ပန်းကောင်းပွင့်သည့် စမ်းချောင်း (၂)

1 comments
စိန်ဖလိုးကျောင်းမှ ဇာတ်လိုက်ကျော်များ
"ဘင်ခရာအဖွဲ့...အသင်ပြင့်''
'Roll 1 , 2"
''ဒုန်း..ဒုန်း..ဒုန်း..ဒုန်း''
ဘင်ခရာအဖွဲ့၏ စည်းချက်သံ စလိုက်သည်နှင့် Solo သီချင်းတေးသွား အတွက် စတင် တီးမှုတ်နေကြသော ဘင်ခရာအဖွဲ့ကြီးကို ငေးမောကြည့်ရှုရင်း၊ ကျွန်မစိတ်တွေ တအားလှုပ်ရှားနေခဲ့သည်။
တစ်ကယ်တမ်း စိတ်ပါလက်ပါ တီးမှုတ်နေကြသည့် ကျောင်းသူလေးများကြောင့် ကစဉ်ကလျားဖြစ်နေ လိမ့်မည်ဟု ထင်ထားခဲ့သော ကျွန်မ၏ စိတ်တွေက အေးစက်ထုံပေစွာဖြင့် ငြိမ်သက်နေသည်မှာ အံ့သြစဖွယ်ပင်။
ထိုအခိုက်အတန့် ခဏလေးမှာပင် ကိုယ့်ကိုကိုယ် ထူးဆန်းစွာ သတိပြုမိခဲ့သည်က
''သြော်အချိန်ကာလ (၁၁ )နှစ်တောင် ကြာသွားခဲ့ပြီကိုး''။
အ.ထ.က(၂)စမ်းချောင်း(၁၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲ
ပြည်လမ်းမကြီးနှင့် မဟာမြိုင်လမ်းတစ်လျှေက်မှာ လှပပြီးခိုင်ခံ့သော အုတ်တံတိုင်း အနီရောင်ကြီးများနှင့် ပတ်ပတ်လည် ကာရံထားသည့် ''အထက(၂) စမ်းချောင်း'' ကျောင်းနံရံကြီးနှင့် တင့်တယ်လိုက်ဖက်စွာ ထွင်းထုထားသည့် နာမည်ကျော် အဖြူအစိမ်း၊ ကျောင်းဆိုင်းဘုတ်ကြီးရှေ့မှာ ကားကိုရပ်လိုက်သည့် အခိုက် ကျွန်မစိတ်မှာ ထူးဆန်းသော ခံစားချက်တစ်ရပ် ဆွတ်ပျံ့တမ်းတလာသည်။

" ၂၇ ကုသိုလ် ''

1 comments


အဖိုး အဖွားတွေ ၉၂ ယောက်ရှိပါတယ်။

ဒေနာရှင်အဖွားအိုတစ်ဦး

ပီတိဖြစ်စရာထမင်းပွဲလေး


ကြက်သီးထ ခဲ့ရတဲ့ဆုတောင်းစကားသံ နဲ့  ပုံရိပ်လေးပါ။

ဆုအတွက်ပီတိဖြစ်စရာစာသားလေးပါ

မရမ်းချောင်း ရဲ့ ဂုဏ်ပြူ မှတ်တမ်းလွှာ

အနာကြီးရောဂါသည်ဆိုတာ စွန့်ပစ်ခံတွေမဖြစ်သင့်ပါဘူး။ လူသားတွေထဲက လူတွေပဲမို့ ဖေးမ ကူညီသင့်ပါတယ်။


ထမင်းစားခန်းထဲမှာ အမှတ်တရ

သူတို့ ရဲ့ အိပ်ရာပေါ်မှာထိုင်ရဲ ရဲ့ လားလို့ ဆိုလိုက်တဲ့အဖွား
တစ်ယောက်ရဲ့ စကားကြောင့်ဒီပုံလေး ရိုက်ဖြစ်သွားတာပါ။
"အဖွားတို့လို ခြေအဆစ်၊ လက်အဆစ် တိုနေတဲ့ ရောဂါသည်တွေကို ဘယ်သူတွေက၊ အလုပ် ပေးချင်ပါ့မလဲ။ ဒီရွာလေးထဲက နေလည်း အပြင်ကို မသွားချင်ဘူး။ အထူးသဖြင့် ရန်ကုန်မြို့ကြီးကိုပေါ့။''
ဟု နှစ်ပေါင်း (၂ဝ)ကျော် ကြာမြင့်စွာ အနာကြီးရောဂါ ဝေဒနာသည် ခေါင်းစဉ်အောက်တွင် နေထိုင်ခဲ့ရသော အသက် (၆၈)နှစ် အရွယ်၊ အဖွားဒေါ်မြအေး (အမည်လွှဲထားသူ)က ညှိုးငယ်နေသည့် မျက်နှာလေးဖြင့် ပြောကြားခဲ့သည်။
လောကကြီးတွင် လူသစ်စိတ်သစ်ဖြင့် ပြန်လည်ရှင်သန်ခွင့်ကို ငယ်ရွယ်နုပျိုစဉ်အခါက၊ မျှော်မှန်းခဲ့ဖူး သော်လည်း အဆင်မပြေမှု၊ ကသောင်းကနင်းဖြစ်မှု များစွာဖြင့်သာ ကြုံတွေ့ ခဲ့ရသည့် အကြောင်းကိုလည်း အဖွားဒေါ်မြအေးကပင် ဆက်လက်ပြောပြခဲ့သည်။
''အဖွားက ဧရာဝတီတိုင်းဘက်မှာ နေခဲ့တာလေ သားသမီးတွေ ရှိပါတယ်။ အခုတော့ ဘယ်ဆီမှာမှန်း မသိတာ့ပါဘူး။ လာမတွေ့ကြတာ နှစ်ပေါင်း(၁ဝ) ဘယ်ကတော့မလဲ။ ဒီရွာလေးမှာဘဝ တူတွေနဲ့ပဲ တစ်သက်လုံးနေလာ တာ၊ အသားကျနေပါပြီကွယ်''
တရွေ့ရွေ့နှင့်ကုန်လွန်လာ သည့်ရက်များစွာတွင်၊ ဘဝ၏ အဓိပ!္ပာယ်နှင့် ရှင်သန်နေထိုင်ခြင်းကို ခက်ခက်ခဲခဲရှာဖွေ၊ ဖန်တီးနေကြရ သည့်လူသား ဘယ်နှစ်ဦးရှိပါ သနည်း။
ကျွန်မ၏မွေးနေ့အလှူ အတွက်ရောက်ရှိခဲ့သည့်ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာအုပ်စုရှိ ''မရမ်း ချောင်းကျေးရွာ ပရဟိတဂေဟာ'' အတွင်းမှအဖိုး၊အဖွား(၉၂)ဦးအတွက်မူ ရေခဲသေတ္တာကဲ့သို့ တစ်စုံတစ်ဦး ဆွဲဖွင့်မှလင်းလက်နိုင်ပြီး၊ တံခါးပိတ် ထားချိန်တွင် အမှောင်အတိ ကျနေခြင်းကြောင့် ဘယ်သူများ တံခါးလာဖွင့်ပေးမလဲဟု နေ့စဉ်နှင့်အမျှ မျှော်ငေး နေကြသူများလည်း ရှိပေသည်။
''ဒီပြတင်းတံခါးပေါက်လေးမှာ မေးထောက်ပြီး၊ ဘဝရဲ့ရှင်သန်မှုနဲ့ အနှစ်သာရကို ရှာဖွေချင်သူတွေရှိသလို၊ သေမထူး၊ နေမထူး စိတ်ဓာတ်နဲ့ အေးတိအေးစက် နေထိုင်ကြတဲ့ ဝေဒနာရှင်တွေလည်း ရှိပါတယ်။''
ဟုဝေဒနာရှင် အဖိုး၊အဖွား အရွယ်များကို စေတနာဝန် ထမ်းဆောင်ကာ၊ အခမဲ့ဆေးဝါး လာရောက် ကုသပေးနေသည့် ကရုဏာရှင် ဆရာဝန် လေး ဗိုလ်ကြီးဒေါက်တာအောင်ရဲကျော်က ဆိုသည်။
ရုပ်မလှပေမယ့် စိတ်လှရင်ပြီးတာ ပါပဲဟူသော ခံယူချက်ကို လက်ကိုင်ထားပြီး ဆရာဦးချစ်စံဝင်း၏ စီစဉ်ပေးမှုကြောင့် ဂေဟာ အတွင်းရှိစက်ခုံများ ပေါ်တွင် ဂျုံးဂျုံး၊ဂျက်ဂျက် အသံ ထွက်ဖြင့် အင်္ကျီချုပ်နေသည့် ဝေဒနာရှင်များလည်း ရှိကြသည်။
အဖြူ၊ အစိမ်းကျောင်းဝတ်စုံများကို ချုပ်ပြီးသားတစ်ပုံ၊ ချုပ်လက်စတစ်ပုံ ခွဲခြားထားသည်ကိုတွေ့ရပြီး၊ စက်ခုံများပေါ်တွင် အင်္ကျီစများကို အသာအယာဖိ ကိုင်ထားသည့် လက်ချောင်းမဲ့၊ လက်ဖဝါးအတို၊ အပျက်သေးသေးလေး များကြောင့်၊ ယောင်မှားကာ အထိတ်တလန့် အာမေဋိတ်သံများ နှုတ်ခမ်းထက်မှ ကျလာခဲ့ရသည်။
တစ်ဆက် တည်းမှာပင် စိတ်နှလုံးခံစားမှုပြင်း ထန်လွယ်သည့် ကျွန်မအတွက် ရင်ဘတ်ကြီးတစ်ခုလုံး တင်းကျပ်လာသလို နင့်နင့်နဲနဲ ခံစားလိုက်ရပေသည်။
နံနက်ခင်း၏ နေရောင်ခြည် တောက်ပမှုအောက်တွင် နွမ်းနွမ်းလျလျ အဝတ်အထည်များနှင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံမှန်ကန်တော့မှုများကို သတိထား၍ ဣနြေ္ဒရရ ကြည့်ရှုနေမိသည်။ စိတ်ဝင်တစား အကဲခတ်နေသော ကျွန်မ၏စူးစူးစမ်းစမ်း အကြည့်များကို ဂရုပြုမိဟန် မပေါ်လွင်သည့် အနာကြီးရောဂါ ဝေဒနာရှင် အဖိုး၊ အဖွားများက ဖတ်ရှုခဲ့ဖူးသည့် ဂျာနယ်၊ မဂ္ဂဇင်းများမှ ကျွန်မနှင့် သက်ဆိုင်သော အကြောင်းအရာများကို အားပါးတရ၊ နှစ်လိုဖွယ် ပြောကြားနေသေးသည်။
''အဲဒီဂျာနယ်ထဲမှာလေ သတို့သမီးဝတ်စုံနဲ့ ဓာတ်ပုံလေးပါတယ် သိလား၊ သမီး အရမ်းလှတာပဲ။ အဖွားဖြင့် လူတောင် မှားသွားတယ်။''
''ဘာသာပြန် ဆောင်းပါးလေးတွေ၊ ခရီးသွား ဆောင်းပါးလေးတွေ ဖတ်ရတယ်။ ရေးထားတာ သဘောကျတယ်။ တစ်ခါတစ်လေ ဟာသလေးတွေ ထည့်ရေးထားတော့ ရယ်ရတယ်နော်။''
သည် လောက်နှင့် ပြီးသွားလောက်ပြီ ဟူသော အတွေးက မဆုံးသေး၊ နောက်ထပ် အဖွားတစ်ယောက်က သူမ၏ အိပ်ရာပေါ်မှ ဆင်းလာပြီး ကျွန်မ၏ လက်မောင်းကို လက်ချောင်းမဲ့ လက်ဖဝါးလေးဖြင့် အသာအယာ လှမ်းကိုင်ကာ တီးတိုးစကား ဆိုခဲ့သေးသည်။
''မြန်မာ့အသံမှာ ဟိုတစ်နေ့က တော်လှန်ရေးကား ပြသွားတာလေ၊ သမီးက သေနတ်ကြီးနဲ့လေ။ တော်လှန်ရေးရဲမေလား၊ ဘာလား မသိဘူး။ မင်းသား၊ မင်းသမီးတွေ တစ်ပုံကြီးပါတဲ့ကားလေ ကြည့်လိုက်ရတယ်သိလား။ သရုပ်ဆောင်တာ ပီပြင်တယ်နော်၊ သမီး အဲဒီအထဲမှာသေသွားတော့ ငိုလိုက်ရတာအရမ်းပဲ။။''
ဟု ဆိုလိုက်တာကြောင့် ဥာဏ်ရှိသလောက် အပြေးအလွှား စဉ်းစားရင်း ''အာရုဏ်ဦးမှာဖူးသည့်ကြာ'' ဇာတ်ကားမှ အာဇာာနည် သန်းသန်း၏ ဇာတ်ဝင်ခန်းအကြောင်း ဆိုသည်ကို အဖြေရှာမိခဲ့သည်။
သည်လိုဆိုလျှင် လူ့လောကကြီးထဲတွင် စွန့်ပစ်ခံဘဝဖြင့်သာ ရပ်တည် နေထိုင်ကြသော်လည်း သူတို့၏ ဘဝအလင်းရောင်က ထွန်းလင်းတောက်ပနေဆဲ အနေအထားမှာပင် ဗဟုသုတပြည့်စုံမှုအလို့ငှာ၊ စာဖတ် တတ်သူများ၊ ပြင်ပလေ့လာရေးများတွင် အားသာမှုများအဖြစ် အထင်းသား အကဲခတ်နိုင်ပေသည်။
''ညဖက်တွေဆိုရင်တစ်ရက်ကို တီဗီကြည့်ချိန်(၂) နာရီသတ်မှတ် ပေးထားပါတယ်။ မီးစက်နဲ့ T.V ဖွင့်ရတာဆိုတော့လေ အချိန်တွေ အများကြီး မပေးထားနိုင်လို့ပါ။ တော်တော်များများက စာဖတ်နိုင်၊ စာရေးနိုင်ကြသလို၊ မှတ်ဥာဏ်အားကောင်းသူတွေလည်း ရှိကြပါတယ်။ ပုဂ္ဂိုလ်ခင်တော့၊ တရားမင်သလိုပေါ့။ အစ်မကို အဖိုး၊အဖွားတွေ ကချစ်ကြတာလည်း ပါတာပေါ့။ အဲဒီဇာတ်ကားကို သူတို့ကြည့်ပြီး နောက်တစ်နေ့မှာ ကျွန်တော်ကို လာပြောပြကြတယ်။ မဆုပါတယ် ဆိုပြီးတော့လေ။''
ဟု မရမ်းချောင်းဂေဟာမှ အဖိုး၊အဖွားများကို အနီးကပ် စောင့်ရှောက်ပေးနေသည့် ကြီးကြပ် စောင့်ရှောက်မှုကော်မတီ၊ ဥက္ကဋ္ဌ ဦးလှဌေးက ဝမ်းသာအားရဆိုခဲ့ သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။
နာရီလက်တံများက တရွေ့ရွေ့ လှုပ်ရှားလာပြီး နေ့လည် ထမင်းစားချိန် ရောက်လာသည့်အခါ ဦးလှဌေးကပင်၊ အဖိုးအဖွားများ ထမင်း စားသုံးနိုင်ရန် ညွှန်ကြားပေးနေခဲ့သည်။ ယနေ့အတွက် နေ့လည်စာက ထမင်းနှင့် ငါးသလောက်ပေါင်းဟင်း၊ အရွက်ကြော်နှင့် သီးစုံချဉ်ဟင်း ဖြစ်ကာ ကျွန်မ၏ မွေးနေ့အလှူဒါန ကျွေးမွေးခြင်း ဖြစ်သည့် အတွက် ဆုတောင်း စကားသံ၊ ညီညီညာညာကို နားသောတ ဆင်ခဲ့ရသည်။

တစ်ချို့က Wheel Chair များပေါ်တွင် ထိုင်လျက်သား အနေအထားနှင့် တစ်ချို့ကမူ ထိုင်ခုံလေးများပေါ်တွင် လက်အုပ်ချီမိုးလျက် အနေအထားဖြင့် နေရာယူထားကြသည်ကို တွေ့ရသည်။ အဖိုး၊အဖွားများ၏ ဆုတောင်း စကားသံကို အာရုံရောက်ချင်စိတ်ကြောင့် မျက်စိကို စုံမှိတ်ထားမိသည်။ ဘေးပတ်ဝန်းကျင်မှာလည်း ကျွန်မ၏ သူငယ်ချင်းများက သင့်တော်ရာ ထိုင်ခုံများဖြင့် နေရာယူထားသည်။
ကျွန်မနားထဲတွင် ဆုတောင်းစကားသံ တစ်ချို့ကို ပီပီပြင်ပြင် ကြားနေရသလို အချို့စကားသံများမှာ လုံးထွေးရောယှက်နေသဖြင့် အာရုံပိုမိုစိုက်ထားခဲ့ရသည်။
''ဂေဟာသက်တမ်း (၁၅)နှစ် အတွင်းမှာ အတွင်းလူနာအနေနဲ့ အမျိုးသား(၄ဝ)နဲ့ အမျိုးသမီး (၄ဝ)ကိုပဲ လက်ခံစောင့်ရှောက် ထားနိုင်ပါတယ်။ ပြင်ပလူနာ အနေနဲ့ကတော့ အခုလက်ရှိမှာ အမျိုးသား (၁၅)ဦးနဲ့ အမျိုးသမီး (၁၇)ဦးကို ကျွေးမွေးစောင့်ရှောက် ထားပါတယ်။ ဂေဟာရဲ့သက် တမ်းတစ်လျှောက်မှာ ဝေဒနာရှင် (၆၅)ဦး အထိ ကွယ်လွန်သွားခဲ့ပါပြီ။ ဟိုတစ်လောကဆိုရင် ဦးဝင်းမြင့် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး လေဖြတ်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။ ကျွန်တော်တို့ ဂေဟာအနေနဲ့က အသစ် ထပ်ရောက်လာတဲ့ အနာကြီး ဝေဒနာသည်တွေကို လက်ခံထားချင်ပေမယ့် နေရာ အခက်အခဲကြောင့် ဝမ်းနည်းစွာနဲ့ လက်မခံနိုင်တဲ့ အတွက် ပြင်ပလူနာ အနေနဲ့ပဲ လက်ခံပြီး ကျွေးမွေး စောင့်ရှောက် ထားရတာပါ။ ကျွန်တော်တို့ကမှ လက်မခံဘူး ဆိုရင်လည်း အပြင်မှာ တောင်းစားတဲ့ ဘဝကို ရောက်သွားမှာကို မလိုလားလို့ပါ။ အရင်တုန်းကဆိုရင် တစ်လကို အသားဟင်း တစ်နပ်စာ စားသုံးခွင့် ရဖို့တောင် အနိုင်နိုင်ရယ်ပါ။
အခုဆိုရင် အလှူရှင်တွေက လာရောက် လှူဒါန်းကြတော့ အမြဲတမ်း မဟုတ်တောင်၊ ကြိုးကြားကြိုကြား လေးတော့ စားနေကြရပါတယ်။
ဝေဒနာရှင်တွေရဲ့ မိသားစုတွေထဲမှာ ကျောင်းမနေနိုင်တဲ့ ကလေးငယ် (၁၂)ဦး ရှိပါတယ်။ ဒီဂေဟာအတွင်း မှာပေါ့နော်၊ အဲဒီကလေးတွေ အတွက်ပညာရေး ထောက်ပံ့မှုတွေ လုပ်ပေးနိုင်ဖို့၊ ကျေးရွာအေးချမ်း သာယာရေးကောင်စီရုံး၊ ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက စီမံနေချိန်မှာပဲ မရမ်းချောင်းရွာနဲ့ အနီး ပတ်ဝန်းကျင်ရွာတွေ အပါအဝင် ဆေးရိုးပင်ရွာက ကျောင်းမနေနိုင်တဲ့က လေး စုစုပေါင်းအယောက် (၈ဝ) ထွက်လာခဲ့ရပါတယ်။ ဒီကလေးငယ်တွေအတွက် ပညာရေးထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။''
ဟုဂေဟာ၏ ကြီးကြပ်စောင့်ရှောက်မှု ကော်မတီဥက္ကဋ္ဌ ဦးလှဌေးက ရှင်းပြခဲ့သဖြင့် ကျောင်းနေပျော်၍ စာတော်ချင်သော်လည်း၊ အခွင့်အရေး နည်းပါးနေရှာသည့် ကလေးငယ်များအတွက် စိတ်လေးလံစွာ သက်ပြင်း အခါခါချနေမိခဲ့သည်။ လစ်ဟာနေသည့် လေဟာနယ် ကိုလူသားတိုင်းဖမ်းဆုတ်ယူနိုင်ဖို့ မလွယ်ကူသော်လည်း၊ လစ်ဟာနေ သည့်ဝမ်းဗိုက်များကိုမူ ဖြည့်ဆီးပေး နိုင်ဖို့အစွမ်းအစအတွက်၊ လူသား များ အနည်းနှင့်အများဖန်တီးပေးနိုင်စွမ်း ရှိကြမည်ဟု ကျွန်မယုံကြည်ပါသည်။ လူတစ်ဦး၏ ဘဝဖြတ်သန်းမှုတွင် အကောင်းအဆိုး ဒွန်တွဲနေသည့် အတ္ထုပတ္တိ တစ်ပုဒ်စီ တော့ရှိကြရပါ လိမ့်မည်။ အလွန်တရာမှသေးသိမ်၊ ညံ့ဖျင်းလှသော စိတ်ဓာတ်ဖြင့် အနာကြီးရောဂါသည်များ အပေါ် ''အနူ'' ဟူသော အမည်သရကို ဖန်တီးခေါ်ဆိုခဲ့ကြသည့် ပုဂ္ဂိုလ်များကို အဆိုးမပြောချင်သလို၊ အကောင်းလည်း မပြောချင်ပါ။
လူသားဟူသော ခေါင်းစဉ်အောက်မှ အနာကြီး ဝေဒနာရှင်များအတွက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဝေဒနာရှင်များကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်လာနိုင်ရန်၊ အသက်ရှင်နေစဉ် ကာလတစ်လျှောက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လူကောင်းများနည်းတူ တန်းတူလုပ်ကိုင်နိုင်ရန် အစရှိသော အခွင့်အလမ်းများကို ပေးစွမ်း၊ ဖန်တီးပေးနိုင်သည့် လူသားများကို ''မရမ်းချောင်းပရဟိတကျွေး မွေးစောင့်ရှောက်ရေးဂေဟာ''မှ အနာကြီး ရောဂါဝေဒနာရှင် အဖိုးအဖွား (၉၂)ဦးက ထာဝရမျှော်လင့် ကြိုဆိုနေကြပေလိမ့်မည်။
''သမီးလေး ကျန်းမာ၊ချမ်းသာကြပါစေ၊ လူချစ်လူခင်များပါစေ။ မွေးနေ့ကစပြီးစိတ်ချမ်းသာမှု အပေါင်းကို ထာဝရ ပိုင်ဆိုင်သွားနိုင်ကြပါစေ။ အနုပညာလောက နဲ့ရောက်လေရာ လောကတိုင်းမှာ အောင်မြင်မှုများ ထပ်မံရရှိပါစေ''
ဟူသော ဆုတောင်းစကားသံများကို အဖိုးအဖွားများ၏ ခုတင်များဘေးမှ ကျွန်မ ဖြတ်လျှောက်သွားတိုင်း ကြက်သီးဖြန်းဖြန်း ထမိသည်အထိ နားဆင်ခွင့်ရခဲ့သည်။
''ညနေစာက ဝက်သားဟင်း နော်ငါးပိချက်နဲ့တို့စရာလည်း ပါသေးတယ်။ မစားရတာကြာတော့ ပြောရင်းနဲ့ စားချင်လာပြီဟေ့''
ဘယ်နေရာက ထွက်ပေါ်လာမှန်း မသိသည့် အသံပိုင်ရှင်ကို ကျွန်မရှာဖွေဖို့ မစဉ်းစားတော့ဘဲ၊ ထမင်းစား ဆောင်အတွင်းသို့ ခပ်သွက်သွက် လှမ်းဝင်ခဲ့လိုက်တော့သည်။
နဖူးဘေးနှင့် မျက်နှာများပေါ်မှ ချွေးသီးချွေးပေါက်များကို လက်မောင်းဖြင့် အသာသုတ်ရင်း၊ ဘဝတူဝေဒနာရှင်များ သုံးဆောင်နိုင်ဖို့ ထမင်း၊ ဟင်းများ ပြင်ဆင်နေကြသူများကို ငြိမ်သက်စွာ ငေးကြည့်နေခဲ့မိသည်။ ကုသိုလ်ကံတရားဆိုတာ အခြေအနေပေးမှုနှင့် အချိန်အခါကို ရွေးချယ်တတ်ပါ သလား????
လောကကြီးထဲတွင် ဘာမှန်းမသိသည့် ''ကံ'' ကိုသာ၊ အဆင်မပြေတိုင်း လက်ညှိုးထိုးကာ ယိုးမယ်ဖွဲ့ နေခဲ့ကြလျှင် လူသားတိုင်း ကံကောင်း ခြင်းကိုအခန့်သား ပိုင်ဆိုင်နိုင်ကြလိမ့်မည်မဟုတ်ပါ။
သို့သော်လည်း ပြည့်စုံသော လူသားတိုင်း ရေးထိုးနိုင်ကြသည့် လူ့သမိုင်းကြောင်းကိုတော့ ''မရမ်းချောင်း ပရဟိတဂေဟာ''မှ အဖိုး၊အဖွား အားလုံး ရေးထိုးနိုင်ဖို့ ရာခိုင်နှုန်း တော်တော်များများ မသေချာနိုင်ပေ။
မရမ်းချောင်း ကမ္ဘာအသေးစားလေးမှ အဖိုးအဖွားများအတွက် ''လူ့သမိုင်းကြောင်း ပြီးဆုံးသွားပြီလား'' ဟူသော မရေမရာအတွေးက (၂၇)နှစ်ပြည့်မြောက်သွားသည့် နေ့ရက်အချိန် အခါမှစတင်ပြီး မောဟိုက်ကြေကွဲစွာ အဖြေရှာဖွေရင်း လစ်ဟာသွားသည့် ''လေဟာနယ်''ကို လိုက်လံရှာဖွေနေမိပြန်ပါသည်။

ဆုကဗျာ
(၂၀၁၀ ခုနှစ်၊ အောက်တိုဘာ(၄)ရက်၊မွေးနေ့ အမှတ်တရ)

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009