နှစ်သစ်အမှတ်တရ

3 comments


သစ္စာ+ဝဋ်ကြွေး+ကျိန်စာ = Valentine

0 comments

Valentine’s Day “ချစ်တဲ့များနေ့”လို့ ချစ်တတ်သူတိုင်းက သတ်မှတ်ကြတဲ့ ဖေဖော်ဝါရီလ(၁၄)ရက် နေ့ကတော့ သစ္စာရှိစွာနဲ့ တစ်နှစ်တစ်ခါ ရောက်လာတတ်ပေမယ့် ကျွန်မကို မျှော်လင့်ချက်တွေ ပေးသွားတဲ့ သူ တစ်ယောက်ကတော့ နှစ်အတန်ကြာသည့်တိုင်အောင် ယနေ့ထိ ကျွန်မထံသို့ ရောက်မလာခဲ့ပါ။
ကျွန်မကတော့ လွန်ခဲ့သော(၃)နှစ်ကျော်ကတည်းက နှစ်စဉ်မှန်မှန် Valentine’s Day ရောက်တိုင်း ဒီနေရာလေးမှာ ကျွန်မမျှော်လင့်နေသူရယ်၊ သူယူလာပေးမယ်ဆိုတဲ့ Chocolate ဗူးလေးနဲ့ ပန်းစည်းလေးတွေကို ဝီရိယ ကောင်းကောင်းနဲ့ သစ္စာရှိစွာ စောင့်မျှော်နေဆဲပါ .....။



အခန်း(၁)
ကျွန်မတို့အိမ်မှာ Computer စဝယ်တဲ့နေ့ကဆိုကြပါစို့။ COMPUTER ကုမ္ပဏီ၏ Promotion Card ပြားလေးအရInternet သင်တန်းအခမယ့် တက်ခွင့်ရခဲ့လေသည်။ ကျွန်မသည် ကျောင်းပြီးကတည်းက Tour ကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ခဲ့သည်မှာ ခုဆိုရင်တစ်နှစ်နီး ပါးရှိနေပြီဖြစ်သော်လည်းInternet အသုံးပြုနည်းများကို ကျွန်မ၏ ညံ့ဖျင်းမှုကြောင့် ကောင်းစွာ အကျွမ်းမဝင်ခဲ့ပါ။ ယခုတော့ “ရေငတ်တုန်း ရေတွင်းထဲကျ”ဆိုသလို ကျွန်မ၏ဆန္ဒများ ပြည့်ဝတော့မည်ဖြစ်သည်။
Apple Computer Servic & Trainning Centre နာမည်ကြီး COMPUTER ဝယ်ယူသူများနှင့် သင်တန်းသားများ နေ့စဉ်မပြတ်စည်ကားနေသော CENTRE တစ်ခုလည်းဖြစ်ပါသည်။ ယခုဖွင့်လှစ်သော e.mail & internet သင်တန်းမှာ ဤကုမ္ပဏီ၏ CUSTOMER များသာ တက်ခွင့်ရသော သီးသန့်သင်တန်း ချိန် ဖြစ်သည့်အတွက် ရုံးဝန်ထမ်းများ၊ကျောင်းသူ ကျောင်းသားများနှင့် လူလတ်ပိုင်းတချို့စသဖြင့် အရွယ်မျိုးစုံ လာရောက်သင်ယူကြသည်။Sectionတစ်ခုလျှင် သင်တန်းသား (၂၀)ဦးသာလက်ခံပြီး COMPUTER တစ်လုံးချင်းစီဖြင့် အေးချမ်းစွာသင်ကြားနိုင်သည်။ သင်တန်းကာလမှာ ရက်သတ္တပတ်(၂) ပတ် ဖြစ်သည်။
ယနေ့ ကျွန်မသင်တန်းတက်သည့် လေးရက်မြောက်နေ့ဖြစ်ပါသည်။ သင်တန်းချိန်အတွင်း ကျွန်မ၏ MAILBOX ထဲသို့ ထူးခြားသောစာတစ်စောင်ဝင်ရောက်လာပါသည်။
“ဒီနေ့ မင်းအရမ်းလှနေပါလားကြည်ပြာ၊ မင်းမျက်ဝန်းလေးတွေရဲ့ ဖမ်းစားမှုကြောင့် ငါ အိပ်မပျော်တာ (၃)ရက်ရှိနေပြီ”တဲ့။
ဟင် ဘယ်လိုကြီးလဲ။ သူက ဘယ်သူလဲ။ ဘယ်နံပတ်က ပို့လိုက်တာလဲဆိုသော လဲပေါင်းများစွာကို ကျွန်မတစ်ယောက်တည်းမျက်မှောင်ကျုံ့ကာ အဖြေထုတ်နေမိပါသည်။ ကျွန်မနာမည်ကို ဘယ်သူက သိနေတာလဲ။ စဉ်းစားရင်းနဲ့ပင် အခန်းတွင် တစ်ချက်မသိမသာ ဝေ့ကြည့်လိုက်ပါသည်။ တစ်ယောက်မှ လည်း ငါနဲ့ သိတဲ့သူ မပါပါလား။ ကျွန်မ၏ သင်တန်း CODE NO.မှာ P.C.S (12)ဖြစ်ပါသည်။ ကျွန်မ ဘယ်ဘက်ဘေးရှိ No.(11)ပိုင်ရှင်မှာ အသက်(၄၀) ကျော် အန်ကယ်ကြီးတစ်ယောက်ဖြစ်ပြီး ညာဘက် နံဘေးမှ တစ်ယောက်မှာမူ (၁၀)တန်းကျောင်း သူလေးတစ်ယောက်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမဝတ်ဆင်ထားသော ကျောင်းဝတ်စုံနှင့် အတန်းတံဆိပ်များကြောင့် သူမသည် ကျောင်းဆင်းချိန်တွင် တစ်ခါတည်း သင်တန်းသို့ လာတက်ခြင်းဖြစ်နိုင်သည်။ ဒါဆို ကျွန်မအနီးမှ လူများလည်း မဖြစ်နိုင်ဘူးပေါ့၊ ဘယ်သူများပါလိမ့်၊ ကျွန်မအတွေးမဆုံးသေးInbox ထဲသို့ စာတစ်စောင်ရောက်လာပြန်ပါသည်။
“ငါဘယ်သူလဲဆိုတာ စိတ်ဝင်စားသွားသလား ကြည်ပြာ”ဟူသော စာအဆုံးမှာတော့ ဒုတိယ အကြိမ်အခန်းတွင်းသို့ ထပ်မံမျက်စိကစားလိုက်မိသည်။ အကုန်လုံးက ကိုယ့် COMPUTER ပဲ ကိုယ်အာရုံစိုက်နေကြပါလား၊ ကျွန်မလှမ်းကြည့်လို့ မြင်သလောက်ကတော့ တော်တော်များများ Web Site တွေမှာ မင်းသား၊ မင်းသမီးတွေ ဇာတ်ကားတွေအကြောင်းကြည့်သူတွေကကြည့် ပြီး တချို့တွေကFile တွေ Downloadလုပ်နေကြလေသည်။ သေချာသည်ကတော့ ဤအခန်းတွင်းမှ တစ်စုံတစ်ယောက်သာ ဖြစ်နိုင်သည်။ သင်တန်းကာလဖြစ်သည့်အတွက် OUTLOOK EXPRESSကို အသုံးပြုကာ အခန်းအတွင်း၌ သာMessageပို့လို့ရအောင် ဖန်တီးထားခြင်း ကြောင့်ဖြစ်သည်။
Messageမှာလည်း ပေးပို့သူ၏ နာမည်မပါ ပါလား။ ဒါဆို CODE NO. ကရော အမှန်မဖြစ် နိုင်။ အဘယ်ကြောင့်ဆိုသော် CODE NO.သိပါက ထသွားပြီး စကားပြောစရာမလိုအောင်ပင် နေရာမှ လှမ်းကြည့်၍ပင်ပြောနိုင်သည်။ စက်များမှာတစ်လုံးနှင့်တစ်လုံး သိပ်မကွာဝေးသောကြောင့် ပင်။ ယခုပို့လာ သော CODE NO. က (၁)တဲ့။ ကျွန်မလှမ်းကြည့်လိုက်တော့ ဟယ်၊ CODE NO.(၁) က ချာတိတ်လေးတစ်ယောက်ပါလား။ ဒီချာတိတ်လေးလောက်ကတော့ ကျွန်မကို နာမည်ခေါ်ကာ ရွယ်တူ တန်းတူလို ဆက်ဆံစရာအကြောင်းမရှိ၊ အလွန်ဆုံးရှိမှ (၁၅)(၁၆)နှစ်လောက်သာသာကလေး တစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့်ပင်။
ဒီလိုနဲ့နေ့စဉ် ကျွန်မဆီကို စာပို့နေသောပုဂ္ဂိုလ်မှာမည်သူဖြစ်နိုင်မလဲဆိုတဲ့ အဖြေကိုကြိုးစားပမ်း စားမရှာချင်တော့ပါ။ တိုတောင်းလှသော သင်တန်းကာလဖြစ်သည်က တစ်ကြောင်း၊ သင်တန်းကျောင်းသားအချင်းချင်းနောက်ပြောင်ကာ ပို့နေသည်ဟု ထင်မိသည်က တစ်ကြောင်း ကြောင့်ပင်ဖြစ်သည်။


အခန်း(၁) . . . အဆက်
ယနေ့သည် ကျွန်မတို့သင်တန်းကာလပြီးဆုံးသည့် (၁၄)ရက်နေ့မြောက်ဖြစ်ပါသည်။ ကျွန်မလည်း နီးစပ်ရာခင်မင်သွားသူများအား နှုတ်ဆက်ကြောင်းMessageပို့နေဆဲမှာပင် . .
“ကြည်ပြာ၊ ငါ့ရဲ့ နှလုံးသားသခင်မလေးရေ၊ မင်းမျက်နှာလေးကို ဒီနေ့က စပြီး အခုလို ခိုးကြည့်ခွင့်တွေဆုံးရှုံးသွားပြီးနော်၊ ဒါပေမယ့် မင်းဆီကိုတော့ ငါ့သဝဏ်လွှာလေးတွေ E-MAILနဲ့ မှန်မှန်ဆက်သနေမှာပါ။
“SENT FROM LONELYHEART”တဲ့။ သူနာမည်က Lonelyheart တဲ့လား၊ ဟွန်း၊ နောက်ဆုံးနေ့ကျ မှပဲ နာမည်သိရတော့တယ်။ ကျွန်မလည်း မဆိုင်းမတွပင်Create Mailမှာစာတစ်စောင်အမြန် ရိုက်ထည့်ကာ သူပို့လိုက်သော CODE NO.ကိုပင်REPLY ပြန်ပို့ပေးလိုက်သည်။
“ကျွန်မနာမည်ရော၊ E-MAIL ADDRESS ကိုပါ သိနေတာ မလွန်လွန်းဘူးလား၊ ကဲ ဒီလောက်တောင် ကျွမ်းနေရင် ကျွန်မရဲ့အလုပ်အကိုင်နဲ့ အသက်ကို မှန်အောင်ပြော”
Inbox ၏ဘေးတွင်New Message(၁)ဆိုသော စာတန်းလေးသည် စက္ကန့်ပိုင်းအတွင်းမှာ ပင်ဖြစ်ပေါ်လာသည်။
“ကြည်ပြာသစ်လွင်ဆိုတာKyaw Tour ကုမ္ပဏီရဲ့Tour-Guide တစ်ယောက်ဖြစ်ပြီး အသက်က(၂၄)နှစ်ပါ၊ နေတာက ရန်ကင်း(၁၂)လုံးတန်းမှာပါ၊ အမေတစ်ခု၊ သမီးတစ်ခုဖြစ်ပါတယ်”
ဟောတော့၊ မခံချင်စိတ်ကြောင့်သာမေးလိုက်သော မေးခွန်းဖြစ်နေသော်လည်း ကိုယ်တော်ချောက အတိအကျကြီးကို ပြောနေတာမှန်နေပါလား . . . ကျွန်မ၏လက်ချောင်းများက Keyboard ပေါ်မှ အက္ခရာစာလုံး(၆)လုံးပေါ်တွင်သာ ကြိမ်ဖန်များစွာ ပြေးကစားနေတော့သည်။
“Who are u?”

အခန်း(၂)

ကျွန်မသင်တန်းတက်နေသောရက်အတွင်း ကုမ္ပဏီမှတစ်နာရီစောဆင်းခွင့်ကို Boss ဆီမှတောင်း ထားသောကြောင့်ဟုကျွန်မတွင်အလုပ်ကြွေးများပုံကာ နေ့စဉ်ခေါင်းမဖေါ်နိုင်အောင် ကုမ္ပဏီတွင်သာ မက အိမ်အထိပါ အကြွေးများကို သယ်ကာရှင်းနေရပါသည်။ COMPUTER ထဲတွင်လည်းFileများလွန်းသဖြင့် Recycle Binခေါ် အမှိုက်ပုံးကလေးထဲသို့ ပို့ပစ်လိုက်ချင်တော့သည့် စိတ်များတဖွားဖွားပေါ်လာမိပေသည်။
အိမ်ရှိ COMPUTER ၌Internet မချိတ်မိခဲ့သည်မှာ သင်တန်းပြီးဆုံးသည့်နေ့မှ ငါးရက်မြောက် ကြာသောနေ့ဖြစ်သည်။
အားပါးပါး!Inbox ထဲမှာNewMessage(၂၅)တဲ့၊ ဘယ်ကများပို့လိုက်တာပါလိမ့်။
INBOX ကို Click ထောက်လိုက်တော့ ပွင့်လာပါပြီ။Messageတွေ၊ ဘာတဲ့ အို အားလုံး Lonelyheart ဆီက ပါလား၊ တစ်နေ့ကို ငါးစောင်နှုန်းနဲ့ ငါးရက်ဆိုတော့ (၂၅)စောင်ကြီးများတောင်၊ တယ်လည်းဇွဲကြီးတဲ့ ကိုယ်တော်ပါလား၊ ဧကန္တတော့ အလုပ်မရှိ၊ အကိုင်မရှိ ၁၀၉/၁၁၀ သမားလားမှ မသိတာ . .
စာတွေထဲမှာလည်း ဘာမှထူးထူးခြားခြားမပါပဲနဲ့များ၊ ဟယ် ပို့ထားတဲ့ E-card လေးကတော့ ချစ်စရာလေး၊ COFFEE ခွက်လေးနှစ်ခွက်ယှဉ်ပြီး U+Meတဲ့။ တီးလုံးလေးလည်း ပါသေးတယ်၊ အဲဒါမှ ခက်တာပဲ၊ မနေ့ကပဲ Wooferထဲကိုကြောင်သေးပန်းသွားလိှု့ Speaker ကောင်းသွားရင် ပြန်နားထောင်လို့ရတာပဲ . . Pls reply me.တဲ့။ အင်းလေ သူတောင်ငါ့ကို အစောင်နှစ်ဆယ်(၂၀)ကျော်ကြီးပို့ထားသေးတာပဲ၊ တစ်စောင်တလေလောက်တော့ ပြန်ပို့သင့်ပါ တယ်လေ . Sorry Delay for Reply! ဆိုပြီး Subject မှာ ရိုက်ထည့်ကာ စာတစ်စောင်ပြန်ပို့ လိုက်ပါသည်။
ယခုဆိုလျှင် ကျွန်မမှာ ကုမ္ပဏီဆင်းသည်နှင့် ရေချိုး၊ ထမင်းစား၊ ဘုရားရှိခိုးစသည်ဖြင့် ကျွန်မ၏ နေ့စဉ်ဝေယျာဝစ္စများပြီးတွင် COMPUTER ရှေ့သို့ အချိန်မှန်မှန်ထိုင်တတ်လာပါသည်။ ရံဖန်ရံခါ Boss ၏အရေးပေါ်အလုပ်များ၊ ဧည့်သည်များပေါ်လာပါက ဖုန်းဖြင့်အလုပ်လုပ်ရသောကြောင့်Internet သုံးတာ နောက်ကျသည့်နေ့များလည်း ရှိသည်။ ကျွန်မ၏ COMPUTER မှာ Dial-up Connection ဟု ခေါ်သော အိမ်ဖုန်းလိုင်းအား Moderm ဖြင့် ချိတ်ကာ ဆက်သွယ်အသုံးပြု ရသောInternet ဖြစ်လေသည်။

အခန်း(၂)အဆက် . .
“ကြည်ပြာ၊ ဒီနေ့ဘယ်သွားနေလို့လဲ၊ မင်း E-MAILကို ငါမျှော်နေတာ (၂)နာရီကျော်သွား ပြီ”
“ဘယ်မှမသွားပါဘူး lonelyheart ရယ်၊ Over-time ရှိလို့ပါ၊ ပြင်သစ်က ဧည့်သည်တွေ သတ်မှတ်ရက်ထက်စောပြီး ရောက်လာလို့ လေဆိပ်မှာ သွားကြိုနေရလို့ပါ”
“မင်း CHATTING ထိုင်တော့ ဘယ် Site သုံးသလဲ။ ငါတို့ တစ်တွေ E-MAIL ပို့တာထက် CHATTING ထိုင်တာ ပိုကောင်းမယ်ထင်တယ်၊ စကားပြောရတာ ပိုသွက်တာပေါ့”
“ကြည်ပြာက CHATTING တစ်ခါမှ မထိုင်ဖူးဘူး၊ သူငယ်ချင်းတွေပြောတာတော့ ကြားဖူး တယ်၊ ဘယ် Site ကိုသုံးရမလဲ သင်ပေးလေlonelyheart”
“OKဒါဆို တတတ.ါညေါသညခငအပ.ခသာ ဆိုပြီး Address Bar မှာ ရိုက်ထည့်လိုက်၊ ပြီးရင် Page ကျလာလိမ့်မယ်၊ အဲဒီမှာ Chat အထဲဝင်လို့ရမှာ”
ကျွန်မလည်း သူပြောတဲ့အတိုင်း တစ်ဆင့်ချင်းလုပ်ကြည့်ရာ Account တစ်ခုရကာ Memberတစ်ယောက်ဖြစ်သွားသည်။ ထို့နောက်
“ရပြီလား ကြည်ပြာ၊ User Name က ဘာလဲ၊ ကြည်ပြာပဲလား”
“မဟုတ်ဘူးlonelyheart ၊ User Name ကWhit Angle ၊ နာမည်က ကြည်ပြာသစ် လွင်ဆိုပေမယ့် တို့က အဖြူရောင် CRAZY လေ”
“ကောင်းပါပြီ lonelyheart လေးရဲ့White Angle လေးရယ်”
ကျွန်မမှာ ဟန်မဆောင်နိုင်ဘဲ စိတ်လွတ်ကိုယ်လွတ်အော်ရယ်လိုက်မိတော့သည်။ ဘယ်လိုမှ လူမှန်းလည်းမသိ၊ ဘယ်ကလာမှန်းလည်း မသိပဲနဲ့ ခင်နေတာကြာပြီဆိုပေါ့။ ဒါပေမယ့် သူ့အကြောင်း ကျွန်မတစ်ခါမှ မမေးကြည့်ဖူးပါ။ နဂိုကတည်းက အေးအေးဆေးဆေးနေတတ်သူပီပီ သူ့အကြောင်း များကိုလည်း ထူးထူးထွေထွေမသိချင်သေး။

အခန်း(၃)

ဒီနေ့တော့ ထူးထူးဆန်းဆန်း ကိုယ်တော်ချောက သူ့အကြောင်းတွေကို ကျွန်မအား မေးခိုင်းနေပါ သည်။ ပြောပြချင်ရင် သူ့ဘာသာသူပြောပါလား၊ ကျွန်မကပဲ တကူးတက သူ့ကိုမေးရဦးမယ်၊ တော်တော်လည်းလာတဲ့သူ၊ ပဟေဋ္ဌိပေါင်းများစွာနဲ့ ထူးဆန်းသော လူသားစာရင်းဝင်အဖြစ် ဂရင်း နစ် စာအုပ်မှာ မှတ်တမ်းပဲတင်ရတော့ မလိုလို၊ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်မ၏ ကိုယ်ရေးရာဇဝင် Profileကို အခိုင်အမာသိထားသူတစ်ဦးပင်ဖြစ်သည်။ ဥပမာ-တက္ကသိုလ်တက် တုန်းက ကျွန်မ၏ ရည်းစား အကြောင်းပင်၊ SECOND YEAR မှာ လူတစ်ယောက်နှင့် ကျွန်မချစ်သူ တွေဖြစ်ခဲ့ဖူးသည်။ သို့သော်ထိုလူမှာ ပိုက်ဆံချမ်းသာသော အသိုင်းအဝိုင်းမှဖြစ်သည့်အပြင်ကိုယ်ပိုင်အရည်အချင်းမရှိပဲ မိဘပိုက်ဆံထိုင်ဖြုန်း နေသော လူ့ဘော်ကြော့တစ်ဦးဖြစ်သဖြင့် ကျွန်မတို့ နှစ်ယောက်၏ ချစ်သူသက်တမ်းမှာ SECOND YEAR စာမေးပွဲမဖြေခင်မှာပင်ပဲ ပြီးဆုံးသွားခဲ့လေသည်။ ယခုထိုပုဂ္ဂိုလ်မှာ ဤအကြောင်းများကိုပင် ခရေစေ့တွင်းကျသိနေသဖြင့် ကျွန်မမှာ အထူးပင်အံ့ဩရပါ သည်။ ကျွန်မကြည်ပြာသစ်လွင်ဆိုသော မိန်းမတစ်ယောက်သည် ရုပ်ရှင်မင်းသမီးနိုင်ငံကျော်တစ်ဦး မဟုတ်သည့်အပြင် အောင်မြင်ကျော်ကြား နေသည့် အဆိုတော်တစ်ဦးလည်းမဟုတ်ပါ။ ကျောင်း တုန်းကသာ တက္ကသိုလ်မှာရွေးချယ်သော “Major Queen" အလှမယ်ဘွဲ့ကိုသာရရှိထားသော သာမန် မိန်းကလေးတစ်ယောက်ဖြစ်ပေသည်။ ထိုသည်မှာ လည်း ကျွန်မထက်လှသော သူများSECOND YEAR ရောက်မှ ကျောင်းကိုပြောင်းလာပြီး “င်္MAJOR QUEEN”ဟုခေါ်သော “မောင်မယ်သစ်လွင်ပွဲ”ကို မမီလိုက်သောကြောင့်ပင်ဖြစ်နိုင်သည်။
ကျွန်မ၏ ရုပ်ရည်မှာ မြန်မာဆန်သော သာမန်ရုပ်ရည်မျိုးဖြစ်ပြီး ကျွန်မငယ်စဉ်ကတည်းက မြတ်နိုးစွာ ထားသော ဒူးထောက်ခွက်အထိရှည်လျားလှသော ဆံပင်ရှည်ကြီးများကြောင့် ကျွန်မ၏ အလှမှာ မဆိုစလောက် ပေါ်လွင်ပါသည်။ ထိုပုဂ္ဂိုလ်ကတော့ ကျွန်မ၏ မျက်လုံးဝိုင်းကြီးကို သဘောကျပါသည်တဲ့၊ ဟုတ်လားတော့ မသိပါ၊ ထူပိန်းလှသော မျက်ခုံးမွေးများအောက်တွင် မျက်နက်ဝန်းဟုသူခေါ်သော ကျွန်မ၏ မျက်လုံးပြူးကြီးများကြောင့် အမေက ကျွန်မကို “ဇီးကွက်မ” ဟု ချစ်စနိုးနှင့် ခေါ်တတ်ပါသည်။
“White Angle ဒီနေ့ဆိုရင် ကိုယ့်တို့နှစ်ယောက် မိတ်ဆွေဖြစ်လာတာ(၂)လပြည်သွားပြီ။ မင်းအခုချိန်အထိလဲ ကိုယ့်အကြောင်း မမေးသေးဘူးနော်၊ ကိုယ်ကလည်း လူတစ်မျိုးကွ၊ သူများ အမေးပဲနဲ့ အဖြေကြိုမပြောတတ်ဘူး”
ဟုတ်ပါရဲ့၊ ဒီလိုဆိုတော့လည်း အားနာပါးနာနဲ့မေးရတော့မှာပေါ့ . . သူက ကျွန်မကို CHATTING ဝင်တတ်အောင် သင်ပေးထားတဲ့ ကျေးဇူးက ရှိနေတော့ . . ကဲlonelyheartရဲ့ နာမည်အရင်း၊ အဖေ၊ အမေနာမည်နဲ့ FAMILY အကြောင်းကနေစလိုက်ကြရအောင်။
“ကိုယ်နာမည်က စည်သူထွဋ်ခေါင်၊ အသက်က(၂၅)၊ မင်းထက်တစ်နှစ်ကြီးတယ် အဖေတို့ အမေတို့ကူဗ မှာ တာဝန်ကျနေကြတယ်။ မင်းနားလည်အောင်ပြောရရင်တော့ ကိုယ့်အဖေက သံရုံးအရာရှိတစ်ဦးပါ။ ညီလေးကိုတော့ ကြည်ပြာသိမှာပါ။ ကြည်ပြာ့ဆီကိုMessageတွေ ကိုယ့်ကိုယ်စားပို့ပေးခဲ့တဲ့ CODE NO(1)က ညီလေးလေ။ သူ့ကိုခုတုံးလုပ်ပြီး ကြည်ပြာ့ကို ခြေရာဖျောက်ထားရတာလေ . . ဟဲ ဟဲ”
အမယ်လေးနော်၊ တတ်လည်းတတ်နိုင် ပုဂ္ဂိုလ်လေးတွေ၊ ဖြေသွားတာစုံနေတာပဲ ဪသာ်၊ အရေးကြီးတာကျန်သေးတယ်၊ အလုပ်အကိုင်ဒီအသက်အရွယ်မှာတော့ ကိုယ်ပိုင်အလုပ်တစ်ခုရှိ ရမှာပဲ တော်ကြာသူပြောတဲ့ အတိုင်းဆိုရင် ဒင်းက ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းထဲကပဲဖြစ်ရမယ်၊ ထားခဲ့ဖူးတဲ့ ရည်းစားလို ၁၀၉/၁၁၀ ဆိုလို့ကတော့ ဂျောင်းပဲ။ ကျွန်မ၏ အယူအဆကတော့ အသက်(၂၀)ပြည့်ပြီဆိုရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့လူမှ လူပီသမှာပါ။ ကျွန်မ ကိုယ်တိုင်က အမေတစ်ခု၊ သမီးတစ်ခုဘဝဖြစ်သည့်အပြင် မေမေ့၏ ကျောင်းဆရာမဝင်ငွေလေးနဲ့ ကျွန်မကို ဘွဲ့ရသည်အထိ ပညာတွေသင်ပြေးခဲ့သည့် မေမေ့ကို ကျွန်မတလှည့်ပြန်ပြီး ကျေးဇူး ဆပ်ချင်ပါသည်။ ထို့ကြောင့်လည်း ကျောင်းမပြီးခင်FinalYear မှာကတည်းက ဤကုမ္ပဏီမှာ အလုပ်ရနိုင်အောင် ကျွန်မ language များကို လက်လှမ်းမီသလောက် သင်ကြားရင်းဘွဲ့ရပြီး သည်အထိ ကျွန်မမျက်နှာမှာစာအုပ်နှင့်မခွာခဲ့ရပါ။
ကျွန်မက မေးကြည့်တော့ “ကိုယ့်အလုပ်က Export,Import ကားကုမ္ပဏီတစ်ခုမှာ ကြီးကြပ် ရေးမှူးသဘောပေါ့၊ ကိုယ့်ဦးလေးကုမ္ပဏီတစ်ခုမှာ ကြီးကြပ်ရေးမှူးသဘောပေါ့၊ ကိုယ့်ဦးလေး ကုမ္ပဏီဆိုတော့လေ”
“ရှင်က ကြီးကြပ်ရေးမှူးလည်းပြောသေးတယ်၊Internet သင်တန်းလည်း လာတက်သေးတယ်၊ ရှင့်ကိုကြည့်ရတာ သင်တန်းလာတက်တာ၊ နဂိုကတည်းက ကျွမ်းကျင်နေတဲ့ သဘောမှာရှိတယ်၊ သင်တန်းသားရောဟုတ်ရဲ့လား၊ နည်းပြဆရာများဖြစ်နေသလား Lonelyheart” ကျွန်မစကား အဆုံးမှာတော့ . .
“ံ Ha! Ha! Ha! my lovely sweetheart White Angle! ရယ်။ မင်းဒီလောက်တော်လိမ့်မယ် လို့ ကိုယ်မထင်ထားမိဘူးကွာ။ Right! မင်းပြောတာ မှန်တယ်၊ ကိုယ့်ညီလေးက Counter-Strike ပစ်ချင်တယ်ဆိုလို့ ကိုယ်ကခြေငြိမ်အောင် အိမ်မှာ Network Game ဆိုင်အသေးစားလေး ဖွင့်ပေးထားရတာကွ၊ ကိုယ့်ညီလေးက နည်းနည်းဆိုးချင်တဲ့သဘောမှာရှိတယ်၊ အေးလေ သူ့အနေနဲ့ကျတော့လည်း ပြေးကြည့်မှ မြန်မာပြည်မှာ ကိုယ်တစ်ယောက်တည်းရှိတာဆိုတော့ နွဲ့ဆိုးဆိုးချင်မှာပေါ့။ နောက်ပြီး သူနဲ့ကိုယ်နဲ့က (၉)နှစ်ကျော်တောင်ကွာတာဆိုတော့ ကိုယ်က သိပ်ချစ်တာကွ၊ ကိုယ့်ညီအကြောင်းပြောနေတာနဲ့ပဲ Apple မှာ သင်တန်းလာတက်တဲ့အကြောင်း မရောက်တော့ဘူး၊ အတိုချုပ်ပြောရရင် Promotion Cardတွေကလည်းရ၊ ကိုယ့်ညီလေးသင်တန်း ချိန်တွေကို အကြိုအပို့လုပ်ပြီး ထိုင်စောင့်နေရမယ့် အတူတူ ကိုယ်လည်းအလုပ်နည်းနည်းအားနေ တာနဲ့ တစ်ခါတည်းဝင်တက်လိုက်တာကွ”
သူပြောမှပဲ သူ့ညီလေးဆိုသော ချာတိတ်လေးကို မျက်လုံးထဲပြေးမြင်လာမိတော့သည်။ ကိုယ်ခန္ဓာ ဝ၀ဖိုင့်ဖိုင့်လေးနှင့်လိုက်ဖက်လှသော မျက်နှာဖောင်းဖောင်းနှင့် ချာတိတ်လေးသည် ကျွန်မသူ့ခုံကို လှမ်း၍ကြည့်တိုင်း ချစ်စဖွယ်မျက်နှာလေးမှာ မလုံမလဲပြုံးကာ ခေါင်းလေးငုံ့ငုံ့ထားတတ်ခြင်းကြောင့် အပြစ်ကင်းသော မျက်နှာဝိုင်းဝိုင်းလေးကို ကျွန်မအမှတ်ရနေမိခြင်းပင်ဖြစ်သည်။
အဲဒါကြောင့် ကလေးလေးက ငါသူ့ကို ကြည့်တိုင်းခေါင်းလေးငုံ့ငုံ့သွားတာဖြစ်မယ်။ ကလေး ကို ပျက်စီးရေးလမ်းကြောင်းတွေသင်ပေးနေတဲ့လူ . . .
“ဟုတ်ပါပြီ၊ ဒါဆို ကျွန်မကို ဘယ်လိုစပြီးသိရတဲ့အကြောင်းကိုလည်း ရှင်းစမ်းပါဦး”
“ကြည်ပြာသင်တန်းကို ပထမဦးဆုံးလာတက်တဲ့နေ့ကို မှတ်မိလေးလား၊ သင်တန်းသားတွေ အားလုံးစုံမှ ဆံပင်ရှည်ကြီးတရမ်းရမ်းနဲ့ ဘိုသီဘတ်သီအခန်းထဲဝင်လာတဲ့ ကြည်ပြာ့ပုံစံကြောင့် ကိုယ်သတိထားမိသွားတာ”
ဟုတ်ပါရဲ့၊ အဲဒီနေ့က သင်တန်းပထမဦးဆုံးတက်ရမယ့်နေ့ဆိုတော့ ရုံးကနေ တစ်နာရီကြို ဆင်းခွင့်ပေး ပေမယ့် ကပ်စီးနည်းပြီးချွေတာတတ်သော ကျွန်မကတော့Busကားမစီးပဲ သုဝဏ္ဏရှိ ကျွန်မ၏ ကုမ္ပဏီမှသည် ပန်းဆိုးတန်းရှိ သင်တန်းသို့ ပေသီးခေါက်ကာ ကျြကားတိုးစီးမိသော ကြောင့်ဖြစ်သည်။ ညနေစောင်းပြီမို့ Bus ကားကလည်း လူကျပ်ချိန်၊ ကျွန်မမှာ ထမင်းခြင်းက တစ်ဖက်၊Fileတွဲများက တစ်ဖက်အပြင် ကျွန်မ၏ ရှည်လျားလှသော ဆံပင်ရှည်ကြီးများက ကျွန်မကို ဒုက္ခလှလှကြီးပေးလေတော့သည်။ မှတ်တိုင်ရောက်ပြီမို့ ဆင်းချင်ဇောနဲ့ ကမန်းကတန်းပြေး ဆင်းကာမှ ဆံပင်ရှည်ကြီးက ကျွန်မအနောက်ဖက်မှ အန်တီကြီး၏ ချိုင့်ကြားတွင် ညှပ်ထားသော ခေါက်ထီးရိုးများကြားတွင် ငြိတွယ်နေလေသည်။ ထိုနေ့က သင်တန်းရောက်တော့ ကျွန်မမှာ ချွေးများပြန်ပြီးမောနေသေးသည်။ Air Con အခန်းထဲမှာမို့လို့သာ တော်ပေတော့သည်။ သူပြောလိုက်မှ ကျွန်မမှာ အနည်းငယ်ရှက်သွားမိရင်း . .
“ဒီလောက်ကလေးနဲ့တော့ ကျွန်မအကြောင်းတွေသိတာ မရိုးသားဘူး”ဟု ကျွန်မမှာ အရှက် ပြေပြောလိုက်ရလေသည်။ သူကလည်း အားကျမခံစွာဖြင့်
“ဒါကတော့ကွာ Knowledge Ageကြီးထဲမှာ လူတစ်ယောက်အကြောင်းသိဖို့က မခက်ပါဘူး၊ အထူးသဖြင့် ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတော့ ပိုတောင်လွယ်သေးတယ်”တဲ့။

အခန်း(၄)

ကျွန်မသည် သူ့ကိုလူကိုယ်တိုင်မမြင်ဖူးသည်မှအပ သူ၏အကြောင်းများ၊ စိတ်ဓာတ်များကို လေးစားဖွယ်ရာကြားသိရလေသည်။ ကျွန်မတို့ နှစ်ယောက်မှာ ညစဉ်ညတိုင်းတစ်နေ့တာတွင် ကြုံတွေ့ခဲ့ရသည်များကို အပြန်အလှန်ရင်ဖွင့်ရင်း၊ ရင်းနှီးသွားကြလေသည်။ တစ်ခါကဆိုလျှင် လမ်းမှာ အဖိုးကြီး၊ အဖွားကြီးစုံတွဲ Busကားမှတ်တိုင်တွင် ကြာမြင့်စွာစောင့်နေရသည်ကို သူ၏ ကူညီချင်သည့်စိတ်ထားကြောင့် မကြည့်ရက်သဖြင့် သူ၏ကားဖြင့် အိမ်တိုင်ရာရောက် လိုက်ပို့ခဲ့သည့်အပြင် အဖိုးအိုကြီးမှာ အိမ်သို့ အရောက်တွင် အသက်ကြီးပြီး နွမ်းပါးသည့်ဒဏ် ကြောင့် အမောဖောက်ကာ သူ့မျက်စိရှေ့တွင်ပင် ဦးနှောက်သွေးကြောပြတ်ကာ ဆုံးသွားလေသည်။ သူ့ခမျာ စေတနာထားပြီး ပို့ကာမှ အိမ်ပြန်ရောက်ချိန်တွင် ကွယ်လွန်သွားသည့်အတွက် အသုဘ ကိစ္စများကို ကိုယ်တိုင်၊ သူ့ကားဖြင့်အစအဆုံးကူညီပေးခဲ့ပြီး နာရေးစရိတ်ကိုပါ ထုတ်ပေးခဲ့သေး သည်။ ကျန်ခဲ့သည့်အဖွားကြီးမှာ ကျေးဇူးတင်လွန်းသဖြင့် သူ့အား “သား၊ သား”ဟု နှုတ်မှ အော်ကာ ဖက်၍ ငိုနေသဖြင့် သူ၏မိခင်ကို လွမ်းဆွတ်သတိရမိကြောင်း ပြောပြလေသည်။
ကျွန်မနှင့်သူInternet မှတဆင့် ခင်မင်လာသည်မှာ (၉)လကျော်၍ (၁၀)လအတွင်းသို့ ရောက်လာချိန်တွင်
“ကြည်ပြာ၊ မင်းစိတ်မဆိုးရင် ကိုယ်တစ်ခုလောက်တောင်းဆိုချင်တယ်၊ ကိုယ်မင်းနဲ့ အပြင်မှာ တွေ့ခွင့်ရချင်တယ်၊ မင်းခွင့်ပြုနိုင်မလား”
အမှန်အတိုင်းပြောရလျှင် ကျွန်မနှင့် ခင်မင်မှုအတိုင်းအတာကြောင့်ပင် ကျွန်မလည်း သူ့မျက် နှာကို မြင်ဖူးချင်ပါသည်။ ကျွန်မ၏ စိတ်မှန်းဖြင့် သူ့ပုံစံကို အကြိမ်ကြိမ်ပုံဖော်ခဲ့ပေါင်းများပြီ။ ကျွန်မလိုပဲ အရပ်ရှည်ရှည်၊ အသားညိုညိုထဲကလား။ ဒါမှမဟုတ် အရပ်ပုပု၊ အသားဖြူဖြူထဲက လား၊ မျက်နှာပုံစံကရော၊ အဝိုင်းလား၊ လေးထောင့်လား။ သွယ်သွယ်ချွန်ချွန်လား၊ အင်း စဉ်စားရတာ ပင်ပန်းပါတယ်လေ၊ လူချင်းတွေ့လိုက်တော့ စာရင်းအေးရော။ နို့မို့ဆိုရင် ကျွန်မမှာ မျက်နှာပင် မမြင်ဖူးသည့် လူတစ်ယောက်နှင့်(၁၀)လနီးပါးခင်မင်မှုတွေပြုလာပြီးကာမှ သူ့မျက်နှာ ကို တစ်ခါလောက်တော့ တွေ့ဖူးသင့်ပါသည်။ ဒါပေမယ့် ချက်ချင်းကြီးတွေ့ချင်ပါတယ်ဟု ပြောလို့ တော့ မဖြစ်သေးပါဘူး၊ သိက္ခာကျတယ်၊ နည်းနည်းလောက်တော့ ဈေးကိုင်ထားဦးမှ . . ဒါဆို ရင် ဟုတ်ပြီ! သည်းခံလက်စနဲ့ ဆက်ပြီးတစ်လလောက် သည်းခံလိုက်ပါ့မယ်
“OK! lonelyheart အခုလာမယ့် ဖေဖော်ဝါရီ Second Weekထဲမှာ ရှင်နဲ့တွေ့နိုင်အောင် ကြိုးစားမယ်၊ ဒီရက်ပိုင်းတော့ ကျွန်မလည်း ဧည့်သည်တွေများလို့ အလုပ်ရှုပ်နေဦးမှာဆိုတော့လေ”
ကျွန်မမှာ သူနှင့် ခင်မင်သည့်ကာလအတွင်း ပုဂံ-ညောင်ဦးသို့ ဧည့်သည်များအားလိုက်ပို့ ရသေးသည်။ ပုဂံမှာ တစ်ပတ်ကျော်ကျော်ကြာသွားသည့်အချိန်တွင် ကျွန်မသူ့ကို သတိတရဖြစ် နေမိသေးသည်။ ညစဉ်တိုင်းလည်း သူနှင့် CHATTING ထိုင်ငသည့်အချိန်များကို သတိရကာနေမထိ ထိုင်မသာဖြစ်နေတတ်သည်မှာ သံယောဇဉ်ကြောင့်လား၊ မဟုတ်ဘူးထင်ပါတယ်၊ ကျွန်မမှာ သူ့ကို မမြင်ဖူးသေးတာ . . သိပ်မကြာတော့ပါဘူးလေ၊ တစ်လဆိုတာ ခဏလေး . .
“င်္Feb: Second Week ကတော့ ဟုတ်ပါပြီ၊ ရက်ကိုသတ်မှတ်ဦးလေ၊ ဒါမှ ကိုယ့်အလုပ် လေးကို ကြိုရှင်းထားလို့ရအောင်”ဟု သူကပြောလေသည်။
“ဒါဆို အမှတ်တရလည်းဖြစ်အောင် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ကျွန်မမွေးနေ့မှာ တွေ့ကြမယ် လေ၊ မွေးနေ့အမှတ်တရ မုန့်လည်းစားရင်းပေါ့”
“ကောင်းလိုက်တဲ့ Idea ကွာ၊ အဟား . . ဒါဆိုရင်တော့ အပိုင်ပဲ၊ ကိုယ်ကြည်ပြာကို ဖွင့်ပြောချင်လို့ မြိုသိပ်ထားတဲ့ စကားတစ်ခွန်းကို ကြည်ပြာနဲ့ မျက်နှာချင်းဆိုင်တွေ့မှပဲ ကြည်ပြာ့ မျက်ဝန်းလေးကို သေသေချာချာကြည့်ပြီး ပြောတော့မယ်ကွာ”
ဘုရား . . ဘုရား . . ကျွန်မရင်တွေ တဒိတ်ဒိတ်နဲ့ ပါလား၊ ကျွန်မရှင့်မျက်နှာကို မမြင်ဖူးတာက လွဲလို့ ရှင့်စိတ်ဓာတ်နဲ့ ရှင့်အကြောင်းတွေ ကျွန်မသိခဲ့ရတယ်။ ရှင်သာ မုသားမသုံးခဲ့ဖူးဆိုရင်တော့ ရှင်ပြောမယ့် စကားတစ်ခွန်းကို အလေးအနက်နားထောင်ပေးဖို့ ကျွန်မစိတ်ပိုင်းဖြတ်ထားတယ်။

အခန်း(၅)


ယနေ့ သူနဲ့ ကျွန်မချိန်းထားတဲ့ ဖေဖော်ဝါရီလ(၁၄)နေ့ဖြစ်ပါသည်။ ကျွန်မ၏ မွေးနေ့လည်း ဖြစ်သည်မို့ မိုးမလင်းခင်ကတည်းက အိပ်ရာမှထကာ ဘုရားရှိခိုးပြီး ပုတီးစိပ်နေခဲ့ပါသည်။ ထို့နောက် မေမေ့ကို အိပ်ရာထဲအထိ သွားကန်တော့တာ အိပ်မောကျနေသော မေမေ့ပါးလေးကို ညင်သာစွာ နမ်းပြီး ခြေသံမကြားအောင် ခြေဖျားလေးထောက်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ နှစ်စဉ် နှစ်တိုင်း ကျွန်မမွေးနေ့သည် ယနေ့လိုပင် ဘုရားဝေယျာဝစ္စများလုပ်ကာ ဘုရားဝတ်ပြုပြီးသည်နှင့် ကျေးဇူးရှင်မေမေကို ဦးချနေကျပင်ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းလှသော ကျွန်မမွေးနေ့ နံနက် ခင်းပင်ဖြစ်ပေသည်။ ယခုနှစ်မှာတော့ ထူးထူးခြားခြားကျွန်မ စိတ်လှုပ်ရှားနေမိပါသည်။ ရေချိုး ပြီးသည်နှင့်မှန်တင်ခုံရှေ့တွင် ကျွန်မ၏ မျက်နှာကိုTwo -Way Cake အနည်းငယ်လိမ်း၊ နှုတ်ခမ်း နီပန်းနုရောင် Gloss ကို နှုတ်ခမ်းပါးလေးပေါ် အသာပင့်တင်ပြီး ဆံပင်ရှည်ကြီးကို အပေါ်တစ်ပိုင်း ဖဲကြိုးစလေးနှင့် အသာချည်ကာ ချည်သားမြန်မာအင်္ကျီရင်စေ့ပန်းရောင်လေးနှင့် လိုက်ဖက်စွာ အပွင့်နုတ်သေးသေးလေးများဖြင့် အလှဆင်ထားသော လုံချည်လေးကို ဝတ်ဆင်လိုက်သည်နှင့် ကျွန်မ၏ အလှပြင်ခန်းပြီးဆုံးသွားစေသည်။
မှန်ရှေ့တွင် တစ်ကိုယ်လုံး လှည့်ပတ်ကြည့်ပြီးသည်နှင့် လက်ကိုင်အိတ်အဖြူလေးကို ကိုင်ကာ သူနှင့်ချိန်းထားသော နေရာလေးသို့ ထွက်လာခဲ့လေသည်။ ကျွန်မမွေးနေ့တွင် ခွင့်တစ်ရက်တင်ထား သောကြောင့် ကျွန်မ စိတ်လက်ပေါ့ပါးကာ သူပြောမည်ဆိုသော စကားကို နားထောင်ခွင့်ရချင် ပါသည်။ အို ငါဘာဖြစ်လို့တွေးနေတာလဲ။ ဟိုကဖြင့် ဘာပြောမယ်မှန်းလည်းမသိသေးဘဲနဲ့ တော်ကြာ ရုပ်ရှင်တွေထဲကလို ပိုက်ဆံချေးချင်လို့ပါဆိုရင် အရှက်တော့ကွဲရချည်ရဲ့ အဟီး . .
ဟင်! ဆေးရုံကားတွေပါလား၊ အရေးပေါ်ဘာများဖြစ်လို့ပါလိမ့်၊ ကျွန်မစီးလာသောTaxi ကားသည် မီးပွိုင့်ထိပ်တွင် ရပ်လိုက်သည်နှင့် ကျွန်မ၏ မြင်ကွင်းထဲသို့ အရေးပေါ်လူနာတင် ယာဉ်များ ဖြတ်သွားသည်ကိုတွေ့လိုက်ရလေသည်။ ကျန်းမာကြပါစေ၊ ဘေးအန္တရာယ်ကင်းရှင်း ကြပါစေဟုလည်း စိတ်ထဲမှ ရေရွတ်ကာ ဆုတောင်းလိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ (၈း၂၀)မိနစ်။
ချိန်းထားသောနေရာသို့ ဝီရိယကောင်းစွာဖြင့်ရောက်ရှိလာချိန်မှာ (၈း၄၀)မိနစ်သာရှိပါသေးသည်။ မိမိကသာ ဇွဲကြီးစွာ မျှော်နေမိပေမယ့် ကိုယ်တော်ချောက တခေါခေါလူကြီးဖြစ်နေရင်တော့ ဒုက္ခ ပဲ! အင်းလေ အဲဒီလိုဆိုရင်လည်း တချို့စဉ်းစားကြည့်တာပေါ့ . . .
နံနက် (၉)နာရီ (၁၅)မိနစ်
ဟွန်း! ကိုယ်ပိုင်ကားနဲ့ လာမယ့်သူကလည်း နောက်ကျလိုက်တာ . . . အင်း အခုမှ (၁၅)မိနစ်ပဲကျော်သေးတာပါ၊ မီးပွိုင့်မှာကားတွေကျပ်နေတာ နေမှာပေါ့၊ ကျွန်မတစ်ယောက်တည်း တောင်စဉ်ရေမရ လျှောက်တွေးကာ စောင့်နေခဲ့သည်မှာ နံနက်(၁၁း၄၅)မိနစ်ပင်ရှိသွားခဲ့လေပြီ။ ပတ်ဝန်းကျင်ရှိ လူတချို့ကလည်း ရှေ့တစ်မျိုး၊ နောက်မှတစ်မျိုး စူးစမ်းသောအကြည့်မျိုးစုံတို့ ဖြင့် မျက်စိစားပွဲထိုင်နေကြတော့သည်။ အများအမြင်မှာတော့ ဟုတ်ပါသည်။ နံနက်(၈း၄၀)မိနစ် မှသည် ယခုမွန်းတည့် (၁၂းဝ၀)နာရီတိုးသွားသည်အထိ တစ်ယောက်တည်းထိုင်စောင့်နေတော့ လည်း . . .ကျွန်မမှာတော့ ရှက်ခြင်း၊ ဒေါသဖြစ်ခြင်းနှင့်အတူ ဝမ်းနည်းသည့်စိတ်နှင့်ပင် ထိုနေရာ မှာပင် ငိုကြွေးမိလေတော့သည်။

အခန်း(၆)


ကျွီ . . အီ . .အီ . . အား !
ကား Break အုပ်သံကြားမှ ရုတ်တရက်ကားခေါင်းချင်းဆိုင်ကာ အရှိန်မထိန်းနိုင်ပဲ ဝင်ဆောင့် သော ဒိုင်နာကားနှင့် ရှေ့ကားကိုကျော်တက်လာသောCHESER ကားအဖြူလေးတို့၏အဖြစ် မှာ မြင်မကောင်း၊ ရှုမကောင်း၊ ကားခေါင်းခန်းထဲမှ လူငယ်လေးကတော့ မှန်ကွဲများအောက်တွင် မနည်းဆွဲထုတ်ကာ အရေးပေါ်ကားပေါ်တင်တော့ အသက်မရှိတော့။ နေရောင်ခြည်နုနုလေးနှင့် လှပနေသော နံနက်ခင်းလေးနှင့် မလိုက်ဖက်စွာ ယာဉ်မောင်းလူငယ်လေး၏ ခန့်ညားလှသော မျက်နှာလေးပေါ်တွင် မှန်ကွဲစများက မြင်မကောင်းလောက်အောင် အကျည်းတန်သွားသည်။ သွေးအလိမ်းလိမ်းနှင့် သူ့လက်ထဲမှာတော့ လက်စွပ်ဘူးလေးနှစ်ဘူးကို ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ထားဆဲ . . .
ကိုယ်လာပြီ ကြည်ပြာရေ၊ ကိုယ်မျှော်လင့်ထားတဲ့ အိပ်မက်လေး ဒီနေ့မှာ တကယ်မက်ခွင့်ရ တော့မှာ၊ ကိုယ်တစ်ညလုံး မအိပ်ပဲ ကြည်ပြာကို ပြောချင်တဲ့စကားလေးတွေကို စဉ်းစားရင်း မိုးလင်းအောင်ထိုင်စောင့်နေတာ ည(၁၂)နာရီကျော်တော့ . .
Valentine E-Card လေးတောင် ကိုယ်ပို့ထားလိုက်သေးတယ်၊ အချစ်အတွက် မောင့်ရဲ့ ဦးဦးဖျားဖျားလက်ဆောင်လေ၊ ကိုယ်မနက်လေးနာရီမထိုးခင်ကတည်းက ဘုရားရှိခိုး၊ ရေချိုးပြီး သည်နှင့် ညီလေးကျောင်းသွားဖို့ ပြင်ဆင်ပေးရင်း အချိန်ဖြုန်းနေခဲ့တာ နံနက်(၈)နာရီ ဒေါင်ဆို တာနဲ့ ကိုယ်အိမ်ကစထွက်တာလေ၊ ချိန်းထားတဲ့ နေရာလေးကို ကိုယ်အစောကြီးကြိုရောက်ချင် လွန်းလို့ တစ်ညလုံးမအိပ်ပဲ ဒီအချိန်လေးကို စောင့်နေတာ . .
ဟာကွာ! အရေးထဲမှာ မီးပွိုင့်ကလည်း ကြာလိုက်တာကွာ။ နံနက်(၈း၁၀)မိနစ်တောင်ဖြစ်နေပြီ၊ စောစောရောက်ချင်ပါတယ်ဆိုမှကွာ ရှေ့ကဒိုင်နာကားက ဘာလုပ်နေတာလဲ! ရှုပ်တယ်ကွာ ကျော်တက် မယ်၊ တီ . . တီ . . တီ . . အရေးထဲ ဏါ့်လာနေသေးတယ်၊ ဪသာ် . .မေမေဆက်တာနဲ့တူ တယ်။ နောက်လဆိုရင် ဖေဖေခွင့်ရလို့ ပြန်လာကြတော့မှာပဲ။ ငါအရမ်းကံကောင်းနေပါလား၊ မေမေတို့ ပြန်လာမယ့် အချိန်မှာ ချစ်သူအသစ်လေးနဲ့လည်း မိတ်ဆက်ပေးရင်း မိန်းမတစ်ခါတည်း တောင်းခိုင်းရမယ်။ ကြည်ပြာလေးရယ် ချစ်လိုက်တာကွာ . . ကပိုကရိုလေးနဲ့ အမြဲလှနေတတ် တဲ့ မင်းလေးကို စတွေ့ကတည်းက ဒီကောင်ကြီးဈာန်ရှောသွားတဲ့အကြောင်းကိုပြောပြရဦးမယ်။
ဟာ! ငါ့မျက်စိတွေ ဝေ၀ါးနေပါလား၊ တလောကလုံးအဖြူရောင်တွေချည်းပဲ၊ ဒါတွေက ဘာတွေလဲ ဝါဂွမ်းလိုလို၊ မြူလိုလိုနဲ့ အရာအားလုံးဖြူဖွေးနေတာပဲ။ လက်စွပ်ရော၊ ငါ့လက်ထဲမှာပဲ . . ကြည်ပြာလေးကို ချစ်ခွင့်ပန်ရင်း လက်ထပ်လက်စွပ်လေးပါ တစ်ပါတည်း ပေးချင်လို့ တစ်လလောက် ကတည်းက ကြိုမှာထားရတာ၊ ကြည်ပြာ့ဆီကို မရောက်သေးဘူးလားကွာ၊ အဖြူရောင်တွေက လည်း ရှုပ်လိုက်တာ . .
အခုမှပဲ ချစ်သူလေးဆီရောက်ပြီ။ ကြည်ပြာရော . .၊ တွေ့ပြီ၊ တွေ့ပြီ အပြစ်ကင်းလှတဲ့ ကျွန်တော့်ရဲ့ ချစ်သူလေး၊ ဟင် ကြည်ပြာငိုနေတယ်၊ ဘာလို့ ငိုရတာလဲ အချစ်ရယ်၊ အချစ်နဲ့ တွေ့ချင်လွန်းလို့ ကိုယ်လည်း မိုင်ကုန်တင်ပြီး မောင်းလာတာ။ ဒါတောင် ဒိုင်နာကားကြီးက ပိတ်မိနေလို့ မနည်းကျော်တက်လာတာကွ၊ အဲဒါကြောင့် ကိုယ်လာတာ နောက်ကျသွားတယ်။ ခွင့်လွှတ်ပါအချစ်ရယ် . . ကြည်ပြာ ကြည်ပြာ . . ကိုယ်ခေါ်နေတာ မကြားဘူးလား၊ ဘယ်ကို ထွက်ပြေးသွားတာလဲ။ ကိုယ်မင်းရှေ့မှာ ရောက်နေပြီလေ။ သိပြီ၊ သိပြီ . .အချစ်က စိတ်ကောက် ပြီးတော့ ငိုနေတာကိုး၊ ကိုယ် အချစ်ကျေနပ်တဲ့အထိ လိုက်ချော့ပါ့မယ်ကွာ . . ဟာကွာ! ဒီTaxiကားစုတ်ကလည်း လူနှစ်ယောက်လုံးမြင်နေရဲ့သားနဲ့ကြည်ပြာ့ကိုပဲ တင်သွားတယ်။ နှာဘူး ကျတဲ့ ဘဲကြီး . . အေးဆေးပါ။ ကိုယ်ကြည်ပြာ့အိမ်ကို သိနေတာပဲ။ ကိုယ့်ကားနဲ့ အိမ်အထိ လိုက်ပြီး ကျေနပ်အောင်အချစ်ကို တောင်းပန်ပါ့မယ်ကွာတာပဲ၊ ကိုယ့်ကားနဲ့ အိမ်အထိလိုက်ပြီး ကျေနပ်အောင် အချစ်ကို တောင်းပန်ပါ့မယ်ကွာ။
ကိုယ်လိုက်လာပြီ . . အချစ်ရေ . .
ဟာ! အရေးထဲ ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဟင့်အင် မလိုက်ဘူး၊ မလိုက်ဘူးဟာ၊ လုံးဝမလိုက်ဘူး၊ ကျွန်တော့်အာခေါင်တွေကွဲမတတ်အော်တာတောင် အသံကထွက်မလာဘူး၊ ကျွန်တော့်ချိုင့်နှစ်ဖက်ကနေ ဝတ်ရုံဖြူကြီးနဲ့ လူသန်ကြီးနှစ်ယောက်က ကျွန်တော့်ကိုမပြီး အတင်း ဆွဲခေါ်သွားကြတာ ကြည်ပြာ့နောက်ကို လိုက်လို့ မမီတော့ဘူး။ ကြည်ပြာနဲ့ ကျွန်တော် ဝေးသထက် ဝေး . .ဝေး . . ဝေး ။


ဆုကဗျာ

သီအိုရီ

1 comments
 


Theory (1)
စက်ဘီးဆိုတာ ရှေ့ဘီးက ဆွဲခေါ်ရာနောက်ကို နောက်ဘီးကလိုက်ရတာပါ
Example     - ရှေ့ဘီး     =     စစ်ငြိမ်းနောင်
           - နောက်ဘီး =    လေးခင်ခင်

Theory (2)
ရှေ့ဘီးရဲ့ Way ကိုတစ်ခါတလေ ရှေ့ဘီးကမပိုင်သလို၊ ရှေ့ဘီးဆွဲခေါ်တိုင်းလည်း၊ နောက်ဘီးက အမြဲတစေ လိုက်နေတာမဟုတ်ဘူး။

Theory (3)
ရှေ့ဘီးကနောက်ဘီးကိုဆွဲခေါ်နိုင်ဖို့၊ နောက်ဘီးကရှေ့ဘီးကိုတွန်းအားပေးရတာပါ!
Example    - တာဝန်တစ်ခုကိုထမ်းဆောင်ရတာ     -     စစ်ငြိမ်းနောင်
    - သူ့အတွက်တွန်းအားပေးတာက     -     လေးခင်ခင်
(အိမ်ထောင်ရေးဆိုတာ စက်ဘီးတစ်စီးနဲ့တူပါတယ် စက်ဘီးအကြောင်းမသိဘဲ စက်ဘီးဝယ်မစီးမိပါစေနဲ့နော် ---)
အခုအချိန်မှာ ငါခံပြင်းနေတယ်၊ ငါရင်တစ်ခုလုံးလည်း နင်ထောင်းခဲ့တဲ့ဒဏ်ကြောင့် ကြေမွနေပြီ၊ ငါ့နှလုံးသားထဲက စကားလုံးတွေအန်ထုတ်ဖို့ အဆင်သင့်ဖြစ်နေတယ်၊ ဒါပေမယ်ဟာ အဖြစ်အပျက်အားလုံးကို ပြန်မော့ကြည့်ပြီး စဉ်းစားလိုက်တယ်!
သေချာတာကတော့ နှစ်တွေကြာလို့၊ အရာရာဟာပြောင်းလဲသွားလည်းရင်ခုန်သံတွေ ရှင်သန်နေဆဲပဲဆိုတာ။
**********

အခန်း(၁)

ညနေလေးနာရီခွဲပြီးချိန် အထက်တန်းကျောင်းများ၏ ကျောင်းဆင်းချိန်မှာ ကျူရှင် ကို ပျာယီးပျာယာနဲ့ လှမ်းလာခဲ့ပါသည်။ ကျူရှင်ချိန်က သုံးနာရီခွဲဖြစ်ပြီး တစ်နာရီ ကျော်ကျော်နောက်ကျနေသည့်အတွက် ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်အားပါဘူး။ 

ဟာ အရေးထဲ ခလုတ်တိုက်လိုက်သေးတယ်!  အား လား လား ခြေသည်းကျိုးပါပြီ... 

လှချင်လွန်း၍ခြေသည်းရှည်ထားမိသော ကျွန်မ၏ခြေမက ကောင်းကောင်းကြီး ဒုက္ခပေးလေ၏။ ဒါပေမယ့် ဒါကိုအာရုံထားလို့မရသေးဘူး၊ ဒီအချိန်ဆိုရင် အချိန်တိကျသော English ဆရာကရောက်နှင့်နေပြီ ဆိုတာ သေချာပါသည်။

''ပညာရွှေစင်''
ပညာရေးဝန်ဆောင်မှုခန်းမ

ဟော ကျူရှင်ရှေ့သို့ရောက်လာပါပြီ။ လှေခါးပေါ်သို့ရေးကြီးသုတ်ပျာပြေးတတ်လိုက်ပြီး ဒုတိယတန်းရှိ ကျွန်မ၏ထိုင်ခုံတွင် ဝင်ထိုက်လိုက်ချိန်တွင်တော့ ENGLISH ဆရာ၏ စာသင်ချိန်မှာ ပြီးဆုံးသွားလေသည်။
 အမလေး! ငါ့နှယ်ဖြစ်ရမယ်၊ ရှက်လိုက်တာနော်၊ ဒီနေ့ကျမှပဲ ကျောင်းကားစုတ်ကြီးက ဘီးပေါက်သွားလို့ လမ်းတစ်ဝက်မှာ တစ်နေ့တာလေ ဟင်းခနဲသက်ပြင်းချလိုက်ပြီးတစ်ယောက်တည်း ဖုတ်ပူမီးတိုက် ဖြစ်နေသော ကိုယ့်ကိုကိုယ် ကျိတ်ပြီးပြုံးနေမိသည်။

''အိတုံ၊ ပြီးရင်ဘာအချိန်လဲ'' 

ENGLISH ဆရာ၏ သင်တန်းချိန်ပြီးသွား၍စာအုပ်များ သိမ်းနေသော နံဘေးရှိသူငယ်ချင်းမလေးအား လက်တို့ကာမေးလိုက်လေသည်။

''CHEMISTRYလေ ဒီတစ်ပတ်တော့ ဦးတင်လှိုင်ဝင်းပဲလာမှာပဲ''

''ဦးတင်လှိုင်ဝင်းက ဘာလို့လာမှာလဲ၊ ဒီအပတ်က လက်ထောက်ဆရာအလှည့် မဟုတ်ဘူးလား၊'' 

ကျွန်မအမေးကြောင့် 'အ' ရန်ကောဟူသော မျက်နှာပေးဖြင့် အိတုံက 

''လေးခင်၊ နင်Time-Tableမရသေးဘူးလား၊ ဆရာနှစ်ယောက်ကတစ်လှည့်စီ၊ တစ်ပတ်ပြီးလာမှာလေ''

ကျွန်မသည် ဤသင်တန်းသို့ပြောင်းလာသည်မှာ မကြာသေးမီကာလကပင်ဖြစ်သောကြောင့် သင်တန်း၏Scheduleအားအလွတ်မမှတ်မိသေးပါ။ 

ထို့ကြောင့် 

''သြော် အေး---အေး''
ဟူ၍ပင် အူကြောင် ကြောင်နှင့်ခေါင်းညိမ့်လိုက်လေသည်။ 

ထိုစဉ် 'ဆရာလာပြီ' ဟု အနောက်ဖက်တန်းမှ အော်သံကြားလိုက်သဖြင့် ကျောင်းသားများ အားလုံးမတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်လေသည်။

''မင်္ဂလာပါဆရာ'' 
ဆရာကခေါင်းညိမ့်ကာ ပြုံးရင်း၊ လက်ဟန်ဖြင့် အားလုံးထိုင် ကြဖို့ပြလေသည်။

''ကဲ ရှေ့တစ်ပတ်က IONIZATION ENERGY ကျက်ခိုင်းလိုက်တယ်။ အစွန်ဆုံးခုံက သမီးဆိုပြပါ'' 
ဟု ဆရာက STAGE ပေါ်မှ လက်ညှိုးထိုးကာ ကျွန်မအားစာမေးလေသည်။

ဟိုက် အဲဒါမှကွိုင်ပဲ!

ကျွန်မမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ မဝံ့မရဲနှင့်ပင်....
''ဟိုဟို ဆရာ သမီးကကျောင်းသူအသစ်ပါ၊ အဲဒါ ဆရာသင်တဲ့အပတ်က သမီးမမှီလိုက်လို့စာမကျက် ရသေးပါဘူး''
''ဟား ဟား ဟား ရှက်လည်းမရှက်ဘူးဟေ့၊ ကရော် ကရော် စာမရဘဲနဲ့များ လူကြည့်တော့ မျက်မှန်နဲ့ တကယ့်စာကြမ်းပိုးရုပ်'' 

ယောကျာ်းလေးများထိုင်သော အနောက် ဖက်ထိုင်ခုံတန်းဆီမှ ကျယ်ကျယ်လောင် လောင်ဟားတိုက်ရယ်သံကြီးထွက်လာလေသည်။ ကျွန်မစိတ်တိုတိုနှင့်လှည့်ကြည့်လိုက်တော့   ရွှေအိုရောင်ဆံပင် အလယ်ခွဲနှင့် လိုက်ဖက်လှသော အသားဖြူဖြူကောင်လေးတစ်ယောက်....

''ဟေ့ ကျောင်းသား မင်းကသူများကို ဟားရအောင်မင်းကောစာရလို့လား''

''အေးဆေးပါဆရာ'' CONFIDENCE အပြည့်အဝရှိသောလေသံဖြင့်ပြောလေသည်။ 

''ကောင်းပြီ၊ အားပေး လိုက်ပါဦး'' 
ဆရာ၏ အမိန့်သံကြောင့် ထိုကောင်လေးသည် ထိုင်ရာမှ လက်ပိုက်ကာမတ်တပ်ထရပ်လိုက်ပြီး---

“THE AMOUNT OF ENERGY REQUIRED TO REMOVE A ELECTRON FROM A GASEOUS ATOM TO FORM A GASEOUS POSITIVE ION IS CALLED IONIZATION ENERGY”

အသံထွက်မှန်မှန်နှင့်မြန်ဆန်စွာ ဆိုပြသွားသောသူအား စပ်ချဉ်ချဉ်နှင့်လှမ်းကြည့်လိုက် ----------။

အံမယ် ဒင်းက ငါ့ကို မျက်စိမှိတ်ပြနေပါလား၊ ဟွန်း ရုပ်ကိုကပြောင်စပ်စပ်နဲ့ ကြည့်လို့ကိုမရဘူး။
ထိုစဉ်မှာပင် အိတုံဆီမှ တီးတိုးစကားသံထွက်ပေါ်လာသည်။

''နောင်နောင်၊ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ''

ကျွန်မလည်းသိချင်ဇောဖြင့်
''ဒင်းနာမည်က နောင်နောင်တဲ့လား၊ ဆီးသီးသည်၊ မောင်းသံကြီး နောင်--နောင်--နောင် အဟီး''

ပါးစပ်ဖြင့်မောင်းထုကာလှောင်နေသော ကျွန်မအား သူငယ်ချင်းများက ပြုံးစိစိနှင့်ဖြီးနေကြသည်။ ထိုအခြင်းအရာကို မခံချင်သော ဒေါ်အိတုံက 

''သူ့နာမည်အပြည့်အစုံက 'စစ်ငြိမ်းနောင်' ဒီကျူရှင်မှာတော့ သူက KING ပဲ၊ စာလည်းတော်တယ်၊ စော်လည်းကြည်တယ်၊ စွာလည်းစွာတယ် နောက်ပြီး---''

အမယ်လေးနော် ဂုဏ်ပုဒ်တွေကလည်း များလိုက်တာလွန်ရော
''တော်ပါတော့အိတုံရယ်''ဟု စစ်ငြိမ်းနောင်၏ပွဲစားဒေါ်အိတုံအား BREAKအုပ်လိုက်ရသည်။

CHEMISTRYအချိန်ပြီး၍Half-time ပေးသောကြောင့် ကျူရှင်အောက်ထပ်ရှိ မုန့်တီဆိုင်သို့ အိတုံနှင့်အတူ ဆင်းလာခဲ့သည်။
''မုန့်တီအရည်နဲ့ နှစ်ပွဲ၊ ငါးဖယ်ကြော်ထည့် အစပ်များများ''

ထိုအချိန်တွင် နောက်ကျောဖက်ဆီမှ ကျွန်မကိုကျော်တက်ပြီး ရှေ့မှပိတ်ရပ်လိုက်သော ကောင်လေးတစ်ယောက်
''ဟိတ်ကောင်မလေး၊ အစပ်တွေများလို့အာပြဲနေဦးမယ်၊ စာကျတော့မရဘူး၊အစားကျတော့ မတရားစားတယ်၊ ဟို စကားပုံထဲကလိုပေါ့ကွာ --
''အစားအသောက်၊ မီးလိုတောက်၊ အလုပ်အကိုင်ခွေးလိုမှိုင်'' တဲ့။

ဆရာကြီးလေသံဖြင့် ကျွန်မအား အသားလွတ်ဖဲ့နေသော ထိုပုဂ္ဂိုလ်အား ဒေါသထွက်ကာ ဝုန်းခနဲထရပ် လိုက်တော့ အိတုံကထိတ်လန့်တကြားဖြင့် ''ဟဲ့ ဟဲ့ မလုပ်ပါနဲ့လေးခင်ရယ်၊ နောင်နောင်၊ နင်ကလည်းဟာမစပါနဲ့၊ ကျောင်းသူအသစ်တောင်ချမ်းသာမပေးဘူး၊ တစ်ကယ်ပဲ''

''အဟဲ အဟီး ငါကသူ့မျက်နှာဖောင်းဖောင်းလေးကိုမြင်ကတည်းကခင်ချင်နေတာ၊နာမည်ကလေးခင်တဲ့လား၊ ငါ့ကိုမိတ်ဆက်ပေး အိတုံ''
ဟုမျက်နှာပြောင်စပ်စပ်နှင့် လက်ခေါက်ချိုးကာ အငြိမ်မနေဘဲပြောလေသည်။
အမယ် အငြိမ်မနေ ဂဏ္ဍာစိန်ကများ၊ ဒင်းလိုမျက်နှာရူးနဲ့များမခင်ချင်ပေါင်၊ ပုံစံကိုက ထောင့်(ဒေါင့်)မကျိုးးဘူး။
ဒီကြားထဲအခမဲ့အကျိုးးဆောင်၊ ပွဲစားဒေါ်အိတုံက တစ်စခန်းထလိုက်သေးသည်။

''နင်တော့ထီပေါက်တာပဲ လေးခင်ရယ်၊ နောင်နောင်ကတောင်ခင်ချင်တယ်ဆိုတော့အဟိ''
လဲသေလိုက်
ကျွန်မက ခါးထောက်ကာ၊ မျက်စောင်းထိုးရနတွေ့လိုက်တော့ သူ့အသံခပ်သြသြကို ကြားလိုက်ရသည်။
''ဟိုးထား၊ မချောလေး၊ ဟိုးထား၊ ရန်မတွေ့ခင်ကျွန်တော်ကြော်ငြာခဏဝင်ပါမယ်၊ ညကျရင် မချောလေးတို့ အိမ်ရှေ့မှာ သီချင်းလာဆိုမယ်၊ နားသောတဆင်ဖို့ ပြင်ဆင်ထားပါခင်ဗျာ၊ အထူးအစီအစဉ်အနေနဲ့ နှစ်သက်တဲ့ သီချင်းများရှိရင်လည်း REQUEST SONG အနေနဲ့ဖျော်ဖြေတင်ဆက်ပါ့မယ်၊ ကျေးဇူးတင် ပါတယ်'' ဟု City F.M မှ ကိုဆန်းထွဋ်အိုက်တင်ဖမ်းကာ ဆောင့်ကြွားကြွားးနှင့်ထွက်သွားလေသည်။

''နားဒုက္ခပေးသောည''

ဟိုဖက်အိမ်က ညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တတ်သော (၁ဝ)တန်းကျောင်းသူကို ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့ ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ် ရေဒီယိုကမာရွတ် ရေ ကြိုးစားလိုက်စမ်းကွယ် D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်....
မိုးလင်းတိုင်း၊ မင်းလေးအနားကိုရောက်ရောက်လို့လာတာ၊ ကိုယ့်စိတ်ကတားဆီးမရနိုင်ပါ၊ ကျောင်းသွားတိုင်း၊ မင်းရဲ့နောက်ကို တစ်ကောက်ကောက်လိုက်နေတာ မင်းလေး ကတကယ်စိတ်ဆိုးမှာလား
ဂီတာသံမညီမညာတွင် အသံပေါင်းစုံနှင့် တောင်စဉ်ရေမရ လျှောက်အော်နေသော သီချင်းသံများကြောင့် စာကျက်နေရင်းမှ ဝရန်တာရှေ့သို့ ထွက်ကြည့်လိုက်မိသည်။

ဟာ မျက်စိရှေ့သို့ စူးခနဲရောက်လာသော မီးနီရောင်တန်းကြောင့် လက်ဝါးဖြင့် မျက်နှာသို့ အမြန်ကာ လိုက်ရသည်။
ရာရာစစ ဒင်းကငါ့ကိုများLaser Pointer နဲ့အချက်ပြနေသေးတယ်၊ လက်ကိုအသာဖယ်ကြည့်လိုက်တော့

''စစ်ငြိမ်းနောင်'' သူများတစ်ကာတွေ (၁ဝ)တန်းဆို ဖင်တုန် အောင် စာကျက်နေကြတဲ့အချိန်မှာ ဒင်းက လမ်းဘေးမှာ တီးဝိုင်းထောင်နိုင်သေးတယ်။ မှတ်သားလောက်ပါတယ် ဟင်း။
''ဒုန်း''
ဝရန်တာတံခါးကို ဆောင့်ပိတ်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။
*********

အခန်း(၂)

''မနေ့ညကကွာ၊ ငါတို့Stage Show   လေးလုပ်တာအောင်မြင်တယ်ကွ၊ ငါ့စော်လေးကိုယ် တိုင်လာပြီး အားပေးတယ်''

ကျူရှင်ပေါ်သို့ အတက်လှေခါးတစ်ဝက်မှာပင် ကြားလိုက်ရသော အသံကြောင့် ကြည့်လိုက်တော့ ပါးစပ် အရသာခံကာ မြိန်ရည် ရှက်ရည် ပြောနေသော သူ့အားတွေ့လိုက်ရသဖြင့် ဒေါသအလွန်ထွက်သွားလေသည်။

''ဒီမှာ စစ်ငြိမ်းနောင် နင့်မှာ ညီမတွေ၊ အစ်မတွေမရှိဘူးလား၊ နင့် ညီမနေရာမှာ ငါသာဆိုရင် နင်ဒီလိုပေါက်ကရပြောပါ့မလား၊ စာကျက်နေရင်း အာရုံနောက်စရာ အသံသေး၊ အသံညောင်တွေကြောင့် ငါ ထွက်ကြည့်မိတာ''

ကျွန်မစကားကြောင့် မျက်စိ၊ မျက်နှာပျက်သွားပေမယ့် အနိုင်လိုချင်သောသူက
''တွေ့ကြလား၊ ကြားကြလား ဘော်ဘော်တို့ မင်းတို့ငါ့စကားကိုလက်ခံပြီမဟုတ်လား၊ ကာယကံရှင်ကိုယ်တိုင် ဝန်ခံနေတာနော်၊ စာကျက်ရတာခေါင်းရှုပ်လို့ ငါ့သီချင်းသံလေးကြောင့် ခေါင်းအေးသွားတယ်ဆိုတဲ့ သဘောပေါ့ကွာ''

''စစ်ငြိမ်းနောင်''

မီးဝင်းဝင်းတောက်နေသော မျက်လုံးဖြင့် ဒေါသတကြီးအော်လိုက်သော ကျွန်မအသံကြောင့် အုပ်ချုပ်မှုဆရာ ဦးကံချွန်သည်အနားသို့ရောက်လာတော့သည်။

''စာသင်ချိန်မှာ ဆူညံ၊ ဆူညံနဲ့ ဆရာကျူရှင်မှာရန်ဖြစ်တာလက်မခံဘူးလို့ပြောထားရက်သားနဲ့၊ ဘာပြဿနာ ဖြစ်နေကြတာလဲ၊''

ကျောင်းသားများ ဝိုင်းအုံကြည့်လာသဖြင့် အားကိုးရသွားသော ကျွန်မက
 ''ဆရာ၊ 'စစ်ငြိမ်းနောင်' က သမီးကို စော်ကားနေတယ်၊ နှမချင်းမစာနာ''

''ဗျာဆရာ ကျွန်တော်သူ့ကို စော်ကားရအောင် လက်ဖျားနဲ့တောင် မထိရပါဘူးခင်ဗျာ၊ လံကြုတ်ဇာတ်လမ်းတွေ ကို မယုံပါနဲ့ဆရာ''

သူမဟုတ်သလို မျက်နှာပေးနှင့်အောက်ကျို့းကာပြောနေသော စစ်ငြိမ်းနောင်အား လက်သဲဖြင့် ကုတ်ဖဲ့လိုက်ချင် သည့်စိတ်များ တစ်ဖွားဖွားပေါ်လာသည်။ ဆရာက မျက်မှန်ပေါ်မှ ကျော်ကြည့်ပြီး လက်ညှိးထိုးကာကြိမ်း လိုက်လေသည်။

''စစ်ငြိမ်းနောင်၊ ထစ်ခနဲဆိုကျူရှင်မှာမင်းပဲ၊ မင်းကိုဥာဏ်ကောင်းပြီး စာကြိုးစားတာ တစ်ချက်တည်းနဲ့ ခွင့်လွှတ်ထားတာ မင်းရောင့်မတက်နဲ့၊ ဒါနောက်ဆုံးဖြစ်ပါစေ၊ နောက်တစ်ခါဆိုရင်တော့ မင်းဒီကျူရှင်ကနေထွက် ဒါပဲ''

ဆရာ၏ ရာဇသံအဆုံးတွင် ကျောင်းသားအားလုံးလူစုခွဲကာ ကိုယ့်နေရာကိုယ်ထိုင်ကြလေသည်။ သူကတော့ မျက်နှာငယ်လေးနှင့်ဆရာ့ရှေ့မှ ခေါင်းငုံ့ကာ ရိုရိုသေသေထွက်သွားလေသည်။

တတ်လည်းတတ်နိုင်တဲ့ ကောင်စုတ်၊ အိုက်တင်မျိုးစုံတတ်တယ်၊ မင်းသားများလုပ်ဦးမလို့လားမသိဘူး။ မကျေမနပ်နှင့် တစ်ယောက်တည်း မြည်တွန်တောက်တီးကာ နေရာတွင်ဝင်ထိုက်လိုက်တော့သည်။
ပြဿနာဖြစ်ပြီးနောက်ပိုင်း စစ်ငြိမ်းနောင်တစ်ယောက် ခြေငြိမ်နေသည်။

''လေးခင်အနောက်မှာ နောင်နောင်နင့်ကှို့သတ နေတယ်''

ကျွန်မ မသိမသာလှည့်ကြည့်လိုက်တော့ မျက်နှာကို လက်ထောက်ကာ စူးစူးရဲရဲကြည့်နေသော သူ ရုတ်တရက်ဆိုတော့ ကျွန်မကြောင်သွားသည်။ ထို့နောက် အသိတစ်ချက် ချက်ချင်းဝင်လာကာ သူ၏အကြည့် စူးစူးအား မခံနိုင်သောကြောင့် တစ်ဖက်သို့အလျင်အမြန်မျက်နှာလွှဲလိုက်ရ၏။

ကျွန်မတို့နှစ်ယောက်အား အရောက်ပို့ချင်နေသော အိတုံက ထိုအဖြစ်အပျက်ကို ချက်ချင်းရိပ်မိသွားလေသည်။

''နောင်နောင်က စိတ်ရင်းကောင်းတယ်ဟ သူ့အဖေနဲ့အမေကကွဲနေတော့ ဆိုဆုံးမမယ့် မိဘမရှိဘူးလေ၊ သူ့အမေက သူငယ်ငယ်လေးကတည်းက သူနဲ့သူ့ညီမလေးကိုပစ်သွားတာ၊ အဖွားတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှု အောက်မှာ မောင်နှမနှစ်ယောက်နေရတော့ ''အကွပ်မရှိတဲ့ကြမ်း၊ ဗရမ်းဗတာ'' ဆိုသလိုပေါ့ဟာ'' 

တတွတ်တွတ်ပြောနေသော အိတုံ၏စကားကြောင့် ကျွန်မ၏နားထဲတွင် အထပ်ထပ်ကြားယောင်နေသည်က ‘BROKEN FAMILY’  ကြောင့် လေလွင့်နေသော သားသမီးများအကြောင်းကို ပတ်ဝန်းကျင်တွင် ရင်နာဖွယ် ကောင်းလောက်အောင် ကြားသိခဲ့ရဖူးသည်။

သြော် ဒီလိုဆိုတော့လည်း သူ့ဘဝက သနားစရာပါလားဟုစဉ်းစားရင်း....
********

အခန်း (၃)

''ဟိတ်ကောင် မပြေးနဲ့ ဟေ့ လိုက် လိုက်''
''မိလို့ကတော့ မညှာနဲ့ အပီကျွေးပစ်လိုက်''
''ဟိုမှာ ဟိုဖက်လမ်းကြားထဲဝင်ပြေးသွားပြီကွ''
စာသင်နေရင်းမှ ကျူရှင်အောက်ထပ်ရှိ လမ်းမဆီမှ ဆူဆူညံညံအသံများကြောင့် ကျောင်းသားအားလုံး ပြတင်းပေါက်မှ ခေါင်းပြူကာထွက်ကြည့်ကြလေသည်။

ယောကျာ်း(၆)ယောက်လောက်သည် လက်ထဲတွင် တုတ်များ၊ အုတ်ခဲများထိုင်ကာ ရှေ့ဆုံးမှထွက်ပြေးသွား သော ကောင်လေးတစ်ယောက်၏နောက်သို့အပြေးအလွှားလိုက်နေကြသည်။ အမယ်လေး မိလိုက်လို့ကတော့ အရိုးတစ်ခြား၊ အသားတစ်ခြားပဲ၊ ဘာဖြစ်တာလဲမသိဘူး၊ ဧကန္တ သူခိုးလား၊၊ ခါးပိုက်နှိုက်လား၊၊ 
ဘာအတွက်ကြောင့်များဖြစ်နိုင်မလဲဆိုသည်ကို စိတ်ရှုပ်စွာ စဉ်းစားရင်းအနောက်တန်းရှိ ထိုင်ခုံဆီသို့ ဝေ့ကာ မဝံ့မရဲကြည့်လိုက်မိသည်။

သူ ကျောင်းမလာပါလား၊ နေများမကောင်းလို့လား အင်းလေ အခုမှ ဒုတိယအချိန်ပဲရှိသေးတာပဲ မြန်မာစာအချိန်ကျရင်တော့ သူမလာဘဲမနေနိုင်ပါဘူး။ အဘယ်ကြောင့် ဆိုသော မြန်မာစာဆရာ ဂုဏ်ထူး ဦးသိန်းနိုင်သည် စာအသင်အပြအလွန်ကောင်းကာ ဟာသဥာဏ်ရွှင်သောကြောင့် ဆရာ့အချိန်တွင် ကျောင်းလစ်  တတ်သောအကျင့်ရှိသူများပင် တကူးတကပြန်လာသင်ကြသည်။ အမြဲလိုလိုပြုံးနေတတ်သော ဆရာ့မျက်နှာချိုချိုလေးကို ကျောင်းသားများအလွန်သဘောကျကြလေသည်။

လူကရှေ့မှာနေပြီးစာသာသင်နေရသည်၊ စိတ်ကနောက်တန်းရှိ သူ့ထိုင်ခုံလေးဆီသို့သာအာရုံရောက်နေလေ သည်။ နောက်ဆုံးအချိန်တောင်ရောက်နေပြီ ကိုယ်တော်ကပေါ်မလာသေး။ စာအုပ်ပေါင်းစုံဖွင့်ကာ EQUATION  ညှိလိုက်၊ Bio ပုံဆွဲလိုက်၊ သင်္ချာတွက်လိုက်နှင့်စာအုပ်များအား အပြစ်ဖို့ကာ စိတ်ဖြေနေရသော်လည်း စိတ်ထဲမှာတော့ တစ်မျိုးကြီးဖြစ်နေပါတယ်။

အို သူနဲ့ငါက ဘာဆိုင်တာမှတ်လို့ ငါ့စိတ်တွေ ယောက်ယက်ခတ်နေရတာလဲ၊

''မျှော်တော်ယောင်၊ မျှော်တော်ယောင်ဘဝကလွတ်ချင်ပြီ  (သူမကယ်ရင်)၂
မျှော်တော်ယောင်ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူး''
ဟု ခင်မောင်ထူး(ဦး)သီချင်းနှင့်ကျွန်မအား စောင်း၍ဆိုကာ ကျီစယ်နေကြသော အိတုံတို့အုပ်စုကတစ်မျိုး...
 ''အံမယ် ဘယ်သူကမျှော်နေလို့လဲ၊ ဒီမှာအိမ်စာတွေတစ်ပုံကြီးတောင် မနည်းကျေအောင် ရှင်းနေရတဲ့ဥစ္စာကို''
အိုးမလုံ၊ အုံပွင့်ပြောလိုက်သော ကျွန်မစကားကြောင့် သူငယ်ချင်းများက...
''ဟောတော့ ဘယ်သူက ဘာပြောလို့ မလုံမလဲဖြစ်နေရတာလဲ၊ တို့ဘာသာသီချင်းရှိလို့ဆိုနေတဲ့ဟာကို''
မျှော်တော်ယောင်၊ မျှော်တော်ယောင်၊ နောင်နောင်ရေ အမြန်လာပါ မျှော်တော်ယောင် ဘဝကကျွတ်ချင်လှပါပြီ....
သီချင်းအား VERSION ပြောင်းကာ ဖျက်ဆီးပြီးစပ်ဆိုနေကြသော အိတုံတို့အုပ်စုအား စာအုပ်နှင့်တစ်ချက်စီ အရှက်ပြေရိုက်လိုက်ရလေသည်။

ဟွန်း မိန်းမတွေရွကိုရွတယ်။ ဒီလောက်အမြင်ကတ်စရာကောင်းတဲ့သူကို ဘာလို့မျှော်ရမှာလဲ?

''အယ် ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ်၊ ဟိုမှာ မင်းသားလာပါပြီတော် အာဗြဲစိန်မ သိမ့်သိမ့်ထက်၏ အသံကြောင့် ခေါင်းကိုချာခနဲနေအောင် လှည့်ကြည့်လိုက်တော့ ခေါင်းတစ်ခုလုံး ပတ်တီးအဖွေးသားဖြင့် စစ်ငြိမ်းနောင်...
ကျောင်းသားအချို့ကအပြေးအလွှားဖြင့် သူ့ဆီသွားကြလေသည်။

တစ်ယောက်တစ်ပေါက်မေးသံများကြားတွင် ခေါင်းမဖော်နိုင်သောသူ့ဆီကို စကားသွားပြောချင်သော်လည်း ဟန်ဆောင်ကာ ပဲများနေရလေသည်။

''ဟိတ်ကောင် နောင်နောင်မင်းကိုဘယ်သူကျွေးလိုက်တာလဲ၊''
''မင်းကလည်းကွာ ခံလာရသလား၊ ပြန်မကစ်ဘူးလား၊''
''ဟဲ့ သွေးတွေထွက်နေတုန်းပဲတော့''
''လက်မှာပါထိလာတာပဲ၊ နင်ဘာဖြစ်လာတာလဲ၊''

သူကတော့ မီးလောင်ရာလေပင့်သူများ၊ စိုးရိမ်ပူပန်သူများ၊ စပ်စုချင်သူများ၏ မေးခွန်းများကို အရေးမလုပ်ဘဲ ကျွန်မရှိရာဆီသို့သာ မျက်လုံးလည်တည်လည်တည်လုပ်ကာ ရှာနေလေသည်။ ကျွန်မမှာ သူ့ပုံစံကို မကြည့်ရက် သဖြင့် မျက်နှာလွှဲကာ ကျောခိုင်းနေလိုက်ရသည်။
ငါ သူ့အတွက် စိုးရိမ်တတ်နေပါလား....
**********

အခန်း (၄)
တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနီးလာပြီဖြစ်သောကြောင့် စာကျက်ချိန်အားယခင်ရက်များထက်ပင်Scheduleဆွဲ၍ တိုးချဲ့ထားရလေသည်။

''ရေသည် ပြဇာတ်''၏ ဆွဲဆောင်အားကကောင်းလွန်းသဖြင့် ည (၁၁)နာရီ ကျော်သွားသည်အထိ ကျွန်မ၏စာကျက်သံက အရှိန်မသေနိုင်သေးပေ။ စာကျက်လျှင် အသံထွက်ကာ အားရပါးရအော်ကျက်တတ်သော ကျွန်မသည် ယခုလည်းကိုယ့်အရှိန်နှင့်ကိုယ်ဖုန်းမြည်သံကိုမကြားပေ။

ကလင် ကလင် ကလင်!
အခန်းထဲမှ မေမေ့၏အော်သံကြောင့်....
''လေးခင်၊ သမီး PHONEလာနေတာမကြားဘူးလား၊ ကိုင်လိုက်လေ''
''ဟုတ်ကဲ့မေမေ''
ဖတ်လက်စစာအုပ်ကို လက်မှချပြီး ဖုန်းစင်ရှိရာသို့ လျှောက်လာကာ ဖုန်းကိုင်လိုက်သည်။

''ဟုတ်ကဲ့ အမိန့်ရှိပါရှင်''
''ံHELLOလေးခင်ခင် ကိုယ်ပါ စစ်ငြိမ်းနောင်'' 

အလဲ့ ဒင်းပါလား!
ကျွန်မသည် စချင်စိတ်ဖြင့် ဖုန်းခွက်ကိုလက်ဖြင့်အသာအုပ်ကာအသံဖျက်လိုက်လေသည်။

''လေးခင်မဟုတ်ပါဘူးကွယ်၊ သူ့အမေပါ၊ ဘာကိစ္စရှိပါသလဲ'' 
ဟုရယ်ချင်စိတ်ကိုမနည်းမြိုချကာ ပြောနေရသည်။
''ဟား ဟား ဟား လေးခင်က ဒါမျိုးလည်းတတ်တယ်လား၊ အိမ်ရှေ့ကိုလည်းလှမ်းကြည့်လိုက်ပါဦးကွာ''
 အမယ် သူကလည်း မခေပါလားဟုတွေးရင်း PHONE စင်ဘေးမှ ပြတင်းပေါက်ကိုအသာဟကြည့်လိုက်တော့ ပတ်တီးအဖွေးသားနှင့်ပင်Hand Phoneကိုင်ကာ ပြောင်စပ်စပ်နှင့်လက်ပြနေသောသူ့ကိုမြင်လိုက်ရသည်။

ကျွန်မတို့အိမ်မှာနှစ်ထပ် တိုက်ခံအိမ်ဖြစ်ပြီး အပေါ်ထပ်ဝရန်တာ၏ထောင့်စွန်းအတွင်း၌ ဖုန်းစင်ကိုထားသောကြောင့် လမ်းမမှလှမ်းကြည့်လျှင် လူရိပ်ကိုအလွယ်တကူတွေ့မြင်နိုင်သည်။ သူ့ပုံစံကြောင့် ကျွန်မမှာ စိတ်ဆိုးရမှာ လည်းခက်နေသည်။ သို့သော် လေသံကို ခပ်မာမာတင်လိုက်ပြီး ပဲများရပြန်သည်။

''သူများအိမ်ရှေ့မှာ ညဥ့်နက်သန်းခေါင်၊ ဘာလာလုပ်တာလဲ၊ စာကျက်နေတာ မနှောင့်ယှက်ပါနဲ့၊ ဖေဖေနဲ့ တိုင်ပြောလိုက်မှာနော်''

ကျွန်မဘယ်လိုပဲပြောပြော သူကတော့ သူ့ဝသီကိုတစ်ပြားသားမှ မလျော့ဘဲ ခပ်ငေါ့ငေါ့လေသံဖြင့်

''ဟာ ဒါဆိုမဖြစ်ဘူးထင်တယ်၊ တော်ကြာ ''ထူးအယ်လင်း''သီချင်းထဲကလို ဖုန်းဆက်လိုက်ရမလား ဆိုပြီးအဖိုးကြီးကထွက်ဆိုပြနေမှ ကိုယ်တို့တီးဝိုင်းအရှက်ကွဲနေပါဦးမယ်'' တဲ့လေ။

မိန်းကလေးပီပီစပ်စုချင်တတ်သော ကျွန်မက သူ့ဒဏ်ရာအကြောင်းကို အစဖော်ကြည့်လိုက်လေသည်။

''နောင်နောင်၊ ညနေတုန်းကဘာဖြစ်တာလဲ၊''

''စိုးရိမ်တယ်ပေါ့''

''ဟုတ်မယ်အားကြီးကြီး၊ တော်ကြာဆေးဖိုးမရှိရင် ပိုက်ဆံချေးနေမှာစိုးလို့ စိုးရိမ်ချင်ယောင်ဆောင်ပြီးမေးနေတာ ကဲ၊ သိပြီလား''
ဟုအချဉ်ပေါက်ပေါက်နှင့်ဟုပြောလိုက်လေ သည်။ 
စကားကောင်းကိုပြောလို့မရဘူး...
''ဟိုဖက်ရပ်ကွက်ကကောင်တွေ ကျွေးလိုက်တာလေ ဟိုတစ်ခေါက်က ကိုယ်က သူတို့အဖွဲ့ထဲက တစ်ကောင် ကိုကျွေးထားတာ၊ ဘဲစားဘဲကျေ၊ ကျေသွားပြီ''
 
''ရှင်က ဘာဖြစ်လို့ရန်လိုနေရတာလဲ၊''
''ကိုယ့်ညီမလေးကို ဒီကောင်တွေထဲက တစ်ဗွေက လိုက်အီနေတာလေ၊ ကိုယ်ကလည်းဘယ်ခံမလဲ၊ သူ့ညီမတစ်ယောက်ကို ကြွေအာင်လုပ်ပြီး ဖြတ်ချထားခဲ့တာ၊ ဟိုစော်က မျက်ရည်စက်လက်နဲ့သွားချွန်တော့ ကိုယ့်ကိုဝိုင်းသမကြတာပေါ့''
တစ်စက်ကလေးမှ အကြောမခံချင်တဲ့သူ့ကို တော်တော်လေးချဉ်သွားပြီး ကလိချင်သည့်အတွက် ---
''ရှင်ကFighter ပဲနော်''
''ဗျာ ကိုယ့်ကိုခေါ်လိုက်တာလား''
''ရှင်နဲ့ပြောနေတာ၊ ရှင့်ကို မခေါ်လို့ဘယ်ဘဲကိုခေါ်ရမှာလဲ''
''ဒါဆိုအစ်မကြီးလူမှားနေပြီဗျ၊ ကျွန်တော့်နာမည်စစ်ငြိမ်းနောင်ပါ၊Fighter မဟုတ်ပါဘူး''
အတည်ပေါက်နှင့်ဘုပြောနေသော သူ့လေသံကြောင့် ဖုန်းကို ဂွပ်ခနဲ့မြည်အောင်ချပစ်လိုက်သည်။
''ဂွပ်''
ပြီးတော့စိတ်လွတ်၊ ကိုယ်လွတ်အော်ရယ်ပစ်လိုက်၏။

သိပ်မကြာခင်တစ်နေ့မှာပဲ ကျွန်မတို့အိမ်နားရှိ မိတ္တူဆိုင်တွင် သူနဲ့ကျွန်မထိပ်တိုက်ဆုံကြသေးတယ်။

''လေးခင်၊ ကိုယ့်ကိုမြန်မာစာ၊ စာစီစာကုံးခဏငှားပါလား၊ ဟိုတစ်နေ့က ကျူရှင်လာတာနောက်ကျလို့ မှတ်ပေးတာတွေ မမီလိုက်ဘူး''
''တစ်ရက်ပဲငှားမယ်၊ ကျေနပ်ရင်ယူ၊ မကျေနပ်ရင်မယူနဲ့'' 

ဇာတ်လမ်းတွေကရိုးနေပြီ။ မသိတာမှတ်လို့
''အမေလေးဗျာ ကြောက်နေရပါလား ကိုယ့်ကိုအဲဒီလေသံမျိုးနဲ့ဘယ်သူမှမပြောဘူးဖူး၊ ပြောလို့လည်း မရဘူး''တဲ့လေ။
''ရှင့်အမေကတော့ပြောဖူးမှာပဲ၊ လာရွှီးမနေနဲ့''
လွှတ်ခနဲထွက်သွားမိပြီးမှ ပါးစပ်အား အလျင်အမြန်လက်နှစ်ဖက်ဖြင့် BREAKအုပ်လိုက်ရလေသည်။
''ကိုယ့်ကိုခင်တယ်ဆိုရင်၊ ကျေးဇူးပြုပြီး ကိုယ်မိဘတွေအကြောင်းနောက်တာပဲဖြစ်ဖြစ်၊ တစ်ကယ်ပဲဖြစ်ဖြစ် ဘယ်တော့မှမပြောပါနဲ့''
ကျွန်မမျက်လုံးအား စူးစူးရဲရဲစိုက်ကြည့်ကာ မျက်နှာထားတင်းတင်းကြီးနှင့်ပြောလေသည်။
ထို့နောက် ချာခနဲလှည့်ထွက်သွားသော သူ့ကျောပြင်အားငေးကြည့်ရင်း စိတ်မကောင်းဖြစ်သွားရလေသည်။ သူ့အသိဥာဏ်ထဲမှာ Broken Family ဆိုတဲ့ အရိပ်မည်းကြီးက တစ်ယူသန်စွဲဝင်နေပါလား၊
*******

အခန်း(၅)

ကျွန်မနဲ့သူဟာ ချစ်သူတွေမဟုတ်ကြသေးပေမယ့် စာနာခြင်းဆိုတဲ့ နားလည်မှု ကတော့ ကျွန်မရင်ထဲမှာ ဝင်ပုန်းနေတာကြာပါပြီ။
ကျွန်မသူ့ကို တမင်တကာ စကားမပြောဘဲနေတာ ဒီနေ့ဆို တစ်ပတ်ပြည့်သွားပြီ။ ဒီထက်ပိုပြီးမနေနိုင်တော့တဲ့ ကျွန်မကပဲစပြီး မျက်နှာချိုသွေးကာ လေပြေထိုး လိုက်ရလေသည်။

''င်္FIGHTERစာမေးပွဲနီးနေပြီ၊ စာတွေပိုင်ပြီလား၊''

''ဟာကွာ ကိုယ့်ကိုဒီနာမည်ကြီးနဲ့နှိပ်စက်နေပါလား၊ နားဝင်ချိုစရာကောင်းတဲ့နာမည်တစ်မျိုးလောက် ပြောင်းခေါ်ပါလား''လုပ်ပြီ။ နည်းနည်းမှကို မျက်နှာသာပေးလို့မရဘူး။ ထောင့်မကျိုးးတဲ့သူတွေများ ဘယ်လို ချိုးချိုးမကျိုးးဘူးဆိုတာဟုတ်မှာ။

''မခေါ်နိုင်ပေါင်၊ အားအားရှိ စီခနဲဆိုသူပဲ၊ ပွဲတိုင်းကျော်ကြီး Ko Fighter သူ့ဂုဏ်ပုဒ်ကို ကျေနပ် နေတယ်လို့ထင်ရတဲ့Fighter က ''ကိုယ်ကကိုယ့်ကိုစပြီး မထိရင်၊ အေးဆေးနေတဲ့ မြွေဟောက်လိုကောင်ကွ အေး ထိပြီဟေ့ဆိုရင်လည်း ဆေးမမှီဘူးသာမှတ်''
အမယ်လေးဟဲ့ ကြီးကြီးကျယ်ကျယ်
''ဟုတ်ပါပြီရှင် ကျွန်မမေးမိ အပြစ်ရှိပါ''

နှုတ်ခမ်းမဲ့ကာ ဒေါ်ခင်အေးဟန်ကြီး၏ အိုက်တင်ဖြင့်ပြောလိုက်သောကြောင့် သူက ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ ခွက်ထိုးလန်အောင် ရယ်မောနေလေတော့သည်။

ဘာပဲပြောပြော သူနဲ့ကျွန်မကြားက ခင်မင်မှုအဖြူထည်ကြိုးက အရောင်စွန်းချင်သယောင်ယောင်
''ကိုယ်တို့ကျောင်းမှာ ပညာရေးစုံညီပွဲတော်ရှိတယ်၊ လာခဲ့ပါလား''
''ဇန်နဝါရီလ (၃)ရက်နေ့နော်၊ ဒါနဲ့ဘယ်ကျောင်းလဲ''
ဒီလောက်ကလေးတောင်မသိရကောင်းလားဆိုတဲ့ မျက်လုံးမျိုးဖြင့်...
''စိန်ဂျွန်းလေကွာ၊ အ.ထ.က (၁) လမ်းမတော်''
''Fighter က လမ်းမတော်(၁)ကလား၊ အဲဒီကျောင်းမှာ ဘော်ဒါတွေရှိတယ်။ မလာရဲပါဘူးကွာ၊Fighter ကြီးတက်တဲ့ကျောင်းဆိုတော့Fighter လေးတွေလည်းရှိချင်ရှိနေမှာ ကြောက်တယ်''
ရွှတ်နောက်နောက်နှင့်ပြောလိုက်သော ကျွန်မစကားက သူ့ဒေါသကို ဆွပေးလိုက်သလိုဖြစ်သွားလေသည်။

''မင်းကကိုယ်ကိုတစ်ချိန်လုံးFighter Fighter နဲ့ အသားလွတ်ဖဲ့နေပါလား လေးလုံးရဲ့''
သူကျွန်မကို အမှန်တကယ်တင်းနေပါပြီ။
''ဘာ ဘာလေးလုံးလဲ မခေါ်နဲ့မကြိုက်ဘူး''
''သြော် သူ့အလှည့်ကျတော့ဖြစ်နေလိုက်တာ ကိုယ့်ပုံလည်းကိုယ်ပြန်ကြည့်လိုဦး၊ စာပဲတစ်ကယ်ကြိုးစားလို့လား၊ အားအားရှိ T.V Game ပဲကမြင်းသလားမသိပါဘူး၊ မျက်မှန်က ပုလင်းဖင်ဖြစ်နေပြီ၊ ရုပ်ကမလှရတဲ့အထဲ၊ ပုံဆိုးပန်းဆိုးနဲ့လေးလုံးမ''

အတည်ပေါက်ပြောနေသော သူ့စကားကြောင့် ယောင်ယမ်းကာ ကျွန်မမျက်နှာကို စမ်းကြည့်မိပါတော့သည်။ ငါတစ်ကယ်ပဲ သူပြောသလို ရုပ်ဆိုးမကြီးဖြစ်နေပြီလား?

အာ ငါဘာဖြစ်နေတာလဲ တွေးရင်းမှပင် ကျွန်မအလိုလိုဝမ်းနည်းသိ၊ စိတ်ဒီရေတက်လာပါတော့သည်။
အတန်ငယ်ကြာအောင် ပြန်ထိန်းလိုက်ပြီး....
ငါမလှတော့ရော ဘာအရေးလဲ၊ ဘာကို ဂရုစိုက်ရမှာလဲ?
ငါစိတ်တွေမရိုးမရွဖြစ်နေစရာအကြောင်းကိုမရှိဘူး မယုံနိုင်စရာပါလား?

ယောကျာ်းတစ်ယောက်ရဲ့ဝေဖန်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာခံနိုင်ရည်မရှိတဲ့ မိန်းမတစ်ယောက်အဖြစ် ရပ်တည်နေပြီလား၊
FIGHTERရယ် ငါမစဉ်းစားတတ်တော့ဘူးဟယ်....
*******


အခန်း (၆)

ယနေ့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေဆိုပြီးကြသော နွေ နေ့လည်ခင်း အချိန်ဖြစ်သည်။ ကောင်းကင် တစ်ခွင်လုံးလည်း နေမင်း ကြီး၏အရောင်နှင့်တောက်ပနေသည်။ သစ်ရွက်ခြောက်ကလေးများ လေနှင့်အတူ ပေါ့ပါးစွာလွင့်ပျံနေသလိုပင်။ ကျောင်းသား၊ ကျောင်းသူများသည် တစ်နှစ်ပတ်လုံး ပင်ပနးကြီးစွာဖြင့် ထမ်းထား ရသောအထုပ်ကြီးကို ဖုတ်ခနဲနေအောင်ပစ်ချလိုက်သကဲ့သို့ သွက်လက်စွာဝဲပျံနေကြ၏။ အင်းလျားကန်ဘောင် တစ်လျှောက်တွင်လည်း အဖြူ၊ အစိမ်းဝတ်ကျောင်းသားများ၏ ဝရုန်းသုန်းကား ဆူညံသံများကြောင့် ငြိမ်သက်နေသော အင်းလျားရေပြင်ကြီးပင် သံယောင်လိုက်ကာ သက်ဝင် လှုပ်ရှားနေသယောင်ယောင်...

''ဟေး ဝဋ်ကျွတ်ပြီကွ''

ကျောင်းစိမ်းပုဆိုးကို ခပ်တိုတိုဝတ်လိုက်ပြီး၊ လက်တစ်ဖက်မှလည်း လွယ်အိတ်ကို မြှောက်တင်ကာ အပြစ်ကင်းစင်သော ကလေးတစ်ယောက်၏ မျက်နှာပေးနှင့် ပျော်ရွှင်စွာ အော်ဟစ်နေသော စစ်ငြိမ်းနောင်
အိတုံတို့အုပ်စုမှာလည်း ကိုယ်ပိုင်အတွဲကိုယ်စီဖြင့် ကန်ဘောင်ပေါ်ရှိ အကြော်ဆိုင်အတွင်း၌ တစ်နေ့တာ ကဲကြမည့် PLAN များကို ခေါင်းချင်းဆိုင်ကာ တစ်ယောက်တစ်ပေါက် တွတ်ထိုးနေကြသည်။ ထိုအချိန်၌ အပျော်အပါးအစီအစဉ်များတွင် လွန်စွာမှာအားကိုးရသော စစ်ငြိမ်းနောင်ကပင်။

''ကဲ ဘာမှ တစ်ယောက်တစ်ပေါက်ပြောမနေကြနဲ့ အီစကိုယ်ဆီမှာHappy World u Gift Card တွေရှိတယ်။ သရဲရထားစီးမယ်၊ တိုက်ကားမောင်းမယ်၊ ပြီးရင်ကန်တော်မင်္ဂလာ ပန်းခြံထဲမှာ အတွဲချောင်းမယ် ဘယ်လိုလဲ၊ ဟဲ ဟဲ''

နောင်နောင်၏ဆန္ဒကိုအပြည့်အဝမဲပေးလိုက်သူက သိမ့်သိမ့်သူ
''ဟဲ့၊ နှာဘူးကောင် နင့်ဘာသာနင်အတွဲချောင်းချင်တာနဲ့ငါတို့ကိုဆွဲမထည့်နဲ့သွားချင်ရင် နင်တို့ယောကျာ်းလေး တွေတစ်ဖွဲ့သွား ငါတို့ကတော့ ရုပ်ရှင်သွားကြည့်မယ်နော် လေးခင်''
သိမ့်သိမ့်ထက်က သူ့ဆန္ဒကိုဖော်ထုတ်ရင်း ကျွန်မဘက်သို့ပါ မဲဆွယ်လိုက်လေသည်။

ကျွန်မက ခေါင်းညိမ့်ကာ ထောက်ခံလိုက်တော့
''ဟာကွာ လေးလုံးကလည်း ကိုယ့်မှာတော့မင်းနဲ့အတူတူတိုက်ကားမောင်းချင်လွန်းလို့ ညီမလေးရဲ့  CARDကိုပါ တွမ်လာတာကွ ကျွတ် အခုတော့''
စုတ်တစ်ချက်သပ်ရင်း ပြောနေသော သူ့ပုံစံကရယ်စရာကောင်းလွန်းသဖြင့် လွှတ်ခနဲ 'အဟိ'ဟု အသံ ထွက်သွားလေသည်။

 ထို့နောက် အိနြေ္ဒတစ်ခွဲသားဖြင့် ဟန်ဆောင်လိုက်ရပြန်သည်။
''ခိုးရာပါစ္စည်းနဲ့တော့ မကောင်းစားချင်ပေါင်၊ ကိုယ့်ဘာသာပဲထမင်းကြမ်းယပ်ခတ်စားပါတော့မယ်Fighter ရယ်''
''တစ်ကယ်စားနိုင်တယ်နော်''
ရုတ်တရက်ပြောလိုက်သောစကားက မသဲကွဲသောကြောင့် ပြန်ထပ်မေးကြည့်တော့ သူက ''လေးလုံးက တစ်ကယ်ပဲ ထမင်းကြမ်းကို ယပ်ခတ်ပြီးစားနိုင်လို့လားလို့မေးတာပါ''
သူ့အပြောတွေက ကျွန်မမျက်လုံးကို သေသေချာချာစိုက်ကြည့်ပြီး တစ်ဘဝစာအတွက် ပြောနေသလိုဟု ထင်ရလေသည်။

ကျွန်မတို့နှစ်ယောက်ရဲ့ ထေ့ငေါ့မှုတွေက တို့နှစ်ဦးရဲ့ဘဝကို နီးစပ်ဖို့အားယူနေတယ်ဆိုတာကိုသာကြိုသိခဲ့ရင်
ထိုအချိန်မှာပဲ ဆိုင်အတွင်းရှိ ကက်ဆက်မှကြားလိုက်ရသော စည်သူလွင်၏သီချင်းသံကြောင့် နှစ်ဦးသားအလိုလို ကိုယ်စီအတွေးများနှင့် နှုတ်ဆိတ်သွားကြလေ၏။

ကိုယတွေ့နေပါတယ် မင်းမျက်ဝန်းရဲ့အလှနဲ့ စူးရှတောက်ပမှုက ဘယ်လိုမေ့လိုရမှာလဲ ရှောင်လွှဲမယ် ကြံလည်း အိပ်မက်မက်လိုက်တိုင်း အခါခါရင်ခုန်နေ ဒါဟာအချစ်ကြောင့်ပဲထင်တယ်...
ထိုနေ့က မိန်းကလေးအုပ်စု၏ဆန္ဒမဲများက အလေးသားသောကြောင့် ရှေ့ဆောင်ရုံတွင် ရုပ်ရှင်သွားကြည့်ခြင်း အစီအစဉ်ကိုသာ အကောင်အထည်ဖော်ဖြစ်သွားလေ၏။

''Shall we dance ''

မင်းသားကြီး Richard Gere နှင့် အဆိုတော်လုံးကြီးပေါက်လှမင်းသမီး JENNKIFER LOPEZ တို့ အထူးသရုပ်ဆောင်ထားသော သင်တန်းတစ်ခု၏ အကြောင်းကိုအခြေခံ ဇာတ်အိမ်ဖွဲ့ထားသောကားဖြစ်သည်။

ဘယ်နေရာရောက်ရောက်၊ အငြိမ်မနေတတ်သောFighter က မင်းသမီး JENNKIFER LOPEZ က နေသော အခန်းသို့အရောက်တွင်....
''ငါမိန်းမယူရင်တော J-LO လို ရေဆေးငါးတောင့်တောင့်ဖြောင့်ဖြောင့်ကြီးကိုပဲရွေးယူမယ်။ ရှယ်ပဲ ဟဲ ဟဲ အိတုံမလို အရိုးပဒေသာမျိုးကိုတော့ ဝေဒါမန္တိရှောင်ကြဉ်ပါ၏'' ဟု ပါးစပ်ဆော့ကာ ပြောတော့ အိတုံ၏ လက်ဝါးကFighter ကျောပြင်တွင် ဗျောတင်သွားလေတော့သည်။
'အုန်း'
********

အခန်း(၇)

''ဥသြ ဥသြ ဥသြ''
နွေဥသြလေးများ၏ ဝင်းဝါတင့်တယ်နေသော ငုပန်းကလေးများ၏ အလှက သင်္ကြန်ရောက်ခါနီးပြီဟု ကြွေးကြော်ဆော်သြနေပါသည်။
သင်္ကြန်မတိုင်မီကတည်းကပင် ပံျ့လွင့်နေသော သင်္ကြန်တူးပို့သီချင်းသံများကလည်း နှစ်သစ်ကူးချိန်ခါသမယကို အလုအယက်ကြိုဆိုနေကြလေ၏။

သင်္ကြန်ခါတော်လေ၊ ရက်မြတ်မှာလေ လှပျိုဖော်တသင်းနဲ့ တေးသံလွင်လွင် သီကျူးနေတာသင်္ကြန် နှစ်ကူးရောက်ပြီဟေ့ ပျော်ရွှင်စွာ ငါတို့စိတ်တွေရေထဲမျောလိုက်ပါ....
သြော် သင်္ကြန်တောင် ရောက်တော့မှာပါလား၊ လူငယ်သဘာဝမို့သင်္ကြန်ကို ကြိုတွေးကာရင်ခုန်နေမိသည်။

မှတ်မှတ်ရရ April (၁) ရက်နေ့ရဲ့ ညနေခင်းလေးမှာပေါ့....
ကျွန်မညနေတိုင်းသွားနေကြဖြစ်သော Videoအခွေငှားဆိုင်လေးသို့ စစ်ငြိမ်းနောင်တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့လေသည်။
''ကိုယ် လေးခင်နဲ့စကားပြောချင်တယ်''
ဟုဆိုပြီး ကျွန်မလက်ဖျားလေးကို ဆုပ်ကိုင်လိုက်တော့ ကျွန်မမှာ ရင်တုန်ပန်းတုန်ရှက်ရွံ့သွားလေသည်။

April Fool မို့အရူးလုပ်နေတာလားFighter  ရယ်။

''စကားပြောတာများထူးဆန်းလို့ဟယ်၊ ဘာလဲနင်ကအခုမှ စကားပြောတတ်လာတဲ့ တေမိမင်းသားမို့လို့လား''
ပြောသာပြောလိုက်ရတာ၊ တကယ်တော့ ကျွန်မစိတ်တွေစုလို့မရအောင် လွင့်ပျံနေပါတယ်။ စကားပလ္လင် ဒီလောက်ခံနေပြီဆိုကတည်းက အင်း ကျွန်မအနားက သူငယ်ချင်းတွေကလည်း ကျွန်မတို့နှစ်ယောက်ကို ပြူးဝိုင်းသည့် စပ်စုမျက်လုံးများဖြင့်ကြည့်နေကြသည်။

''ကိုယ် ဟို၊ ကျွန်တော် လေးခင်ကို ဟို၊ ဟို'' 
တဟိုဟိုနှင့် လက်ညှိးလေးထိုးကာ အူကြောင်ကြောင် လုပ်နေသော သူသည် စစ်ငြိမ်းနောင်မှဟုတ်ပါလေစဟူ၍ပင် သံသယဝင်နေမိသည်။ 
ကျွန်မအတွေးမဆုံးသေး ခင်မှာပင် 
'' ကိုယ် မင်းကိုအရမ်းချစ်တယ်''
ဟူသော စကားသံအား ပီပြင်ကြည်လင်စွာ ကြားလိုက်ရ၏။ ထိုခဏမှာပင် သူငယ်ချင်းများဆီမှ ဝါးခနဲရယ်သံထွက်ပေါ်လာလေသည်။

''ဟား ဟား ဟား ဖြစ်မှဖြစ်ရလေနောင်နောင်ရယ် ဒီစကားလေးပြောဖို့ကိုများFighter  ဆိုတဲ့ နင့်ရဲ့ ဂုဏ်ပုဒ်နဲ့တောင် မညီလိုက်တာဟယ် ဟား ဟား ဟား'' 
သူငယ်ချင်းများ၏ ဟားသံများကြောင့် ကျွန်မမျက်နှာ မထားတတ်အောင်ထူပူသွားလေသည်။

''နင့်မှာ ငါ့အတွက် အချစ်ဆိုတာ ကျန်သေးလို့လား၊ ရည်းစားပေါင်းစုံထားပြီး ပြဿနာတတ်လို့ ဒဏ်ရာ ရပေါင်းလည်း မနည်းဘူး၊ နင့်လောက်ရှုပ်တဲ့ဘဲကို ငါဘယ်လိုတွဲရ မှာလဲ၊ နင်ပြောတော့ငါက ရုပ်ဆိုးတယ်ဆို ရုပ်ဆိုးမကြီးကို ဘာလို့ချစ်တယ်လို့လာပြောနေရတာလဲ၊ သွား''

ရှက်ရမ်းရမ်းပြီး အော်လိုက်သော ကျွန်မအသံကြားမှပင် သူ့အသံက တည်ကြည်စွာ ဖောက်ထွင်းလာပါသည်။

 တစ်ချိန်ကသူပြောခဲ့သဖူးသောစကားကို တေးထားသော ကျွန်မကိုယ့်ကိုကိုယ်တောင် အံ့သြနေမိပါသည်။

''ကိုယ့်ဘဝမှာ အမေ့ရဲ့မေတ္တာဆိုတာ မခံစားခဲ့ရဖူးဘူး။ မင်းရဲ့မျက်ဝန်းတွေကို စတွေ့တဲ့အချိန်မှာပဲ မင်းဟာ ကိုယ့်ဘဝမှာ တစ်ခါမှ မပိုင်ဆိုင်ခဲ့ရတဲ့ ''မိခင်တစ်ယောက်ရဲ့ ရင်ခွင်'' ဆိုတာကို နူးညံ့သိမ်မွေ့စွာ ကိုယ်စား ပေးဆပ်နိုင်မယ့် မိန်းမတစ်ယောက်ဆိုတာ အလိုလိုသိလိုက်ရတယ်၊ ဒီလိုအကြင်နာ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတဲ့ မိန်းမတစ်ယောက်မှာ ရုပ်ဆိုးတဲ့အချိန်ဆိုတာရှိနိုင်ပါဦးမလား''

သူ့စကားသံများက ကျွန်မရင်ထဲမှာ ပီတိဖြစ်ချင်သလို ကျေနပ်နေသလိုလို--- 
ကျွန်မစိတ်ထဲမှာ ဘာတွေ ခံစားနေရတာလဲ၊ သူပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကို အငြိုးထားပြီး ပေါက်ကွဲနေရတာကရော့ အယူအဆမှားတွေကို ကိုင်စွဲတတ်နေပြီလား၊  ဒါမှမဟုတ် ယောကျာ်းတစ်ယောက်ကို အပြစ်ကင်းစွာ စိတ်ဝင်စားမိနေတဲ့ အုံ့ပုန်းစိတ်ကြောင့်လား သေသေချာချာ ကျေနပ်သွားမိတာကတော့ ''မိခင်တစ်ယောက်ရဲ့ရင်ခွင်'' ဆိုတဲ့ အသုံးအနှုန်းပဲ---

ကျွန်တော်အဲဒီနေ့က ကျူရှင်ကိုရောက်သွားတော့ တင်ပါးကျော်ထိရှည်လျားဖြောင့်စင်းတဲ့ ဆံပင်ရှည်ရှည် ကောင်မလေးတစ်ယောက်--- ကျွန်တော်ရှေ့ကနေ လှေခါးပေါ်ကို ဖျတ်ခနဲတက်သွားတာမြင်လိုက်ရတယ်။ ဟင် ငါတို့ကျူရှင်မှာ ဒီလောက်ဆံပင်ရှည်တဲ့ ကောင်မလေးမရှိပါဘူး ဘယ်သူများပါလိမ့်?

ကျွန်တော်ကျူရှင်ပေါ်ကို အမြန်ပြေးတတ်ပြီး စိတ်ဝင်တစားလိုက်ကြည့်တော့ ကောင်မလေးက အိတုံဘေးမှာ လွယ်အိတ်လေးချပြီး ဝင်ထိုက်လိုက်သည်။
ဒါဆို သူမက ကျောင်းသူအသစ်လေးပေါ့....

ကျွန်တော်အနောက်ဖက်ကနေ သူ့မျက်နှာလေးကို မြင်ချင်ဇောနဲ့လှမ်းကြည့်နေတာ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ရှည်ကြီးတွေရယ်၊ ဘေးတိုက်မြင်နေရတဲ့ မျက်မှန်ကိုင်းလေးက သူ့မျက်နှာလေးကို coverလုပ်ထားသလို ဖြစ်နေတော့ ဘယ်လိုမှကြည့်လို့မရဘူးဗျာ...

ဟော ဆရာလာပြီ ဆရာကရောက်ရောက်ချင်းစာမေးတော့ အူကြောင်ကြောင်လေးနဲ့ထရပ်လိုက်တဲ့ ကောင်မ လေးရဲ့မျက်နှာကို မြင်နိုင်ခွင့်အတွေး ရုတ်တရက်ပေါ်လာတယ်လေ။ ဒါနဲ့ပဲ ကောင်မလေးစိတ်ဆိုးအောင် လှမ်းစလိုက်တော့ တွေ့လိုက်ရပါပြီ သူ့မျက်နှာလေး သူ့မျက်ဝန်းလေးတွေကဗျာ ဒေါသရောင်သန်းနေပေမယ့်လည်း စိုပြီးတောက်နေတာ ကျွန်တော်ကြွေသွားတယ်ဗျာ....
********

အခန်း(၈)

ဒီလိုနဲ့ပဲFighter နဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ အကြိမ် (၇ဝ)ထက်မကတဲ့ မတော်တဆအကြည့်ချင်းဆုံတွေ့မှု တွေရဲ့အောက်မှာပဲ ချစ်ခရီးလမ်း လေးရှည်လျားစေခဲ့မိတယ်လေ ကျောင်းတုန်းကလို ပုံမှန်မဟုတ်သော နှစ်လိုခြင်းများ စွာကိုလည်း နှစ်ဦးသားပိုင်ဆိုင်လာကြသည် တစ်နေ့ထက်တစ်နေ့ ချစ်စိတ်များစွာ အထပ်ထပ်ပွားလာပြီး သင်္ကြန်ရက်များအတွင်း နေ့စဉ်အတူတကွ ရေကစားပျော်ပါးလာကြသည်မှာ အတတ်နေ့သို့ရောက်လာခဲ့သည်။

''လေးခင်၊ ဒယ်ဒီက ကိုယ့်ကို စင်္ကာပူ ကို လိုက်ခဲ့ဖို့ခေါ်နေပြီ''

ရေပက်နေရင်းမှ သူပြောလိုက်သော စကားကြောင့်တစ်ယောက်တည်း တီးတိုးညည်းတွားနေမိသည်။ ဟွန်း ချစ်သူဖြစ်တာမှ မကြာသေးဘူး ခွဲဖို့စကားကစလာပြီ။

''လေးခင်၊ ဘာတွေပွစိပွစိဖြစ်နေတာလဲ၊ ချမ်းနေလို့လား''
ဟုဆိုကာ ကျွန်မပခုံးလေးအား ကြင်နာစွာထွေး ဖက်ထားလေသည်။ ရွှဲရွှဲစိုနေသောအဝတ်အစားများကြောင့် အချမ်းပိုနေသော ကျွန်မရင်ထဲ နွေးခနဲခံစားမိလိုက်သော သူ၏ယုယမှုအပူလှိုင်းအတွက် ကျေနပ်မိနေပေသည်။

သို့သော် သူများတကာတွေ သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည်မို့ အပြတ်ကဲနေကြသော အချိန်တွင် ကျွန်မ၏ပျော်ရွှင်မှုပီတိများကကြာကြာမခံပါ။ သေချာသည်ကတော့ အလွမ်း ဆိုသော မီးတောက်အပူဒဏ်ကို ကျွန်မမခံစားနိုင်သောကြောင့်ပင်။

မျက်နှာပျက်နေသော ကျွန်မ၏အမူအရာကို ရိပ်မိသွားသောFighter က

''ကိုယ်လည်း လေးခင်နဲ့မခွဲချင်ပါဘူးကွာ၊ တစ်ကယ်ဆို လေးခင်အနားမှာ အမြဲထာဝရ၊ မြေကျတဲ့အထိ ခစားချင်တဲ့ကောင်ပါကွ''

ဆယ်ကျော်သက်အရွယ်ရဲ့စိတ်ကစားမှု၊ ရင်ခုန်တတ်စအရွယ်ရဲ့စွန့်စားလိုမှုများဖြင့် ဆုံးဖြတ်ချက် ပြတ်သားစွာချလိုက်သူကFighter!

''လေးခင် ဘဝတစ်လျှောက်လုံးကိုယ်နဲ့အတူ စွန့်စားဖို့သတ္တိရှိရဲ့လား''
ဒီလိုဆိုပြန်တော့လည်း စဉ်းစာရ ကျပ်နေပြီ။ ကျွန်မခေါင်းထဲတွင် အတွေးများစွာ ချာချာလည်ကာ ငူငူကြီးရပ်၍စဉ်းစားနေမိသည်။

''လေးခင် ဘဝရဲ့အကောင်းအဆိုး၊ အကျိုးးအပြစ်ဆိုတာတွေဟာ ကံတရားကြောင့်ကြီးလည်းဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်ပြုလုပ်တဲ့ကိုယ်ရဲ့ဆုံးဖြတ်ချက်နဲ့လည်းဆိုင်တယ်၊ ကိုယ်ကတော့ ကိုယ့်ကိုကိုယ်ယုံတယ်၊ လေးခင်နဲ့မဝေးချင်တဲ့အတွက် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဖို့အကြောင်းတော့လုံးဝမရှိဘူး ကဲ ညနေစောင်းပြီ ပြန်ကြရအောင်၊ အစကတော့ အတက်နေမှာ မိုးချုပ်တဲ့အထိ နေဦးမလို့ပဲ၊ ဒါပေမယ့် ကြာလာရင် ကိုယ့်စိတ်ကို ကိုယ်သိနေတဲ့အတွက် ပြန်မယ်ကွာလာ”
ပြောရင်းမှပင် ကျွန်မလက်ကိုဆွဲကာ မဏ္ဍာပ်အောက်သို့နှုတ်ဆိတ်စွာဆင်းလာကြ၏။ တစ်ဆက်တည်းမှာပဲ ကျွန်မအာရုံထဲတွင် အပြိုင်အဆိုင်နေရာယူလာသည်က ကျွန်မ သိပ်ချစ်ရသော ဖေဖေနဲ့မေမေ တစ်ဖက်မှာလည်း အချစ်ရဆုံး ချစ်ဦးသူစစ်ငြိမ်းနောင်။

င်္FIGHTERက ကားကိုကိုယ်တိုင်မောင်းကာ လမ်းထိပ်တွင်ရပ်လိုက်သောအခါ ကျွန်မကားပေါ်မှ ဆင်းလိုက်လေသည်။ ပြီးတော့ အိမ်ဘက်သို့ ဦးတည်ကာ ခြေလှမ်းပြင်လိုက်သည်။ စဉ်းစားစရာမလိုဘဲ အလိုလိုသိသည်က သူကျွန်မကို ချက်ချင်းကြီး ပြန်လိုက်ပို့သည်မှာ ကျွန်မ၏မပြတ်သားသော ဆန္ဒတစ်စုံကို အနိုင်မယူချင်သောကြောင့်ဖြစ်ပေမည်။ သူ့ဘက်က ချစ်လျှက်နှင့်ဒီလောက်ငဲ့ကွက်နေတာတောင် ငါက သူ့အချစ်ကို ဥပက္ခာပြုထားလိုက်လျှင် တရားပါ့မလား . . . .။
*********

အခန်း(၉)

ရုတ်တရက်ကျွန်မခြေအစုံကိုရပ်ကာ နောက်ပြန်လှည့်ကြည့်လိုက်တော့ ကျွန်မ၏ကျောပြင်ကို ကြည့်ရင်း မျက်ရည်ဝဲနေသော သူ့ကို နင့်နင့်နဲနဲသနားသွားမိလေသည်။ ထိုစဉ် မှာပင် ကျွန်မ၏ ဝိုးတဝါး အာရုံက ဗြုန်း ခနဲပွင့်ထွက်သွားကာ ကားရပ်ထားသော နေရာသို့အပြေးပြန်သွားပြီး သူ့ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် အားရအောင် ငိုကြွေးလိုက်တော့သည်။

အရာအားလုံးဟာ အမြဲတစေ ပြောင်းလဲရွေ့လျားနေတတ်သလို ကျွန်မတို့နှစ်ဦး၏ဘဝသည် နှစ်ဖက်မိဘများ၏ အကူအညီကို တစ်ပြားတစ်ကျပ်မှမယူဘဲ နှစ်ဦးသားဘဝကို တည်ဆောက်ရသဖြင့် ပင်ပန်းဆင်းရဲမှုဒဏ်ကို အလူးအလဲခံကြရသည်။ (၁ဝ)တန်းကျောင်းသားဟူသော ပညာအရည်အချင်းကြောင့်၎င်း (၁၆)နှစ်အရွယ် ဆယ်ကျော်သက်ဟူသော အသိကတစ်ကြောင်းကြောင့်Fighter သည် အိမ်ထောင်ရှင်ဘဝသို့ ရောက်လာခဲ့သည့် တိုင်အောင် ယခင်လူပျိုဘဝ၏ လွတ်လပ်မှုများကို ယခုတိုင် ထိန်းသိမ်းထားနေဆဲပင်။

''င်္FIGHTERနင်အပျော်အပါးတွေလျော့ဦး ငါတို့နှစ်ယောက်ဒီအတိုင်းဆက်ပြီးစခန်းသွားနေလို့ ကြာလာရင် ငါသစ်ရွက်အုပ်နေရတော့မယ်''

ကျွန်မစကားကြောင့် ကုလားထိုင်တွင် အခန့်သားဆေးလိပ်သောက်နေသောသူက
''ဟား ဟား ဟား မင်းပြောတော့ ထမင်းကြမ်းတောင်ယပ်ခတ်စားနိုင်တယ်ဆို၊ အခုကျတော့ အပြောနဲ့လကတွေ့မညီပါလား လေးခင်''

''ဟဲ့ အပြောနဲ့လကတွေ့ကတစ်ခြားစီဆိုတာ ငါလည်းအခုမှသိရတာလေ၊ 'တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ' ဆိုတဲ့ သီချင်းက ပါးစပ်ဖျားမှာတင်ပြီးသွားတာ၊ လကတွေ့ဘဝမှာ သေလုမျောပါးခံနေရတာ မလွယ်ဘူးဟ''

ကျွန်မသည် မပြည့်စုံသော အိမ်ထောင်သည် ဘဝ၏သောကများကို သူမသိအောင်ဖုံးဖိရင်း စိတ်အိုက် နေသည်မှာ နေ့စဉ်နှင့်အမျှဖြစ်ပေသည်။

''အေးပါကွာ၊ မိန်းမရာ ငါလည်းကြုံရာအလုပ်ကို ကြိုးစားပြီးလုပနေတာပဲ၊ (၁ဝ)တန်းမအောင်သေးတော့ ဘယ်ကုမ္ပဏီကမှလက်မခံဘူး။ သာမန်လက်လုပ်လက်စားကျတော့လည်း မလုပ်တတ်ဘူး၊ ဟိုတစ်လောကတောင် ရဲရဲတို့ ဖောင်းဖောင်းတို့နဲ့တွေ့သေးတယ်၊ သူတို့ညီအစ်ကိုပြောတဲ့အလုပ်ကတော့ မဆိုးဘူး၊ ကိုယ်နည်းနည်း စိတ်ဝင်စားတယ်''

ကျွန်မသည် သူ့စကားလုံးများကို တစ်လုံးချင်းနားထောင်ရင်းရဲရဲနှင့်ဖောင်းဖောင်းဆိုသော နာမည်များကြောင့် စိုးရိမ်သွားလေသည်။

ခရေပင်လမ်းထဲက ညီအစ်ကိုနှစ်ယောက်ပဲ ဒီဘဲတွေကဂျစ်ပစီ၊ သူတို့နှစ်ယောက်နှင့် အလုပ်ကောင်းတွဲ လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ။ ကျွန်မ၏စိုးရိမ်မှုမှာ ကြာရှည်မခံခဲ့ပါ။ မကြာခင်မှာပင် လူဆိုးညီနောင်နှစ်ဖော်နှင့် တတွဲဖြစ်နေတော့သည်။ မနက်ကတည်းက အလုပ်သွားမည်ဟုဆိုကာ အိမ်မှထွက်သွားပြီး ညနေစောင်းမှပင် ပြန်ရောက်လာတတ်သည်။ အလုပ်မှပြန်လာတိုင်းလည်း ခေါက်ဆွဲကြော်၊ ကြာဇံကြော်များအပြင် ရံဖန်ရံခါတွင် ကျွန်မနှစ်သက်သော ဘဲကင်ကိုပင်ဂရုတစိုက်ဖြင့် ဝယ်လာတတ်သည်။

''င်္FIGHTERနင်အခုတလော ငွေရွှင်နေပါလား၊ နင့်အလုပ်ဆိုတာကရောဘာလဲ၊ အလုပ်နေရာပြောပါဆိုလည်း on the way ပဲပြောပြောနေတယ်၊ ဘာတွေလဲဟာ နင့်မိန်းမတစ်ယောက်အနေနဲ့ ငါနားလည်အောင်ရှင်းပြ''

သူကစိတ်ရှုပ်စွာခေါင်းကုတ်လိုက်ပြီး မခိုင်လုံသောအကြောင်းပြချက်ဖြင့်

''မိန်းမရာ၊ အချိန်တန်အိမ်မှာပြေလည်ရင်ပြီးပြီပေါ့၊ ဘာအတွက် ခေါင်းရှုပ်ခံစဉ်းစာနေတာလဲ၊  ကိုယ့်အလုပ်က အရောင်းကိုယ်စားလှယ်၊ နေရာအတည်တကျမရှိလို့ on the way လို့ပြောတာကွာ''

အင်း တစ်ခုခုတော့ တစ်ခုခုပဲ၊ အရောင်းကိုယ်စားလှယ်တစ်ယောက်က ထောင်တန်အုပ်လိုက်ဆွဲကာ လက်ဖျားငွေသီးနေသည်မှာ ကျွန်မအတွက် သံသယဝင်စရာပင်ဖြစ်သည်။ ကျောင်းသားဘဝကတည်းက ရံဖန်ရံခါ ဖွာတတ်သောဆေးလိပ်မှာအကြောင်းသိပ်မဟုတ်လှသော်လည်း အရက်ကလေးတမြမြနှင့် လူရာဝင်ချင် လာသည်ကိုတော့ မနှစ်မြိုနိုင်ပါ။

င်္FIGHTERရယ် နင့်ကိုယုံကြည်လွန်းလို့ စွန့်စားခဲ့ရတဲ့ငါ့ကို နင်ဂရုစိုက်တယ်ဆိုတာ ငါလက်ခံပါတယ်။ ဒါပေမယ့်ဟာ ငါတို့နှစ်ယောက်ရဲ့ဘဝလမ်းကိုတော့ အပြည့်စုံဆုံးမဟုတ်တောင်မှ အေးအေးချမ်းချမ်း လေးနဲ့ဖြတ်သန်းချင်သူပါ။ အခုနင့်ရဲ့ပြောင်းလဲမှုတွေက မြန်လွန်းတယ်လို့ငါထင်တယ်။

ကျွန်မ၏အတွေးများက ကြာကြာသိပ်မခံခဲ့ပါ။ ထင်ထားသည့်အတိုင်း
''လေးခင် ကိုယ်ဒီနေ့ပဲ အရေးပေါ်ခရီးသွားရမယ်၊ အနည်းဆုံးတစ်လလောက်တော့ ကြာမယ်။ အိမ်စရိတ်ကို အလုံအလောက်ပေးခဲ့မယ်။ လေးခင်လည်း အဝတ်အစားအသစ်တွေဝယ်ဦးလေကွာ၊ ကိုယ်ရှာတာ ကိုယ့်မိန်းမ အတွက်ပဲ''

သူ့စကားသံများက ကျွန်မအသိဥာဏ်ကို တားဆီးဖို့စေဆော်နေပါတယ်။

''လုပ်ပြီFighter ရာ၊ နင်ကလည်း ဒီမှာ အတူတူရှိနေတာတောင် မနက်တစ်ခါ၊ ညတစ်ခါပဲ နင့်မျက်နှာကို တွေ့ခွင့်ရတာ၊ အခုခရီးပါသွားဦးမယ်ဆိုတော့'' ပြောရင်းမှ မျက်ရည်တွေ လှိုက်ခနဲဝဲလာပါတော့သည်။
သူကကျွန်မခေါင်းလေးကို အသာပုတ်လိုက်ပြီး ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်သည်။

''မငိုပါနဲ့ မိန်းမရယ်၊ ကိုယ်ကအပျော်သွားတာမှမဟုတ်ဘဲ၊ ကိုယ်တို့ရှေ့ရေးက ရှိသေးတယ်လေ''

ရှေ့ရေးတဲ့လားFighter ရယ် လက်ရှိအရေးတောင်ငါဒီလောက်ခံစားနေရတာ။ ရှေ့ရေးဆိုရင် အို ငါ ဆက်မတွေးချင်တော့ဘူး၊ သူထွက်သွားတော့မှ ထမင်းဝိုင်းဘေးတွင် ပုံခနဲထိုင်ချကာ အားရအောင်ငိြုွေကးလိုက်လေ တော့၏။

လေးလကြာသောအခါ....

သူထွက်သွားသည့်အချိန်မှစ၍ ပြန်လာမည့်အချိန်ကို နေ့စဉ်လက်ချိုးရေကာစောင့်မျှော်နေခဲ့သည်မှာ ယနေ့ဆိုလျှင် လေးလတင်းတင်းပင်ပြည့်ခဲ့လေပြီ။ ထိုလေးလအတွင်းမှာပင် ကျွန်မသည် အရိုးပေါ်၊ အရေတင် မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုဒဏ်များကြောင် ပိုင်ဆိုင်ခွင့်ရခဲလေသည်။ အိပ်ရာဝင်ချိန်တွင် မျက်စိကိုဇွတ်မှိတ်ထားသော် လည်း သူ့မျက်နှာချိုချိုလေးကိုသာမြင်ယောင်နေမိ၏။
 ပြန်လာချိန်တန်သော်လည်း သူပြန်မလာသေးသည့်အတွက် ကျွန်မမှာ နီးစပ်ရာ ဟိုဟိုဒီဒီသတင်းလျှောက်မေးသောအလုပ်ကို နေ့စဉ် ပြုလုပ်လျှက်ရှိ၏။ ထိုနေ့ရက်များတွင် stress များလွန်းသည်ကြောင့် မစားနိုင်၊ မအိပ်နိုင် တမှိုင်မှိုင်နှင့်ပင် သူအလုပ်ကိစ္စမပြတ်သေးတာဖြစ်မှာပါဟူ၍သာ ကိုယ့်ကိုကိုယ် မျှော်လင့်ခြင်းဖြင့် ဖြေသိမ့်နေခဲ့ရလေသည်။

ဒီနေ့ဟာ ကျွန်မဘဝမှာ အကြီးကျယ်ဆုံး၊ ကံကြမ္မာဆိုးဝင်ရောက်တဲ့နေ့ပါ၊ သူပေးထားခဲ့တဲ့ သောကတွေအားလုံး တနင့်တပိုးနဲ့ထမ်းလိုက်ရတဲ့နေ့ဆိုလည်း မမှားပါဘူး။

''လေးခင်၊ နင့်ယောကျာ်းသတင်းကြားပြီးပြီလား''
ဟု အိမ်ပေါ်သို့အမောတကောပြေးတက်လာသော အိတုံ၏စကားက ကျွန်မရင်ကိုထိတ်လန်သွားစေသည်။

''နောင်နောင်၊ နောင်နောင်ဘာဖြစ်လို့လဲ အိတုံ''
 စိတ်လှုပ်ရှားစွာဖြင့် အိတုံပခုံးကို ကိုင်လှုပ်ကာ အတင်း မေးနေမိသည်။ စိတ်ပူပန်စွာ၊ ပျာယာခတ်နေသော ကျွန်မ၏ခေါင်း ထဲတွင် ကျွန်မယောကျာ်းစစ်ငြိမ်းနောင်၏ ပုံရိပ်များသာကြီးစိုးနေ၏။

''ဟို ဟိုနောင်နောင်၊ ဆေးမှုနဲ့ထောင်ထဲရောက်နေပြီတဲ့''

''ဘာ''

ကြားလိုက်ရသောသတင်းဆိုးကြီးကြောင့် ကျွန်မခေါင်းထဲတွင် တရိပ်ရိပ်မူးလာကာနေရာမှာပင် ခွေကျ သွားလေသည်။

''ဟဲ့ အမလေး လုပ်ကြပါဦးလေးခင် လေးခင်ခင်''

အိတုံ၏ ထိတ်လန့်တကြားခေါ်သံအား ကြားတစ်ချက်၊ မကြားတစ်ချက်နှင့်ပင်။

လေးလတာခွဲခွာနေရသော လင်မယားနှစ်ယောက်၏ ပြန်လညတွေ့ဆုံမှုကို သံတိုင်များက မညှာမတာ တားဆီးထားလေသည်။ ကျွန်မသူ့မျက်နှာလေးကို မျက်ရည်များကြား မှပင် စေ့စေ့ကြည့်နေမိသည်။ တစ်ချိန်က ဖြူဝင်းကာ အပြစ်ကင်းလှသော သူ့မျက်နှာလေးမှာ လောကဒဏ်ကြောင့် ညိုမဲညစ်ထေးနေ၏။ ကျွန်မရင် တစ်ခုလုံးလည်း စို့နစ်လေးလံကာ အုံ့မှိုင်းနေသည်။

ကျွန်မကို ပြုံးပြုံးလေးကြည့်နေသော သူ၏တစ်ချိန်က တောက်ပကြည်လင်တဲ့ မျက်ဝန်းတစ်စုံဟာ အခု တော့လည်း မယုံနိုင်စရာကောင်းအောင် မှေးမှိန်ပြီး မျက်ခွံတွေတောင် တွဲကျနေသည်။ သံတိုင်များကို ဆုပ်ကိုင်ထားသော လက်နှစ်ဖက်တွင်လည်း ဆေးထိုးအပ်ရာများက အပြည့်နှင့်မြင်မကောင်း၊ ရှုမကောင်းဖြစ် နေတော့သည်။

''ပိန်သွားလိုက်တာလေးခင်ရယ်'' ဟုအသံကတုန်ကယင်ဖြင့် ပြောရှာသည်။

''ဘယ်လိုဖြစ်ရတာလဲFighter  ရယ်၊ မိုက်လှချည်လား၊ ငါထင်တောင်မထင်ထားဘူး၊ ရှက်လိုက်တာဟယ်၊ ငါအတန်တန်တားနေတဲ့ကြားထဲ့က နင်ဒုက္ခရောက်ရပြီ၊ အဟင့် အဟင့် ပြောလည်းပြော၊ ငိုလည်းငိုရင်းမှ အသက်ရှုကျပ်ကာ မောလာသည်။

''လေးခင်၊ နင့်ကိုကြည့်ရတာတစ်မျိုးပဲ၊ ဖြူဖတ်ဖြူလျော်နဲ့ ကျန်းမာရေးမကောင်းဘူးလား'' တဲ့လေ။

    မေးမှမေးတတ်ပါပေ့Fighter ရယ်.....
ကျွန်မမျက်နှာလွှဲလိုက်ပြီးကာမှ နောက်တစ်ကြိမ်သူ့မျက်လုံးကို စိုက်ကြည့်ကာပြောလိုက်သည်။

''ဟုတ်တယ်Fighter ငါ့မှာနင့်ရဲ့ကိုယ်ပွားလေးရှိနေပြီ''
ကြားလိုက်ရသော စကားကြောင့် ကျွန်တော်ချွေးစေးများ ပြန်လာအံ့သြတုန်လှုပ်စွာအကျယ်ကြီးအော်ဟစ်လိုက် တော့သည်။
********

အခန်း(၁ဝ)

၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ-၁၅ အရ၊ ထောင်ဒဏ်(၅)နှစ်။
၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၆(ဂ)အရ၊ ထောင်ဒဏ်(၇)နှစ်။
လက်ဝယ်တွေ့ရှိမှုနှင့်ကိုယ်တိုင်သုံးစွဲမှုပြစ်မှုနှစ်ခုပေါင်း၏ အပြစ်ဒဏ်က ထောင်ဒဏ်(၁၂)နှစ်၊ တစ်ပေါင်း တစ်စည်းတည်းကျခံစေတဲ့။

ဘုရား ဘုရား ကံကြမ္မာ၏ ကျီစယ်မှုက ပြင်းထန်လှချည်လား
စစ်ငြိမ်းနောင်!

ကျွန်တော်အတွက်ကြောင့်ပင် အရွယ်နှင့်မလိုက်အောင် ဗိုက်တစ်လုံးနှင့်သောကဝေဒနာခံစားနေရရှာသော ချစ်လှစွာသော ဇနီးသည်မလေး၏အဖြစ်ကို မည်သို့မှမကြည့်ရက်နိုင်ပါ။ တစ်ချိန်က ကျောင်းသားဘဝကိုလည်း ပြန်လည်သတိရကာ စိတ်အစဉ်မှာကယောင်ချောက်ခြားဖြစ်ချင်လာရသည်။ အရေးထဲ ချောင်းတွေကလည်း ဆိုးလိုက်တာဗျာ အဆက်မပြတ်ပဲ လည်ချောင်းတွေတောင်ကွဲထွက်သွားမလားအောက်မေ့ရတယ် တစ်နေ့တစ်နေ့ ဝမ်းသွားရတဲ့ ဒုက္ခကလည်းမသေးဘူးဗျာ။

ကျွန်တော် လေးခင်ကိုအရမ်းချစ်တာပါ။ အဲဒီချစ်စိတ်ကြောင့်ပဲ သူလူတန်းစေ့နေနိုင်ဖို့ ကျွန်တော်စီးပွားရေးကို ကြိုးစားတယ်၊ ဒါပေမယ့် အရာမထင်ပါဘူးဗျာ။ အသက်က လည်းငယ်သေးတော့ အတွေ့အကြုံကစကားပြော တာပေါ့။
တစ်နေ့ကျွန်တော်အိမ်ပြန်လာတော့ အိမ်ရှေ့မှာ လေးခင်ကို မတွေ့ဘူး ဒါနဲ့ပဲ နောက်ချင်တဲ့ဥာဏ်ကြောင့် နောက် ဖေးမှာရှိနေမှာပဲဆိုပြီး တိတ်တိတ်လေးလှမ်းလာခဲ့တယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကရင်နင့်လိုက်တာ....
ကျွန်တော့်မိန်းမက ကျွန်တော်တစ်ယောက်စာ ထမင်းကိုဖယ်ပြီး သရက်သီးဆားရေစိမ်ကိုကိုက်လိုက်၊ ရေသောက် လိုက်လုပ်နေတာဗျာ.... ဆို့တက်လာတဲ့အပူလှိုင်းက တဝုန်းဝုန်းနဲ့ရင်ထဲမှာရိုက်ခတ်နေတာ ဒီလိုအငတ်ခံပြီးနေရတဲ့ နေ့ရက်မျိုး သူ့ခမျာ ဘယ်လောက်တောင်များနေလဲမသိဘူး...

ကျွန်တော့်အတွေးတစ်ချက်ဖျတ်ခနဲ လက်သွားတဲ့အပေါ်မှာ အသုံးချလိုက်တာက လူငယ်ပီပီဖြတ်လမ်းနည်းနဲ့ အချိန်တိုအတွင်းမှာ အမှီလိုက်မှရတော့မယ်ဆိုတဲ့ အတွေးကို အကောင်အထည်ဖော်ပေးခဲ့သူက ရဲရဲနှင့်ဖောင်ဖောင်း။

ဒီကောင်တွေရဲ့ ဆက်သွယ်ပေးမှုကြောင့်ပဲ Carrier ဘဝကိုရောက်လာခဲ့တယ်။ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်အစုံပဲဗျာ၊ လုပ်ရတာအတားအဆီးလေးတွေရှိပေမယ့် ငွေရဖို့သိပ်လွယ်တယ်၊ ကျွန်တော့်မိန်းမရဲ့ ပီတိအပြုံးလေးတွေကို ဝဝလင်လင်စားသုံး၊ အန္တရာယ်ဆိုတဲ့ချောက်ရဲ့အတိမ်အနက်ကိုလည်း တွက်မနေတော့ ပါဘူးဗျာ။ အခုတော့ဗျာ အတွက်အချက်မှားတဲ့ သူတို့ရဲ့ လမ်းစဉ်အတိုင်းပဲလျှောက်ရတော့မှာပေါ့။

ကျွန်တော့်ရဲ့ ရင်သွေးဆိုတဲ့အသိကတစ်ဖက် HIVဆိုတဲ့ရောဂါဆိုးကြီးတစ်မျိုး ထောင်ဒဏ် (၁၂)နှစ်ဆိုတဲ့ အနာဂတ် ပုံရိပ်၏နာကျင်မှုကတစ်ဖုံနဲ့ ဆောက်တည်ရာမဲ့နေပြီဖြစ်တဲ့ ကျွန်တော်ထိုက်နဲ့ကျွန်တော်ကံသာရှိပါစေတော့။

 လေးခင်ကိုတော့ အပူတွေတစ်ပူပေါ်နှစ်ပူဆင့် မဖြစ်စေချင်တော့လို့ ကျေးဇူးပြုပီးတော့ ကျွန်တော်ရဲ့ရောဂါဆိုးကြီး အကြောင်းကို မပြောလိုက်ကြပါနဲ့ဗျာ၊မပြောလိုက်ကြပါနဲ့......

လေးခင်ခင်!
''လင်ဆိုးမယား၊ တဖားဖား''
ဆိုသည့်အတိုင်း ကျွန်မမှာတစ်ပတ်တစ်ခါ ဗိုက်ကြီးတကားကားဖြင့် ထောင်ဝင်စာသွားတွေ့နေရသည်။

ယခုဆိုလျှင် ကိုယ်ဝန်မှာ (၇)လကျော်၍ (၈)လနီးပါးသို့ပင်ရောက်လာခဲ့လေပြီ။ မကြာမီလူ့လောကကြီးထဲသို့ အခြေချလာတော့မယ့် ကလေးလေး၏ ရှေ့ရေးအနာဂတ်အတွက် ရင်ဆိုင်နိုင်ဖို့စွမ်း အားများမွေးပေဦးမည်။ ပညာသင်ချိန်တွင် အချစ်ကိုကိုးကွယ်မိခဲ့သော ကျွန်မ၏ဆုံးဖြတ်ချက်က တစ်သက်စာ ပြင်မရတဲ့အမှားဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိခဲ့မိလျှင်----

အပြစ်ကင်းစင်ပြီး မသိနားမလည်သေးသော လူ့လောကသို့ ရောက်မလာသေးသည့်ရင်သွေးလေးက ကျွန်မကို

''အမေ့ကြောင့် ကျွန်တော့်အနာဂတ်မလှတော့ဘူး''

ဟု အပြစ်တင်သံကိုသာ အထပ်ထပ်ကြားယောင်ရင်း အချစ်ကို ကိုးကွယ်မိခဲ့သော လူငယ်တို့၏ အနာဂတ်လမ်းသည် ထာဝစဉ်မဖြောင့်ဖြူးနိုင်ကြောင်း ကလေးလေး ကြီးပြင်းလာသောအခါ နားဝင်အောင် သေသေချာချာ ရှင်းပြရပေဦးမည်။


ဆုကဗျာ
*ကျွန်မလက်ခံထားသော အိမ်ထောင်ရေးဆိုတာ စက်ဘီးတစ်စီးနှင့်တူသည်။ စက်ဘီးအကြောင်း မသိဘဲ ဝယ်မစီးမိကြဖို့ အထူးလိုအပ်လှသည်*

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009