မေတ္တာရောင်ပြန်

2 comments
လောကမှာ လူအများစုဟာ လောဘကြောင့် ဘ၀ကို အမှောင်ကျနေတာမျိုးတွေမဖြစ်သင့်ဘူး။ စိတ်ပြတင်းတံခါးကို အသာလှစ်လိုက်ပြီး အလင်းတစ်စကိုဆွဲထုတ်လိုက်ပါ။ ဘယ်အရာကများသင့်ကို စိတ်ချမ်းသာမှုအမှန်တကယ်ပေးနိုင်မှာလဲ။ ဟုတ်ပြီ ဒါဆိုရင် တန်ဖိုးရှိတဲ့ အလင်းရဲ့ အားကိုသာမလွတ်တမ်းဆုတ်ကိုင်ထားလိုက်စမ်းပါ သင်ဟာ မကြာမီမှာ တောက်ပလာမှာ အသေအချာပါ။

အခန်း(၁)



ဟော ကျွန်တော်နေရမယ့် အိမ်ရှေ့ကိုရောက်ပြီထင်ပါရဲ့။

ခိုင်ခန့်တဲ့ ခြံတံခါးအကြီးစားဖြင့် မွမ်းမံထားသော ဥရောပ style တိုက်ဖြူဖြူလေးရှေ့သို့အရောက်မှာ ကားထိုးရပ်သွားသည်။

ကျွန်တော့်ရဲ့ ပူပူနွေးနွေးသခင်လေးက ခြံရှေ့မှာ ဟွန်းတတီတီတီးပြီး အသံပေးနေသည်။ ကျွန်တော့်ရဲ့ ပထမဆုံးမြင်ကွင်းအနေနဲ့ခြံတခါးဝမှာ တံမြက်စည်းလှည်းနေသော အသားမည်းမည်းကုလားတစ်ယောက်ကိုစတင်တွေ့ရပါသည်။


“ဟေ့ကောင်ရာဂျား၊ တံခါးလာဖွင့်လေ။ ဘာကြည့်နေတာလဲ”

ရာဂျားဆိုသော လူက တံမြက်စည်းကိုင်လျှက် ခြံဝန်းတံခါးရှေ့သို့ အပြေးအလွှားလှမ်းလာကာ

“ဟုတ်ကဲ့ အစ်ကိုလေး” ဟု ပျာပျာသလဲ ပြောရင်း ကျွန်တော်တို့ကိုမြင်သွားလေပြီ။



“အစ်ကိုလေး၊ ဘယ်က ခွေးလေးလဲ၊ ချစ်စရာလေး”

ရာဂျားကပြောပြောဆိုဆိုနှင့် Slide Door တံခါးကြီးကို တွန်းဖွင့်လိုက်တာမို့ အသံဗလံပေါင်းစုံဆူညံစွာ ထွက်ပေါ်လာပါတော့သည်။

“ဒုန်း . . .တ . . လုန်း . . ဒုံး . .၀ျုံး”



ဝုတ် . .၀ုတ် . .၀ုတ် လန့်လိုက်တာ ရာဂျားရာ၊ အချိုးမပြေမှုကလေးတွေက ဒီအိမကိုစရောက်တဲ့နေ့မှာ ပဲ ပေါ်ထွက်လာပါပြီ . .


ထိုစဉ်မှာပင် အိမ်ထဲမှာ ခါးကိုင်းကိုင်းနှင့်အဘွားကြီးတစ်ယောက် မျက်စိရှေ့သို့ ရောက်လာပါသည်။

ထိုအဘွားကြီးသည် အရပ်ပုပုလေးတွင် ဂုတ်ထောက်အထိ ဆံပင်ဖြူအရှည်ကျိုးတိုးကျဲတဲကို အသာဖြန့်ချထားပြီး မျက်နှာတွင်လည်းထုံးသုတ်ထားသလို Make up အဖွေးသားမှာ နှုတ်ခမ်းနီပါးလေးအား အရောင်တင်ထားသေးသည်မှာ အရွယ်နှင့်မလိုက်အောင် အကြည့်ရဆိုးလှပေသည်။

သူမက ကျုပ်ကို စူးစိုက်ကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း


“ကိုဖြိုး ၊ မင်းကတော့ တကယ့်အရှုပ်ထုတ်ကိုမှ အိမ်ခေါ်လာရသလား၊ ခွေးဆိုတာ အင်မတန်ညစ်ပတ်တဲ့အမျိုး၊ ချီးပါ သေးပေါက်အသေးစိတ်ကအစ အလုပ်ရှုပ်တဲ့ဟာကို မင်းမို့လို့ကွာ”


ကြီးကြီးကျယ်ကျယ်နဲ့ အဘွားကြီး ကျွန်တော်ည်း အမြင်ကတ်ကတ်နဲ့ သန့်နေတဲ့ကြမ်းပြင်ပေါ် ဘယ်ညာနင်းလိုက်ပြီး ခေါင်းကိုအလျင်အမြန်ခါရမ်းပစ်လိုက်သည်။



“သွားပါပြီတော်၊ သွားပါပြီ၊ အခုမှ ခေါင်းလျှော်ထားတာ ခွေးသန်းတွေတော့ ကူးတော့မှာပဲဟင်၊ ခြေရာတွေလည်း ထင်ကုန်ပြီ၊ မနက်ကပဲ Polish တင်ခိုင်းထားတာ၊ အခုတော့ ခွေးခြေရာတွေ ခွေးသန်းတွေနဲ့ ညစ်ပတ်ကုန်ပါပြီတော် ကိုဖြိုး ”


အသန့်ကြိုက်သော အလှမက်ပုံရသော ထိုအဘွားကြီးက ကျွန်တော့်ကို အပြတ်ရှုတ်ချရင်း သူ့သားတော်မောင်အား ဒေါသတကြီးအော်ဟစ်လေသည်။

“မေမေကလည်းဗျာ၊ စိတ်ညစ်ပါတယ်။ခွေးလေးတစ်ကောင်မွေးမိပါတယ်။ ဒီခွေးက အဲဒီဆိုင်မှာဈေးအကြီးဆုံးခွေး၊ သိန်းချီတန်တဲ့ခွေးပါ၊

ခွေးဝဲစားသာမွေးမိရင်တော့ဘယ်လိုနေမလဲမသိဘူး”


“အေး မင်းသဘော၊ မင်းသဘော၊ မင်းတို့က ငါအိုပြီဆိုပြီး မခန့်လေးစား၊

ငါ့အိမ်မှာ မင်းတို့စိတ်ကြိုက်လုပ်ကြတာ၊ လုပ်ချင်တာလုပ်ကြပါ ကြောက်ပါတယ်၊ ”

အဘွားကြီးက ပါးစပ်က တရစပ်မြည်တွန်တောက်တီးလျှက် စီးထားသော ခွာမြင့်ဖိနပ်သံတဒေါက်ဒေါက်ဖြင့် ခါးလေးကိုင်းကာ အိမ်ထဲသို့ တရွှေ့ရွှေ့ဝင်သွားလေသည်။
ဟောဗျာ . .သူ့အသက်အရွယ်ကြီးနဲ့မှ မလိုက်ဆေးဆိုးပန်းရိုက်မျက်နှာကြီးကို စိတ်တိုင်းကျအလှဆင်ထားတဲ့သူကများ၊ လုပ်ချင်တာလုပ်ကြပါတဲ့

ဝုတ် . .-၀ုတ် . .၀ုတ် ရယ်ရတယ်ဗျာ လူတွေ လူတွေ အသက်ကြီးပြီး အချိန်မစီးဘူးဆိုတာ ဒါမျိုးပဲနေမှာ . .တရားကျဖို့ ကောင်းလိုက်တာ၊ ကျုပ်တို့ခွေးတွေကို ရွံသတဲ့ဗျာ၊ ၀ုတ် . .၀ုတ် . . ၀ုတ်

လူတွေ လူတွေ အသက်ကြီးပြီး အချိန်မစီးဘူးဆိုတာ ဒါမျိုးပဲနေမှာ . .တရားကျဖို့ ကောင်းလိုက်တာ၊

ကျုပ်တို့ခွေးတွေကို ရွံသတဲ့ဗျာ၊ ၀ုတ် . .၀ုတ် . . ၀ုတ်

ကျွန်တော်သည်းခံခြင်းအဈိုးနေစဉ်မှာပဲ မီးဖိုချောင်ထဲမှာ အသံတစ်သံထွက်ပေါ်လာပါသည်။

“မောင်မောင် ထမင်းစားတော့မလား၊ တစ်ခါတည်းပြင်လိုက်မလို့”

ထမင်းဆိုတဲ့အသံကြားတာနဲ့ ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ သခင်လက်ပေါ်က ဖတ်ကနဲခုန်ချရင်း မီးဖိုချောင်ထဲအပြေးဝင်သွားလိုက်တော့သည်။

ခြေသံကြားသည်ကြောင့်လားမသိ၊ ထိုအသံရှင်က

“စားမယ်မဟုတ်လား၊ မောင်မောင်”ဟု ပြောပြောဆိုဆို နှင့်တည်ထားသော ဟင်းအိုးမီးခလုတ်ကို ပိတ်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။

“အမယ်လေး ခွေး . .ခွေးဟဲ့ခွေး မီးဖိုချောင်ထဲ ဘယ်လိုရောက်လာတာလဲ ဘယ်ကခွေးလဲ

ရှူး သွား သွား”

လာပြန်ပြီတစ်ယောက်။ ဘယ်လိုလူတွေ မှန်းမသိပါဘူး။

ငါ့ကိုမြင်တာနဲ့မတူသလို ဖြစ်နေလိုက်ကြတာ သူမပုံစံကိုလည်းကြည့်လိုက်ကြပါဦး၊

အကျီစုတ်၊ လုံချည်စုတ်အနွမ်းလူကလည်း မသပ်မရပ်၊

ဟိုရုပ်ရှင်တွေထဲကလို အိမ်မှာ အကူခေါ်ထားတဲ့ အလုပ်သမရုပ်၊ သူမနှင့်မလိုက်ဖက်လှသော စိန်နားကပ်ကြီးတ၀င်းင်းမှာ အကျီးတန်လှပေသည်။


“မမ၊ ဒါ အခုပဲ ကျွန်တော်ဝယ်လာတဲ့ခွေးလေးဂျက်ကီတဲ့၊ ဒီကောင်ကြီးက အရမ်းလိမ္မာတာ၊ ပြီးတော့အသန့်လည်းဘာကြိုက်သလဲမမေးနဲ့၊

ကျွန်တော်သူ့ကို ဆိုင်က ခေါ်လာပြီး ကားပေါ်တင်တော့ ဒီကောင်ကြီးက တော်တော်နဲ့ မတက်ဘူးဗျာ၊

နှာခေါင်းရှုံ့ချည်ရှုံ့ချည်နဲ့ ကားကိုလှည့်ပတ်နမ်းနေတာ၊ အဲဒါနဲ့ ကျွန်တော်လည်း သူနမ်းတဲ့နေရာတွေကို လိုက်ကြည့်ပြီး အဖြေရှာတော့ တရားခံက ဓာတ်ဆီပုံးကြောင့်ဗျာ၊ ကားထဲက ဆီပုံးကအနံ့မလုံဘဲ အနံ့နည်းနည်းထွက်နေလို့ ကားစီးဖို့ကို ရွံနေတာလေ အာဂခွေးနော်”

သခင်က ကျွန်တော့်ဂုဏ်ပုဒ်ကို မပြတ်ဖော်ထုတ်နေတော့ ကျွန်တော်နေတောင်မနေတတ်တော့ဘူး။

အဟဲ ၀ုတ် ၀ုတ်

သခင်အပြောကောင်းမှုကြောင့် သူမက ကျွန်တော့်ကို လှည့်ပတ်ကြည့်ရင်း အကဲဆတ်နေပြန်ပါသည်။ ငါ့နှယ်နော်။ ဘယ်လိုလူတွေမှန်းကိုမသိဘူး။နားလည်ရခက်လိုက်တာ ဟူး။


“အေး ပြီးရော၊ ပြီးရော မင်းဇာတ်မင်းနိုင်ရင်ပြီးရော ငါကတော့ ၀င်မကဘူးနော်”


“အာ မမကလည်း ဒီဇာတ်မှာ မမ၀င်မကလို့ မရဘူးလေ၊ ကျွန်တော်ကချစ်လို့ မွေးမလို့ သာခေါ်လာတာ ခွေးကိုဘယ်လိုပြုစုရတယ်ဆိုတာ မသိဘူး။ နားမလည်ဘူး”


ဟိုက် သခင်ကတော့စံပဲ။

သူ့စကားကြားရတာ အားရှိစရာ၊ ဒီအိမ်ရောက်ကတည်းက နည်းမျိုးစုံနဲ့ ကြိုဆိုနေကြတာ၊ လူသားတွေရဲ့ စိတ်ဟာထွေပြားလှပါလား။

“ခွေးလေးက ချစ်စရာလေးပါ မမရယ်၊ အသန့်လည်းကြိုက်တယ်၊ လိမ်လည်းလိမ္မာတယ်”


ဟုတ်တယ်ဗျို့ ဟုတ်တယ် ၀ုတ် .. ၀ုတ် . ၀ုတ် ဗိုက်လည်းဆာလှပြီ၊ ကျွေးပါတော့ဗျို့ ၀ုတ် ၀ုတ်

ယောက်ယက်ခတ်နေတဲ့ ကျွန်တော့်အမူအရာကို သတိထားမိသွားတဲ့ သခင်က

“ကဲပါ မမရယ် ကုသိုလ်ရပါတယ်၊ ဂျက်ကီလည်း ဗိုက်ဆာရောပေါ့။

ထမင်းကျွေးထားလိုက်ပါ၊ ကျွန်တော်ရေချိးလိုက်ဦးမယ်”

သခင်က ပြောပြောဆိုဆိုနှင့်မျက်နှာလွှဲ ခံပစ်ထွက်သွားလေသည်။


စိတ်ရှုပ်စရာတွေအပြည့်သိပ်နေသော သည်အိမ်ကြီးမှ လူအများကြားမှာ ဘယ်လောက်ဝဋ်ခံရမည်မသိပါ၊

ဟူး -----ခန္တီပါရမီကျင့်သုံးရပေမပေါ့။

ဒါမှ ဒီဝဋ်ကြွေးက မြန်မြန်လွတ်မှာ

မမဆိုသော အမျိုးသမီးက ဇလုံတစ်ခုအတွင်းသို့ ထမင်းနှင့်ဟင်းထည့်ကာ အသေအချာနယ်ဖတ်နေပေသည်။

ကျွန်တော့်ရှေ့သို့ ပန်းကန်ရောက်သည်နှင့် ၀မ်းက ဟာနေတာမို့ ခေါင်းမဖော်တန်းတီးလိုက်တာ စောစောကသောကများအလိုအလျှောက် ပြေပျောက်သွားလေတော့သည်။

ပုဂ္ဂိုလ်သတ္တ၀ါတို့တတွေဟာပြည့်စုံကြွယ်ဝခြင်းဆိုတာတွေသာ ဖူလုံနေရင် သောကဆိုတာ အစအနတောင်ရှာမတွေ့တဲ့အရာဖြစ်သွားရောလား။

ထူးဆန်းထွေလာပါပဲ

အိမ်မှုကိစ္စများကို စနစ်တကျစီမံခန့်ခွဲတတ်သည်ဟုထင်ရသော သူမကတစ်ဆက်တည်းမှာပင် ကျွန်တော့်ရှေ့သို့ ရေခွက်တစ်ခွက်ချရင်း . .

“သောက် ခွေးလေး၊ သောက်၊ ၀အောင်သာသောက် ၊မင်းသခင်က လေကတော့ အရမ်းဖြူးတာ၊ လက်ကြောတော့ တစ်စက်မှမတင်းဘူး။

အခုလည်း မင်းကိုခေါ်လာတဲ့နာရီပိုင်းလေးမှာတင် ငါ့လက်ထဲလွှဲသွားတာပဲကြည့်”


ကျွန်တော့်ကို သူမရဲ့ ငယ်ပေါင်းကြီးဖော်တစ်ယောက်လို တိုင်တည်နေတာကြည့်ရင်း ရေကို အငမ်းမရ တပြတ်ပြတ်ငုံ့သောက်နေလိုက်သည်။

ပလပ် . .ပလပ် . ပလပ်

လူတွေဟာ ကိုယ့်စိတ်ထဲ မကျေနပ်တာရှိရင် ဒီလိုပဲ ဗျစ်တောက်၊ ဗျစ်တောက် မြည်တွန်တတ်သလား။

ကျွန်တော်တို့ခွေးတွေမှာ ဒီလိုအကျင့်မရှိတာ တော်တော်နားငြီးသက်သာလိုက်တာ၊

ကဲဗျာ စဉ်းစားလေ၊ စိတ်ရှုပ်လေဖြစ်တာမို့ အိပ်တာပဲကောင်းပါတယ်။

ကျွန်တော့်အိမ်ထဲကို မျက်စိဝေ့၀ိုက်ကစားလိုက်ရင်း ဧည့်ခန်းထဲရှိ လည်သာဆိုဖာကြီးများကို တွေ့လိုက်ရသည်။


ဟာ ရှယ်ပဲ အိပ်လိုက်ရရင် ဇိမ်ပဲ၊ ကဲ ---စဉ်းစားနေရင် ကြာတယ်၊ အခုပဲ အကောင်အထည်ဖော်လိုက်မယ်။

ဧည့်ခန်းထဲသို့ဖတ်ကနဲ ပြေးဝင်သွားသော ကျွန်တော့်ကိုရုတ်တရက်ကြောင်ကြည့်နေပြီး ဆက်တီပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သောအခါမှ ထိုအမျိုးသမီးက အော်ဟစ်ကာ မောင်းထုတ်လေတော့သည်။


“ဒီခွေးကတော့လေ၊ စိတ်ညစ်တာပဲ ကိုဖြိုး
ရေချိုးတာမပြီးသေးဘူးလား၊

ဒီမှာ မင်းခွေးက အဆင့်ကျော်လာပြီ၊ ဘယ့်နှယ် ဧည့်ကောင်း၊ ဆောင်ကောင်းထိုင်တဲ့ဆက်တီအကောင်းစားတွေပေါ်မှာ ခွေးအမွှေးတွေကပ်ကုန်ပါပြီ”

ဟု အဆက်မပြတ်အော်နေတာမို့ ကျွန်တော်နားညီးလာသည်။


ထိုစဉ်မှာပင် “ ကိုရေ ဆေးသောက်ချိန်ရောက်ပြီ၊ ဆေးလာတိုက်တော့”ဧည့်ခန်းနှင့်မျက်နှာချင်းဆိုင်အခန်းမှ တံခါးသည် ငြင်သာစွာဟသွားသည်။


ခြေသံတရှပ်ရှပ်နှင့်ဗိုက်ကလေးကိုင်ကာ အခန်းထဲမှ တစ်လှမ်းချင်းထွက်လာသော ကိုယ်လေးလက်ဝန်နှင့် မမချောချောတစ်ယောက် တံခါးပွင့်ပွင့်ချင်း ကျွန်တော်လည်း စိတ်ရှုပ်နေတာမို့လွတ်လာကျွတ်ရာအခန်းထဲသို့ လှစ်ခနဲပြေးဝင်သွားတော့သည်။

ကျွန်တော့်ကိုတွေ့တော့မမရဲ့ အာရုံက

“ဟယ် ခွေးလေးက ချစ်ဖို့ကောင်းလိုက်တာ၊ သန့်နေတာပဲ”မမက အသံချိုချိုလေးနဲ့ ပြောပြီး ကျွန်တော့်ကို လိုက်ဖမ်းတော့သည်။

ကျွန်တော်ကလည်းရောက်ရောက်ချင်း ဇောာက်နဲ့ထွင်းခံ ထားရတော့ မမကိုလည်း လန့်နေတာပေါ့၊

အခန်းထဲမှာ ဟိုထောင့်ပြေးကပ်၊ ဒီထောင့်ပြေးကပ်နဲ့ တစ်ယောက်တည်း အဲလေ တစ်ကောင်တည်း ယောက်ယတ်ခတ်နေ တော့တာပါပဲ။

ဝုန်းဒိုင်းကြဲ ဆူညံသံစဉ်တွေထွက်ပေါ်လာတော့ ပြေးရင်းမှ အနေအထားအမှန် ကို သဘောပေါက်လာတယ်။

ပြေးရတာလည်းမောလာတော့ ကြမ်းပြင်ပေါ်မှာပဲ ခြေပစ်လှဲချပစ်လိုက်တယ်။ အဲဒီတော့မှ မမလည်း ကျွန်တော့်ဘေးထိုင်ချရင်း ကျွန်တော့်ကျောလေးကို တဟောဟောနဲ့ အမောဖြေရင်း သပ်ပေးရှာတယ်။

သြော် လိုက်သူ ရှိတော့ပြေးတယ်
ပြေးသူရပ်တော့ မလိုက်တော့ပြန်ဘူး။
လူတွေဟာ ဒီလိုပဲလား?

မရနိုင်မှန်း သိတာကို အတင်းလိုချင်တယ်။

ရလည်း သွားရော တန်ဖိုးမထားတော့ပြန်ဘူး .......။


“ခွေးလေး တော်တော်ဆိုးပါလား၊

ငါ့မှာ ဗိုက်ကြီးတကားကားနဲ့ လိုက်ရတာမလွယ်ဘူး မောလိုက်တာ၊ ဟောဟဲ ......ဟောဟဲ”

အင်း ! အခုမှပဲ ကျွန်တော်လိုချင်တဲ့ အေးချမ်းမှုရတော့တယ်။ ဒီအိမ်ကိုရောက်တာ၊ နာရီပိုင်းလေးမှာပဲ မျိုးစုံလွဲနေတာ၊ အခုမှပဲတည့်တော့တယ် ဟူး ......။

“ဒုန်း .......ဒုန်း”

ဇိမ်ယူမှိန်းနေရင်းမှ ဖျတ်ခနဲလန့်ကာ ၀ုန်းခနဲထပြီး ကုတင်အောက်သို့ တရှူးထိုး ပြေးဝင်မိသည်။ သာသနာဖျက်ပြန်ပြီ။


“အောင်မယ်လေး! မီမီရယ်၊ ခွေးနဲ့လက်ပွန်းတတီးမနေနဲ့လေ၊

ကိုယ်ဝန်ဆောင်သည်ဆိုတာ အစစအရာရာဆင်ခြင်ရတယ်။ ခွေးမှာရှိတဲ့ ပိုးမွှားတွေက ညည်းနှာခေါင်းထဲဝင်ပြီး ရောဂါတွေ ရကုန်မှ ဒုက္ခတွေများကုန်မယ်”


အသံကြောင့် ကုတင်အောက်ကနေ ခေါင်းထောင်ကြည့်လိုက်တော့ ဆေးဆိုးပန်းရိုက် အဖွားကြီးမျက်နှာကိုတွေ့လိုက်ရသည်။ လာပြန်ပြီ ....။


“ဟုတ်တယ်အမေရေ၊ အခုပဲ ဧည့်ခန်းထဲမှာ သောင်းကျန်းသွားလို့ ရှင်းလို့ပြီးရုံရှိသေး တယ်။ ဒီအခန်းထဲမှာ လာမွှေနေပြန်ပြီ”


တောက်! ကျုပ်စိတ်တွေသည်းမခံနိုင်တော့ဘူး။ စိတ်ရှိလက်ရှိကုန်းအော်ပစ်လိုက်တယ်။

မွှေတာက ကျုပ်မဟုတ်ဘူး၊ ခင်ဗျားတို့ ---

ဝုတ်ဝုတ် ဘယ်နှယ့်ဗျာ ကျုပ်ဘာသာ ကျုပ်ရဲ့အမျိုးတွေ ဘော်ဒါတွေနဲ့အတူတူ ကျုပ်တို့ ကမ္ဘာလေးမှာ ပျော်နေတဲ့ ဥစ္စာ၊

သူတို့လို လူပိန်းတွေပဲ ကျုပ်တို့ကို ဈေးကြီးကြီးပေးဝယ်ပြီး ကားအကောင်းစားကြီးတွေနဲ့ အလျှိုလျှိုအိမ်ခေါ်သွားကြ၊

ကျုပ်မှာတော့ အဖေနဲ့ သူငယ်ချင်းတွေပါ ပါသွားတာကိုကြည့်ပြီး အားကျနေတာ။

ဖွတ် ! တက်တက်စင်အောင်လွဲပါ ပေါ့။ ဂိန် .......။

ဆိုင်ကျဉ်းကျဉ်းလေးထဲမှာ အသက်ရှူကြပ်လှပြီးလို့ထင်တာ အခုတော့ အဖိုးတန်လှပါတယ်ဆိုတဲ့ ဒီအိမ်အကျယ်ကြီးကမှ အသက်ရှူစရာနေရာတောင် မရှိလောက် အောင်ပဲ .....ဟူး .....။

B


“ဆူညံ ဆူညံနဲ့ အခန်းထဲမှာ ဘာဖြစ်နေကြတာလဲ? ”

ဟော ! ကယ်တင်ရှင် သခင်လေးအသံပါလား။

“ဂျက်ကီရော၊ ဂျက်ကီ”


သခင်လေးက ကျွန်တော့်ကိုမတွေ့တော့ရှာနေပြီ။ ကျွန်တော်ကုတင်အောက်မှာရှိကြောင်း အချက်ပြလိုက်ဦးမှ၊ သခင်လေးရေ၊


ကျွန်တော်ဒီမှာ ၀ုတ် ၀ုတ် ၀ုတ် ၊

ကျွန်တော့်အသံကြားတော့ သခင်လေးက ကုတင်အောက်ကို ကုန်းပြီးရှာနေတယ်!


“ဂျက်ကီ၊ အို့ အို့ အို့ ၊ ဂျက်ကီ လာ လာ လာ၊ အို့ အို့”

ကျွန်တော်လည်း သခင်လေးအားကိုးရှိတော့ ရဲရဲဝင့်ဝင့်ထွက်လာခဲ့လိုက်တယ်။

ခုတင်အပြင်ကို ရောက်တော့ အားပါးပါး၊ ခွေနေရတာ ညောင်းလိုက်တာ၊ လေ့ကျင့်ခန်းလုပ်လိုက်ဦးမှ။

“ဟဲ့ ! ဟဲ့ ခါပြန်ပြီ၊ ခွေးအမွးတွေနဲ့တော့ ပြသနာပဲ”

“ကဲ ဒီအတိုင်းဆိုရင်တော့ ဂျက်ကီကို သက်သက်ခွဲထားမှဖြစ်တော့မယ်။ ဒီနေ့တော့ သားအခန်းထဲမှာ ခေါ်သိပ်လိုက်မယ်။ နောက်ရက်ကျမှ ဂိုထောင်ထဲမှာ ခွဲထားပေးမယ်။ အမေ ကျေနပ်ပါတော့ ..”

လူ့စိတ်တွေကလည်း အမျိုးမျိုးနားလည်ရခက်လိုက်တာ ......။

ခွေးပဲဗျာ နေချင်သလို နေမှာပေါ့၊ အိပ်ချင်ရာအိပ်၊ စားချင်ရာစား၊ ဘာအပူအပင်မှမရှိဘူး

ကဲ ဒီလောက် ကောင်းတဲ့ခွေးဘ၀မှာ ဒီအိမ်ကိုရောက်မှပဲ ဟိုမှာနေ နေပြန်ပြီ၊ ဒီမှာအိပ် အိပ်ပြန်ပြီ၊ ဘောင်ခတ်ထားတဲ့ဘ၀ကြီးဗျာ .......။


“ကို ----ဂျက်ကီကို မီမီ တို့ ဗီရိုရှေ့မှာပဲ အခင်းလေးနဲ့ သိပ်လိုက်မယ်နော်”


စေတနာရှင် မမဗိုက်က ကျွန်တော်ကျောချဖို့နေရာချပေးတော့မှပဲ သက်သာရာရတော့တယ်။ ဟိုအဘွားကြီးသားအမိလည်း ပေစောင်း၊ ပေစောင်းနဲ့ ကြည့်ပြီးထွက်သွားပြီ၊ မျက်စိကိုအေး သွားတာပဲ ။ သခင်လေးကို မော့ကြည့်လိုက်တော့ သူကလည်း သူ့မိန်းမ မမဗိုက်စကားကို နာခံသည့်အလား ပြုံးပြီးငြိမ်နေတယ်ခင်ဗျ၊

သြော်! အကောင်းအဆိုးယှဉ်လျှက် ပြိုင်နေတဲ့ မျဉ်းဖြောင့်ဆိုတဲ့ လောကကြီးမှာ ကျွန်တော့်ကို လိုလားနှစ်သက်၊ လက်ခံတဲ့သူရှိသလို မလိုလားတဲ့သူလည်းရှိနိုင်တာပါပဲ။

ဒါဟာ လောက ဓမ္မတာပဲလေ ......
ဇွတ်ဖန်တီးလို့မရနိုင်တာလည်း နိယာမတစ်ခုပါပဲ။


အခန်း(၂)


ဒီလိုနဲ့ပဲ ဥပေက္ခာမျက်ဝန်းဒဏ်၊ သံယောဇဉ်မျက်ဝန်းဒဏ်တို့အား နေ့စဉ်နှင့်အမျှ ဝေခံစားရင်း ဒီအိမ်ကြီးနဲ့ နေသားကျလာစပြုနေပါပြီ!



ဒီအတောအတွင်းမှာပဲ အဘွားကြီး၏ ငါးကန်မှ ငါးကလေးများအားဆော့ကစားရင်း ငါးလေးများဘ၀ပြောင်းသွားသဖြင့် သူမလေမုန်တိုင်း ဒဏ်အားရက်အတော်ကြာအောင် ခံလိုက်ရသေးသည်။

“ဗျို့ ကိုဖြိုး ကိုဖြိုး ရှိပါသလားခင်ဗျာ”


ခြံတံခါးဝရှိ Bell အား အဆက်မပြတ်နှိပ်ရင်း တကြော်ကြော်အော်နေသော လူစိမ်း(၂)ယောက် အား တွေ့ရလေသည်။

ရာဂျားနဲ့ စကားပြောနေပြီး တံခါးဖွင့်ပေးလိုက်တော့ ခြေလှမ်းကျဲကြီးတွေနဲ့ ခြံထဲကိုဝင်လာပုံတွေကိုလည်း ကြည့်ပါဦး ......။


တစ်ယောက်က အရပ်ကလန်ကလားမှာ အသားကခပ်ညိုညို၊ မျက်စိပေါက်ပြူးပြူးနဲ့ အသားအရေက ရောဂါသည်လို ပိန်ခြောက်ခြောက်။

နောက်တစ်ယောက်ကျပြန်တော့ အသားတော့ ဖြူပါရဲ့၊

စူထွက်နေတဲ့ ဗိုက်က နေ့စေ့လစေ့ ဘီယာဗိုက်၊ မျက်နှာကလည်း ဆီတ၀င်းဝင်းနဲ့ ရမ္မက်ဇောကပ်နေတဲ့ တဏ္ဍာရူးရုပ်၊

ဒါပေမယ့် သပ်သပ်ရပ်ရပ်။ အဖိုးတန် ၀တ်စားထားပုံတွေနဲ့ ဟန်ကျပန်ကျ ကိုင်ထားသောလက်ကိုင်ဖုန်းများက သူတို့ရဲ့ အကျည်းတန်မှုတွေကို ဖုံးကွယ်ထားစေပါသည်။


သခင်လေးရဲ့ ဧည့်သည်တွေထင်ပါရဲ့၊ မမက ဧည့်ခန်းမှာထိုင်ခိုင်းပြီး ခဏစောင့်ဖို့ပြော နေတယ်။ ဒီပုဂ္ဂိုလ်တွေကို ကျီစယ်လိုက်ဦးမယ်၊ ဝေါင်း ........။


“အောင်မယ်လေးဗျ”


မမ အအေးဗန်းကိုင်ထွက်လာတော့ မမျှော်လင့်ထားတဲ့ မြင်ကွင်းက ဆီးကြိုနေသည်။ ဧည့်သည်လူစိမ်းနှစ်ယောက် ဆက်တီပေါ်ကိုခြေထောက်နှစ်ချောင်းတင်ပြီး နံရံကပ်လျှက် ဇောချွေးကလေးများစို့ကာ တဆတ်ဆတ်တုန်နေတာကြည့်ပြီး ကျွန်တော်ကျေနပ်နေတာဗျာ! ၀ုတ် ၀ုတ် ......။


“ဂျက်ကီ ဘာကုတ်ချောင်း ကုတ်ချောင်းလုက်နေတာလဲ၊ သွား ........G0”


အဲဒီအချိန်မှာ သခင်လေးရဲ့ အသံမာမာကိုကြားလိုက်ရတော့ အသာလေးအမြီးကုတ်နေလိုက်ပြီး မသာမယာကြည့်နေလိုက်ရတယ်။


“ကိုဥက္ကာရယ် ကျွန်တော့်တို့ ယုံယုံကြည်ကြည်နဲ့ လက်တွဲလာတာ နှစ်တွေမနည်းတော့ ဘူးဗျာ။ ပစ္စည်းရဲ့တန်ဖိုးကို အမှန်အတိုင်းခင်ဗျားနားလည်နေတာပဲ၊ ခင်ဗျားကို ယုံလို့လည်း အရင်ဦးဆုံး ခေါ်ပြတာပေါ့ဗျာ”


“ဟုတ်ပါတယ်။ ကိုဖြိုးဝေလင်းရယ် ။

ကျူပ်ကလည်း စီးပွားရေးလောကမှာ နာမည်တစ်လုံးနဲ့ပါ၊ ဥက္ကာထက် ဆိုရင် လူတိုင်းခေါင်းညိတ်ပြီးသားဆိုတာ ခင်ဗျားသိပါတယ်”

လူ့သိက္ခာကျင့်ဝတ်ဆိုသည်မှာ အဘယ်နည်း။


ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လုပ်နေသည့် ထိုပုဂ္ဂိုလ်၏ အပေါစားကိုယ်ကျင့်သီလများဖြင့် ဖျပ်ဖျပ်လူးနေသော သူ့ဆီမှ ခုန်ထွန်လာသည့် လောဘဇောဆန်ဆန် မျက်လုံးများက ကစဥ့်ကလျားရွေ့လျားနေသည်။



“ပစ္စည်းကတော့ မဆိုးပါဘူး။ ဈေးအတွက်တော့ အချိန်ယူရလိမ့်မယ်။ ကဲ ကျွန်တော်ချိန်ထားတာလေးရှိလို့ သွားလိုက်ဦးမယ်၊ နောက်မှ ဆုံကြတာပေါ့”

ထိုအချိန်တွင် နေမင်းသည် သူ့တာဝန်ပြီးဆုံးသွားပြီမို့ အလင်းရောင်ကို မှုတ်ငြိမ်း လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင် ပါးပါးလေး ခြုံလွှမ်းစပြုလေပြီ။

မှောင်မိုက်သော သန်းခေါင်ညရဲ့အလယ်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးအပ်ကျသံ ပင် မကြားရလောက်အောင် ငြိမ်သက်နေလေရဲ့။

အိမ်သားအားလုံးလည်း တစ်နေကုန် တစ်နေခမ်း ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပါသည်။

ညအမှောင်ကို ခွင်းထွက်လာသော ချိုးချိုးချွတ်ချွတ်အသံကြောင့် ဖျတ်ခနဲလန့်နိုးလာရသည်။ တရှုပ်ရှုပ်အသံကြီးက ကျွန်တော်အသိကိုလှုပ်နှိုးလိုက်သလိုပါ။

အသံက နီးကပ်လာတာ ကြောင့် ခေါင်းထောင်ကြည့်လိုက်တော့ ........

အမယ်လေးဗျာ! လူသုံးယောက်ခြံထဲရောက်နေပါလား။

ခြံတံခါးကြီးကို ကျော်ဝင်လာ တဲ့ပုံစံပဲ။

ဟိုကောင် ရာဂျားက တော်တော်လေးစိတ်ချရပါလား။

ကုလားသေ ကုလားမော အိပ်ပျော်နေလိုက်တာ။

တခူးခူးနဲ့ ဟောက်သံတောင်ထွက်နေသေးတယ်။

ကျွန်တော်လည်း ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတာနဲ့ အသာလေးငြိမ်နေလိုက်တယ်။ တော်ကြာ ကျွန်တော့်ကိုပါ အန္တရာယ်ပေးသွားမှဒုက္ခ ......

ဥစ္စာမက်တဲ့ လူတွေရဲ့ ပစ္စည်းကုန်ပစေ၊ ဒါမှမှတ်မှာ။

ကျွန်တော် တကိုယ်ကောင်းအတွေးမဆုံးခင်မှာပဲ

“ဂလောက်”ဆိုတဲ့ အသံအုံအုံလေး ကို ကြားလိုက်ရတယ်!

အိမ်တံခါးမကြီးအပြင်က ဘာဂျာတံခါးသော့ပွင့်သွားပြီထင်တယ်။

ဒါဆို သူတို့အိမ်ထဲဝင်ကြတော့မယ်။

ဟား ! မဟုတ်သေးပါဘူး။

“တစ်လုပ်စားဖူး သူ့ကျေးဇူး”

အခု အချိန်မှာ သူတို့ကျွေးတဲ့ ထမင်းစားပြီး အသက်ရှင်နေရတာပဲလေ .......။

ဟုတ်ပြီ။

သူခိုးဗျို့! သူခိုး ၀ုတ် ၀ုတ် ၀ုတ် ၀ုတ် ၀ုတ်

ကျွန်တော်လည်း အာခေါင်ခြစ်ပြီး လည်ချောင်းကွဲမတတ်အော်ပစ်လိုက်တော့တယ်။

အိမ်ကြီးပေါ်က လူတွေမနိုးနိုးအောင် အသံ ထပ်ချဲ့ပြီး ဟောင်ပေးလိုက်တယ် ........

ဝုတ် ၀ုတ် !

ဟောင်သံကြောင့် သူခိုးတွေ ယောက်ယတ်ခတ်ကုန်တော့တယ်
၊ အိမ်ထဲက မီးတွေလင်းလာပြီ !

အဲဒီတော့မှ ရာဂျာလည်း ပုဆိုးစကိုင်ပြီး အယောင်ယောင် အမှားမှားနဲ့ နိုးလာတယ်။

“ဂျက်ကီ အရမ်းဟောင်နေတယ်၊ ဘာဖြစ်တာလဲမသိဘူး”

ရာဂျားသဘောပေါက်သွားပြီ!

“ သူခိုးဗျို့၊ သူခိုး၊ ခြံထဲကို သူခိုးရောက်နေလို့၊ သူခိုး ...သူခိုး”


အိမ်တံခါးမကြီးကို ကျော်လွန်လို့ အိမ်ထဲကိုရောက်ခါနီးနေတဲ့ သူခိုးတွေလည်း ၀ရုန်းသုန်းကားပြေးဖို့ ကြံပေမယ့် ရာဂျားက ၀ါးလုံးဆွဲပြီး ပြေးရိုက်တာမို့ အိမ်ထဲမှ ပြေးထွက်လာသော အိမ်သားများ၏ အသံမှာ ပွက်လောရိုက်သွားသည်။

“ရာဂျား၊ ဒီ သူခိုးတွေကို မိအောင်ဖမ်း၊ မလွတ်စေနဲ့”


တောက် !


စားရခါနီးမှ အမဲသဲနဲ့ပက်ဆိုသလို ကြိတ်မနိုင်ခဲမရ ကျွန်တော့်ကို အစိမ်းလိုက်ဝါး စားတော့မယ့် မျက်နှာပေးနဲ့ တောက်ခေါက်သံကြောင့် သခင်လေးရဲ့ အံ့သြတကြီးအသံကြီးက စူးစူးဝါးဝါး ပေါ်ထွက်လာသည်။

“ ဟာ ကိုဥက္ကာ ခင်ဗျားဗျာ ရိုင်းလိုက်တာ။

ခင်ဗျား အဆင့်အတန်းနဲ့ ဒီလိုလုပ်ဖို့တော့ မကောင်းပါဘူး။”


“ရာဂျား သွား ဒီကောင်တွေကို ရဲစခန်းပို့ဖို့လုပ်လိုက်၊ တော်သေးတာပေါ့။ နောက်ကျော ဓားနဲ့ထိုးမယ့်သူမှန်း စောစောသိလိုက်ရလို့၊ ဟာကွာ၊ ငါလုပ်လိုက်ရ”


“ကိုဖြိုး မလုပ်နဲ့ သူ့ဇယားနဲ့သူ သွားလိမ့်မယ်”


သြော် ! လူတွေ လူတွေ အလကားနေရင်း လောဘတွေကို စိုက်ပျိုးနေကြပါလား။

အိမ်သား အားလုံးရဲ့ ကျေးဇူးတင်တဲ့အကြည့်တွေက ကျွန်တော့်ဆီကို စုပြုံရောက်လာကြပါသည်။

တကယ်တမ်းတော့ ဖြူစင်တဲ့စိတ်တွေဟာ လောဘကြောင့် ဖြစ်လာတဲ့ လိုချင်တပ်မက်မှုတွေကြောင့် ကြမ်းတမ်းလာတယ်။

မကောင်းမှုကို ကျူးလွန်ဖို့ ၀န်မလေးကြတော့ဘူး။

ကိုယ့်ကိုပတ်ဝန်းကျင်က ယုံကြည်ချက်တွေအားလုံးဟာ လောဘမှိုင်းမိပြီး မွှန်ထူသွားတတ်ကြပြန်သေးတယ်!

မေတ္တာဆိုတာ လူနဲ့ တိရစ္ဆာန်ကြားမှာတောင် ရောင်ပြန်ဟပ်သေးတာပဲ။ လူသားအချင်းချင်းမှာသာဆိုရင် .........။

လောကမှာ အပေးသမားက များများပြန်ရတတ်ပြီး အယူသမားက များများဆုံးရှုံးရတတ်တယ်ဆိုတာ လက်ခံ၊ နှလုံးသွင်းနိုင်ရင် ကျေနပ်စရာသိပ်ကောင်းမှာပဲဗျာ ။



ဂါရ၀အားဖြင့်

ဆုကဗျာ

( “အလင်္ကာဝတ်ရည်ဂျာနယ်” )

“လေယာဉ်မယ်”

5 comments
ကျွန်မငယ်ငယ်တုန်းက ကောင်းကင်မှာပျံနေတဲ့ လေတံခွန်လေး(Kite) လေးတွေ ကိုကြည့်ပြီး အတွေးလေးတစ်ခုဝင်ခဲ့ဖူးတယ်။ သူတို့လို လေထဲမှာ ၀ဲပျံကြည့်ချင်လိုက်တာ အသက်(၂၀)ပြည့်ပြီးချိန်မှာ ဒီအတွေးလေးက မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့တာ ပထမဦးဆုံးအလုပ်ကိစ္စနဲ့ လေယာဉ်ပျံစစီးဖူးတဲ့အချိန်မှာ ဒီအတွေးလေးက အမှတ်မထင်ပြန်ပေါ်လာခဲ့တယ်။

ဟုတ်တယ် . .လေတံခွန်လေးလို ၀ဲပျံခွင့်မရနိုင်ပေမဲ့ လေယာဉ်ပျံပေါ်မှာ အလုပ်၊ လုပ်ခွင့်ရနိုင်ရင် လေထဲ မှာ ၀ဲပျံခွင့်ရတာနဲ့ အတူတူပဲလေ!

ကျွန်မ ရည်မှန်းချက် အကောင်အထည်ဖော်ဖြစ်သွားခဲ့ပြီ
ကျွန်မ လေယာဉ်မယ်ဖြစ်လာတဲ့အခါ လေထဲမှာ လျှောက်သွားနိုင်မှာလေ .
ကျွန်မစိတ်ကူးလေးကို လက်တွေ့အကောင်အထည်ဖော်ပေးခဲ့သူက ကျွန်မဖေဖေလေ . .

Myanmar Airways ရဲ့ Air Crew Application Form ကို သူကိုယ်တိုင် ယူလာခဲ့ပြီး ကျွန်မရည်မှန်းချက်တွေကို အရာထင်စေခဲ့တာလေ . .
လျှောက်လွှာမှာ လိုအပ်တဲ့အချက်တွေကို ပြည့်စုံမှန်ကန်စွာ ရေးသွင်းနိုင်ဖို့နဲ့ လျှောက်လွှာတင်ပြီး Interview ဖြေခဲ့စဉ်တစ်လျှောက်က အတွေ့အကြုံ၊ အမှားအယွင်းလွဲချော်ပုံများကို ၀ါသနာတူ သူငယ်ချင်းများကို စေတနာနဲ့ အကြံပြုချင်ပါတယ်။ လျှောက်လွှာမှာ Name, Age, Weight, Height, Occupation, Education,National Registration Card No & Scruting Card No.,Passport No., တို့ အပြင် English Speaking & Language ဘာတတ်မြောက်ပါသလဲ?

နောက်တစ်ချက်က Other Language ဘယ်လောက်ထိတတ်မြောက်ပါသလဲ၊ မျှော်မှန်းလစာ ဘယ်လောက်ခန့်မှန်းပါသလဲ?မျက်မှန်သမားလား၊ အရေးအကြီးဆုံးက ရေကူးတတ်ပါသလား၊ ဆိုတဲ့မေးခွန်းတွေမှာ ကိုယ်တကယ်တတ်မှ တတ်မြောက်ကြောင်း ပုံစံကွက်မှာ Yes, ကို Marking လုပ်ပါ။

ကြွားချင်ဇောနဲ့ ဒါမှမဟုတ် လူအထင်ကြိးအောင် မဖြည့်ပါနဲ့၊ ဒီလို ပြောရတာအကြောင်းရှိပါတယ်။ English စာတတ်ကျွမ်းမှုကို Fluently, Average, မှာ သက်ဆိုင်ရာ အကွက်မှာ Markingလုပ်ပါ။ Other Language မှာ မိမိတ်ကျွမ်းတဲ့ ပညာရပ်နဲ့ ဆိုင်တဲ့အရေးနဲ့ အပြောတတ်ကျွမ်းပုံကို အထက်ပါအတိုင်းဖြည့်စွက်ရပါတယ် ။

ဥပမာ-CHINESE ဆိုရင် CHINESE, KOREA ကျွမ်းရင် KOREA ပေါ့၊ မျက်မှန်သမားများအထူးသတိထားရမှာက မျက်မှန်တကယ်တတ်ပါရဲ့နဲ့ မတတ်ဘူးဆိုပြီး ညာဖြည့်တာ မျိုးမဖြစ်သင့်ပါဘူး။ နောက်မှ ဆေးစစ်လို့ ပေါ်လာရင် အလွန်ရှက်ဖို့ကောင်းပါတယ်။
နောက်လိုအပ်တဲ့ Photo Size 5”x7” တစ်ကိုယ်လုံး၊ ဘေးတိုက်၊ ရှေ့တည့်တည့် တစ်ပုံစီနဲ့ Passport Size သုံးပုံလိုအပ်ပါတယ် . .
ဘွဲ့လက်မှတ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ကိုပါ တစ်ပါတည်း တွဲတင်ရမှာဖြစ်ပါတယ်။ လိုအပ်တာတွေ ဖြည့်စွက်ပြီးရင်တော့ လျှောက်လွှာသွားတင်ဖို့ Ready လုပ်ပေတော့ . .အထူးသတိထားရမယ့်အချက်က လျှောက်လွှာမှာ English လိုတစ်မျိုးတည်းပဲ ရေးသင်းရမှာ ဖြစ်ပြီး အားလုံးကို Block Letter နဲ့ ရေးသွင်းဖို့ လိုအပ်ပါတယ်။ အရည်အချင်းရှိပါရက်နဲ့ ပြီးစလွယ် Small Letter နဲ့ ရေးမိလို့ အပယ်ခံရတဲ့ လျှောက်လွှာတွေ တပုံကြီးတွေ့ဖူးလို့ပါ!

မိမိရဲ့ မှတ်ပုံတင်မိတ္တူ၊ သန်းခေင်စာရင်းမိတ္တူစတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းများကို သပ်သပ်ရပ်ရပ်နဲ့ ပေါင်းပြီး တွဲချုပ်သွားစေချင်ပါတယ် . .ဒါမှလည်း များပြားလှတဲ့ လျှောက်လွှာပုံကြီးထဲမှာ မိမိForm မကျန်ခဲ့မှာပါ။ ပိတ်ချိန်ဖြစ်တဲ့ ညနေ(4)နာရီကို ညနေ(33း0)နာရီလောက်မှ ကပ်ပြီးတင်တာမျိုး မလုပ်မိပါစေနဲ့ . .၀န်ထမ်းများအားလုံးက Form တင်ပြီးရင် ရေးသွင်းရမယ့်အချက်များ အားလုံးကို ရေးသွင်းပြီး လက်ခံရရှိကြောင်း ချလံ ပြန်ပေးပါတယ်။ အဲဒီအတွက် သူတို့ကို အချိန်အလုံအလောက်ပေးဖို့လိုပါတယ်။ ကျွန်မသွားတင်တဲ့နေ့ကဆိုရင် နေ့လယ်ထမင်းစားပြီးတဲ့ အချိန်ဖြစ်တဲ့အတွက် လူအရမ်းများနေတဲ့အချိန်ဖြစ်သွားခဲ့ပါတယ်။ မနက်ပိုင်းတစ်ချီလာတင်တဲ့သူတွေက ထမင်းစားနားချိန်နဲ့ကြုံလိုက်တော့ မပြန်ကြတော့ပဲ M.A ရုံးချုပ်မှာပဲဇွဲနဲ့ စောင့်နေကြတော့ လူတစ်ပြုံတမကြီးဖြစ်ကုန်ရော၊

လျှောက်လွှာပေါင်းလေးထောင်ကျော်(4000)ကျော် တင်ကြတဲ့ မနက်မှာ ကျွန်မရဲ့ လျှောက်လွှာအမှတ်စဉ်က (0568)ဖြစ်ပြီး တစ်နေ့တာရဲ့အမှတ်စဉ် နံပါတ်က (032)ပါ။ လျှောက်လွှာတင်ပြီးပြီပဲ ဘာလို့ စာရင်းဝင်နံပါတ်တွေ မှတ်နေရမှာပဲ လို့ အလွယ်မတွေးလိုက်ပါနဲ့၊ Interview ၀င်တဲ့အခါ သာမညလေးတွေက အဓိက ဖြစ်သွားတတ်ပါတယ်။ စိတ်မထင်ရင် လျှောက်လွှာအမှတ်စဉ် ဘယ်လောက်လဲ၊ ဆိုပြီး မေးတတ်ပါတယ်၊ လျှောက်လွှာတင်ပြီးတာနဲ့ ကျွန်မတို့ကို အရပ်တိုင်းပါတယ်။ မမှန်မကန်ဖြည့်သွင်းထားရင် ချက်ချင်း ဖျက်ခိုင်းပါတယ်။ ကျွန်မ ဖြေဆိုခဲ့ရတဲ့ Myanmar Airways ရဲ့ System က လျှောက်လွှာတင်ပြီး သိပ်မကြာခင်ရက်ပိုင်းအတွင်းကို ပဏာမရွေးချယ်ခံရသူများ စာရင်းကို ကြေငြာ ပါတယ် ။တစ်ခြား Airline တွေက Walk-in-interview လုပ်တာများပါတယ်!

အရွေးချယ်မခံခဲ့ရသူအများစုက Form ကိုဖြစ်ကတတ်ဆန်းဖြည့်သွင်းသူများ၊ Block Letter နဲ့ မရေးသူများ၊ လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံ မတင်သွင်းသူ များဖြစ်နေပါတယ်။ Notice Board မှာ နာမည်ရှာရတဲ့အချိန်ဟာ စိတ်အလှုပ်ရှားဆုံးပါ ကျွန်မရဲ့Serial No.(91)မှာ ပဏာမအဆင့်အောင်မြင်သွားပြီမို့ လူတွေ့ စစ်ဆေးခြင်းဖြေဆိုဖို့အတွက် ပြင်ဆင်ရပါတော့တယ်။ ကျွန်မကတော့ သူငယ်ချင်းလေယာဉ်မောင်/မယ် တွေကို မေးမြန်းပြီး သူတို့ပြောပြတဲ့ အတွေ့အကြုံအချက်အလက်များအပေါ် မူတည်ပြီး ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ လေယာဉ်မယ်လုပ်မယ့်လူက အနီးစပ်ဆုံး မိမိလေကြောင်းလိုင်းအကြောင်းကို ကောင်းကောင်းသိထားသင့်ပါတယ်။ မြန်မာလေကြောင်းလိုင်းကို ဘယ်အချိန်မှာ စတင်တည်ထောင်ခဲ့ပါသလဲ၊

ဥပမာ-Myanmar Airways မှာ ဆိုရင် M.D(Managing Director)၊G.M (General Manager) O.M (Operation Manager)နဲ့ လေယာဉ်မယ်ချုပ်၊ လေယာဉ်မောင်ချုပ်တို့ရဲ့ နာမည်များကို အကျွမ်းဝင်သိရှိနေသင့်ပါတယ်။ နောက် Airline နဲ့ ပတ်သက်တာဆိုရင် လေယာဉ်အခေါ်အဝေါ်တွေ၊ မြန်မာပြည်မှာ ပြေးဆွဲနေတဲ့ လေယာဉ်အမျိုးအစားတွေ၊ Forker လား Jet လား၊ F-27နဲ့ F-28 က ဘာကွာလဲ ဆိုတာတွေ . .Air Bus တွေ ဖြစ်တဲ့ A-310,A-320,A-300အမျိုးအစားမှာ ဘယ် Air Bus အကြီးဆုံးလဲ ဆိုတာတွေ သိထားရင် ပိုကောင်းပါတယ်။

တစ်ခါတလေကျရင် Knowledge ပိုင်းအနေနဲ့ Asean အကြောင်း တွေ မေးတတ်ပါတယ်။ အထွေထွေမေးခွန်းဖြစ်တဲ့ Asean စတင်ဖွဲ့စည်းခဲ့တဲ့ 1967 ခုနှစ်၊ August 8 ရက်နေ့နဲ့မြန်မာပြည် Asean အဖွဲ့ဝင်အဖြစ်မည်သည့် ခုနှစ်မှာ ၀င်ရောက်လာပါသလဲဆိုတဲ့ မေးခွန်းလေးတွေ မေးတတ်ပါတယ်။

(Ans:1997ခုနှစ်၊ July 23ရက်)

အဓိကက Myanmar Airways ရဲ့ Logo ဖြစ်တဲ့ (24)ပစ္စည်း၊ Moto ဖြစ်တဲ့ Safety, Service and Image (လုံခြုံဘေးကင်း၊ အသွင်အပြင်ကောာင်း၊ လုပ်ငန်းတာဝန်ကျေပွန်)

တို့လောက်တော့ သိရမှာပါ၊ ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ မေးခွန်းအနည်းအကျဉ်းပါ။ တကယ့်တကယ် ဘာမေးမလဲဆိုတဲ့ မေးခွန်းကတော့ အင်တာဗျူး မေးမယ့် လူကြီးများအပေါ် မူတည်ပါတယ်။ လူကြီးတွေစိတ်ထဲ ပေါ်လာတဲ့ မေးခွန်းကတော့ အင်တာဗျူးမေးမယ့် လူကြီးများအပေါ်မှာ မူတည်ပါတယ်။

လူကြီးတွေ စိတ်ထဲပေါ်လာတာ မေးတတ်သလို၊ မိမိ Form မှာ ဖြည့်ထားတဲ့ အချက်အလက်များကို မူတည်ပြီးတော့လည်း မေးတတ်ပါတယ်။နောက်သုံးရက်ကြာတဲ့အခါ လူတွေ့စစ်ဆေးခြင်းခံရန်အတွက် လိုအပ်တဲ့စာရွက်စာတမ်းနဲ့ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်မူရင်း၊ ဘွဲ့လက်မှတ်မူရင်းနဲ့အတူ ရုံးချုပ်ကို အရောက်သွားဖို့အတွက် တစ်ညလုံးအိပ်မပျော်တဲ့အပြင် မနက်မိုးမလင်းခင်ကတည်းက နိုးနေတဲ့အတွက် ဘုရားရှေ့မှာ မကြွတမ်းဦးချနေမိပါတော့တယ်။

သူငယ်ချင်းလေယာဉ်မယ်ရဲ့ Idea အတိုင်းမြန်မာဝတ်စုံရိုးရိုးလေးနဲ့မျက်နှာပြင်ကိုလည်း အတတ်နိုင်ဆုံး Natural ဖြစ်အောင်ပြင်ဆင်ပြီး တက်ကြွတဲ့ ခြေလှမ်းအပြည့်နဲ့ လေကြောင်းရုံးချုပ်ရှိရာ ကမ်းနားလမ်းကို မနက်(73း0)နာရီကတည်းက ဘုရားစာတတွတ်တွတ်ရွတ်ရင်း လှမ်းခဲ့ပါတယ်။ သတိထားရမှာက လက်ဝတ်ရတနာများပြွတ်သိပ်အောင် ၀တ်ဆင်ခြင်း၊ Make up တွေရဲဗလောာင်းခတ်အောင် ပြင်ဆင်ခြင်းများကို ရှောင်ကြဉ်သင့်ပါတယ်။

ရုံးချုပ်ရောက်တော့ တစ်နေ့တာ ဖြေဆိုရမယ့် မောင်/မယ်ဦးရေ အယောက်(100)ဖြစ်နေတဲ့အတွက် နှစ်သုတ်ခွဲလိုက်တဲ့အခါမှာ အမှတ်စဉ်(91)ဖြစ်တဲ့ ကျွန်မက ဒုတိယအသုတ်ထဲမှာ ပါသွားခဲ့ပါတယ်။ ရောက်လာတဲ့အချိန်က နံနက်(7း45)နာရီ၊ Interview ဖြေရမယ့်အချိန်က နေ့လယ်(2)နာရီနောက် ပိုင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ တော်တော်များများက စိတ်ပျက်လက်ပျက်ငြီးငြူသံများကို တရားဝင် ဖော်ထုတ်ခဲ့ကြပါတယ်။ ဘယ်လိုမှ မသင့်တော်တဲ့ အပြုအမူပါ၊ လေယာဉ်မယ်တစ်ယောက်မှာ စိတ်ဓာတ်ကြံ့ခိုင်မှုက အရေးအကြီးဆုံးပါ။

စိတ်ဓာတ်ကြံ့ခိုင်ပြီး သည်းခံနိုင်စွမ်းရှိမှ Emergency Case မှာဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်အလက်များဟာ အင်တာဗျူးခန်းပြင်ပမှာ ပေးသွားမယ့်အမှတ်ထဲမှာ အကျုံးးဝင်နေပါတယ်။ Persistent ဘယ်လောက်ရှိသလဲဆိုတာ ကို စမ်းသပ်တာလည်းဖြစ်ကောင်းဖြစ်ပါတယ်။ ကျွန်မ ဘယ်လောက်ထိ စိတ်ရှည်ခဲ့ရသလဲဆိုရင် Interview ခန်းထဲ ၀င်ခွင့်ရတဲ့အချိန်ကညနေ(63း0)နာရီမှ ဖြစ်ပါတယ်။ စောင့်နေစဉ် တစ်လျှောက်လုံး ဖြေပြီးသားတဲ့ သူငယ်ချင်းများဆီမှ အတွေ့အကြုံများကို မေးမြန်းရတာလည်းအမောပါပဲ။ တစ်ယောက်တစ်မျိုးစီ ဖြစ်နေတဲ့အတွက် မေးခွန်းများကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။

ကျွန်မဆိုရင် တစ်နေကုန်စိတ်လှုပ်ရှားနေခဲ့တဲ့ အဖြစ်က Interview အခန်းဝမှာ ရပ်လိုက်တယ်ဆိုရင်ပဲ ရုတ်ချည်းပျောက်သွားခဲ့ပါတယ်။ အဓိကက Self-Confidence ကြောင့်ပါ။ ကျွန်မရဲ့ Weak point က ကိုယ့်ကိုကိုယ့် အထင်ကြီးတတ်ပါတယ်။ အဲဒီဥာဉ်ဆိုးက Air Crew လုပ်မယ့် အချိန်မှာ အသုံးတည့်နေပါတော့တယ်။ ကျွန်မအခန်းတံခါးစဖွင့်လိုက်တယ်ဆိုရင်ပဲ လေယာဉ်မောင် အစ်ကိုကြီး တစ်ယောက်က အရပ်ကိုထပ်မံတိုင်းပါတယ်။ သူတို့မယုံနိုင်အောင် ဖြစ်နေတဲ့ ကျွန်မအရပ်က 5ပေ 8 လက်မလေ ။ Interview ဖြေရမယ့် ခုံမှာရပ်ပြီး မျက်နှာချင်းဆိုင်မှ မေးခွန်းမေးမယ့် လူကြီးများကို အချိုသာဆုံးပြုံးပြလိုက်ပါတယ်။

Best Smiling ရှိဖို့က အခြေခံတစ်ရပ်ပါ။ ထိုင်ခွင့်ပြုလိုက်တဲ့အချိန်မှာ လူကြီးများဖြစ်တဲ့ M.Dအပါအ၀င် လေယာဉ်မောင်ချုပ်/မယ်ချုပ်တို့ငါးဦးက မေးခွန်းများကို တလှည့်စီမေးကြပါတယ်။ကျွန်မကိုမေးတဲ့မေးခွန်းများက နည်းနည်းလွယ်ပါတယ်။
1. Tell me about yourself?
2. Why do you apply for this job?
3. Can you swim? Why do you like swimming ? စတာလေးတွေပါပဲ။

မေးခွန်းမေးတဲ့အခါ ဖြစ်နိုင်ခြေရှိတဲ့ အဖြေမျိုးကိုပဲ အတိုချုံးဖြေပါ။ ကျွန်မရဲ့ အဖြေက Yes, I prefer swimming to other sports because a swimmer can save myself and others in case of emergencies while travelling.
4.How much money do you expect as a salary?
I naturally expect a handsome salary, but I am keen to gain Knowledge and experience in the airline. Though I have no experience. If you appoint me to this post, I'm not afraid of hard work.

ဒီမေးခွန်းက အဖြေမတတ်ရင် တစ်ခါတည်း ဂျောင်းနိုင်တဲ့မေးခွန်းပဲဖြစ်ပါတယ်။ ကျွန်မကတော့ Amount ကို မဖြေပဲ ၀င်္က၀ုတ္ထိအလင်္ကာနဲ့ပဲ ဝေ့လည်ကြောင်ပတ်ဖြေခဲ့လိုက်ပါတယ်။
5.How many Languages can you speak?

ဒီမေးခွန်းကတော့ Other language မှာ Chinese ဆိုပြီး ထည့်ထားလို့ မေးတာပါ။ နာမည် ဘယ်လိုခေါ်လဲ။ ဘယ်မှာ နေသလဲ၊ ထမင်းစားပြီးပြီလား၊ ဒီလောက်ပဲ မေးတာပါ။ မေးခွန်းဖြေနေစဉ်တစ်လျှောက် လုံးမှာ မိမိမျက်နှာပျက်မသွားဖို့အရေးကြီးပါတယ်။ ဖြေနိုင်သည်ဖြစ်စေ၊ မဖြေနိုင်သည်ဖြစ်စေ မေးခွန်းများကို ပြုံးရွှင်ကြည်သာစွာ ဖြေဆိုသင့်ပါတယ်။ General Knowledge ပိုင်းအနေနဲ့Aircraftတစ်စီးရဲ့ ရုပ်ပုံကိုပြပြီး အင်ဂျင်ဘယ်နေရာ၊ လှေကားဘယ်နေရာနဲ့ ဘာလေယာဉ်အမျိုးအစားလဲဆိုတာ မေးပါတယ်။ နောက်တစ်ဆင့်က Announcement လုပ်ခိုင်းပါတယ်။

G.M.T, L.M.T နဲ့ M.S.T တို့ကိုလည်း မေးပါတယ်။ ဒါမှလည်း Aircraft ပေါ်မှာ Take off time, Landing Time များကို ရောက်ရှိနေတဲ့ နိုင်ငံအပေါ် မူတည်တွက်ချက်ပြီး Announcement လုပ်ရမှာကြောင့်ဖြစ်ပါတယ်။
G.M.T=Greenwich Mean Time
L.M.T=Local Mean Time
M.S.T=Myanmar Standard Time
တချို့ဆိုလျှင် M.S.T ဆိုတာ ဘာမှန်းမသိပဲ ပေါက်ကရမျိုးစုံလျှောက်ဖြေကြတာတွေ့ရပါတယ်။

In the Air-line system express 24 hours clock system.
ဖြစ်တဲ့အတွက် 1.min: passed mid night-0001hours
30 min passed midnight-0030hours
:6 Am express as -0600 hours
:9 pm express as -2100 hours
စသဖြင့် တွက်ချက်တတ်ဖို့အတွက် G.M.Tကို သိထားသင့်ပါတယ်။

ကျွန်မက စာဖတ်ဝါသနာပါတယ်လို့ဖြေလိုက်တဲ့အတွက် စာပေအကြောင်းမေးမြန်းပါတော့တယ်။ မြန်မာ့ပထမဦးဆုံးဝတ္ထုဖြစ်တဲ့ “မောင်ရင်မောင်၊ မမယ်မ”၀တ္ထုကို “ဆရာကြီးဂျိမ်းစ်လှကျော်” ရေးသားခဲ့တဲ့အကြောင်း၊ အနှစ်သက်ဆုံး စာရေးဆရာကိုမေးတော့ “ဂျာနယ်ကျော်မမလေး”လို့ ပြောလိုက်တဲ့အတွက် အကြိုက်ဆုံးစာအုပ်က ဘာလဲလို့ ထပ်မေးပြန်ပါတယ်။ မသိရင် မသိပါဘူးလို့ ပြောတာ သက်သာပါတယ် မဟုတ်ရင် ရွှီးမိတဲ့အတွက် အဟားခံရတတ်ပါတယ်။

ကျွန်မက “သူလိုလူ”လို့ လွယ်လွယ်ဖြေတော့နာမည်ကြီးမို့လို့ရွေးကြိုက်တာလားတဲ့။ နောက်ဆုံးမှာ “မင်းငါတို့ ဘာပြန်မေးချင်သလဲ လို့မေးလာခဲ့တဲ့အတွက် No Question လို့ပဲ ဖြေလိုက်ပါတယ်။ မမေးသင့်တာသွားမေးမိရင် အမှတ်လျော့သွားနိုင်ပါတယ်။ မေးခွန်းအားလုံးစိတ်တိုင်းကျမေးပြီးကြချိန်မှာ ပြန်လို့ရပါပြီလို့ ပြောလာမှ နှုတ်ဆက်ပြီးထပြန်လာခဲ့ပါတယ်။ လူတွေ့စစ်ဆေးရွေးချယ်ပြီးသွားတဲ့အခါ တတိယအဆင့်အနေနဲ့ အောင်မြင်သွားသူ (75)ယောက်ကို ရေကူးစစ်ဆေးခြင်း စမ်းသပ်ပြုလုပ်ပါတယ်။

ရေကူးစစ်မယ့်နေ့ နံနက် (8း00)နာရီမှာပဲ National Swimming Pool သို့ မှတ်ပုံတင်မူရင်းနဲ့ Swimming Suit အပြည့်အစုံယူလာပြီး စာမေးပွဲဖြေဆိုရပါတယ်။ ကျွန်မအရှေ့မှာ သတိပေးခဲ့တဲ့အတိုင်းပါပဲ၊ Form မှာ ဖြည့်စဉ်ကတည်းက ရေကူးတကယ်တတ်မှတတ်တယ်လို့ဖြေပါလို့ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြီးဖြန်းပြီးဖြေခဲ့တဲ့ မောင်/မယ် အချို့ဟာ ဒီလိုလက်တွေ့စစ်ဆေးတဲ့နေ့မှာပဲ ဗူးပေါ်သလို ပေါ်ကုန်ကြတဲ့အတွက်ပါ။ ကူးရမယ့် ရေအနက်က (6)ပေဖြစ်ပြီး (25)မီတာကို စိတ်ကြိုက်ကူးနည်းပုစံဖြင့် အပြန်အလှန် ကူးရမှာဖြစ်ပါတယ်။

ကျွန်မကတော့ ရေကူးအကျွမ်းကျင်ကြီးမဟုတ်ပေမယ့် ကူးတတ်ခါစဖြစ်နေတဲ့အတွက် သတ်မှတ်ထားတဲ့ မိနစ်ကျော်သွားပေမယ့် လက်ပစ်နဲ့ ပက်လက်ကူးနည်းဖြင့် ပန်းတိုင်ကိုအရောက်ကူးနိုင်ခဲ့ပါသေးတယ်။ မထင်မှတ်ဘဲ ကျွန်မရဲ့ ရေကူးဆရာမ မမိုးသူအောင်နဲ့မကြည်ကြည်တို့က ရေကန်ကိုရောက်ရှိလာခဲ့တဲ့ အတွက် သူတို့ရှေ့မှာ အရှက်ကွဲမှာစိုးပြီး ကြောက်လန့်ပြီးကူးတာကြောင့်လည်းပါတာပေါ့။ မကူးတတ်တဲ့သူများ ကတော့ ရေကန်ထဲ စဆင်းကတည်းက ငိုတဲ့သူက ငို၊ တချို့ဆို လက်ပစ်ကူးရင်း၊ ကန်တစ်ဝက်မှာ နစ်သူကနစ်နဲ့ သနားဖို့လည်းကောင်း၊ စိတ်ဆင်းရဲစရာ လည်းကောင်းပါတယ်။ ရေကူးနည်းပြ ဆရာနှစ်ယောက်က ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့ ဘေးကနေ အရန်သင့်အသက်ကယ်ဘောများ Life Vest များနဲ့ ကြီးကြပ်ပြီးလိုက်ပါပေးခဲ့တဲ့ အတွက် မကူးတတ်သူများ သက်သာရာရခဲ့ကြပါတယ်။

ကျွန်မသူငယ်ချင်းတော်တော်များများ က ဖားကူးအသက်ရှုနည်းဖြင့်ကူးသွားကြပြီး လက်ပစ်ကူးသူက နည်းပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ကူးကူးပါ ပန်းတိုင်ရောက်ရင် နာမည်နဲ့အမှတ်စဉ်မေးပြီး လေယာဉ်မယ်ချုပ်က တစ်ခါတည်းအမှတ်ပေးပါတယ်။ အဲဒီနေ့က မောင်/မယ် အချို့ရဲ့ ပေါ့ဆမှု ကလေးကိုပြောပြချင်ပါတယ်။ မှတ်ပုံတင်မူရင်း ပါမလာကြတဲ့အတွက် လေယာဉ် မောင်ချုပ်က အကြီးအကျယ် ကောပါတော့တယ်။ မြေပြင်ပေါ်မှာတောင် ဒီလောက်ပေါ့ဆနေရင် Aircraft ပေါ်မှာ ကိုယ့်ကိုကို ယုံကြည်အားကိုးမယ့် ခရီးသည်တွေကို ဘယ်လို Service ပေးမှာလဲတဲ့။

ရေကူးအောင်ပြီး နောက်ရက်မှာတော့ Medical Check up စာမေးပွဲစစ်ပါတယ်။ စာမေးပွဲဖြေစဉ်တစ်လျှောက်လုံးမှာ Speaking ကျွမ်းကျင်မှုကို အမှတ်ပေးသလို၊ Relationship ကိုလည်း အမှတ်ပေးပါတယ်။ စာမေးပွဲဖြေတာပဲ ဘာဝတ်ဝတ်ရပါတယ် လို့ လွယ်လွယ်မထင်လိုက်ပါနဲ့ Personality ကိုလည်း အမှတ်ပေးပါတယ်။ လေယာဉ်မယ်လုပ်မယ့် လူတစ်ယောက်က အမြဲတမ်း Smart ကျနေဖို့လိုပါသေးတယ်။ ရုံးချုပ်မှာလိုအပ်တဲ့ Weight Measure/ Height Measure/ Hypertension Diabetes Mellitus (ဆီးချို)၊ HBs Ag test (အသားဝါ Bပိုး)၊ H.I.V, Cholesterol စသည်တို့အပြင် Ultersound, E.C.G တို့ကို အစစ်ဆေးခံယူရပါတယ်။

ဆေးစစ်တဲ့နေ့မှာပဲ ကျွန်မတို့ကို Group လိုက် Stay ရိုက်၊ တစ်ဦးချင်းမိတ်ဆက်စကားပြောပြီး Camera နဲ့တစ်ခါတည်း ရိုက်ထားလိုက်ပါတယ်။

စတုတ္ထအဆင့် ဆေးအောင်သွားပြီဆိုရင် ပဉ္စအဆင့်အနေနဲ့ Writing ဖြေဆိုကြရမှာဖြစ်ပါတယ်။ ကျွန်မက အဲဒီအဆင့်ကို အကြောက်ဆုံးပါပဲ။ ကျွန်မအတွက် နေ့မအား၊ ညမနားစာအုပ်နဲ့မျက်နှာမခွာဘဲ ကျက်မှတ်ခဲ့ရတဲ့အချိန်များပဲ ဖြစ်ပါတယ်။ Experience မရှိသေးပေမယ့် သူငယ်ချင်း လေယာဉ်မယ်တွေက အိမ်တိုင်ရာရောက် Training လာလုပ်ပေးခဲ့ကြတဲ့အတွက် လေ့လာသင့်သလောက် လေ့လာခွင့်ရခဲ့ ပါတယ်။ G.M.T တွက်နည်းပုစ္ဆာများသင်တဲ့အချိန်ကဆို ခေါင်းတစ်လုံးချာချာလည်ခဲ့ရပါတယ်။

ဥပမာ - Myanmar G.M.T - (+6.5)
Singapore G.M.T - (+8)
Korea G.M.T - (+9)
Myanmar နဲ့ Singapore က G.M.T နဲ့တွက်ရင် အချိန် (13း0)နာရီကွာခြားပြီး Korea နဲ့ဆိုရင် အချိန် (23း0)နာရီ ကွားခြားပုံကို တွက်ချက်နည်းဖြစ်ပါတယ်။

Writing ဖြေဆိုရမယ့် I.B.C ခန်းမကို မနက် (83း0)နာရီအရောက်သွားရမှာဖြစ်တဲ့အတွက် နာရီဝက်စောပြီးရောက်အောင် ကိုယ့်ဘက်က ၀ီရိယရှိဖို့လိုပါတယ်။ ကျွန်မတို့ Airline က Korea နဲ့ဖက်စပ်စီစဉ်ထားတာဆိုတော့ မေးခွန်းများကို Korea Air line ဖက်က ထုတ်တာဖြစ်ပါတယ်။ ဖြေဆိုမယ့်မနက် စာမေးပွဲအခန်းထဲရောက်ချိန်ကျမှစာအိတှ် Parking ဖောက်ပြီး မေးခွန်းဝေပါတယ်။ ခုံခြင်းကပ်ရက်ထားပေမယ့် မေးခွန်းအားလုံးကို Group A, B, C သုံးမျိုးခွဲပြီး ထုတ်ထားတဲ့အတွက် ခိုးကြည့်လို့ရရင် တောင်တစ်ယောက်နဲ့ တစ်ယောက်မေးခွန်းမတူတဲ့ အတွက် ကူးချလို့လည်း မရပါဘူး။

ကျွန်မရဲ့ Question Paper Group က (A) ဖြစ်ပြီး ညာဘေးချင်းကပ် သူငယ်ချင်းက (B) ဘယ်ဘေးချင်းကပ်သူငယ်ချင်းက (C) ဖြစ်ပါတယ်။ Question Type က Multiple Choice ဖြစ်တဲ့အတွက် Time allowed က (45) မိနစ်ပဲ ပေးပါ တယ်။ Psycho-analysis များလည်းပါတော့ အရမ်းဦးနှောက်စားရပါတယ်။ ဖြေဆိုချိန်မလောက်ခဲ့ပေမယ့် Blank မရှိအောင် အကုန်ဖြည့်ခဲ့လိုက်ပါတယ်။ Grammar နားလည်၊ မလည်စစ်သလို၊ English လို ဘယ်လောက်တတ်၊ မတတ်စစ်တဲ့အဆင့်လို့လည်း ပြောလို့ရပါတယ်။ I.B.C ခန်းက Aircon များတောင်ရင်ထဲက အပူကို မနိုင်ခဲ့ပါဘူး။

Korea Agent တစ်ယောက်က ကျွန်မစာမေးပွဲမဖြေခင် ဘုရားဦးချပြီး မေးခွန်းစာရွက်ကို ရှိခိုးတာမြင် တော့ရယ်ပါတယ်။ မင်းတို့မြန်မာမိန်းကလေးတွေက အစွဲကြီးလိုက်တာလို့ပြောပါတယ်။
ပြောချင်တာပြောပါစေ၊ ပြောသမျှသာ ပြုံးပြုံးလေးနာခံနေလိုက်ပါတယ်။

ဆဌမအဆင့် စစ်ဆေးမှုပုံစံကတော့ Group Test ဖြစ်ပါတယ်။ ငါးယောက်တစ်အုပ်စု Group Discussion လုပ်ရမှာပါ။ မေးခွန်းများကို Korea များကပဲ သတ်မှတ်ပေးပါတယ်။ ခုံ (5)လုံးချ ထားပြီး ကျွန်မတို့ ရှေ့ Table မှာ လူကြီးနှစ်ယောက်ထိုင်ပါတယ်။ ကျွန်မတစ်သက်တာမှာ ဒီလောက်အဆင့်များတဲ့ စာမေးပွဲမျိုးမဖြေခဲ့ဖူးပါ။

ကျွန်မတို့ Group ရဲ့ Title က “ဘ၀မှာ ပညာရေးနဲ့ အလုပ်အကိုင် ဘယ်အရာက သင့်အတွက် ပိုအရေးကြီးပါသလဲဆိုတဲ့ Education and Occupation ကို Discuss လုပ်ရမှာဖြစ်ပါတယ်။ တစ်ဦးချင်းစီအမြင်များနဲ့ သင့်တော်သလို ဆွေးနွေးကြရပါတယ်။ ဒီနေရာမှာ သတိထားရမှာက သူများပြောနေတဲ့အချိန်မှာ ကိုယ်ဘာပြောရင်ကောင်းမလဲဆိုတာကို စဉ်းစားထားရပါတယ်။ Grammar မှန်တာ၊ မမှန်တာအပထား၊ ပြောတတ်သလောက် ရဲရဲဝံ့ဝံ့သာပြောချသင့်ပါတယ်။ “ခွေးအကြီးလှည်းနင်းခံရသလို တအီအီလုပ်နေရင် နိုင်ငံခြားသားရှေ့မှာ အရှက်ကွဲစေပါတယ်။ Impression Down တာပေါ့လေ။

နောက်တစ်ချက်က မိမိက Occupation ကို Discuss လုပ်ထားပြီး သူများက Education ကို Discuss လုပ်တဲ့အပေါ်မှာ ငြင်းခုန်တာမျိုး မလုပ်မိပါစေနဲ့။ ကျွန်မတို့ပြောဆိုသမျှကို လူကြီးများ က နားစွင့်နေတာဖြစ်ပြီး Camera ထောင်ပြီး Live တစ်ခါတည်း ရိုက်ထားပါတယ်။ ကျွန်မဆို လန့်ဖျတ်ပြီး အသံတောင်တိမ်သွားပါတယ်။ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ ပြတ်ပြတ်သားသားပြောသင့်ပါတယ်။ အတူတူဖြေကြတဲ့ ကျွန်မတို့ ငါးယောက်ဆိုရင် အခန်း အပြင်ကိုရောက်မှပဲ သက်ပြင်းပြိုင်တူချနိုင်ပါတော့တယ်။ အဲဒီနေ့က ကျွန်မ ၀တ်သွားတဲ့ မြန်မာ ၀တ်စုံက ရိုးပေမယ့် Bright Color ဖြစ်နေတဲ့အတွက် Korea Agent များက မျက်စိ ကျိန်းတယ်လို့ ဝေဖန်ပါတယ်။

Interview အဆင့်ဆင့် ဖြေလာနိုင်ခဲ့တော့ ကျွန်မပိုပြီး exciting ဖြစ်ရပါတယ်။ အဆင့် (6)ဆင့်လုံးလုံး လှမ်းလာနိုင်ခဲ့တဲ့ အတွက်ပိုပြီး အားတက်ရပါတယ်။

နောက်ဆုံးအဆင့် Individual မှာတော့ exciting ပိုပြီး ဖြစ်ရပါတယ်။ နောက်ဆုံးအဆင့် Individual မှာတော့ Korea က Chief ကိုယ်တိုင်စိတ်ကြိုက်မေးမြန်းပါ တယ်။ ကျွန်မဆိုရင် အခန်းထဲရောက်လို့ ခုံမှာထိုင်တယ်ဆိုရင်ပဲ First Aid အကြောင်းမေး ပါတော့တယ်။ တကယ်ဆိုရင် experience ရှိပြီးသား မောင်/မယ်များကိုသာ မေးလေ့ မေးထ ရှိတဲ့မေးခွန်းဖြစ်ပြီး ကျွန်မလိုအစိမ်းသက်သက်ကိုကောက်ခါငင်ကာ မေးလိုက်တဲ့အတွက် အံ့သြ သွားခဲ့ရပါတယ်။ Nose Bleeding, Abdominal Emergency, Fainting တို့ကို ကျွန်မ Treatment လုပ်တတ်သလောက် ရှင်းပြခဲ့ပါတယ်။

နောက် မေးခွန်းတစ်ခုကတော့ ခန့်မှန်းထားတဲ့ မေးခွန်းဖြစ်နေတဲ့အတွက် လွယ်လွယ်ကူကူဖြေနိုင်ခဲ့ပါတယ်။
မေးခွန်းက
This is the first time I arrive in Myanmar. So, which place is the most interesting places in here? Suggest me, firstly which places I should go?
ကျွန်မအလွတ် ကျက်ထားတာက ရွှေတိဂုံဘုရားအကြောင်းဖြစ်နေတဲ့အတွက် ရွှေတိဂုံဘုရားက Magnificent and Marvellous ဖြစ်တဲ့အကြောင်း၊ prominent landmark ဖြစ်တဲ့အတွက် မိုင်ပေါင်းများစွာကနေ အထင်အရှားမြင်နိုင်ကြောင်း လွန်ခဲ့တဲ့နှစ်ပေါင်း (2500) လောက်ကတည်းကတည်ဆောက်ခဲ့တယ်လို သိရှိရကြောင်း၊ height က (362)ပေဖြစ်ပြီး stands like a solid gold monument အဖြစ် ရပ်တည်နေကြောင်း ပါးစပ်ထဲ အဆင်ပြေ သလို ဖြေလိုက်ပါတယ်။

A visit to Yangon is incomplete without a visit to Shwe Dagon Pagoda ဆိုပြီး ထပ်ကွန့်လိုက်မိတဲ့အတွက် Continue လို့ပြောပြန်ပါတယ်။ နောက် ကျွန်မ မဖြေနိုင်တော့ပါဘူး။ နောက်တစ်ချက်က Weak Point နဲ့ Best Point က ဘာလဲဆိုတာရယ်။ လောကမှာအရေးကြီးဆုံးကို ပြောပါဆိုတော့ 'My mind' လို့ဖြေခဲ့ပါ တယ်။ နိုင်ငံခြားသားက ဖြေနိုင်ရင်တောင် ဘာကြောင့်လဲဆိုတဲ့ reason ပေးမှကြိုက်ပါ တယ်။

The mind is the most powerful in the world. We think speak and act as directed by our minds. Good minds with good intentions per form good actions. These good actions bring good benefits to all.

ဒါဟ ကျွန်မအတွက် သင့်တော်မယ်ထင်တဲ့ Reason ပါ! ကျွန်မကို ဘာကြောင့်လေယာဉ်မယ် ဖြစ်ချင်တာလဲဆိုတဲ့ မေးခွန်းကလည်း အခက်အခဲသိပ်မရှိပါဘူး။ ဒီမေးခွန်းကိုဖြေတဲ့အခါ ငွေကြေးနဲ့ ပတ်သက်တာတွေ မဖြေသင့်ပါဘူး။ မိမိတကယ်စိတ်ဝင်စားကြောင်း၊ နားလည်အောင် ဖြေသင့်ပါတယ်။

ကျွန်မကို ခေါင်းခြောက်စေတဲ့ မေးခွန်းကတော့
I would like to know the Historical Background of Myanmar ဆိုတဲ့ မေးခွန်းပါပဲ။

ဒီလောက်ကြီးတော့ ဘယ်သိပါ့မလဲ၊ ကျွန်မသိတာက အေဒီ(1044) ခုနှစ်မှာ အနော်ရထာမင်းက ပုဂံပြည်မှာ နန်း တက်ခဲ့ပြီး ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တယ်ဆိုတာပဲ သိတဲ့အတွက် သိသလောက်ပဲဖြေတာကို မကြိုက်ကြပါဘူး။ ဆက်ပြောခိုင်းတဲ့အတွက် I don't have much knowledge in that field လို့ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောလိုက်တယ်။ သူရဲ့ မေးခွန်းတွေက လူမှုဘ၀နဲ့ ဆိုင်တာမျိုးတွေလည်းပါ ပါတယ်။ အဲဒီအခါမှာ ကိုယ့်ကို အထင်ကြီး စေမယ့် အဖြေမျိုးမဟုတ်ဘဲ တကယ့်လက်တွေ့ဘ၀မှာ သဘာဝကျတဲ့အဖြေမျိုး ဖြေတတ်ဖို့အထူးဂရုစိုက်ရပါမယ်။

ကျွန်မအတွက် အခက်ကြုံစေတဲ့မေးခွန်းက အရက်သမား Passenger နဲ့ ကြုံတွေ့လာရင် ဘယ်လို Handle လုပ်မလဲပေါ့? ကျွန်မအဖြေကို Korea Chief က သဘောမကျပါဘူး။ ရုပ်လည်းအရမ်းပျက်ခဲ့ရပါတယ်။ မေးခွန်းတွေက များပြီးခက်တဲ့အပြင် ဖြေပြန်တော့လည်း အဖြေကို မနှစ်သက်ကြပါဘူး။ White Board မှာ စာရေးခိုင်းတာကတော့ ဘာသဘောလဲ နားမလည်ပါဘူး။ ကျွန်မရဲ့လေယာဉ်မယ်အတွေ့အကြုံတွေက ဒီလောက်ပါပဲ။

ကျွန်မရှေ့မှာအနာဂတ် လှေကားတွေက အဆင်သင့်ရှိနေပြီသား၊
ခပ်သွက်သွက်နဲ့ လှမ်းတက်ပြီးနောက် ပြန်လန်မကျအောင် ကြိုးစားရင်း ကျွန်မ ၊ မလျောက်လှမ်းဖြစ်ခဲ့ရတဲ့ လေယာဉ်မယ်ဘ၀ရဲ့ အတွေ့အကြုံများကို အခြေခံပြီး ၀ါသနာတူ သူငယ်ချင်းတို့ အမှားနည်းနိုင်ကြစေဖို့ ဆန္ဒပြုရေးသားလိုက်တာပါ။


ဆုကဗျာ
( Myanmar Airways မှ သူငယ်ချင်းများသို့ အမှတ်တရ)

နှစ်ထောင့်ခြောက် ခုနှစ် . . . အလွမ်းကြွင်း

4 comments
တစ္ဆေ္တတစ်ကောင်လို ညစဉ် ခြောက်လှန့်နေတဲ့အိပ်မက်မင်းသားရေ . .

ရှင့်ရဲ့ မူးယစ်စေတတ်တဲ့ မာယာတွေကို သိမ်းထားလိုက်ပါ!

ပြင်းရှတဲ့ ၀ိုင်ချိုလို အနမ်းတွေကို ကျွန်မကြောက်လို့ပါ . .


ကျွန်မအသက် ရှူသံတွေကအစ အမိန့်ပေးပြီး Timing မှတ်နေတဲ့ ရှင့်ကို ဘယ်လိုနားလည်ရမလဲ ?

ကျွန်မအချစ်ကို ရှင်နှစ်သက်တဲ့ Levis 501 ဂျင်းဘောင်းဘီတစ်ထည်လောက် တောင် တန်ဖိုးမထားခဲ့သူရေ . .

အရှက်မရှိတဲ့ ကျွန်မမှတ်ဥာဏ်ကြောင့် ပတ်ဝန်းကျင်က ကင်ပွန်းတပ်လိုက်ပုံက “ဖွတ်ကျားမ”တဲ့။ ဒီနာမည်လေးကိုပဲ မြတ်နိုးစွာခုံမင်မိခဲ့တယ်!

ကျွန်မနှလုံးသားပေါ်က ရှင့်ကြောင့် ကြွင်းကျန်ခဲ့တဲ့ အမာရွတ်ကို Laser နဲ့ ဖျက်ပစ်ချင်တယ်။ ၀ိဥာဉ်တွေကို အစိုးရတဲ့ မရဏမင်းလို . .ရှင့်နှုတ်ခမ်းက အမိန့် ချသံကြောင့် ကျွန်မ အကြိမ်ကြိမ်သေဆုံးရပေါင်းများပြီလေ . .

စက်ဘီးလေးတစ်စင်းလို လိုတဲ့အခါ နင်းကန်နင်းပြီး အသုံးချသလို၊ ခရီးဆက်စရာမရှိတဲ့အခါ ဒေါက်ထောက်ပြီး ခြင်ထောင်ချထားသူရေ . .

ခြေနင်းပြားလေးနဲ့တူတဲ့ ကျွန်မဘ၀ကို ကျေးဇူးပြုပြီး မသနားကြပါနဲ့!

နာမည်နဲ့လိုက်အောင် ရှည်လျားလှတဲ့အလွမ်းတွေကို ပေးခဲ့သူရေ . .

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တဲ့အထိ အလွမ်းတွေကို သယ်လာလို့ကတော့

“ရုံပြည့်ပြီ”လို့ဆိုင်းဘုတ်ချိတ်လိုက်ရုံပဲ!

တစ်ယောက်အပြစ်ကို တစ်ယောက်လက်ညှိုးထိုးပြီး ပုံချတတ်တဲ့ ကလေးလေးတွေလောက်တောင် မရင့်ကျက်နိုင်သေးတဲ့ ကျွန်မတို့ ဘ၀ကိုဘယ်သူတွေက ဟားတိုက်နေမလဲ?

'' Don't care” ပါလို့ မပြောကြေး။

နှလုံးသားရဲ့ ဆာလောင်မှုတစ်ခုကို ရေသောက်ရုံနဲ့ ပြေပျောက်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲနော်!

ကျွန်မရင်ဘတ်ထဲက နာကျင်မှုကို ဆရာဝန်က နာမည်ပေးတယ် . . .

“နှလုံးဖျားရောဂါ”တဲ့!

ဆေးပညာကို ရှင့်လောက် နားမလည်ပေမယ့် ကျွန်မဝေဒနာအတိုင်းအဆကိုတော့ ကျွန်မတွက်တတ်ပါတယ်။ သေချာတာကတော့ ၂၀၀၈ ခုနှစ် မကူးဘူး!





ကျွန်မ၏ ရင်ဘတ်ထဲတွင် အက်ကွဲနေသော နှလုံးသားတစ်စုံရှိပါသည်။

သတိ/

နှလုံးသားရှေ့တွင် ပိတ်မရပ်ရ။

အ၀င်အထွက်ရှိသည်။

ပုံ/ဆုကဗျာ

30.12.07

အမှားပြင်ဆင်ချက်

3 comments
ကြာခဲ့ပါပြီိ
သုံးနှစ်တာ ကွာဝေးခဲ့တဲ့အချိန်ကာလတစ်ခုက ချစ်သူကြောင့်
မျက်ရည်တွေ ခန်းခြောက်ကုန်ပြီ လို့ တွေးပျော်နေတုန်း

မျော်လင့်ခဲ့ပါပြီ
မထင်မှတ်ထားတဲ့အဝေးတစ်နေရာက သူ့ ကို လစ်ဟာနေတဲ့နှလုံးသားက
ချစ်သူလို့ မှတ်ယူပြီးအားပေး လက်တွဲ ဖေးကူ စောင့်ရှောက် နိုင်သူဆိုတဲ့သုံးသပ်ချက်နဲ

ချစ်ခဲ့ပါပြီ
နှလုံးသားသစ်တစ်ခုနဲ့ မျော်လင့်ချက်မထားဘဲသူ့ ကိုချစ်ခဲ့ကာမှ
သူ့ ရဲ့ အလိုက်မသိမှုတွေ ကြောင့် ခံစားချက်တွေဗြောင်းဆန်ကုန် လို့ 

လွဲခဲ့ပါပြီ
သူသာ ကျွန်မဘ၀ ဖြစ်ခဲ့ပေမယ့် ကျွန်မက သူ့ ဘ၀မဖြစ်ခဲ့လေတော့အတ္တကြီးတဲ့ကျွန်မ ၊ လွဲခဲ့ပြန်ပြီ။
အချစ်အတွက် ကျွန်မ နောက်တစ်ကြီမ်ထပ်မှားခဲ့ပြန်ပြီပေါ့။


ဆုကဗျာ
၅၊စက်တင်ဘာ၊၂၀၁၀

အင်းလေးကပြန်ခဲ့တယ်

2 comments

ယခုတစ်လောမှ ခရီးသွားဖြစ်ဖို့အကြောင်းတွေက ရက်ဆက်ဖန်လာသည်။ အနုပညာရှင်များ၏ အလုပ် သည်အများပြည်သူလိုပိတ်ရက်မရှိ၊ နားရက်ဆိုသည်မှာလည်း ပုံသေမဟုတ်။ လွန်ခဲ့တဲ့(၂)ရက်ကမှ ကျောက်ဆည်ရိုက်ကူးရေးမှပြန်ရောက်လာသောကျွန်မယခုတစ်ဖန်လည်းတောင်ကြီး၊အင်းလေးသို့ရိုက်ကူးရေးခရီး အဖြစ်သွားရပေဦးမည်။ အနုပညာလုပ်ငန်းသည် အခြေအနေနှင့်အချိန်အခါရှိတုန်းကြိုးစားမှ အောင်မြင်သော အလုပ်ဖြစ်သည်မဟုတ်လော။ သို့မဟုတ်ပါက မိမိကမိုးပျံအောင်တော်နေလည်း အသုံးချဖို့အခွင့်အရေးမရပါက ကိုယ့်အနုပညာကို ပရိသတ်ကမြင်တွေ့နိုင်မည်မဟုတ်။

ကျွန်မတို့လောကတွင် ကြိုးစားပါလျှက်နှင့်မအောင်မြင်သူအများစုမှာ မိမိတတ်ထားသည့် ပညာရပ်ကို အသုံးချ ပြခွင့်ဟူသော အခွင့်အရေးမရကြ၍သာဖြစ်သည်။ ယခုလည်း ကံတရားက ကျွန်မကို အခွင့်အရေးမရကြ၍သာ ဖြစ်သည်။ ယခုလည်း ကံတရားက ကျွန်မကို အခွင့်အရေးပေးလာပြီဖြစ်သောကြောင့် စက်တင်ဘာလ (၁၉)ရက်နေ့ တွင် တောင်ကြီးမြို့သို့ “တောင်ပေါ်သား” EXPRESS နေ့လည် (၁၂း၃၀)ချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွာ လာခဲ့သည်။ လမ်းတစ်လျှောက်အေးချမ်းလှသော သစ်ရိပ်များနှင့်စိမ်းစိုနေသော လယ်ကွင်းများကို ဖြတ်သန်းလာ ခဲ့ရသဖြင့်မြို့ပြပုံရိပ်နှင့်ဆန့်ကျင်လှသောမြင်ကွင်းများကြောင့် မျက်စိပသာဒဖြစ်စရာကောင်းလှပေသည်။

ပဲခူးမြို့မှ ဒိုက်ဦးခရီးစဉ်တစ်လျှောက် တောင်တောင်အီအီလျှောက်ကြည့်ရင်းခရီးဆက်လာခဲ့ရာ ပြွန်တန်ဆာ မြို့သို့ အဝင်တွင်မှေးခနဲတစ်ချက်အိပ်ပျော်သွားရာ၊ ကားစက်သတ်သံကြောင့် လန့်နိုးသွားရသဖြင့် ပတ်ဝန်းကျင်သို့အကဲခတ်လိုက်မိသည်။ ကားပျက်သဖြင့် ပြွန်တန်ဆာဘူတာအကျော်မှာပင် လုံးဝထိုးရပ်သွားတော့သည်။ အချိန်ကား ညနေ (၅း၃၀)ထိုးနေသဖြင့် ကားဆရာများလည်း တတ်သလောက်၊ မှတ်သလောက်ပြင်ကြရာ၊ နာရီဝက်ခန့်အကြာတွင် လက်လျှော့လိုက်ရသည့် အခြေအနေ သို့ ရောက်သွားလေသည်။

ဟိုက် အဲဒါမှ ပြဿနာ၏အစပင်။ အခုပဲခရီးစထွက်တာ (၅းဝ၀)နီးပါးပင်ရှိသွားပြီ။ ရှေ့ဆက်သွားမရတော့ ဘူးဆိုလျှင် ဘာဆက်လုပ်ကြမလဲဟု ဝိုင်းစဉ်းစားကြစဉ် အဆုံးသတ်အဖြေက ကားတစ်စင်းထပ်ချိန်း ပေးရန်သာ ရှိတော့သည်။ စဉ်းစားလေ၊ စိတ်ရှုပ်လေပင်။

ဟုတ်ပါပြီ၊ ကားချင်းချိန်းတယ်ပဲထားဦး၊ ရန်ကုန်ရှိ အောင်မင်္ဂလာကားဂိတ်မှ ကားအသစ်တစ်စီးထွက်လာ၍ ပြွန်တန်ဆာမြို့သို့ရောက်ချိန်ထိ စောင့်ဆိုင်းရမည့်အချိန်မှာ နောက်ထပ်အနည်းဆုံးငါးနာရီခန့် ပင်ကြာနိုင်မည်။ ထိုအချိန်နှောင့်နှေးမှုကြောင့် တောင်ကြီးမြို့တွင် ရိုက်ကူးရေးအစီအစဉ်များ ပြောင်းလဲတော့ပေမည်။ ကဲ နောက်ကိစ္စ နောက်ရှင်း။ လောလောဆယ်အနေအထားအရ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်တွင် အမှောင်ထုကကြီးစိုးလာ သလို ဝမ်းဟာမှုကလည်း ပိုမိုပြင်းထန်လာသည်။ မြို့ခံလူများကို မေးမြန်း၍ ဝမ်းဖြည့်နိုင်မည့်ဆိုင်သို့ ခရီးသွားများ အားလုံး မတိုင်ပင်ဘဲခြေဦး လှည့်ဖြစ်ကြသည်။ မိုးအေးအေးတွင် အတန်ငယ်လျှောက်လာပြီးမြို့ထဲသို့အရောက် “ရွှေမြန်မာ”အမည်ရှိ ထမင်းဆိုင်ငယ်လေးတစ်ဆိုင်တွေ့၍ အပြေးအလွှားဝင်လိုက်ကြသည်။

ခရီးသွားများပြားခြင်း၊ဆိုင်သိမ်းချိန်ဖြစ်ခြင်းကြောင့် ထမင်းကုန်ပြီဟူသောအသံကြားလိုက်ချိန်တွင် စိတ်အတော် လေးညစ်သွားခဲ့ရသည်။ ဒုတိယအကြိမ်မြောက်ကံမကောင်းခြင်းဟုတွေးမိရင်း နောက်တစ်ဆိုင်သို့ လမ်းထပ်ညွှန် ပြသဖြင့် ထမင်းဆိုင်ဟုခေါ်သော ခုံတန်းရှည်ကြီးနှစ်ခုံဆက်၍ အမိုးထိုးကာ၊ ဗွက်တောထဲတွင် ရောင်းနေသော ထမင်းနှင့်ဟင်းကို ခေါင်းမဖော်တမ်းစားနေမိတော့သည်။ အရေးထဲအနီးနားတွင် မွေးမြူထားသော ဝက်ခြံမှ ဝက်ပေါက်ကလေးနှစ်ကောင်ကလည်း ကျွန်မခြေထောက်ကို နှုတ်သီးဖြင့် ထိုးကာလာဆော့နေသေးသည်။ ထမင်းငတ်သည့် ဒဏ်ကိုကြုံတွေ့ခဲ့ဖူးပါသည်။ သို့သော် ယခုတစ်ခါငတ်သော ထမင်းကပိုစား၍ မြိန်သည်။ ထမင်းနှင့်သီးစုံချဉ်ဟင်း၊ ရန်ကုန်တွင် မကြိုက်၍ တစ်ခါမှ မစားခဲ့သော ပဲပင်ပေါက်ချဉ်ဖတ်ဟင်း၊ ငါးကြော်တို့မှာ နတ်သုဒ္ဓါတစ်မျိုးအလားတင်စားရပေမည်။

ကားပေါ်တွင် ခင်မင်၍အတူပါလာသော အန်တီမော်ဆိုသူကမူ စားမဝင်သဖြင့် ကြိတ်မှိတ်၍ မြိုချရသည်ဟု တတွတ်တွတ်ပြောနေချိန်တွင် ထမင်းတစ်မောက်ကြီးထည့်ထားသော ကျွန်မပန်းကန်မှာပြောင်လေပြီ။ သန့်တာ မသန့်တာအပထား၊ ဗိုက်ပြည့်ဖို့ကဒီအချိန်မှာ အရေးကြီးဆုံးပင်၊ ကိစ္စတစ်ခုပြတ်ပြီမို့ တောင်ကြီးမြို့သို့ ရောက် နှင့်နေပြီဖြစ်သော မြဝတီမှာ အဘတင်သန်းဦးနှင့် ဗိုလ်ကြီးခင်မောင်မြင့်တို့ထံသို့ အကြောင်းကြားရပေဦးမည်။

ရန်ကုန်မှ ထွက်လာကတည်းက အေးသာယာကားဂိတ်တွင် လာကြိုရန်အစောကြီးကတည်းက ကားစီစဉ် ပေးထားမည်ဆိုသဖြင့် သတ်မှတ်ချိန်တွင် ရောက်မလာပါက အဖွဲ့သားများစိတ်ပူပေတော့မည်။ ဒီတော့လည်း မိုးရေထဲမှာ ရှာပေဦးတော့တယ်လီဖုန့်းHand Phoneကြီးလက်ကကိုင်ပြီးLine Phoneလိုက်ရှာရသည့် အဖြစ်က ရယ်စရာကောင်းလှပေသည်။ ပြွန်တန်ဆာမှာ ဖုန်းလိုင်းမှမမိပေဘဲကိုး။ မြို့ထဲရှိလူများကလည်း ကားပျက်သဖြင့် အလျှိုလျှိုထွက်လာပြီး စပ်စုကြသဖြင့် ကားလမ်းမတစ်လျှောက်ဘုရားပွဲအလား စည်ကားလှသည်။ ကိုးရိုးကားရား ဘောင်းဘီရှည်နှင့်တီရှပ်အင်္ကျီဝတ်ကာ ဂျင်းစလွယ်သိုင်းအိတ်ကို တစ်စောင်းလွယ်လျှက် MP4 Player နားကျပ်တတ်ထားသော ကျွန်မပုံစံကို အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြသဖြင့် ရှက်လိုက်သည့် ဖြစ်ခြင်း။

သို့သော် မတတ်နိုင် ဖုန်းအဆက်အသွယ်ရဖို့က ဒီအချိန်မှာအရေးကြီးဆုံးပင် မေးရင်း၊ မြန်းရင်း ဖုန်း ဆိုင်ရောက်လာတော့ ဗိုလ်ကြီးခင်မောင်မြင့် (ဒါရိုက်တာတုနှိုင်းခ)၏ Hand Phone သို့ ကားပျက်နေသည့် အကြောင်း သတင်းပို့ရလေတော့သည်။ ဗိုလ်ကြီးကစိတ်မပူဖို့အားပေးရင်း ကျွန်မ မလာမချင်းလာကြိုမည့် ကားကို စောင့်ခိုင်းထားမည်ဆိုသဖြင့် စိတ်အေးသွားရသည်။ သို့မဟုတ်လျှင် တောင်ကြီးမြို့သို့ ကိုယ့်အစီအစဉ် နှင့်တက်ဖို့ဆိုသည်မှာ အဝတ်အစားအိတ်များဖြင့် မလွယ်ကူလှပါ။

တစ်ကဏ္ဍအေးသွားပြန်သဖြင့် ရန်ကုန်မှ တော်တော်နှင့် မရောက်နိုင်သည်မှာသေချာလှသော “တောင်ပေါ်သား” ကိုသာ မျှော်ရင်း၊ တစ်မြို့လုံးပတ်ကာ လမ်းဘေးမုန့်သည်များဆီမှ အုန်းသီးကြော်မုန့်များ၊ အသားတုတုတ်ထိုးများ၊ ငှက်ပျောသီးမှည့်များမျိုးစုံအောင် ဝယ်စားပစ်လိုက်သည်။ အတူပါလာသော ကျွန်မ၏အမေနှင့်အန်တီမော်တို့နှစ်ယောက်က အပေါ့အပါးသွားရန် အိမ်ရှာကြလေသည်။
ရထားလမ်းအနီးရှိ အန်တီစန္ဒာဆိုသော သဘောကောင်းသည့် အန်တီကြီးတို့ သားအမိက လှိုက်လှဲစွာ ဖိတ်ခေါ်ကြသဖြင့် အိမ်ထဲသို့ဝင်၍ ကျွေးသမျှစားကာ ခဏနားနေရသည်။ အန်တီစန္ဒာက ကျွန်မနှင့်စကားပြော နေရင်းမှာပင် မြင်ဖူးသလိုပဲ သမီးက မင်းသမီးလားဆိုသဖြင့် ရှက်ပြုံးပြုံးမိလိုက်သည်။
“သမီးဆုကဗျာပါရှင်” ဟုနှုတ်ဆက်လိုက်တော့
“ဟယ် သမီးက အပြင်မှာ အရပ်ကြီးအရှည်ကြီးပဲနော်၊ သီချင်းခွေတွေထဲမှာ သိပ် မသိသာဘူး” ဟု ဝမ်းသာအားရဆိုကာ
ဖော်ဖော်ရွေရွေနှင့် ဖက်လှဲတကင်းနှုတ်ဆက်သံကြောင့် အတူရှိနေ သော အန်တီမော်က ဝမ်းသာတစ်ကြီးဖြင့်
“ဟယ် ဒါဆိုသမီးက အန်တီသမီးနဲ့ခင်မှာပေါ့၊ အန်တီက မော်ဒယ်လ်ဝတ်ရည်ရဲ့အမေလေ၊ အခုဝတ်ရည်ရှိတဲ့တောင်ကြီးကို သွားမလို့လေ” ဟုဆိုသဖြင့် အံ့ဩသွားရပြန် သည်။

“ဝတ်ရည်” ဆိုသည်မှာကျွန်မထက်အများကြီး Senior ကျသောSuper Model တစ်ဦးဖြစ်ခဲ့ဖူးသည် မဟုတ်လား၊ အန်တီမော်ကပြောသေးသည်။ တစ်ချိန်လုံးထမင်းအတူစားလိုက်၊ မြို့ထဲပတ်လိုက်နှင့် နာရီပေါင်းများစွာ အတူရှိနေပြီးကာမှ ဆုကဗျာမှန်းသိရသဖြင့် အားနာစရာဆိုနေသေးသည်။
“ဘာအားနာစရာရှိလို့လဲအန်တီရယ်၊ သမီးကနိုင်ငံကျော်မှ မဟုတ်ပဲ” ဟု အရှက်ပြေပြောလိုက်ရသေးသည်။ တိုက်တိုက်ဆိုင်ဆိုင် ခရီးသွားရင်းမထင်မှတ် ဘဲ၊ မိတ်ဆွေသစ်များနှင့်ကြုံတွေ့ခဲ့ရသည်မှာလည်း အမှတ်တရပင်ဖြစ်သည်။

အမှောင်ထဲတွင် ငြီးငွေ့ဖွယ်ကောင်းလှအောင်စောင့်ရင်း ည(၁၂း၃၀)နာရီအချိန်ရောက်မှ ကိုယ်ရွှေ “တောင်ပေါ်သား” ကြွကလာသည်။ မောင်းမည့်Driverမရှိ၍လိုက်ရှာနေရသဖြင့် အချိန်မကြာသင့်ဘဲ ကြာခဲ့ရလေသည်။ ရှေ့ဆက်ခရီးဆက်ဖို့ပစ္စည်းများ၊ လူများချိန်းကာ ပြွန်တန်ဆာမြို့မှ ည (၁းဝ၀)နာရီထိုးခါနီး တွင်ထွက်ခွာလာခဲ့ကြသည်။ ကားထွက်ချိန်အထိ မအိပ်သေးဘဲ၊ လိုသမျှမညည်းမညူ ကူညီပေးခဲ့သော ပြွန်တန်ဆာ မြို့သူအန်တီစန္ဒာတို့ သားအမိကိုများစွာ ကျေးဇူးတင်မိသည်။ မြို့ပြတွင် ကြုံခဲ့လှသော ဧည့်ဝတ်ကျေပွန်မှုကို အပြည့်အဝတွေ့ရလေသည်။

လူပင်ပန်းစိတ်ပင်ပန်းနေသော ခရီးသွားများကို “တောင်ပေါ်သား”ကဖျော်ဖြေရေး အစီအစဉ်အဖြစ် V.C.D များ တစ်ခွေပြီးတစ်ခွေဖွင့်ပြတော့သည်။ ထိုအထဲတွင် တစ်ချိန်က ဆရာဦးမြတ်ခိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော “ဘိုဖြူ” သီချင်း V.C.D ကိုလည်း အမှတ်တရပြန်လည်ကြည့်လိုက်ရသေးသည်။ ညည့်နက်လာပြီဖြစ်သဖြင့် ခေါင်းချလိုက်သည်နှင့်တစ်ချိုးတည်းအိပ်ပျော်သွားလေသည်။ ပြန်လည်နိုးလာ ချိန်တွင်တော့ တပ်ကုန်းမြို့သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ မိုးစင်စင်လင်းနေသဖြင့် တပ်ကုန်းမြို့အလှကို လေ့လာကြည့်ရင်း ဩဇာသီးဖွေးဖွေး လေးများကို မြည်းစမ်းကြည့်ခဲ့သေးသည်။

Breakfast စားဖို့ရပ်ပေးသော ဆိုင်မှာပင် ထမင်းဆီဆမ်းစားရင်း ကားပေါ်တွင် ခင်မင်လာသော တပ်ရင်းမှူး ကတော်တစ်ယောက်မှာ လသားအရွယ်နှင့် (၂)နှစ်သမီးအရွယ် သမီးလေးနှစ်ယောက်နှင့် လုံးလည်ချာလည်လိုက် နေသဖြင့် မနေတတ်၊ မထိုင်တတ်ဖြစ်ကာ အကြီးမလေးကို တစ်လမ်းလုံးခေါ် ထားကာ ထိန်းပေးရသေးသည်။ ဘယ်ဘဝကုသိုလ်လည်းမသိပါ၊ ကလေးတော်တော်များများက ကျွန်မ ဆိုလျှင် လွယ်လွယ်နှင့်ခင်မင်သွားတတ် သည်ကများသည်။ ကလေးသဘာဝဆော့ကစားရင်း၊ တစ်လမ်းလုံး ဟိုမေး ဒီမေးဖြင့် စကားပြောလာသော ကလေးမလေးကြောင့် အပျင်းတော့ ပြေရသည်။ သည်လိုနှင့် နေ့လယ်(၁းဝ၀)နာရီအချိန်တွင် ကလောမြို့သို့ ရောက်လာတော့သည်။ ထိုသားအမိ သုံးယောက်လည်းလာကြိုနေသော စစ်ကားပေါ်သို့တက်သွားစဉ် ကလေးမလေး မှာနှုတ်ဆက်၍ မဆုံးဖြစ် နေသေးသည်။ အောင်ပန်းရောက်လာ၍ မြို့ထဲရှိစားသောက်ဆိုင်တွင် ခေတ္တနားစဉ် ဆိုင်အတွင်း ရှိလိုင်းဖုန်းမှ မဆုကဗျာ ဖုန်းလာနေပါတယ်ဟုဆိုသဖြင့် အထူးအဆန်းဖြစ်သွားရလေသည်။

အေးသာယာ ကားဂိတ်မှ ရဲဘော်များက မနက်မိုးလင်းကတည်းကစောင့်နေတာ နေ့လယ် (၂းဝ၀)နာရီထိုးချိန်အထိမလာ သေးသဖြင့်စိတ်ပူ၍ ဤဆိုင်သို့ရောက်မရောက် လှမ်းမေးချိန်နှင့်ကျွန်မတို့ကားဆိုက်ချိန်သွားတိုက်ဆိုင်နေခြင်း ကြောင့်ဖြစ်သည်။ အောင်ပန်းလိမ္မော်သီး ချိုချိုလေးများက ပင်ပန်းခဲ့သမျှအမောပြေစေခဲ့သည်။ ဒေသတစ်ခု ရောက်လျှင် ဒေသထွက်အစားအစာများ ကို စုံအောင်စားတတ်သော ကျွန်မအတွက် ရှမ်းပေါက်စီပူပူလေးများက အထူးနှစ်သက်စရာ ကောင်းပေသည်။

ရန်ကုန်မှပေါက်စီများလိုမဟုတ်ပဲ၊ ဂျုံသားအိအိလေးမှာ နွေးနွေးထွေးထွေး နှင့်စားလို့ကောင်းလှသည်။ ရပ်စောက်အကျော်လောက်တွင် ဖုန်းဖွင့်လိုက်သောအခါ ဗိုလ်ကြီးခင်မောင်မြင့်၏ စိတ်ပူသံကို အတိုင်းသားကြားလိုက်ရသည်။ တစ်ကယ်ဆို မနက် (၆းဝ၀)နာရီလောက်ကတည်းက ရောက်သင့် သည့်ကားမှာ နေ့လယ် (၂းဝ၀)နာရီအထိရောက်မလာသေးသဖြင့် တစ်ချိန်လုံးဆက်နေသည်ဟု ဆိုသဖြင့် ကြားထဲက အားနာသွားရပြန်သည်။

ဟဲဟိုးသို့အဝင်တွင် လမ်းတစ်လျှောက်သိမ်းဆည်းထားသော အနွေးထည်များမှာ အသုံးဝင်တော့၏။ လတ် ဆတ်သော လေနုအေးတစ်ဖြူးဖြူးလေးက ပင်ပန်းခဲ့သမျှ ပြေပျောက်ခဲ့ရသည်။ ရှမ်းပြည်တောင်ပိုင်းဒေသ၏ သီးနှံစိုက်ခင်းများကလည်း ကားလမ်းမတစ်လျှောက်အနှံ့အပြားတွေ့ရသည်။ ဂေါ်ရခါးသီးခင်းကြီးများ ကလည်း လှမှလှပေတကား။ ရှမ်းဝတ်စုံများနှင့်ဒေသသံတိုင်းရင်းသားများကလည်း စိုက်ခင်းများအသီးသီး တွင် တာဝန်ကိုယ်စီ နှင့်ထင်ရှူးပင်ကြီးများကလည်း လွန်စွာပေါများလှပေသည်။

အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး ညနေ (၄းဝ၀)နာရီထိုးချိန်မှာတော့ အေးသာယာမြို့သို့ ရောက်ရှိလာ ပါတော့သည်။ ကျွန်မတို့ တောင်ပေါ်သားကားဆိုက်သည်နှင့်လူတစ်ဦးအပြေးအလွှားလာကြိုနေသည်ကို ကားမှန် ပြတင်းပေါက်များမှ တစ်ဆင့်တွေ့မြင်လိုက်ရပါသည်။ ကျွန်မလည်း ရမ်းသမ်းပြီးလက်ပြလိုက်တော့ ထိုပုဂ္ဂိုလ်က
“သမီးကိုမနက်ကတည်းက မျှော်နေတာ၊ ဘယ်အထုပ်တွေသယ်ရမလဲ၊ ကားကဟိုဘက်မှာ”
ဟုဆိုပြီးတိုင်း (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)မှ လာကြိုသောTown Ace အဖြူလေးကို လက်ညှိုးထိုးပြလေသဖြင့် ကားရှိရာသို့ အချစ်တော်ဝက်ဝံရုပ်လေးကို ပိုက်ကာကို့ရိုးကားယား လှမ်းခဲ့လိုက်သည်။ ကားပေါ်မှရဲဘော်တစ်ဦးက ကားတံခါး ဖွင့်ပေးသည်နှင့် ဟန်ကျပန်ကျပစ်လှဲ လိုက်သေးသည်။ အန်တီမော်(ဝတ်ရည်မိခင်)ကိုလည်း တောင်ပေါ်သို့လမ်းကြုံ ခေါ်တင်ကာပစ္စည်း အားလုံး စုံပြီမို့ အေးသာယာကားဂိတ်မှ ထွက်ခွာခဲ့ကြသည်။ ကားဂိတ်ဝင်းမှ အထွက်တွင် ရုတ်တရက်သတိရလိုက်ပြီး
 

“ဟောတော့်၊ စောစောကသမီးကို လာကြိုပြီး ပစ္စည်းတွေတင်ပေးတဲ့ဦးလေးကြီး ကျန်ခဲ့ပြီ ဆရာကြီးကားရပ်ပြီးပြန်ခေါ်လိုက်ဦးလေ”ဟု ကားမောင်းနေသော ရဲဘော်ကြီးကို အလန့်တကြား ပြောလိုက်မိသည်။ ရဲဘော်ကြီးက ကျွန်မကိုကြည့်ရယ်ရင်း “သူကဦးတို့နဲ့ဘာမှမဆိုင်ဘူး၊ ကားဝင်းထဲကလူ”
ဟု ဆိုသဖြင့် ကြောင်တောင်တောင်ဖြစ်သွားရ၏။ ဒါဖြင့်အထုပ်တွေကူသယ်ပြီး သမီးကိုဘာလို့လာနှုတ်ဆက် ရတာ လဲဟု မေးလိုက်တော့
“သူကသမီးကိုဆုကဗျာမှန်းသိလို့လေ”ဟုဆိုသဖြင့် ကျေနပ်ပီတိဖြစ်သွားခဲ့ရသည်။

အနုပညာရှင်ရယ်လို့ဖြစ်လာကြရင်၊ ကိုယ့်ကိုပရိသတ်လက်ခံအားပေးသည်ကို နှစ်သက်လိုလားသူချည်းသာ ဖြစ်ပေ သည်။ ပရိသတ်တစ်ယောက်ပဲသိသိ၊ နှစ်ယောက်ပဲသိသိကျွန်မအလွန်ကျေနပ်မိသည်။

တောင်ကြီးမြို့သို့အတက်လမ်းတွင်ခရီးပင်ပန်းမှုဒဏ်ကြောင့်ခေါင်းကရိပ်ခနဲမူးလာသဖြင့် မှေး၍လိုက်ပါသွား လိုက်၏။ တောင်ကြီးမြို့မှလှိုက်လှဲစွာကြိုဆိုပါ၏ဟူသော ဆိုင်းဘုတ်ကိုတွေ့သည်နှင့်ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း(၄၇၁၂)ပေအမြင့်မှာတည်ရှိသော အေးချမ်းလှသည့် တောင်ကြီးမြို့သို့ရောက်လာခဲ့ပြီဟု သိလိုက်သဖြင့် ပျော်ရွှင်သွားရသည်။ တောင်ကြီးဟူသော အဓိပ္ပာယ်မှာ “တည်ပြီ”ဆိုသော အပင်တစ်မျိုးဟုအဓိပ္ပာယ် ရသည်ဟုသိရခဲ့၏။ ရာသီဥတုသဘာဝ ညီညွတ်မျှတမှုရှိပြီး ကျန်းမာရေးနှင့် နွေရာသီအပန်းဖြေဖို့အတွက် သင့်တော်သော ဒေသလည်းဖြစ်သည်။

အန်တီမော်ဆင်းရမည့် သုခလမ်းထိပ်သို့အရောက်တွင် ကားရပ်လိုက်သည်နှင့်ဝတ်ရည်တစ်ယောက် အပြေးအလွှားရောက်ချလာပါသည်။ ရည်ရွယ်ချက်က သူမ၏မိခင်ကိုလာကြိုတာဖြစ်ပြီး မထင်မှတ်ဘဲ ကျွန်မကို တွေ့တော့ဝမ်းပန်းတစ်သာဖြင့် အိမ်သို့အလည်ခေါ်ပါတော့သည်။ ခရီးပန်းလာသည်ကတစ်ကြောင်း အဘ(ဒါရိုက်တာ၊ စာရေးဆရာတင်သန်းဦး)နှင့်ဗိုလ်ကြီးခင်မောင်မြင့်တို့ စိတ်ပူကာမျှော်နေမည်ကတစ်ကြောင်း ကြောင့် စပ်စံထွန်းဆေးရုံကြီးနှင့်မျက်နှာချင်းဆိုင်မှတည်းခိုရန်စီစဉ်ထားသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့သာ ဦးတည်လာခဲ့လိုက်သည်။

တိုင်းသို့အရောက်တောင်ကုန်းထိပ်ကလေးများပေါ်မှ အိမ်ကလေးများက အစီအရီနှင့်ချစ်စရာကောင်းလှသည် ကိုမြင်ရတော့သည်။ ကျွန်မတို့သားအမိအတွက် စီစဉ်ထားသောအခန်းရှေ့သို့အရောက်၊ မနက်ကတည်းက ရောက်နှင့်နေသော အဆိုတော်ကိုညီသစ်ထူးက လက်ပြကာနှုတ်ဆက်ရင်း
“ညီမလေး၊ ငါတို့ဒီနေ့ညအပြီးရိုက်မှာ၊ အဖွဲ့တွေကိစ္စ ရှိလို့မနက်ဖြန်ပြန်ရတော့မှာလေ”ဟူသောစကားကရင်ဝသို့ဆောင့်ကန်တာထက်ပြင်းထန်လှပေသည်။

ဘယ်နှယ့် အခုမှ ကားပေါ်ကဆင်းလာတယ်။ အချိန်ကလည်းလင့်နေပြီ။ ညတွင်းချင်းဝုန်းဒိုင်းကျဲရိုက်ပြီးပြန်ရမှာတော့ မနိပ်သေးပါဘူး။ ရောက်လာမှတော့ ဖြစ်အောင်လုပ်ရတော့မှာပဲဟုတွေးပြီး အိပ်ရာထဲသို့တန်းကွေးပစ်လိုက်သည်။ တစ်အောင့်ကြာတော့မြဝတီမှ ထုတ်လုပ်ရေးမှူး မဗိုဗိုအောင်နှင့်ဗိုလ်ကြီးခင်မောင်မြင့်တို့ရောက်လာပြီး ခရီးစဉ် တစ်လျှောက်မှ အဖြစ်အပျက်များကို မေးမြန်းပြီး Shootingတည်မည့်အကြောင်းပြောပါသည်။

ပင်ပန်းနေ ပေမယ့်လည်း အလုပ်လုပ်ဖို့လာတာပဲရိုက်ရတော့မှာပေါ့ဟု အားတင်းပြီးအချိန်ကြည့်တော ညနေ (၅းဝ၀)နာရီထိုးနေ ပြီ၊Shooting က ည(၈းဝ၀)နာရီစမည်ဆိုသဖြင့် Make up လိမ်းပြီးပြင်ဆင်ဖို့အနည်းဆုံး (၁)နာရီနှုတ်လိုက် လျှင်။ အိပ်ချိန်(၂)နာရီရသေးဖြင့် ဖုန်း Alarmပေးကာအိပ်ပစ်လိုက်သည်။

Alarmသံပြည့်သွားတော့ခေါင်းကဘယ်လိုမှ မထူနိုင်တော့၊မနေ့ညကတစ်ညလုံးကောင်းကောင်းမအိပ်ရသေးသဖြင့် မူးနောက်နေသည်။ကြိုးစား၍ထကြည့်သေးသည်။ ဘယ်လိုမှမရပါ၊ သည်ပုံစံနှင့်ရေချိုး၊ Make up လိမ်းဖို့တောင်အနိုင်နိုင်။
ဗိုလ်ကြီး၏လက်ကိုင်ဖုန်းကိုလှမ်းဆက်တော့ Dinning Room မှာအဖွဲ့တွေစုံနေပြီ ထမင်းလာစားတော့ဟု ဆိုသဖြင့် ကျန်းမာရေးအခြေအနေကို အကျိုးအကြောင်းပြောပြလိုက်သည်။ နားလည်မှုအပြည့်အဝပေးသော ဗိုလ်ကြီးက ပင်ပန်းနေပြီနားလိုက်ပါ၊ နောက်နေ့မှရိုက်လို့ရတာပဲဟုပြောလာသဖြင့် ဝမ်းသာသွားရသည်။ တစ်အောင့် ကြာတော့အဘရောက်လာပြီး၊ ဆေးတိုက်ကာဂရုတစ်စိုက်မေးမြန်းပြီး၊ ကိုယ်နွေးနေသဖြင့် အိပ်လိုက်ပါတော့ဟု ပြောရှာသည်။
ဝတ္တရားမပျက်၊ Phoneလှမ်းဆက်ပြီး ချမ်းချမ်းနှင့်တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွား၏။

နောက်တစ်နေ့မနက် (၆းဝ၀)နာရီထိုးသည်နှင့်ရေချိုး၊ Make up လိမ်းပြီးညက အြွေကးကို အတိုးချဆက် ရန် ပစ္စည်းများသိမ်းReady လုပ်ထားလိုက်သည်။ အခန်းတံခါးခေါက်သံကြောင့် ဖွင့်ကြည့်လိုက်တော့ ကိုကြီးညီသစ်ထူးကBreakfast စားရန်လာခေါ်နေသည်။ Canteen တွင် ရှမ်းရိုးရာမြီးရှည်ပူပူလေးကို နှစ်ပွဲဆက်တိုက်စားပစ်လိုက်သည်။ တိုင်း-ထဲမှာပင် တည်ထားသော Scene ပေါ်သို့အရောက် Opening Scene ကအလွမ်းတဲ့။ (ဦး) စိုင်းထီးဆိုင်၏ “သိပ်ချစ်ရတဲ့နွဲ့တင်” သီချင်းအတွက် မျက်ရည်ကျရမည်။ ကဲ ငိုပေဦးတော့ဆုကဗျာ၊ အရေးထဲမျက်ရည်ကဝဲ၍သာဝဲဝဲလာပြီး ပါးပြင်ပေါ်သို့ကျမလာပါ၊ အဘကစိတ်ရှည် လက်ရှည်နှင့်စောင့်ပေးပါသည်။ သို့သော် ရွှေမျက်ရည်ကဘယ်လိုမှရွာသွန်းဖြိုးမလာပါ။ အရှက်တော့ကွဲပါပြီ၊ အဘနှင့်ကလည်းအခုမှစဆုံဖူးတာ၊ ကျွန်မအသုံးမကျတာသိကုန်ရင်တော့ အခက်ပဲဟုတောင်တွေးမြောက်တွေး ကာ MOOD ထည့်လည်းမရရေးချမရပါ။ မနေနိုင်တဲ့အဆုံး မြဝတီမှမမေသက်ပိုင်က မျက်စဉ်းဗူးဌားသဖြင့် အငှားငိုလိုက် ရသည့်အဖြစ်သို့ရောက်သွားခဲ့လေသည်။

အဘကတော့ သမီးစိတ်တင်းထားလို့ MOOD မဝင်တာပါ၊ စိတ်အေးအေးထားပါပြောရင်း၊ မျက်စဉ်းသာ တွင်တွင်ထည့်ခိုင်းလေတော့သည်။

ရိုက်ကူးရေးသင့်သလောက်ရပြီမို့မနက် (၁၀းဝ၀)နာရီလောက်မှာတော့ အင်းလေး သို့ပစ္စည်းများနှင့်တစ်ပါတည်းဆင်းလာခဲ့ကြရသည်။ တောင်ကြီးမြို့တစ်ပတ်ပတ်ပြီးလျှောက်လည်မည်ဟူသော စိတ်ကူးလည်းအကောင်အထည်မဖော်ဖြစ်ခဲ့ပေ။ အဘကအဖွဲ့သားအချို့နှင့်ကားတစ်စီး၊ ဗိုလ်ကြီး၊ ညီသစ်ထူးတို့ သားအမိသားအဖ(၃)ယောက်နှင့်ကျွန်မတို့သားအမိက ကားတစ်စီးစီဖြင့် ညောင်ရွှေမြို့ရှိQueen Inn သို့ရောက် လာခဲ့ကြသည်။

ညောင်ရွှေမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်တွင်ပါဝင်ပြီး မြို့နယ်အရှေ့ဘက်နှင့် အနောက်ဘက်တွင် တောင်နှင့်မြောက်သွယ်တန်းလျက်ရှိသော တောင်တန်းနှစ်ခုရှိပါသည်။ အရှေ့ဘက်တွင် ဆီဆိုင်မြို့နယ်နှင့်တောင်ကြီးမြို့နယ်၊ အနောက်ဘက်တွင် ကလောမြို့နယ်နှင့်ပင်လောင်းမြို့နယ်၊ မြောက်ဘက် တွင် တောင်ကြီးမြို့နယ်၊ တောင်ဘက်ဖယ်ခုံမြို့နယ်တို့နှင့်ဆက်စပ်တည်ရှိလျက်ရှိသည်။ ရှေးအခါက စော်ဘွား မင်းအဆက်ဆက်အုပ်ချုပ်စိုးစံခဲ့ရာ “ဆီဆိုင်ဘွား” အမည်ရှိစော်ဘွားသည် မြို့တော်သစ်၏မင်္ဂလာရှိသောအရှေ့ အရပ်၌ ဣဿရိယကုန်းတော်ရှိ၍ ယင်းကုန်းတော်ပေါ်၌ရွှေအဆင်းရှိသော ဗောဓိညောင်ပင်ပေါက်ရောက်သည်ကို အစွဲပြု၍ “ညောင်ရွှေမြို့”ဟု သမုတ်ခဲ့ကြသည်ဟု သိရှိခဲ့ရပါသည်။

ညောင်ရွှေမြို့နှင့်ပတ်သက်၍ ရှေးမြန်မာမင်းများနှင့်ရှမ်းစော်ဘွားများလက်ထက်၊ ညောင်ရမ်းနှင့်ညောင်ရွှေ နယ်စပ်တစ်လျှောက်တွင် နေထိုင်ကြသော ဗမာလူမျိုးများနှင့်ရှမ်းလူမျိုးအချို့အပေါ် “ဒဿမေဓ” အခွန်တော် ကောက်ခံရေးအတွက်
“ဗမာညောင်ရမ်း၊ ရှမ်းညောင်ရွှေ”ဟူ၍သတ်မှတ်စကားပုံတစ်ခုရှိခဲ့သည်ဟု လေ့လာခဲ့ ရသည်။ ယင်းစကားပုံ၏ အဓိပ္ပာယ်မှာ နယ်စပ်တစ်လျှောက်တွင် အခွန်တော်စည်းကြပ်ကောက်ခံရာ၌ ခက်ခဲ ရှုပ်ထွေးမှုမရှိစေရန်မည်သည့်နယ်ပယ်အတွင်းမှာပင်နေနေ “ဗမာမှန်လျှင် ညောင်ရမ်းက အခွန်ကောက်၍ ရှမ်းမှန်လျှင် ညောင်ရွှေကအခွန်တော်ကောက်ခံရန်” ဟူ၍ဖြစ်သည်ဟုဆိုထားလေသည်။

Queen Inn တွင်နေရာချထားပြီးသည်နှင့်ဝါးတီးဖွင့်ဖို့ ဗိုက်ကဆန္ဒပြနေတော့သည်။ ထမင်းစားပွဲတွင် ထိုင်လိုက်သည်နှင့်ပထမဦးဆုံးလာချသော ဟင်းရည်ကိုဗိုက်ဆာဆာနှင့်သောက်ချပစ်လိုက်သည်။ သောက်ပြီးမှ ဆေးခါးဟင်းရည်မှန်းသိရသည်။ ရိုးရာပဲစိများနှင့်ချက်ထားသော ဆေးခါးဟင်းမှာအရသာရှိလှပေသည်။ အင်းလေး ရိုးရာဟင်းတစ်မျိုးဖြစ်သော ငါးပေါင်းဟင်းနှင့်ထမင်းကိုခေါင်းမဖော်တမ်းလွှေးပစ်လိုက်သည်။ ထို့နောက်ခဏနား ပြီး ရိုက်ကူးရေးအစီအစဉ်များ ဆက်လက်ရိုက်ကူးပြီးနေ့လယ် (၂းဝ၀)နာရီလောက်တွင် အင်လေးကန်သို့ သွားရန်မှာထားသော စက်လှေရောက်လာသဖြင့် လိုအပ်သော အဝတ်အစားအနည်းငယ်ယူကာ အင်းလေးရေ စပ်အနားမှာပင်တည်ထားသောQueen Inn မှ အဖွဲ့သားများ စက်လှေသံတဖုတ်ဖုတ်ဖြင့် အင်းလေးကန်တစ် လျှောက် ပျော်ရွှင်စွာစီးလာခဲ့ကြသည်။

အင်းလေးကန်အတွင်းသဘာဝကျွန်းမျောရိုင်းများ၊ ရေညှိရေမှော်ပင်များ၊ ဗေဒါအပါအဝင်ကြာမျိုးများကိုလည်း တွေ့ရှိရပါသည်။ သဘာဝကျွန်းမျောရိုင်းနှင့်ကျွန်းသေများပေါ်တွင် မြက်ခါး၊ မြက်ဒယ်အိုးပုတ်၊ ဒေါင်းစပါး၊ ဗျိုက်၊ ဗလချိုက်၊ ဖောင်း၊ ပိန်း၊ ဇရစ်၊ ကနဖော့၊ ငွေပန်း၊ ပိတ်စွယ်၊ ကန်စွန်း၊ ကျူပင်များပေါက်ရောက် ပြီးရေတိမ်ဖို့မြေများတွင် မိုးမခ၊ ရေတိန်၊ ရေပိတုန်း၊ ညောင်၊ ခံတက်၊ ပေါက်၊ စစ်နှင့်ကသစ်ပင်တို့ ပေါက် ရောက်တတ်ကြောင်းလည်းသိခဲ့ရသည်။ အဆိုပါ ရုက္ခပင်များသည် ရေနေသတ္တဝါများ၊ ငှက်များကျက်စားပေါက် ဖွားရာဖြစ်သည့်အပြင် ရေကြည်လင်စေသည့် သဘာဝရေစစ်များအဖြစ်သို့၎င်း၊ ရေနှင့်လေထုအတွင်းရှိကာဗွန် ဒိုင်အောက်ဆိုဒ်ကို လျော့ကျစေပြီး အောက်ဆီဂျင်ပံ့ပိုးပေးသူများအဖြစ် ၄င်းအကျိုးပြုကြသည်။

မြင်မြင်သမျှ အရာအားလုံးကျွန်မအတွက် အဆန်းအပြားပင်ဖြစ်နေ၏။ တစ်ကယ်ဆိုတစ်ချိန်က ရေလမ်းခရီးသွားဖို့အလွန် ကြောက်လန့်ခဲ့သောကျွန်မအတွက်၊ ယခုအချိန်ရေကူးတတ်ပြီးစအချိန်တွင် အင်းလေးရေကန်မှရေမျက်နှာပြင်ကို စက်လှေသွားရာလမ်းတစ်လျှောက် လက်နှစ်၍ ဆော့ကစားရဲလောက်အောင် အရဲကိုးသွားပါသည်။
အကြောင်းမှာညောင်ရွှေမှအင်းလေးကန်ရေလမ်းတစ်လျှောက်ရေအနက် (၆)ပေရှိပြီး၊ ရေနည်းချိန်တွင် ထိုလမ်းပိုင်း၌အနက်(၂)ပေခန့်သာရှိမည်ဟု အင်းသားကြီးများ၏ပြောစကားကြောင့် အတင့်ရဲခြင်းလည်းဖြစ်၏။

အဘကတော့တစ်လမ်းလုံးအဖွဲ့သားများကို ဂရုတစ်စိုက်နှင့်မှာကြားလိုက်၊ (Camera Man ရွှေမိုးဦး) ဦးမိုးကြီးကို ရှုခင်းအလှများရိုက်ရန်နှင့်ကိုညီသစ်ထူးနှင့် ကျွန်မတို့၏စုံတွဲအလှ Love-Scene ရိုက်ရန် ညွှန်ကြားလာခဲ့လေ သည်။ စက်လှေပေါ်မှာ လေတဖြူးဖြူးတိုက်ချိန်နှင့်နေလုံးကြီးက ဝင့်ထည်စွာထွက်ချိန်နှင့်ကွက်တိမျက်မှန်များ အပြိုင်အဆိုင်ထုတ်တပ်ကာပဲများကြစဉ် ဘေးမှဖြတ်သွားသော စက်လှေများက အော်ဟစ်ကာ လက်ပြနှုတ်ဆက် ကြသဖြင့် ပျော်ဖို့အလွန်ကောင်းလှပေ၏။

အင်းလေးကန်သည် ကမ္ဘာပေါ်ရှိကုန်းတွင်းရေအိုင်ကြီးများအနက် အကြီးဆုံးရေအိုင်ကြီးများတွင် တစ်ခု အပါအဝင်ဟုသိရသည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၂၈၉၇.၄၅၅)တွင်တည်ရှိပြီး၊ ယခုအခါ ကန်၏အလျား (၁၁)မိုင်နှင့် အနံ(၄)မိုင်ရှိပါသည်။ တည်နေရာအနေအထားအရ လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ ထူးခြားသောရေလယ်ရွာကြီးများနှင့် တန်ခိုးကြီးဖောင်တော်ဦးဘုရားတည်ရှိသဖြင့် မြန်မာ နိုင်ငံသာမက ကမ္ဘာအရပ်ရပ်မှ ခရီးသွားဧည့်သည်များပါလာရောက်လေ့လာလည်ပတ်လောက်အောင် ထင်ရှားသော ရေကန်ကြီးဖြစ်ပေသည်။ ထို့ပြင် ဤရေကန်ကြီးကို အမှီပြု၍ မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရေအားလျှပ်စစ်ထုတ် လုပ်သည့် လောပိတနှင့်ဘီးလူးချောင်းရေအားလျှပ်စစ်စက်ရုံကြီးမှ လျှပ်စစ်ဓာတ်အားများထုတ်ဝေပေးလျှက်ရှိ ပေသည်။ ရေကန်တစ်လျှောက်လေများက ကြက်သီးမွေးတဖြန်းဖြန်းထကာ အေးချမ်းလှပေ၏။

လင်းကင်းရွာအရှေ့အင်းလယ်တစ်နေရာသို့ အရောက်တွင် ဟင်္သာရုပ်ကို တိုင်ထောင်ကာစိုက်ထားသည်ကို ထူးခြားစွာတွေ့ရသဖြင့် မေးကြည့်ရာ ဖောင်တော်ဦးဘုရားကြီးတွင် ညောင်ရွှေစော်ဘွားကြီး အပ်နှံထားသော သရက္ခာန်ရုပ်တော်မြတ်လေးဆူနှင့် သက္ကရာဇ် ၄၈၂ခုနှစ်တွင် အင်းတိမ်ဘုရားအသီတော်ဖြစ်သော မဟာဂါမ ရွာကျောင်းတော်၌ နရပတိစည်သူမင်းအပ်နှင်းပေးထားသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော်မြတ်တစ်ဆူ စုစုပေါင်း (၅)ဆူရှိလေသည်။

ဒေသစာရီကြွချီတော်မူသည့်အပူဇော်ခံပွဲ၌ ငါးဆူလုံးပင့်ဆောင်ခဲ့ရာ၊ ဤဟင်္သာရုပ်နေရာသို့ အရောက်တွင် လေကြီး၊ မိုးကြီးသည်းထန်စွာရွာသွန်းတိုက်ခတ်သဖြင့် ဘုရားလှေတော်နစ်မြုပ်၍ ရုပ်ထုတော်မြတ် ငါးဆူအနက် လေးဆူသာ ရှာဖွေတွေ့ရှိပင့်ယူရရှိခဲ့ကြောင်း၊ ကျန်လင်္ကျာရံရဟန္တတစ်ဆူမှာ ရှာဖွေစုံစမ်း၍မရရှိ ခဲ့ပဲကျောင်းတော်သို့အရောက် ဂန္ဓကုဋီတိုက်တော်ဖွင့်သောအခါမှသာ ဦးခေါင်းတော်တွင် မှော်များတင်လျှက်ပြန် လည်ဖူးတွေ့ရကြောင်းနှင့်တဖန်ပင့်ယူပြန်သောအခါတွင်လည်း ရှေးနည်းအတိုင်း မိုးလေသည်းထန်စွာ ရွာသွန်း တိုက်ခတ်ပြန်သဖြင့် ၄င်းရဟန္တာရုပ်ထုတော်မြတ်တစ်ဆူကို ညတွင်းချင်းကျောင်းတော်သို့ပင်ပြန်ပို့ဆောင်သော အခါမှ မိုးစင်လေကင်းချမ်းသာခြင်းအဖြစ်သို့ရောက်ရှိခဲ့ရကြောင်း၊ ဘုရားကြီး၏တန်ခိုးတော်ကို အံ့မခန်းသိရှိခဲ့ ရပေသည်။

ဖောင်တော်ဦးဘုရားသို့ရောက်၍စက်လှေကပ်သည်နှင့်အဖွဲ့သားများအားလုံးဘုရားကြီးကို ရိုသေစွာ ဦးခိုက်ပူဇော်ကြသည်။ ကျွန်မကတော့ ဘုရားရုပ်ပွားတော်မြတ်ငယ်လေးများအား အိမ်၌ပူဇော်ရန်ပင့်ဆောင်လာ ခဲ့သည်။ အဘကသိဒ္ဓိတင်ကား ရွှေသင်္ကန်းကပ်ပေးပါသေးသည် ထိုအချိန်တွင် သာမန်မိန်းမသားဖြစ်ရသည့် ဘဝကို လွန်စွာအားငယ်သွားမိသည်။ ရွှေသင်္ကန်းကိုယ်တိုင်ကိုယ်ကျကပ်ခွင့်မှမရပဲကိုး။ သို့သော်လည်း အဓိဌာန် ပြု၍စိတ်မှန်းဖြင့် ကပ်လှူပူဇော်ကာ ရိုသေစွာဆုတောင်းခဲ့သေးသည်။ ထိုကုသိုလ်ကံသည် မနှေးအမြန်ရောက် လာတော့မည့်အကြောင်းကို ကျွန်မထိုအချိန်က မသိရှိခဲ့ရပေ။ ဘုရားရှိခိုးပြီးသည်နှင့် ဈေးအတွင်းလှည့်၍အဖွဲ့ သားများShoppingထွက်ဖြစ်ကြသည်။ အားလုံးထဲမှာ ထူးခြားသည်က ညီသစ်ထူးပင်ဖြစ်သည်။ အင်းထဲမှာ သူ့ပရိသတ်များကမနည်းပေပဲကိုးဟု ကောက်ချက်ချလောက်အောင်ထင်ရှားပေသည်။ သူ့ခမျာ ဟိုဆိုင်ကလာပါဦး၊ ဒီဆိုင်ကလာပါဦးနှင့်အင်းလေးသူများအကြားစန်းပွင့်နေပေ၏။ အင်လေးရိုးရာ ချည်ထည်နှင့်ဦးထုပ်ကိုလည်း အမှတ်တရဝယ်ဖြစ်ခဲ့သေးသည်။

ရိုက်ကူးရေးအဖွဲ့မှန်းသိတော့ လူအုပ်ကြီးကသွားလေရာတစ်ကောက်ကောက်ပါလာသည်။ ဈေးဝယ်လည်း မလွတ်လပ်၊ မုန့်စားလည်းမလွတ်လပ်၊ အနုပညာသမားဖြစ်ရသည့်ဘဝကား အရာရာပရိသတ်မျက်လုံးနှင့် သဟဇာတဖြစ်ဖို့လိုသည်။ မီးရောင်အောက်တွင်အလုပ်လုပ်နေရသူများဖြစ်သဖြင့် အများထက်ပိုထင်ပေါ်သည်။ ကောင်းတာလုပ်လျှင်လည်း အလွယ်တကူသိနိုင်သလို၊ မကောင်းတာလုပ်လျှင်လည်း လွယ်လွယ်နှင့်သိနိုင်ပေ သည်။ မိမိက အမှတ်တမဲ့ လုပ်လိုက်မိသော အပြုအမူကို သေချာစောင့်ကြည့်ပြီးအပြစ်ပြောသူလည်းရှိ၏။ စိတ်လွတ်၊ ကိုယ်လွတ်အမူအရာများသည် အများအမြင်မှာမေးငေါ့ချင်စရာများဖြစ်သွားတတ်သည့်အတွက်အလွန် သတိထားရ၏။ ကိုယ့်ထမင်းရှင် ပရိသတ်ကိုလေးစားသမှုဖြင့် နွေးထွေးစွာ တုန့်ပြန်သင့်ပေသည်။

V.C.Dသီချင်းများအတွက် ရိုက်ရင်း၊ မြဝတီ၏ကဏ္ဍအချို့အတွက်လည်း ရောက်သည့်နေရာတိုင်း အလျဉ်း သင့်သလို ရိုက်သွားရသေးသည်။ အဘခမျာလည်း ပင်ပန်းလွန်းလှပေသည်။ ကျန်းမာရေး အတွက် ဆေးသောက် လိုက်၊ ရိုက်လိုက်နှင့်အဖွဲ့သားများကိုလည်း ဂရုတစိုက်ရှိလှပေသည်။ ဖောင်တော်ဦးဘုရားပေါ်မှ ပြန်ခွာလာတော့ ညနေ(၅း၃၀)နာရီနီးပါးပင်ရှိနေသည်။ ညောင်ရွှေသို့ နောက်ထပ်တစ်နာရီလောက်ပြန်မောင်းသွားရမည်ဖြစ်သဖြင့် စက်လှေကို စက်ရှိန်တင်၍ အမြန်မောင်းလာခဲ့ရသည်။

အပြန်လမ်းတွင် အဆိုတော်ညီသစ်ထူးမှ ဦးဆောင်၍ သီချင်းမျိုးစုံဟစ်ြွေကးကာ အပျော်ကြူးလာခဲ့ကြသည်။ နေဝင်တရောအချိန်ဖြစ်၍ လူကြီးများက ဘုရားစာ တတွတ်တွတ်ရွတ်ကာ အန္တရာယ်ကင်းရန်ဆုတောင်းနေကြသည်။ အင်းထဲတွင် ဓာတ်တိုင်မရှိ၊ မီးမရှိ အမှောင် ထဲတွင် အချက်ပြမီးလေးဖြင့်သာမောင်းနေသည်မှာ တစ်နာရီကျော်မကပင်ရှိလာပေပြီ။

သို့သော် ညောင်ရွှေ မြို့သို့ရောက်မလာသေးပေ။ အဖွဲ့သားများအားလုံးလည်း အခြေအနေကိုရိပ်မိကာ မျက်စိမျက်နှာပျက်လာကြ သည်။ သွားပါပြီ။ ကန်ထဲမှာ လမ်းပျောက်နေပြီ သီချင်းသံများလည်း ရုတ်ခြည်းတိတ်သွားကာ ဘုရားစာရွတ် သံများတစ်ယောက်တစ်ပေါက်ထွက်လာပါတော့သည်။ တစ်ခါတစ်ရံမီးပြကာရမ်းသမ်းမောင်းသွားလိုက်၊ တစ်ခါ တစ်ရံဒိုက်ပုံကြီးထဲ စက်လှေကရောက်သွားလိုက်နှင့်ဒုက္ခပင်လယ်ဝေသည်ပဲပြောရမလား။ ဒုက္ခကန်ထဲဝေသည် ပဲဆိုရမလားမပြောတတ်ပါ။ အနီးနားမှ ငါးဖမ်းလှေတစ်စီးတစ်လေတွေ့၍မေးတော့လည်း အင်းစကားလိုလို၊ ရှမ်းစကားလိုလိုတွေပြန်ပြောပါတော့သည်။ ပါလာသောစက်လှေသမားက သိပ်နားမလည်၊ လမ်းကလည်း မကျွမ်း၊ အမေလေးတ၍သာအော်ငိုချင်စိတ်များပေါက်လာပါသည်။

ချမ်းကလည်းအတော်ချမ်းလာပြီ။ စက်လှေက အရှိန်မြင့်လေ၊ ရေကစဉ်လေနှင့်တကိုယ်လုံးတုတ်တုတ်ရွှဲနေပြီ။ လမ်းကလည်းအစရှာမတွေ့ပြီ၊ ဘာများမှားယွင်း ခဲ့သလဲတော့မသိပါ။ အဘဦးဆောင်၍ ဆုတောင်းမေတ္တာပို့၊ ဘုရားစာများ တတ်သလောက်၊ မှတ်သလောက် ရွတ်ကာ နောက်ဆုံးအင်းထဲတွင် စမ်းတစ်ဝါးဝါးဖြင့် နှစ်နာရီနီးပါးကြာအောင် မောင်းလာပြီး၊ ညောင်ရွှေမြို့၏ မီးရောင်ကိုတွေ့ရချိန်မှာတော့ ထီပေါက်သကဲ့သို့ ဝမ်းသာအားရဖြစ်ကာ သက်ပြင်းများတဟင်းဟင်းနှင့်ချမဆုံး ဖြစ်ကြရပါတော့သည်။ Inn ကိုပြန်ရောက်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အဖွဲ့သားများ ရယ်ဖြစ်ခဲ့ကြသည်။ ဪသာ် အခုမှ စိတ်လွတ်ကိုယ်လွတ်ရယ်နိုင်ကြပေသကိုး။

ထိုနေ့ညက ညစာသည်အခါတိုင်းညများထက် ပိုမြိန်သည်ဟုခံစားရသည်။ အဘက အဖွဲ့သားများကို စောစောအိပ်ဖို့ ဩဝါဒြွေခရင်း၊ မနက် (၄းဝ၀)နာရီReady လုပ်ထားဖို့ကျွန်မကိုသာတွင်တွင်မှာနေသည်။ ထွယ်မယ်ဟေ့ဆိုလျှင် အားလုံးကရေချိုး၊ အဝတ်အစားလဲရုံသာဖြစ်သဖြင့် ကျွန်မတစ်ယောက်မှာသာ Make up လိမ်းတာနှင့်အဝတ်အစားလဲတာအချိန်က မလောက်ငှ။ ဒါတောင်ဘုရားကိုအတိုချုံး ရှိခိုးရတာ အဘမသိ သေး။

22.9. 06/ A.M 4:30
အင်လေးဖောင်တော်ဦးဘုရားဒေသစာရြွီကချီ အပူဇော်ခံမည့်နေ့ နံနက်(၄း၃၀)နာရီအချိန်ကတည်းက ညောင်ရွှေမြို့မှ ထွက်ခွာလာခဲ့ကြသည်။ အဖွဲ့သားများအားလုံးမှာ ဘယ်သူ၊ ဘယ်သူမှစကားမပြောနိုင်ကြဘဲ ချမ်းအေးလှသော အင်းရေပြင်ပေါ်မှ အမိုးအကာမဲ့စက်လှေကို အနွေးထည်အထပ်ထပ်ဖြင့် ခေါင်းမဖော်တမ်းစီး လာခဲ့ကြသည်။ လမ်းတစ်လျှောက်ဘုရားဖူးစက်လှေများကို ဆွမ်းတော်ဗန်းများကိုယ်စီနှင့်တွေ့ခဲ့ရသေးသည်။ နိုင်ငံခြားသားများကလည်း ကင်မရာကိုယ်စီနှင့်အသင့်နေရာယူထားပြီလေ၏။
ဘုရားပေါ်သို့ရောက်တာ့ မနက် (၆းဝ၀)နာရီထိုးခါနီးနေပြီ၊ ဘုရားပတ်ပတ်လည်တွင်လည်း စစ်တပ်မှ စက်လှေများလုံခြုံရေးစောင့်ကာ အထပ်ထပ်ချထားသည်ကိုတွေ့ရ၏။ ဖွင့်ပွဲအခမ်းအနားက မနက်(၄းဝ၀)နာရီ ဖြစ်သဖြင့် ညကတည်းက Camera Man ဦးမိုးကြီးနှင့် ဗိုလ်ကြီးခင်မောင်မြင့်တို့ကို အင်းထဲရှိ ရွှေအင်းသား Hotel မှာနေစေကာ အခမ်းအနားမှ အမှီရိုက်ယူစေခဲ့သော အဘ၏ဝီရိယကလေးစားဖွယ်ပင်။

ဂေါပကအဖွဲ့မှတည်ခင်းကျွေးမွေးသောမုန့်ဟင်းခါးကို အဖွဲ့သားများတက်သုတ်ရိုက်ကာစားပြီး၊ တရားနာ၍ အမျှဝေဆုတောင်းခဲ့ကြသည်။ ထိုအချိန်အထိ ထူးခြားစွာပေါ်လာမည့် ကုသိုလ်ကံကိုမသိရသေး။ အမျှဝေပြီးသည် နှင့်ဘုရားစံကျောင်းတော်မှ ဖောင်တော်ငယ်ပေါ်သို့ ပင့်ဆောင်တော့မည်ဟု ကြော်ငြာလိုက်သည်နှင့်ဘုရားဖူး များရှေ့သို့ ရုတ်ရုတ်သဲသဲထလာကြပါသည်။ ထိုအချိန်အထိ တုံးအ လှသော ကျွန်မသဘောမပေါက်သေး။ လူကြားထဲညှပ်မိမည်စိုးသဖြင့် နောက်သို့ပင် ဆုတ်ကာ ဖယ်ပေးလိုက်သေးသည်။

အဘကမျက်ရိပ်ပြကာအဖွဲ့သားများကို ဘုရားကြွချီရန်ကာထားသော လမ်းအတွင်းသို့ အမျိုးသမီးများကို ဦးစားပေး၍ ခေါ်ချလာပါသည်။ Uniform ဝတ်ထားသော အဘတင်သန်းဦး၏မျက်နှာကြောင့် အူလည်လည်ဖြင့် V.I.P တန်းထိပ်သို့ ကျွန်မရောက်ရှိသွားပါသည်။ ထိုအချိန်တွင်မှ သဘောပေါက်ပါပြီ၊ အမေက လူအုပ်ကြီးထဲမှ တိုးဝှေ့၍ ရွှေသင်္ကန်းငါးစုံဝယ်လာပါတော့သည်။ ဘုရားရုပ်ထုတော်မြတ်များ ဤလမ်းအတိုင်းဆင်းလာ၍ အမျိုး သမီးများ ရွှေသင်္ကန်းကိုယ်တိုင်ကိုယ်ကျကပ်ခွင့်ရသည့် အခွင့်ထူးကို ကျွန်မရရှိခြင်းပင်ဖြစ်သည်။

ဘုရားတစ်ဆကြွလာသည်နှင့်ရွှေသင်္ကန်းတစ်ခုကပ်လိုက်၊ စစ်တပ်မှ လုံခြုံရေးများကလည်း လူအုပ်ကြီးကို ကာလိုက်နှင့်ရွှေသင်္ကန်း(၄)စုံကပ်ပြီးချိန်အထိ ကျွန်မဟန်ကျနေပေသည်။ ဘုရားလေးဆူလုံးကပ်ပြီးချိန်တွင်မှ အဘက နဖူးနဲ့တိုက်လိုက်ရလားဟုမေးပါသည်။

“ဟင့်အင်း၊ မသိဘူးလေ၊ နဖူးနဲ့တိုက်လို့ရလား”ဟူသော ကျွန်မ၏ အူကြောင်ကြောင်အမေးကြောင့်အဘက “လာ”ဟုဆိုကာလှေခါးအဆင်းသို့ဆင်းခါနီးနေပြီဖြစ်သော နောက်ဆုံးဘုရားတစ်ဆူဆီသို့ ဆွဲခေါ်သွားပါတော့သည်။

အဘမျက်နှာကြောင့်ဗိုလ်မှူးများ၊တာဝန်ရှိသူများက လမ်းဖယ်ပေးသော်လည်း ကုသိုလ်ကံကုန်သွားသဖြင့် လက်ကျန်ရွှေသင်္ကန်းတစ်ခုသာ၊ ကပျာကယာကပ်လိုက် ရပြီး၊ နဖူးနှင့်ထိတွေ့ခွင့်မရခဲ့တော့ပေ။ လူအုပ်ကြီးကြား၌ အေးချမ်းချိန်တွင် ချွေးပြန်ရသည့်အဖြစ်ပင်။ အသုံးမကျ၊ မပါးနပ်၍ အဘကစက်လှေပေါ်သို့အရောက်တွင် ဂရုဏာဒေါသောဖြင့်ဆူပါတော့သည်။ ရသင့်၊ ရထိုက်သည့် အခွင့်အရေးကိုမယူတတ်လေခြင်းဟုဆိုသေးသည်။ ထို့နောက် နံနက်(၇းဝ၀)နာရီချိန်တွင် ဖောင်တော်ဦးဘုရား နှင့် (၃)မိုင်ခန့်အကွာတွင်ရှိသော အင်းတိန်ကျေးရွာသို့ ညဖက်ကျိန်းရန် လမ်းတစ်လျှောက်အကအဖွဲ့လှေများ၊ ဝတ်ရွတ်လှေများ၊ ခြေနင်းလှေအဖွဲ့သားများဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်လာခဲ့ကြပါသည်။

ရှမ်းအဖွားကြီးများဆိုလျှင် ကိုယ်တိုင်လှေလှော်၍ ဆွမ်းတော်ဗန်း၊ သောက်တော်ရေချမ်းများနှင့် ဘုရား ဖောင်တော်မလှမ်းမကမ်းမှနေ၍ ထပ်ချပ်မကွာလိုက်ပါလာခဲ့ကြသည်။ ထူးခြားသည်မှာ ရန်ကုန်တွင် မကြားရသည်မှာ ကြာပြီဖြစ်သော ဗြောက်အိုးဖောက်သံများသောသော ညံနေခြင်းပင်ဖြစ်သည်။ တစ်လှေပြီးတစ်လှေ အတွဲလိုက် ဖောက်နေကြသော ဗြောက်အိုးသံများမှာ အထိတ်တလန့်ရှိလှပေသည်။ လှေတစ်စင်းက ဘေးကဖြတ်သွား လိုက်၊ ဗြောက်အိုးဖောက်သွားလိုက်နှင့်သေနတ်ပစ် လေ့ကျင့်ကွင်းထဲရောက်နေသလားဟုအောက်မေ့ရသည်။

ဘယ်အချက်ကိုယ့်လှေပေါ် ဗြောက်အိုးနှင့်လှမ်းပေါက်မလဲဟု ရင်တစ်ထိတ်ထိတ်နှင့်နေခဲ့ရသည်။ ထိုအဖြစ် အပျက်ကြောင့်ဆရာဦးမြတ်ခိုင်ဗုဒ္ဓဂယာသွားခဲ့စဉ်က ဟက်ပီးဒေဝါလီညတွင် ဗြောက်အိုးများ တစ်ဒိုင်းဒိုင်းဖောက်ကာ၊ ပျော်ကြပါးကြသည်ဟုဖတ်ခဲ့ဖူးသဖြင့် ယခုလိုမျိုးပဲဖြစ်မည်ထင်သည်ဟု ယှဉ်တွေးမိခဲ့သေးသည်။ ရေပေါ်နှင့် ကုန်းပေါ်ပဲကွာပေပြီ၊ ဗြောက်အိုးရန်ကတော့ အတူတူပင်ဖြစ်မည်ဟုယူဆမိခဲ့သည်။

ကျွန်မတို့လှေမှာစက်မနှိုးဘဲ ရေစီးအတိုင်းတက်ဖြင့်အသာမျောကာ ဖောင်တော်ငယ်နောက်မှ ဆက်လက် လိုက်ပါလာခဲ့ကြသည်။ ရိုးရာခြေနင်းလှေပေါ်မှ အင်းသားများကလည်း လှေချင်းကပ်၍စနောက်လာကြသည်။ သူတို့ကျီစယ်ပုံက ယဉ်ကျေးလှပေသည်။ မြို့ပြမှာလို ဗရုတ်သုတ်ခမဟုတ်ဘဲ ပွဲတော်ရက်ဖြစ်၍ ပျော်ရွှင်စွာ ကခုန်၍သီချင်းဆိုလိုက်၊ အသံမျိုးစုံဟစ်လိုက်နှင့် လှေချင်းကပ်နေသော်ငြားလည်း ကိုယ်ထိလက်ရောက်စော် ကားခြင်းမရှိသည်မှာ လွန်စွာချစ်ဖို့ကောင်းသော အင်းသားများ၏ဓလေ့စရိုက်ပင်ဖြစ်၏။

ကျွန်မနှင့်စကားလက် ဆုံကျရင်းအပြန်အလှန်ဓာတ်ပုံရိုက်နေကြသော ကိုညီသစ်ထူးနှင့်ဗိုလ်ကြီးခင်မောင်မြင့်ကို လှေများပေါ်မှ “ယောက်ဖ” ဟုအသံကုန်ဟစ်၍ စနောက်မြဝတီကအစ်မကြီးများကိုပါ လက်ညိုးထိုးပြရင်းအားလုံးငါ့သမီးတွေချည်းပဲ၊ ငါ့ကိုလည်း “ယောက္ခမ”လို့ခေါ်ကြလေကွာဟု အရွှန်းဖောက်တော့အားလုံးပွဲကျသွားရလေသည်။ နံနက်(၁၀းဝ၀)နာရီ တွင် တစ်ညတာကျိန်းမည့် အင်းတိန်ကျေးရွာသို့ ဖောင်တော်ဆိုက်ကပ်သည်နှင့်ကမ်းစပ်မှ ရွာသူရွာသားများက ဗြောက်အိုးများနားကွဲမတတ်ဖောက်၍ ကြိုဆိုကြပြန်သည်။

အမလေးနော် ဒီအထိဗြောက်အိုးဒဏ်ကမလွတ်နိုင်သေးပေ။ ရွာထဲသို့ အဘကအရင်ဝင်နှင်မည်။ အဖွဲ့သား များအားပြီးမှလာခေါ်မည်ဆိုသဖြင့် ကမ်းစပ်နဘေးရှိ အအေးဆိုင်ငယ်လေးမှာပင် အမောဖြေကာ ကိုယ်လက် သန့်စင်ကြရသည်။ တစ်အောင့်ကြာတော့ အဘက အခေါ်လွှတ်သဖြင့် ရွာထဲရှိပွဲဈေးတန်းများကို လှည့်ပတ် ကြည့်ပြီး အင်းတိန်ကြေးပေါခုံကျောင်းသို့ ရောက်လာခဲ့ကြသည်။ ဗြောက်အိုးများကို လွတ်လပ်စွာ ဖျာခင်းရောင်း နေသဖြင့် ပြုံးမိသေးသည်။ အသားကင်ဆိုင်များ၊ ကော်ထည်ပစ္စည်းအရောင်းဆိုင်များ၊ မျက်လှည့်ပြခန်းများနှင့် ရွာသူ၊ ရွာသားများ၏ ဝတ်ကောင်းစားလှများ ဝတ်ကာရှိုးပေးနေကြပုံများက ကြည်နူးစရာကောင်းလှသည်။

ကြေးပေါခုံကျောင်းမှတာဝန်ရှိလူကြီးများက နေ့လည်စာစားရန် စီစဉ်ပေးထားသော အင်းတိန်မူလတန်းကျောင်း သို့ အဖွဲ့သားများကို ခေါ်ဆောင်သွားကြသည်။ ပွဲဈေးတန်းကို ဖြတ်သန်းကြစဉ် နှုတ်ဆက်သံများ ဝေဆာကာ မြဝတီရုပ်မြင်သံကြားမှ အစ်မကြီးများကို “ဟိုမှာထွန်းအိန္ဒြာဗို၊ ဟိုမှာဆုရွှန်းလဲ့” စသဖြင့် ရှိသမျှ မင်းသမီး နာမည်းများစုံအောင်လျှောက်ခေါ်နေကြသည်။

ဗီဒီယိုရုံမှလည်း ပြသသော ဇာတ်ကားများကို လော်စပီကာ ထုတ်ကာ အသံထပ်လွှင့်သဖြင့် ကျေးရွာဓလေ့ကို ဆူညံစွာခံစားခဲ့ရသေးသည်။ ပိုဆိုးသည်က သူတို့ဒေသတွင်Drama, Fancy စိတ်မဝင်စား၊ Action ခပ်ကြမ်းကြမ်းဆိုလျှင် လာထားပဲဆိုသဖြင့် ခုတ်သံ၊ ထစ်သံ၊ Fighting သံတဖြောင်းဖြောင်းကိုသာ ဗြောက်အိုးသံများနှင့် အပြိုင်ကြားခဲ့ရသည်။

မူလတန်းကျောင်းတွင် စားသောက်ပြီးသည်နှင့်ပွဲဈေးအတွင်းသွားရိုက်မည်ဆိုသဖြင့် ပြင်ရဆင်ရသေးသည်။ မင်းသမီးလုပ်ရတာအချို့က လွယ်သည်ဟု ထင်ကြသည်။ နေပူခြစ်ခြစ်တောက်တောက်အောက်တွင် မင်းသား နှင့် ဈေးလျှောက်ဝယ်ဟန်သရုပ်ဆောင်ပြရသည်။ ရွာရှိလူများက ရုပ်ရှင်ရိုက်တာမမြင်ဖူးသဖြင့် အုံးအုံးကျွတ် ကျွတ် လာကြည့်ကြသည်။ နှစ်ယောက်သားဈေးထဲလျှောက်သွားလိုက်၊ ဆွဲကြိုးတွေ၊ အဝတ်အစားတွေ ကိုယ်မှာ ကပ်ကြည့်လိုက်နှင့် Silent Acting မျိုးစုံလုပ်ပြရသည်။ တချို့ဆိုလျှင် တခစ်ခစ်နှင့်ထရယ်သည့် သူကထရယ်သည်။ ကင်မရာ သြကညိ ထဲမှ ဖြတ်ပြေးသူက ဖြတ်ပြေးသည်။ ဒီကြားထဲအိုက်တင်လုပ်နေသည် ကို မသိနားမလည်၍ အော်တိုလာရေးခိုင်းသည်ကလည်းရှိသေးသည် အရာအားလုံးမှာ ဒေသခံရွာသားများ အတွက် အထူးအဆန်းဖြစ်နေပေသည်။ အိုက်တင်လုပ်လျှင် လူဘယ်လောက်များများမရှက်တတ်သော ကျွန်မ ပင်ရယ်သံများကြောင့် ရှက်ချင်လာသလိုလိုနှင့်အယောင်ယောင်အမှားမှားတွေဖြစ်ကုန်တော့သည်။

ဘယ်လိုမှ ရိုက်မရတဲ့အဆုံးလေးဖက်လေးရံကာထားသော ပန်းချီပြခန်းတစ်ခုအတွင်းသို့ အဖွဲ့သားများကိုယ်ရောင်ဖျောက် နေလိုက်တော့မှ လူအနည်းငယ်ရှဲသွားသည်။ ပဒေါင်အမျိုးသမီးကြီးများကိုလည်း လည်ပင်းတွင် ပုဝါများ ပတ်ကာလျှောက်သွားနေကြသည်ကိုတွေ့ရသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များကြည့်ချင်သည်ဆိုမှ အခကြေး ငွေဖြင့်ပုဝါလှပ်ပြကာ ဓာတ်ပုံအရိုက်ခံသည်ဟုသိရသည်။ ပန်းချီပြခန်းပိုင်ရှင်လင်မယားမှာ ရေဦးဇာတိဟုသိရပြီး ပန်းချီဆရာမှာရေဆေး၊ ဆီဆေးပန်းချီများကို လက်ရာသေသပ်စွာဆွဲထားပြီး၊ ဆရာမမှာကင်းဘတ်အောက်ခံ ထားပြီးအပေါ်မှ ကြိုးများနှင့်လိုသလိုပုံဖော်ပြီးပန်းပွင့်များ၊ တောင်တန်းများကိုအပေါ်မှ စုတ်ဖြင့်ခြယ်ကာ အရောင် ပြန်ဆက်သည်မှာထူးခြားဆန်းကြယ်လှသော ပန်းချီအနုပညာပင်ဖြစ်ပေသည်။

အင်းတိန်ရွာမှ ထွက်ခွာဖို့အဖွဲ့သားများ စက်လှေရှိရာသို့ရောက်လာချိန်မှာတော့ ကျွန်မတို့၏စက်လှေသမား မှာဘုရားပွဲအတွင်းလျှောက်လည်နေ၍ တော်တော်နှင့်ပြန်ထွက်မလာသေးသဖြင့် ကိုယ်တော်ချောကိုလိုက်ရှာကြ ရသေးသည်။ စက်လှေနောက်ကြောင်းပြန်လှည့်လာကြတော့ ရေဆင်းကူးသူများလည်း ဝုန်းဒိုင်းကျဲကူးကြပြီး၊ ဗြောက်အိုးဖောက်သံများကိုလည်း နှုတ်ဆက်တေးသံသာအဖြစ် ထပ်မံကြားလိုက်ရသေးသည်။ သူ့အရပ်နှင့် သူ့ဇာတ်ကတော့ဟုတ်နေတာပဲ၊ ဒါတောင်အဘတင်သန်းဦးကို ကျောင်းထိုင်ဘုန်းတော်ကြီးကရိုးရာမို့လို့၊ ပျော်ကြလို့ ဗြောက်အိုးဖောက်တာပါ။ မဖမ်းရဘူးနော်ဟုဆိုလေသဖြင့် ရယ်မောဖြစ်ကြသေးသည်။

ထို့နောက်ဖောင်တော်ဦးဘုရားရှိရာ၊ သားလေးရွာနှင့်မလှမ်းမကမ်းရှိ ရွှေအင်းသားHotelသို့ရိုက်ကူးရေး အတွက် ရောက်လာခဲ့ကြပြန်သည်။ အနုပညာမြန်မာ့လက်ရာများဖြင့် တည်ဆောက်ထားသော ရွှေအင်းသား မှာလေကောင်းလေသန့်ရကာ အနားယူချင်စရာကောင်းလှပေသည်။ ပိုင်ရှင်အန်တီကြီးမှာလည်း ဖော်ရွှေပျူငှာစွာဖြင့် ဧည့်ဝတ်ကျေပွန်လှပေသည်။ Hotel၏အဓိကအလှကို ဝါးလုံးများသက်ကယ်များဖြင့် အလှဖော်ထားသည်မှာ မြန်မာဆန်ကာ ခေတ်မီလှလွန်းသည်။Hotel မှကျွေးမွေးသော ခေါက်ဆွဲကြော်ကို တက်သုတ်ရိုက်စားရန် အဘကဆော်ဩနေလေသည်။ ညနေရောက်လာသဖြင့် မနေ့ကလို လမ်းပျောက်မည်ကို လွန်စွာစိုးရိမ်နေကြ သည်။ သို့သော်ထိုနေ့က အားလုံးအဆင်ပြေချောမွေ့ကာ တည်းခိုရာ၊ ညောင်ရွှေသို့ပြန်ရောက်လာကြသော် လည်းအင်းလေးအမှတ်တရ မျက်စိနာကူးလာပေတော့သည်။

(၂၀ဝ၆)ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့

ယနေ့မှာတော့Queen Inn မှာပင် မနက် Shooting တည်မည်ဆိုသောကြောင့် မနက် (၈းဝ၀)ကတည်းက Breakfast စားပြီးအသင့်ပြင်ဆင်ထားလိုက်သည်။ ကိုညီသစ်ထူး၏ Second Series ထဲမှ သီချင်းတစ်ပုဒ် အတွက် အမေခန်းမှသရုပ်ဆောင်မည့် Actor လိုသဖြင့် ဗိုလ်ကြီးခေါင်းစားသွားရသည်။ ပါလာသောအမေများ ကလည်း Cameraနောက်ကွယ်မှလိုတာလုပ်ပေးမည်။ ရှေ့သို့မတက်ရဲဆိုသောအမေများဖြစ်နေသဖြင့် အခက် တွေ့ရလေသည်။ ဖျတ်ခနဲသတိရပြီး ချွန်ပေးလိုက်သူက ကျွန်မ။ Inn ပိုင်ရှင်အန်တီစုကို အကူအညီတောင်းကာ ပူဆာတော့ အန်တီစုကလက်ခံရှာသည်။ အများကြီးတော့မခိုင်းပါနဲ့၊ မလုပ်တတ်လို့ပါဟု မျက်နှာငယ်လေးနှင့် ဆိုသဖြင့် ဖုန်းပြောတဲ့တစ်ကဒ်တည်းပါဟုချော့ရလေသည်။

ဟုတ်ပြီ ရိုက်တော့မယ် Dialogue မလိုဘူးမှားချင် မှားပစေ Acting ပဲယူမှာReady ၅-၄-၃-၂-၁ Action! အန်တီစုဖုန်းလား၍ဖုန်းခွက်ကိုကိုင်လိုက်စဉ် တစ်ဖက်မှ မင်းသားက အဖွားကြီးအသံမှန်းသိသွား၍ဘာမှမပြောရဲဘဲ ဖုန်းချသွားသဖြင့် အန်တီစုမှHello! ဟုထူး၍စိတ်တိုတိုနှင့်ဖုန်းချပစ်လိုက်ရမည်ဖြစ်ပေသည်။ သို့သော်Hello!ထူးသံအထိတော့မှန်သည်။ ဖုန်းချ ပစ်လိုက်ရင်း “အဟီး၊ ဟုတ်လား” ဟုရယ်နေသည်။ တစ်ကယ်ဆိုမျက်နှာထားတင်းတင်းနှင့် စိတ်ဆိုးရမှာကို သူ့ခမျာ ကျွန်မတို့နှိပ်စက်၍ မလုပ်တတ်၊ မကိုင်တတ်သည့်ကြားမှ ကြိုးစား၍ သရုပ်ဆောင်ပေးသွားရှာသဖြင့် အခက်အခဲများကြားမှ အဆင်ပြေသွားပါတော့သည်။

လိုချင်တဲ့ကဒ်များရပြီမို့၊ အင်လေးကန်ထဲသို့အားလုံးချီတက်ကြသည်။ စက်လှေတစ်စီးက Camera Man နှင့်အဘအပါအဝင် မြဝတီအဖွဲ့သားများ၊ နောက်တစ်စီးက သရုပ်ဆောင်မိသားစုများနှင့်ဗိုလ်ကြီးခင်မောင်မြင့် အသီးသီး ကိုယ့်စက်လှေပေါ်သို့ ကိုယ်အတက်၊ ရုတ်တရက်အဘ၏အသံစူးစူးကိုကြားလိုက်ရသည်။ Digital CAMERAအပါအဝင်သူ့ပစ္စည်းများကို သွားလေရာ ခါးပတ်အိတ်ပတ်၍ လွယ်ထားတတ်သူက Camera ပျောက်သွားပြီတဲ့၊ အဖွဲ့သားများအားလုံးလည်းစက်လှေပေါ်ရောက်သူကရောက်နှင့်နေပြီ။ Inn ပိုင်ရှင်အန်တီစုနှင့် သားဖြစ်သူတို့ကလည်း လမ်းပြအဖြစ်လိုက်ခဲမည်ဆိုသည့်အချိန်တွင်မှ Camera ပျောက်သည့်တွက် ဒေါင်းတောက် အောင်ရှာကြဖွေကြပါသည်။ Camera ထက်မှတ်တမ်းပုံများက ပိုအရေးကြီးသည်ဟုဆိုကာ စိတ်မကောင်းဖြစ်နေရှာ သည်။

ကျွန်မတို့ရိုက်ကူးစဉ်တစ်လျှောက်မှတ်တမ်းများက ဤကင်မရာအတွင်းမှာပင်ရှိနေသည်။ ခရီးထွက်ရာ တွင် ကင်မရာမရှိခြင်းက စိတ်ကြိုက်မှတ်တမ်းတင်ခွင့်မရသဖြင့် ခေါင်းမပါသော ကိုယ်ထည်ကြီးနှင့်တူပေသည်။ ဘယ်လိုမှ ရှာမရတဲ့အဆုံးလက်လျော့ကာခရီးဆက်ကြရတော့သည်။

အန်တီစုလမ်းပြ၍ Floating Market အနောက်ဘက်၊ ဟဲယာရွာမရှိ “စိန်သမာဓိ” ငွေထည်ပန်းတိမ် လုပ်ငန်း”သို့ရောက်လာခဲ့ကြသည်။ မိသားစုလုပ်ငန်းဖြစ်ပြီး လှပသောငွေထည်ပစ္စည်းများနှင့်မွမ်းမံထားသော အသုံး အဆောင်အိုးခွက်များ၊ လက်ဝတ်ရတနားများ၊ ငွေဓားများမှာ မြန်မာ့လက်မှုပညာအနုစိတ်လှပေသည်။ ထူးခြားသည်က ရှားပါးပုရပိုက်များ၊ ကနုတ်လက်ရာဟောင်းများပင်ဖြစ်သည်။ နိုင်ငံခြားသားများ အထူးနှစ်ခြိုက်ကြ သည့်နေရာလည်းဖြစ်ပေသည်။ ဘုရားခန်းမှာလည်း ကျက်သရေရှိစွာတင့်တယ်လှပေသည်။

မြင်မြင်သမျှအသုံး အဆောင်များက ငွေထည်ပစ္စည်းများသာဖြစ်နေသည်။ ဆက်လက်ပြီး ဟဲယာရွာထဲရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း သို့ရောက်လာခဲ့ကြပြန်သည်။ ထိုဘုန်းကြီးကျောင်း၏အကျယ်ကို မခန့်မှန်းတတ်သော်လည်း လူတစ်ယောက် လုံးပတ်စာမျှ စိုက်ထူထားသော ကျောင်းတိုင်လုံးများမှာ (၁၀ဝ)ကျော်သည်ဟုဆိုသဖြင့် “အားပါးပါး”ဟု ပြိုင်တူအသံထွက်ခဲ့ကြရသည်။ နေ့လည်စာကိုလည်း ထိုကျောင်းတိုက်ကြီးမှာပင် အားရပါးရစားပစ်ခဲ့သည်။

နေ့လည်(၁းဝ၀)နာရီလောက်မှာတော့ နမ့်ပန်ရွာရှိအလိုတော်ပေါက်ဘုရားသို့အရောကတွင်တော့ အဘလက်ထဲတွင် မနက်ကပျောက်သွားသည်ဆိုသော Digital Camera ကိုပြန်တွေ့လိုက်ရလေသည်။ ဖြစ်ရပ်မှန်က ပျောက် သွားတာမဟုတ်၊ သရုပ်ဆောင်လုပ်ရန်ပါလာသော ကောင်မလေးမှ ဖွက်ထားကာ၊ ကျီစယ်လိုက်ခြင်းဟုဆိုသဖြင့် အံ့ဩသွားခဲ့ရသည်။
သူမ၏ကျီစယ်မှုကဘယ်အတိုင်းအတာ၊ ဘယ်လိုအနေအထားမျိုးမှာလဲဆိုတာ မစဉ်းစား၊ လုပ်သင့်သည် မလုပ်သင့်သည်မတွေးတတ်၊ မိမိပျော်ရွှင်မှုတစ်ခုအတွက်ကြောင့် လူကြီးဖြစ်သော အဘမှာ စိတ်ညစ်ခဲ့ရသည်။ ပိုဆိုးသည်မှာ အဘက Battery အပိုများကို စိတ်ရှုပ်သည်ဆိုကာ အခန်းထဲမှာပင်ထားပစ်ခဲ့သဖြင့် Camera လက်ထဲပြန်ရောက်လာချိန်တွင် အားမရှိတော့၊ Charging လည်းသွင်းလို့မရသဖြင့် ဘာပုံမှလည်းနောက်ထပ် ရိုက်မရတော့ပါ။ ကိုယ်ပိုင် Camera မပါသည့် ဤခရီးစဉ်အတွက် ကျွန်မကိုယ်သာကျွန်မအပြစ်တင်နေမိသည်။

အလိုတော်ပေါက်ဘုရားကြီးကိုတည်ထားခဲ့သူမှာ သီရိဓမ္မာသောကမင်းဟု မှတ်တမ်းများအရ လေ့လာခဲ့ ရသည်။ ထင်ရှားသောဘုရားနှစ်ဆူဖြစ်သည့် အရှေကဘက်လိုဏ်တွင် စံပယ်တော်မူသည့်ဘုရားနှင့် တောင်ဘက် လိုဏ်တွင် စံပယ်တော်မူသည့်ဘုရားတို့ဖြစ်သည်။ ဘုရားပေါ်တွင် ဈေးရောင်းရင်းနှင့် ဆေးပေါ့လိပ်ထိုင်လိပ်နေ သူများကိုတွေ့ရသဖြင့် စပ်စပ်စုစုနေတတ်သော ကျွန်မ ဆေးလိပ်ဝင်လိပ်လိုက်သေးသည်။ အဖွဲ့သားများအား လုံး အလိုတော်ပေါက်ဘုရားကြီးကို လှည့်ပတ်ဖူးပြီးသကာလ ရုပ်တုတော်မြတ်များအား ဆက်လက်ပင့်ဆောင် ပူဇော်ရန်စီစဉ်ထားသော ဖောင်တော်အကြီးဆိုက်ကပ်ထားရာ “သဒ္ဓမ္ပဝုဒ္ဓိရီ” စာသင်တိုက်၊ ရွှေဘုံသာကျောင်းသို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

ကျွန်မတို့အဖွဲ့သားများအားလုံးလည်း ဘုန်းကြီးကျောင်းဝင်းအတွင်း၌ အပေါ် တက်လိုက်၊ အောက်ဆင်းလိုက်၊ ဘုန်းတော်ကြီးချကျွေးသော မုန့်မျိုးစုံကို စားလိုက်နှင့်အတော်လေး ဟုတ်နေ ကြသည်။
တစ်ခရီးထဲအတူသွားကြသောအခါ အားလုံးမှာ သွေးချင်းမိသားစုများပမာ စလိုက်၊ နောက်လိုက်ကြ၊ တစ်ဦးလိုတဲ့အကူအညီတစ်ဦးက ပေးလိုက်နှင့်ဖေးဖေးမမရှိကြပေသည်။ ခဏကြာတော့ထုံးစံအတိုင်း ဗြောက်အိုးသံ တစ်ဖြောင်းဖြောင်းနှင့် ခြေနှင့်လှော်သော လှေတန်းကြီးပေါ်တွင် ကခုန်၍လိုက်ပါလာသော အင်းသားများကို ပျော်ရွှင်စွာတွေ့ရလေသည်။

ရွှေဘုံသာကျောင်းရှေ့တွင်ဆိုက်ကပ်ထားသော ဖော်တော်အကြီးပေါ်သို့ ဖော်တော်ငယ် ပေါ်မှ ရုပ်ထုတော်မြတ်လေးဆူ ကို ပြောင်းလဲပင့်ဆောင်ကာ နှစ်ညတာကျိန်းစက်မည့် ဟဲယာရွာမကျောင်းသို့ ဆက်လက်ပင့်ဆော်တော်မူကြပါသည်။ လာရောက်ဖူးမြော်ကြသော လှေငယ်များနှင့်စက်လှေများမှာ အင်းလေးကန် အတွင်း၌အစီအရီပြည့်သိပ်နေကြသည်။ နိုင်ငံခြားသားများကတော့ Camera မလွတ်တမ်းနှိပ်ကာ၊ မပြတ်မှတ်တမ်း တင်နေကြသည်။

မူလအစီအစဉ်က ဖော်တော်အကြီးပေါ်သို့ ရိုက်ကူးရေးအဖြစ်လိုက်ပါသွားကြမည့် အဘနှင့်ဗိုလ်ကြီးတို့အဖွဲ့ အား ကျန်အဖွဲ့သားများက စက်လှေနှစ်စီးဖြင့် နောက်ကလိုက်ကာ လမ်းတစ်ဝက်မှာပင်ပြန်ခေါ်လာကြမည့် အစီအစဉ်ဖြစ်ပေသည်။ သို့သော်များပြားလှသော ဘုရားဖူးပရိသတ်များ၏ လှေများကြောင့်ထင်သလို ရှေ့ဆက် တိုးမရဘဲ၊ ကျွန်မတို့လှေမှာ အနောက်ဘက်တွင်ကွာဝေးကာကျန်ရစ်ခဲ့ရသည်။ သည်ကြားထဲပိုဆိုးသည်က အဘတို့ကိုပြန်တင်ခေါ်ရမည့်စက်လှေတစ်စီးမှာပါမလာခဲ့ပေ။ သူလည်း လှေကြားထဲပိတ်မိကာဆက်လိုက်လာလို့ မရတော့သဖြင့် ကျန်ရစ်ခဲ့ရပေသည်။

ကျွန်မတို့ကျန်ရှိနေသောအဖွဲ့သားများမှာ အဘတို့လိုက်ပါသွားသော ဖောင်တော်အကြီးနှင့် အလှမ်းကွာဝေး နေသဖြင့်စိတ်ပူနေရသည့်အထဲ တစ်ခြားလှေများနှင့်လှေချင်းကပ်မိသည်နှင့်လှမ်း၍မိတ်ဆင်ကြ၊ အော်ဟစ်ကာ လက်လှမ်းဆွဲကြသည်များကြောင့် အတော်လေးစိတ်ပင်ပန်းကြရသည်။ သို့သော် အားလုံးက အနုပညာအလုပ်လုပ် နေသူများဖြစ်၍ တစ်ချက်ကလေးမှ မျက်နှာမပျက်ရဲဘဲ ဟန်ဆောင်၍ရယ်ပြရ၊ စကားပြန်ပြောရနှင့် ရေပေါ် တွင် အုတ်အော်သောင်းနင်းပွက်လောညံနေသေးသည်။ ခပ်သွက်သွက်ကောင်မလေးများဆိုလျှင်လှေချင်းနီးလာသည်နှင့် ကိုညီသစ်ထူး၏လက်ကိုအမိအရစွဲကာနှုတ်ဆက်ကြသည်မှာအသည်းတယားယားနှင့်ပင်။

အကြောင်းမှာကိုယ်တော်ချောကလှေဦးထိပ်တွင်တစ်ကိုယ်တော်ထိုင်ကာ လေသလပ်ခံနေခြင်းကြောင့်ပင်။ ဟိုဖက်လှေကလက်လှမ်းပေးလိုက်၊ သူကလှမ်းဆွဲလိုက်နှင့်။ သူ့အမေခမျာတဟဲ့ဟဲ့နှင့်အော်နေရှာသည်။ ဘယ်တော့ ပလုံဟူသောရေထဲကျသံကြားရမလဲဟု နားစွင့်နေရသည်။ ပရိတ်သတ်ချစ်တဲ့အနုပညာရှင်ဖြစ်ရတာလည်း ဒီတစ်ချီ တော့မလွယ်ကြောပဲဟု မုဒိတာဖြင့်တွေးလိုက်မိသည်။ ဟိုလှေကျော်တက်၊ ဒီလှေလမ်းတောင်းနှင့် နောက်ဆုံး ဖောင်တော်ကြီးနားသို့အရောက်တွင် အဘနှင့်ကင်မရာမင်း ဦးမိုးကြီး၊ ဗိုလ်ကြီးခင်မောင်မြင့်တို့ကို စက်လှေပေါ်သို့ ဆင်းလာရန် အချက်ပြကြနှင့်ပျော်စရာတော့ကောင်းလှပေသည်။

အဘတို့အဖွဲ့ဟဲယာရွာမကျောင်းသို့ တောက်လျှောက်လိုက်သွားပါက အပြန်မိုးချုပ်ပေတော့မည်။ မိုးချုပ်လျှင် ယခင်နေ့ကအတိုင်း လမ်းပျောက်ပေဦးမည်။ ကုန်းပေါ်မှာလမ်းပျောက်သည့်က အကြောင်းမဟုတ်၊ရေပြင်ကျယ်ကြီးပေါ်မှာနောက်ထပ်လမ်းပျောက်မည့်အဖြစ်ကို ထပ်အဖြစ်မခံလိုကြ။
အားလုံးကလည်းညနေ(၄း၃၀)နာရီနေပြီမို့ နောက်ကြောင်းလှည့်သင့်ပြီဖြစ်ကြောင်း သဘောတူညီချက် ရ၍ ညောင်ရွှေသို့ လှေဦးပြန်လှည့်လာခဲ့ကြတော့သည်။ အပြန်ခရီးက ရှောရှောရှုရှုနှင့် အားလုံးအဆင်ပြေနေကြ၍ သီချင်းတညည်းညည်းနှင့်စည်းချက်လိုက်နေသူရှိသလို ဗခအငညါ မျိုးစုံလုပ်၍ ဖျော်ဖြေသူကလည်းရှိနေသေး သည်။

မနက်ဖြန်ပြန်ကြရမည့် ကျွန်မနှင့်ကိုညီသစ်ထူးတို့ မိသားစုနှစ်ဖွဲ့အတွက် မီးပုံပွဲလည်း လုပ်ရင်း၊ Night Scene တည်ဦးမည်ဟုဆိုသဖြင့် ထမင်းစးရေချိုးပြီးကမန်းကတန်း Make up ကစပြန်လိမ်း၇သေးသည်း နားချိန်တစ်ချက်ကလေးမှ မယူဘဲပြင်ဆင်လို့အပြီးမှာတော့ ညဖက်တစ်ရက်မှမရွာလေသော မိုးကကောက်ခါ ငင်ကာရွာချပါတော့သည်။ အားလုံးကလည်း ပင်ပန်းနေကြသည့်ကြားမှ မီးပုံပွဲကို အားခဲထားကြသဖြင့် “ဟာ” “ဟင်” ဟုသာ အာမေဋိတ်သံမျိုးစုံညံနေကြလေသည်။ အချိန်ကလည်း ည(၈းဝ၀)နာရီထိုးခါနီးပဲရှိသေးသဖြင့် အဘက မိုးတိတ်အောင်စောင့်ပြီးရိုက်မည်။

ဒီတစ်ညပဲရိုက်လို့ရတော့မှာဟုဆိုကာ Make up မလိမ်းဘဲ၊ သနပ်ခါး ပါးကွက်ကြားထားဖို့ ချော့ပြောင်နေသဖြင့် ကျွန်မမှာ ရယ်ချင်သွားမိသည်။ ဘာမှမဟုတ်သေးသော ကျွန်မကို နိုင်ငံကျော်မင်းသမီးများလိုအလေးထားပြောနေသောကြောင့်ပင်အခန်းထဲတွင် သိမ်းစရာရှိသည်များကိုသိမ်းရင်း၊မိုးအတိတ်ကိုခဏနားရင်းစောင့်နေလိုက်သည်။ ည(၁၀းဝ၀)နာရီလောက်မှာတော့ မိုးလုံးဝတိတ်သွား ပြီမို့ရိုက်ကူးရေးစတင်ပါတော့သည်။ သမံတလင်းများ စိုစွတ်သွားသောကြောင့် မီးပုံပွဲမလုပ်ဖြစ်ဘဲ ရိုက်ကူးရေး သာဖန်တီးခဲ့ရသည်။ ညကြီးမိုးချုပ်ဆူဆူညံညံ ရိုက်ကူးနေသော အသံများကြောင့် Inn ထဲရှိ နိုင်ငံခြားသား ဧည့်သည်များအခန်းကိုယ်စီမှ အလျှိုလျှိုထွက်လာကြလေတော့သည်။

ကျွန်မလိမ်းထားသောသနပ်ခါးကိုအထူးအဆန်းစိတ်ဝင်စားနေသော ဩစတြေးလျမလေးတစ်ယောက်ကို Nice to meet you ဟုနှုတ်ဆက်လိုက်တော့သူမက “မင်္ဂလာပါ” ဟုပီပီသသပြန်ပြောနေသဖြင့် ပြုံးလိုက်မိသေး သည်။ သိချင်သည်များကို မေးကြ၊ မြန်းကြနှင့်တတ်သလောက်၊ မှတ်သလောက်ရှင်းပြရင်း ခင်မင်သွားသေး သည်။ ကျွန်မက “ရှက်လိုက်တာ၊ နင်မြန်မာလိုတတ်တာငါမသိလို့ပါ”ဟုပြောတော့ သူမက “အရမ်းအထင်မကြီး ပါနဲ့၊ကျေးဇူးတင်ပါတယ်နဲ့မင်္ဂလာပါနှစ်လုံးတည်းတတ်တာပါ” လို့ ရိုးရိုးသားသားဖွင့်ပြောလေသည်။ အဲဒီ အခါကျမှ ကျွန်မတို့နှစ်ယောက်၏အဖြစ်ကို ကြည့်နေသော အန်တီစုတို့မိသားစုများက တစ်ဟားဟားနှင့်ပွဲကျသွားလေသည်။

သို့သော်အကင်းပါးလှသောသူမက တစ်ပါးသူ၏ မျက်နှာရိပ်၊ မျက်နှာကဲကို ကြည့်၍ သူ့ အကြောင်းပြောနေသည်ကို ရိပ်မိသောအခါ အတင်းမေးပါတော့သည်။ ပြောတတ်သလောက်ပြန်ပြောရင်း သူမက ဗမာစာသင်ပေးပါဟုတောင်းဆိုသဖြင့် အခက်တွေ့သွားသည်။ သိသလောက်သင်ပေးပြန်တော့သူမက အထင်တွေစွပ်ကြီးကာ သူမမန္တလေးရောက်ခဲ့စဉ်က မှတ်တမ်းတင်ထားသော Camera ထဲရှိ ရုပ်သေးအကများ အကြောင်းထပ်ရှင်းပြခိုင်းသဖြင့် အပြေးအလွှာ ဥာဏ်ကူ၍ စဉ်းစားခဲ့သော်လည်း "It beyond me."တစ်ခွန်းတည်းသာထွက်ကျလာခဲ့ရ၏။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးစီနှင့် ဆက်ဆံပြောဆိုရာတွင် ဘာသာစကားက အဓိကကျလွန်းလှပေသည်။ Knowledge Age တွင် International language အဖြစ် English စာတော့ပြောတတ်၊ ဆိုတတ်မှလူရာဝင်ပေမည်။ ယခုလို နိုင်ငံခြားသားများနှင့် နဖူးတွေ့ ဒူးတွေ့ကြုံလာသောအခါ ပြင်ပဗဟုသုတများကို ကောင်းစွာမလေ့လာထားသော ကျွန်မအရှက်ကွဲရလေပြီ။

တောင်ပိုင်းရှမ်းပြည်၏ အမှတ်တရများစွာ ထင်ကျန်စေရစ်ခဲ့သော ဤခရီးစဉ်၏နောက်ဆုံးနေ့၊ နံနက်မိုးလင်း ချိန်တွင် ပစ္စည်းအားလုံးသိမ်းဆည်းပြီး ရန်ကုန်ပြန်ဖို့အဆင်သင့်လုပ်ရပါတော့၏ အေးသာယာကားဂိတ်မှ တောင်ပေါ် သားကားကို ထွက်မည့်အချိန် နံနက် (၁၀းဝ၀)နာရီလက်မှတ်ဖြတ်ထားသော်လည်း လက်ရှိကျွန်မတို့က ညောင်ရွှေ မှာရောက်နေသဖြင့် ညောင်ရွှေလမ်းခွဲမှ စောင့်စီးပါက နေ့လည် (၁၂းဝ၀)နာရီဝန်းကျင်မှအရောက်သွားလျှင် မှီသည်ဆိုသဖြင့် နေ့လည်စာစာရင်း၊ အဘနှင့် စကားပြောရင်း အချိန်ဖြုန်းနေလိုက်သည်။Queen Innမှတစ်နာရီစောထွက်ပြီး ညောင်ရွှေလမ်းဆုံမှတစ်ဆင့် ရန်ကုန်သို့အပြန်ခရီးလမ်းသည် မှတ်သားစရာ၊ သင်ခန်းစာ ယူစရာများနှင့်ပြည့်သိပ်နေပြီးဖော်တော်ဦးဘုရားကြီးအား ကိုယ်တိုင်ကိုယ်ကျဖူးမြော်ခွင့်ရခဲ့သည့်ပီတိသည်မည်သည့်အရာနှင့်မျှမလဲနိုင်အောင် တန်ဖိုးရှိလှပေတော့သည်။

အင်းလေးကန်သို့ရောက်ခဲ့စဉ် အမှတ်တရ။
ဆုကဗျာ

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009