ကိုပေးတာက ၁၉၈၁ ခုနှစ်အတွက် ပေးတာ။ ဇာတ်ကားက နှင်းဆီနီအိပ်မက်ဆိုတဲ့ ဇာတ်ကား။ အန်ကယ်က ရုပ်ရှင်ကို ၁၉၇၃ ခုနှစ်မှာ စရိုက်တယ်။ရှစ်နေမှ အကယ်ဒမီရတယ်။ ၇၃ မှာ စရိုက်တဲ့ မပြိုသည့်မိုး ဆိုတဲ့ဇာတ်ကားကတည်းက အကယ်ဒမီပေးဖို့ အရွေးချယ်ခံရတယ်။ ပေးလဲ ပေးတော့မယ်လို့အန်ကယ့်ကို အကြောင်းကြားတဲ့သူကလည်း အကြောင်းကြားတယ်။ ဒါပေမယ့်ဘာဖြစ်သလဲဆိုတော့ အဲဒီအချိန်မှာ ဒါပထမဆုံး ရိုက်တဲ့ကား။
ခြုံပြောရရင်တော့ အဲဒီ ပထမဆုံး ဇာတ်ကားကတည်းက အကယ်ဒမီရဖို့အရွေးချယ်ခံရပေမယ့် အကြောင်းကြောင်းကြောင့် မရခဲ့ဘူးပေါ့လေ။ ဘာကြောင့်မရခဲ့သလဲဆိုတာရဲ့ နောက်ကွယ်မှာ အဖြစ်အပျက်တွေကတော့ အများကြီးပေါ့လေ။ ပြန်ပြောလို့လဲ မသင့်တော်ပါဘူး။


မေး။ ပြည်ပမှာ နေထိုင်ရတဲ့ အန်ကယ့်ဘ၀ အတွေ့အကြုံတွေလည်း ပြောပြပါဦး။နိုင်ငံခြားကို ဘာကြောင့် ထွက်သွားတာလဲ။


ဖြေ။ ပြည်ပကို ထွက်တယ်ဆိုတာက၊ ပြည်ပကို ထွက်တော့မယ်ဆိုပြီး ထွက်လာတာမဟုတ်ဘူး။ အဲဒီ မထွက်ခင်တုန်းက စာရေးဆရာအဖြစ်နဲ့အန်ကယ်က၀တ္ထုတိုတွေပေါင်းပြီးတောု့တ်တဲ့ ပေါင်းချုပ်ကိုက နှစ်အုပ်ထွက်ပြီးပြီ။ နောက်ထပ် နှစ်အုပ်
ထွက်စရာပြင်ဆင်နေတဲ့အချိန်။ အဲဒီအချိန်မှာ(အမေရိကန်နိုင်ငံ) အိုင်အိုဝါပြည်နယ် (Iowa) တက္ကသိုလ်မှာ နိုင်ငံတကာ စာရေးခြင်း အစီအစဉ်ဆိုပြီး ရှိတယ်။ သူတို့ဆီမှာနေပြီး စာရေးဖို့စာရေးဆရာတွေကို တနှစ်မှာ သုံးလစီ ခေါ်တယ်။ နိုင်ငံ ၂၅ နိုင်ငံက
တနိုင်ငံတယောက်ဖိတ်တယ်။ ဖိတ်တဲ့အထဲမှာ အန်ကယ်လည်း ရတယ်။ အဲဒီInternational Writing Program ကို ၃ လတက်ဖို့ လာတာ။ ၃ ဆိုပြီးအမေရိကန်ပြည်ကို ထွက်လာတာပဲ။

ကျောင်းမှာက စာရေးတာအပြင် Seminar တွေ ဘာတွေမှာလည်းစကားတက်ပြောတာလို့၊ Panel ထဲမှာ ပါပြီး ဆွေးနွေးတာတို့ လုပ်ကြရတယ်။စာရေးဆရာတွေပီပီ ပွင့်ပွင့်လင်းလင်း ရေးကြ၊ ပြောကြတာဆိုတော့ ကိုယ့်တိုင်းပြည်အကြောင်းတွေ လည်း ပြောမိ ရေးမိတယ်။ အတိုချုံး ပြောရရင်အဲဒီလို ရေးတာ ပြောတာတွေကြောင့် မြန်မာပြည်ကို ပြန်မရတော့ဘူး။
ပြန်လို့မရတော့ အန်ကယ်လည်း မပြန်တော့ဘူးပေါ့။
နိုင်ငံခြားဆိုတာကို ကြာရှည်သွားနေဖို့ တသက်လုံး ဘယ်တုန်းကမှကြာရှည်သွားနေဖို့ အန်ကယ် ၀ါသနာ မပါဘူး။ စိတ်ထဲမှာ ဆန္ဒမရှိဘူး။ကမ္ဘာအရပ်ရပ် နိုင်ငံတကာကို သွားချင်တယ်။ အလည်အဖြစ် ခနပဲ သွားချင်တာ။သွားပြီးရင် ကိုယ့်တိုင်းပြည်မှာပဲ ကိုယ်နေချင်တယ်။ ဒါ မူရင်းဆန္ဒ။အခုချိန်ထိလဲ ဒီဆန္ဒပဲ ရှိတယ်။
နိုင်ငံတကာရောက်သွားတဲ့အခါကျတော့ Pros and Cons ပေါ့၊ ကောင်းတာတွေရော၊ဆိုးတာတွေရော အများကြီးတွေ့ တယ်။ မေးလည်း မေးကြတာပဲ။အမေရိကန်ပြည်ရောက်တော့ ခင်ဗျား ဘယ်လိုထင်ပါသလဲတဲ့။ ကိုယ်က ရောက်တာ
လပိုင်းလေး ရှိသေးပေမယ့် အမေရိကန်ပြည်ဆိုတာက သိပ်ထင်ရှားတဲ့တိုင်းပြည်ကြီးဆိုတော့ အဲဒီလို မေးခွန်းမျိုးဖြေဖို့
တော်တော်လွယ်တဲ့ဟာပဲ။ အန်ကယ်ကတော့ ဖြေလိုက်တာပဲ အမေရိကန်နိုင်ငံမှာအကောင်းဆုံး၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ Best တွေလည်း အမေရိကန်ပြည်မှာရှိတာပဲလို့။ အဆိုးဆုံး ကြောက်စရာ အကောင်းဆုံးဆိုတဲ့ အန္တရာယ်တွေလည်း
အမေရိကန်ပြည်မှာပဲ ရှိတာပါပဲလို့။ အဲဒီလို ဖြေလိုက်တာပဲ။ အဲဒီတော့ရယ်မောနေကြတာပေါ့။


မေး။ အန်ကယ့်ကို ဒီကနေ့ RFA လွှတ်လပ်တဲ့ အာရှအသံ ရယ်လို့မြန်မာနိုင်ငံက ပရိတ်သတ်တွေ သိနေတဲ့ ရေဒီယို အသံလွှင့်ဌာနကို စတင်တည်ထောင်ခဲ့သူတွေထဲက တဦးအဖြစ်နဲ့ ပြောကြတာ ရှိပါတယ်။ အဲဒါရောဟုတ်ပါသလား။

ဖြေ။ ဟုတ်တယ်။ အဲဒါ အမှန်ပဲ။ RFA ရဲ့ ပထမဆုံး ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသင်းကိုယ်တိုင်က အဲဒီမတိုင်ခင်က VOAအမေရိကန်အသံမှာ တာဝန်ထမ်းဆောင်နေတာ။ သတင်းလုပ်ငန်းနဲ့ ပတ်သက်လို့တော့ဘယ်လောက်မှတော့ မဟုတ်ဘူး။ ဒါပေမယ့် သူက အင်္ဂလိပ်စာတတ်တယ်၊အုပ်ချုပ်ရေးပိုင်းတတ်တယ်၊ ဆက်ဆံရေးကောင်းတယ်။ ဒါပေမယ့် သတင်းထောက်လုပ်ငန်း ကတော့ သူလို ကိုယ်လိုပါပဲ။ အန်ကယ်တို့လောက်ပါပဲ။ကိုသိန်းထိုက်ဦးက အတတ်ဆုံးလောက်တောင် ဖြစ်နေတယ်၊ အဲဒီအချိန်တုန်းက။ဦးစိုးသင်းက သူ့ဟာသူ သံအရာရှိ ဘ၀ကနေ VOA မှာ သွားလုပ်တယ်။ဘယ်လောက်မှတော့ အတွေ့အကြုံ မရှိခဲ့ပါဘူး။ အန်ကယ်ရယ်၊ ဦးစိုးသင်းရယ်၊ကိုသိန်းထိုက်ဦးရယ် သုံးယောက်ပေါ့လေ။ စလုပ်ခဲ့ကြတာ။ အခု RFA မှာ
သုံးနေတဲ့ တီးလုံးတွေ (Music) ဘာတွေဆိုတာ အန်ကယ်ပဲ ရှာပြီးထဲ့ထားပေးခဲ့တာ။


မေး။ အန်ကယ် မြန်မာပြည်နဲ့ ဝေးကွာနေတာ ဘယ်လောက် ကြာသွားပါပြီလဲ။

ဖြေ။ ၁၈ နှစ်လောက် ရှိသွားပြီ။ ၁၉၉၄ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ရောက်တယ်။



မေး။ အန်ကယ် မြန်မာပြည်ပြန်မလား၊ ပြန်ရင်ရော ဘယ်တော့လောက်ပြန်ဖြစ်မလဲ။

ဖြေ။ ပြန်မှာ။ ပြန်ဖို့ စီစဉ်နေပြီ။ ရက်ပိုင်းအတွင်းလောက်ဖြစ်မှာပေါ့။မြန်မာပြည်ရဲ့အခြေအနေက ကံသေ ကံမ ဘာမှ အတတ်ပြောလို့မရသေးတော့အပြီးပြန်တယ်၊ မပြန်ဘူးဆိုပြီး အတတ်ပြောလို့မရဘူးဖြစ်နေတယ်။မြန်မာပြည်ပြန်ရောက်တော့မှပဲ ဟိုမှာ မေးမြန်းကြည့်မယ်၊အလုပ်လုပ်ကြည့်မယ်။ အဆင်ပြေရင်လည်း ပြေသလိုပေါ့၊ မပြေရင်လည်း မပြေသလိုပေါ့။ ပြန်ထွက်ချင်လည်း ထွက်မှာပေါ့။ အထဲက အခြေအနေအပေါ်မှာပဲမူတည်တယ်။



မေး။ အခုပြန်တာကရော အန်ကယ့်သဘောနဲ့ အန်ကယ်ပြန်တာလား။ ဒါမှမဟုတ်တစုံတဦးကဖိတ်လို့ ပြန်တယ်ဆိုတာမျိုးလားခင်ဗျ။


ဖြေ။ ပြန်တာကတော့ ကိုယ့်သဘောနဲ့ ကိုယ်ပြန်တာပဲ။ ဘယ်သူဖိတ်လို့မှမဟုတ်ဘူး။ ကိုယ့်ဟာကို သံရုံးသွားလျှောက်ပြီး ပြန်တာ။



မေး။ မြန်မာပြည်ပြန်ရောက်ရင်ရော အန်ကယ် အနုပညာလုပ်ငန်းတွေဆက်လုပ်မလား၊ ဘာတွေလုပ်မယ် စိတ်ကူးထားလဲ။


ဖြေ။ ပြန်ရောက်ရင်တော့ ကိုယ်တတ်တာအကုန်လုံးလုပ်မယ်။ စာလဲရေးမယ်၊ပန်းချီလဲဆွဲမယ်၊ ရုပ်ရှင်ဇာတ်ညွန်းရေးလို့ရလည်း ရုပ်ရှင်ရိုက်မယ်။အဆင်ပြေသလိုပေါ့။ ပြေဖို့ကလည်း များပါတယ်။ အထဲမှာ ရှိတဲ့သူတွေကတိုက်တွန်းကြတယ်။ အကုန်လုံး အရံသင့် လုပ်ပေးပါ့မယ်တဲ့။ လက်တင်ပြီးတော့လုပ်ပါတဲ့။ အန်ကယ်က ပြန်ပြောလိုက်တယ်။ ဘယ်ပစ္စည်းမှ ကျုပ်က လက်တင်ပြီး
မလုပ်တတ်ဘူးလို့။ အကုန်လုံး အစအဆုံး ကိုယ်ကိုယ်တိုင် လုပ်ရတယ်လို့၊အဲဒါမှ ကျေနပ်မှုရှိတယ်လို့။ ဆိုလိုချင်တာကတော့ ရုပ်ရှင်ရိုက်တော့မယ်ဆိုဝတ္ထု၊ ဇာတ်ညွန်းရေးတာကအစ အန်ကယ်ကိုယ်တိုင်ပဲ ရေးတယ်။ ဒါရိုက်တာလည်းလုပ်တယ်။

အန်ကယ်က အစအဆုံး လုပ်ရမှ ကျေနပ်တာ။ မင်းသား မင်းသမီးကအစရိုက်ကွင်းထဲမှာပါတဲ့သူတွေ အားလုံးထက်လည်း အမြဲတမ်း
အစောကြီးရောက်နှင့်ပြီး အသေးစိတ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်တယ်။ သူများနဲ့ဘာကိုမှ လွဲမထားတတ်ဘူး။ အန်ကယ်က အစောကြီးရောက်တော့ ကျန်တဲ့သူတွေလည်းနောက်ကျလို့ မရတော့ဘူးပေါ့။ အန်ကယ့်အနေနဲ့လည်း စောစောလာကြကွာလို့
ထူးပြီးတော့ ပြောစရမလိုဘူး။ အန်ကယ်က အလုပ်လုပ်ရင် အဲဒီလို လုပ်တတ်တယ်။အန်ကယ်တို့ ရုပ်ရှင်ရိုက်တာက သူများတွေ သိပ်မတူဘူး။ တခါတလေပြောင်းပြန်သဘောလုပ်ပြီးကို ရိုက်ပစ်တာမျိုးလဲ ရှိတယ်။ နဲနဲ ဆန်းတယ်လို့ဆိုနိုင်တာပေါ့။



မေး။ ဒီကနေ့ အနုပညာလောကအပေါ် အန်ကယ့်အမြင်လေးလဲ သိပါရစေ။

ဖြေ။ ဒီကနေ့ အနုပညာလောကအပေါ် ပထမအမြင်ပြောရမယ်ဆိုရင် အန်ကယ့်အနေနဲ့မြန်မာပြည် အနုပညာကို အဆက်မပြတ်ဘူး။ ပန်းချီလောကကိုလည်း မပြတ်ဘူး၊စာပေလောကကိုလည်း မပြတ်ဘူး၊ ဗွီဒီယို ရုပ်ရှင်လောကကိုလည်း မပြတ်ဘူး။
ဘာဖြစ်လို့လည်းဆိုတော့ အန်ကယ့်အမျိုးတွေလို့ကို တွက်ထားလိုပဲ။
ကောင်းသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ၊မအောင်မြင်သည်ဖြစ်စေ၊ အဆင့်အတန်း နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ဒါတွေပါကို….. မပါဘူး။ အန်ကယ့်အမျိုးတွေ၊ အန်ကယ့်သွေးဆိုပြီးတော့သံယောဇဉ်နဲ့ကို ကြည့်နေတာ။

အနုပညာများရဲ့ အခြေအနေအရပ်ရပ်သည် ဘာမှ သိပ်မပြောနဲ့၊ လူမှုရေး၊စီးပွားရေးရဲ့ အခြေအနေပေါ်မှာ ရာခိုင်နှုန်း ၉၀ တည်တယ်။ အဲဒီတော့ လူမှုရေး၊နိုင်ငံရေး မတည်ငြိမ်ရင် မတည်ငြိမ်သလို အနုပညာတွေရဲ့ အခြေအနေကမတည်ငြိမ်ဘူး။ မြန်မာပြည်ရဲ့ အနုပညာ အခြေအနေ အရပ်ရပ်က ဒါပဲ။
ဒါတွေကို တွေ့တဲ့အခါကျတော့ ကောင်းတာတွေလည်း အများကြီးတွေ့တယ်။တော်တော်လေးကို ကောင်းတယ်။ အံ့သြစရာကောင်းတယ်။ ဒီလောက်တောင်ချို့ငှဲ့နေတဲ့ကြားက ဒီလောက်တော်တဲ့ အကြံအစည်တွေ ထွက်ရသလား၊
သြော်……ဒါတွေကတော့ နွံထဲကနေပြီးတော့ ပွင့်လာတဲ့ ကြာတွေပဲပေါ့လေ၊ အဆိုးထဲကအကောင်းထွက်လာတာပဲလို့ကို အန်ကယ်က ခံစားရတယ်။ ဒါက ပန်းချီမှာလည်း ရှိတယ်။စာပေမှာလည်းရှိတယ်။ ရုပ်ရှင်မှာလည်း ရှိတယ်။ ဂီတမှာလည်း ရှိတယ်။ အဲဒါ
အန်ကယ့် ခံစားချက် အစစ်ပဲ။



မေး။ ၀ါရင့် အနုပညာရှင်တယောက်အနေနဲ့ရော အနုပညာလောကအပေါ်အကြံပေးချင်တာမျိုး ရှိပါသလား။

ဖြေ။ အကြံပေးမယ်ဆိုရင်တော့ ပထမ ပြောထားတဲ့ စကားအတိုင်းပဲ၊ လူမှုရေး၊နိုင်ငံရေး အခြေအနေတွေ တည်ငြိမ်အောင် လုပ်ပေးရမယ်။ အဲဒါဆိုရင်ပိုပြီးတော့ တက်မယ်။ အဲဒါကို ဘာက သက်သေပြသလဲဆိုတော့ မြန်မာပြည်ထဲမှာနိုင်ငံရေးနဲ့ပတ်သက်ရင် မဆန့်ကျင်ရင် ပြီးတာပဲ ကျန်တာကိုလွှတ်လပ်ခွင့်ပေးမယ်လို့ လုပ်ကြည့်တာ အဲဒါ ပန်းချီမှာလည်း အများကြီးတက်လာတယ်။ သတင်းမီဒီယာလောကမှာလည်း အများကြီးတက်တယ်။ ရုပ်ရှင်လည်းအတူတူပဲ။ အကုန်လုံး တက်လာတာပဲ။ အဲဒါရှိတယ်။
ဒါကြောင့် လွှတ်လပ်ခွင့်တွေ ပေးရမယ်။ တည်ငြိမ်မှုတွေ ပေးရမယ်။ ဒီအနုပညာတွေအားလုံးဟာ တိုင်းပြည်တပြည် စီးပွားရေးတက်မှ တက်တာ။ အဲဒါဟာအခြေခံ သိပ်ကျတယ်။ ဘာမှ သိပ်ညင်းလို့ မရဘူး။ အဲဒီကြားထဲကနေဖောက်ထွက်တဲ့သူတွေရှိတယ်၊ အဲဒီလူတွေက သိပ်တော်တဲ့လူတွေပဲ။
ကြံကြံဖန်ဖန်ကိုတော်တာ။ ခုနကလို ရွံ့တွေ၊ နွံတွေ၊ အမှိုက်တွေ၊ မြောင်းစုတ်ထဲကနေ ထွက်လာတဲ့ ပန်းတပွင့်လိုပဲ။ အံ့သြစရာကောင်းတယ်။လွှပ်လပ်ခွင့်ကိုပေးလိုက်ရင် အနုပညာလောက တိုးတက်လာမှာပဲ။

ဆရာဦးဝင်းဖေဟာ လောလောဆယ် အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာမိသားစုနဲ့အတူ အခြေစိုက် နေထိုင်ပါတယ်။

(စိုင်းချစ်)
Fancy Journal (စိတ်ကူးစွမ်းအားဂျာနယ်)

FANCY JOURNAL အမှတ် ( ၆ )

0 comments
~~ရင်သွေးငယ်လေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့ လိုက်ဖက်ညီသော ဇနီးမောင်နှံ ကိုစိုင်းမိုးစံ + မိုးပြည့်ပြည့်မောင်
~~~စွယ်စုံအနုပညာရှင်ဒါရိုက်တာဦးဝင်းဖေမြန်မာနိုင်ငံသို့ ပြန်လည်လာရောက်တော့မည်။
~~ကိုယ့်စီးပွားရေး ကိုယ်လုပ်တော့ အားတဲ့အချိန်ဆိုတာ မရှိဘူး ၊ လူမုန်းများလာတယ်လို့ ဆိုလာသူ SMILE
~~The Whole Myanmar First 2011-2012 ဆုပိုင်ရှင် မောင်သော်စစ်နိုင် နှင့်တွေ့ ဆုံခြင်း ၊
စတဲ့ သတင်းဆောင်းပါးများအပြင် လွန်းထားထား( ဆေးတက္ကသိုလ်) ၊ သက်တန့် ချို ၊ ဇွဲလွင် ၊ ဒေါက်တာဦးမြသိန်းဟန် ၊ ချစ်ကြည်အေး ၊ သစ္စာပိုင်စိုး ၊ အေးကမ္ဘာ ဒေါက်တာချစ် စတဲ့ကလောင်စုံဖြင့် သတင်းတင်ဆက်ပုံ ၊ ပုံစံကွဲပြား ထူးခြား တဲ့FANCY JOURNAL
အမှတ် ( ၆ ) ၊ ဆိုင်ပေါ်ရောက်ပါပြီ ။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009