“စိတ်အာဟာရ”

0 comments


လောကကြီးထဲမှာ အချစ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ အဓိပါယ်တွေဖွဲ့ဆိုနေကြာတာကို ကြည့်ပြီး အချစ်ဆိုတာ စိတ်ခံစားမှုကို ကိုယ်စားပြုပြီး ဖြစ်ပေါ်လာတဲ့ကြင်နားခြင်းခံစားမှုတစ်မျိုး လို့ အဓိပါယ်ဖွင့်ဆိုပါရစေဗျာ။ လူသားတွေတစ်ဦးနှင့်တစ်ဦးချစ်ကြတဲ့ Interpersonal love ကြောင့် ခံစားမှုတွေပိုကဲလာကြသလို လိင်ကိစ္စတွေပါလာခဲ့ရင်လည်း အချစ်လွန် Paraphillia အဆင့်ထိ ရောက်သွားနိုင်ကြပါတယ်။ စိတ်ပညာရှင်များရဲ့ အယူအဆများအရ လွန်ကဲသော ချစ်ခြင်းတရားကြောင့် Erotomania လို့ခေါ်တဲ့ စိတ်ဝေဒနာများစွာပေါ်ထွန်းလာနိုင်ပါတယ်။ အမေရိကန်စိတ်ပညာရှင် Zick Rubin က အချစ်ကိုစိတ်တိုင်းတာမှုများဖြင့် Psycho metrics သတ်မှတ်ပြီးစွဲလမ်းခြင်း၊ ယုယခြင်းနှင့် နီးစပ်ခြင်းလို့ ပိုင်းခြားထားပါတယ်။ စိတ်ပညာရှင် Robert Stern berg ကတော့ အချစ်တြိဂံ၊ သီအိုရီ၊ (Triangular Theory of love) ရေးဆွဲခဲ့ပြီး အချစ်ဆိုတာ နီးစပ်ခြင်း၊ သံဓိဋ္ဌာန်ချခြင်း (Commitment) နှင့် အရူးအမူးဖြစ်ခြင်း (Passion) သုံးမျိုးဝင်တယ်လို့ ဆိုထားပြန်ပါတယ်။
စိတ်ပညာရှင်များရဲ့ စမ်းသပ်မှုအရ နောက်ဆုံးအချစ်ရဲ့ ထုံးစံမှာ လိင်စိတ်ဖြင့် အရူးအမူးဖြစ်ခြင်းလို့ သတ်မှတ်ထားကြောင့် တဏှာဖြစ်တည်မှုနဲ့ နှောင်ကြိုးကို လွယ်လွယ် ကူကူပြတ်တောက် သွားစေနိုင်ပါတယ်။ ဒီလိုပါပဲ ဥပတိရုပ်၊ စိတ်ပညာရှင်များ (Personality psychologist) ရဲ့ အမြင်အရ လူပုဂ္ဂိုလ်ချင်းဆွဲငင်အားမှာ လူတစ်ယောက်၏ အရည်အချင်းဖြစ်ပြီး လူနှစ်ယောက်အကြား သက်ရောက် အား Force အဖြစ် မြင်နိုင်တာကြောင့် ခွဲခွာမှုကို တွန်းလှန်နိုင်တယ်လို့ အဆိုပြုထားတယ်ဗျာ။
နောက်ဆုံးမှာတော့ အချစ်ဆိုတာ စိတ်ကိုဗဟိုပြုပြီး ဖြစ်ပေါ်လာတဲ့ တပ်မက်ခြင်းကနေ အထိ အတွေ့ အချစ် (Romantic Love) အထိ ဖြစ်လာကြတာမို့ စိတ်ပညာရှင်တွေရဲ့ အချစ် ဒသန တွေက အမျိုးမျိုး ဖြစ်ပေါ်နေကြတာပဲ မဟုတ်လားဗျာ။ အချစ်ကိုဗဟိုပြုတဲ့ စိတ်ဆိုတာကလည်း ညီညွတ်မျှတအောင် နေထိုင်နိုင်ဖို့ ပြည့်ဝတဲ့ အာဟာရဖြည့်ဆီးပေးဖို့လိုအပ်တယ်လေဗျာ။ အာဟာရချို့တဲ့နေတဲ့ စိတ်တွေကြောင့် စိတ်အာဟာရကို နေ့စဉ်နှင့်အမျှ ဖြည့်တင်းပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြဆဲပါ။

အခန်း(၁)

ကျွန်မနာမည်ဒေ၀ီခင်၊ ပုရိသယောကျာ်းတွေရဲ့ ပါးစပ်ဖျားမှာ မချတမ်း တသသခေါ်နေကြတာ ကတော့ ဒေ၀ီလေးတဲ့ ခစ်----ခစ်----ခစ်။ ဒေ၀ီအကြည့်တစ်ချက်အောက်မှာ အတုံးအရုံး ပစ်လဲသွားတဲ့ ယောက်ျားတွေကို ပုံထားလိုက်ရင်လမ်းပိတ်ဆို့မှု ဖြစ်သွားမှာ တောင်စိုးရတယ်၊
ညညဒေ၀ီအသံလေးကို မှ မကြားရရင်အိပ်ပျော်မှာ မဟုတ်ဘူးဆိုတဲ့ ကိုကိုတွေ၊ ဦးဦးတွေဆို ဒေ၀ီ အလှည့်မရောက်ခင်ကတည်းက လည်ပင်းကြီးတွေရှည်ထွက်လာပြီး မြင်းကျားကြီးတွေ ဖြစ်ကုန်ကြပြီလေ။ ဒေ၀ီ Stage ပေါ်တက်လာပြီဆိုရင်တော့ အို၊ ဘာပြော ကောင်းမလဲ Counter ကပန်းကုံးတွေကို အလုအယက်ဝိုင်းစွပ်ကြလို့ ၊ key ကြောင်နေတဲ့ အသံကြီးနဲ့ မချိမဆန့် ဆိုနေတာတောင်မှ လက်ခုပ်သံတဖြောင်းဖြောင်းက နားကွဲမတတ်ကြားနေသေး တာလေ...
ရှင်၊ ဒေ၀ီကံကောင်းတာပေါ့ ဟုတ်လား ကံကောင်းတာလား၊ ဘာလားတော့ ဒေ၀ီ နားမလည် ဘူး ၊ ဒေ၀ီသိတာက မောင်အငယ် လေးကျောင်းအပ်ဖို့ စရိတ်ကိစ္စ သူများကလေးတွေ အဖြူ၊ အစိမ်းကလေးတွေနဲ့ ကျောင်းသွားနေကြတဲ့ အချိန်မှာ အိမ်ရှေ့က ထွက်မျှော်ပြီး မျက်နှာ ငယ်လေးနဲ့ ကြည့်နေတဲ့ မောင်လေးအတွက် ဒေ၀ီပန်းကုံးများများရနေမှ ဖြစ်မှာ။ ဒီကြားထဲ ခြောက်လတစ်ခါ ပြည့်နေတဲ့ အိမ်လခအတွက် ဒေ၀ီခါးချိအောင် တစ်ညလုံးဆိုပေးနေရသေး တယ်။ စားသောက်ဆိုင်မှာ သီချင်းဆိုရတဲ့ဘ၀ဆိုပေမယ့် ဒေ၀ီစည်ကမ်းရှိပါတယ်။ အပြန်ကျ ရင် မိုးချုပ်လို့ စေတနာနဲ့ လိုက်ပို့ပေးပါရစေ ဆိုတဲ့စကားတွေ၊ ကားအကောင်းစားတွေကို လက်ခါပြီး၊ ဆိုင်က Ferry ကားနဲ့ပဲပြန်တယ်။ ဒီအလုပ်ကို စလုပ်ကတည်းက ပြောင်းလာခဲ့တဲ့ ဆိုင်ပေါင်းလည်းမနည်းတော့ဘူး မန်နေဂျာတွေရဲ့ရိသဲ့သဲ့ စကားတွေကို မခံနိုင်တာကတစ်မျိုး၊ “ဈေးကောင်းပေးမယ်၊ လိုက်မလား” ဆိုတဲ့ ရမ္မက်ခိုးမွှန်နေတဲ့ ပါးစပ်တွေကို ရှောင်ရတာ ကတစ်ဖုံနဲ့ ၊ ဒီဆိုင်ရောက်မှပဲအလုပ်မြဲတော့တယ်။
ဒါတောင်မှ အဆိုသမားအချင်းချင်းကဒေ၀ီကိုဆို ခြေထိုးခံချင်တဲ့သူ၊ ပခုံးတိုက်ချင်တဲ့သူတွေက ဒုနဲ့ဒေးနဲ့လေ၊ ဒေ၀ီကလည်း သူများမနာလို ဖြစ်ချင်စရာကောင်းလှအောင် လှတာကိုး (ကိုယ့်ကို ကိုယ့်တော့ဒီလိုပဲထင်တယ်) 5ပေ6လက်မ ရှည်လျားတဲ့ အရပ်အမောင်းမှာ စနစ်တကျကစားထားတဲ့ Body လေးက Structure ကောင်းနေတော့ နှာတံစင်းစင်း၊ မျက်လုံးဝိုင်းဝိုင်းပိုင်ရှင်မလေးဒေ၀ီခင်အတွက် ပြီးပြည်စုံ ညို့းအားတစ်ခုလိုဖြစ်နေတာပေါ့ ရှင်--အဟဲ ဒီလိုပိုင်ဆိုင်မှုတွေကြောင့်ပဲ ဒေ၀ီအလှမာန်တက်ပြီးရင်း တက်နေတော့ ယောကျာ်း ဆိုရင် ဒေ၀ီခြေဖျားဆင်းသက်ခစားရတဲ့ သတ္တ၀ါတစ်ကောင်လို့ပဲ ခံယူထားတယ်လေ၊ ဒီလောက်လှတဲ့ ဒေ၀ီမှာ အချစ်မရှိဘူးလားဆိုတော့ ရှိတာပေါ့ရှင်--- ဆယ်ကျော်သက် အရွယ်မှာ အရူးအမူးချစ်ခဲ့ဖူးတဲ့ ချစ်ဦးသူရှိခဲ့တာပေါ့ --
ဒါပေမယ့် မိမရှိ၊ ဖမရှိ မျက်နှာမွဲမလေး၊ ဒေ၀ီခင်ကိုဘယ်လိုမိဘမျိုးကသဘောတူပါမလဲနော်၊ ငယ်ငယ်လေးကတည်းက မိဘမဲ့ခဲ့ရတဲ့ အပြင်“အစ်မကြီး၊ အမိရာ” ပီပီမောင်လေးအတွက်၊ စားဝတ်နေရေးအတွက် ပညာရေး တောင်ဆုံးခန်းမတိုင်ခဲ့ပဲ ဘွားဘွားပေးခဲ့တဲ့ အမွေအနှစ် စက်ချုပ်ပညာလေးနဲ့ အပ်ထည်တွေ လိုက်ရှာပြီး ၀မ်းကျောင်းခဲ့ရတဲ့ ဘ၀၊ ဘ၀ကံမကောင်းခဲ့ပေမယ် အလှ ကံမခေလေတော့ သွားလေရာမှာ မျက်နှာတော့ မျက်နှာတော့ အပွင့်သားရှင်--
ဒါပေမယ် တစ်နေကုန်စက်ချုပ်၊ ညနေစောင်းရင်အလှပြင်ပြီး စားသောက်ဆိုင်ရဲ့ stage ခုံမှာ သီချင်းဆို၊ အိမ်ပြန်ရောက်တာနဲ့ ဖလက်ပြပြီးတစ်ချိုးတည်း အိပ်ပျော်သွားတဲ့ ဒေ၀ီဘ၀မှာ စိတ်ကူးယဉ်ဖို့ အချစ်ဆိုတာ ဝေလာဝေးသေး။ ဒေ၀ီကို ကမ်းလှမ်းလာတဲ့ သူဌေးသားတွေ၊ ကုမဏီပိုင်ရှင် High Boss တွေ အားလုံးထဲမှာ လူပျိုတွေပါသလို၊ တစ်ခုလပ်၊ မုဆိုးဖိုကလေး အဖေတွေလည်း စုံလို့ပေါ့ သိတယ်မဟုတ်လား။ အလှဘုရင်မဘွဲ့ခံယူတားတဲ့ ဒေ၀ီခင်လေ။
“ဆန်မရှိ၊ အစားကြီး” ဆိုတဲ့ ဝေဖန်သံတွေကို ဂရုမစိုက်ပါဘူး၊ သင်းတို့တွေ ဒေ၀ီအနား ကပ်လာတာကိုက အလှအပလေးတွေပေါင်းစုနေတဲ့ ဒေ၀ီခE¨ာကိုယ်ကို ပိုင်ဆိုင်လိုမှုနဲ့ဆိုတာ အတပ်သိတာပေါ့။
ဒေ၀ီတို့လို စားသောက်ဆိုင်က အဆိုတော်မလေးတွေကို အချောင်လိုချင်လို့ ကြံကြတဲ့ ယောကျာ်းသားတွေရဲ့ အကျင့်ဆိုးကို ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်တွေ့ နေရတဲ့ အဲဒီဘ၀ကြီး ကို ရောက်ရမှာ အရမ်းရွံတယ်။ ဒေ၀ီကတစ်ခါသုံး Tissue paper မှ မဟုတ်ဘဲ၊ ယောကျာ်းနှင့်မိန်းမလက်ထပ်ပြီး ရိုးမြေကျ ပေါင်းသင်းဖို့ ၊ ခိုင်မာတဲ့မေတာတစ်ခုနဲ့ အခြေခံတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို မျှော်လင့်တာလေ။

အခန်း(၂)

ဒေ၀ီရင်ထဲသို့ နွေးထွေးချိုမြိန်သောရင်ခုန်ခြင်းများကို သယ်ဆောင်ပေးခဲ့သူမှာ “ဦး” ဖြစ်ပါသည်။ အချစ်ဆိုတာကို ဒေ၀ီမေ့ပစ်ထားကာမှ “ဦး” နဲ့ တည့်တည့်တိုးရတဲ့ အဖြစ်ကကြည်နူးစရာအလွန်ကောင်းပါသည်။ ဆိုင်သို့ “ဦး” ရောက်လာသောညတိုင်းတွင် ထူးဆန်းလှသော အပြုအမှုကို ပြုလုပ်တတ်သည်မှာ တစ်ဆိုင်လုံးရှိ ပန်းကုံးများကို ဒေ၀ီတစ်ယောက်တည်းအတွက်သာ အကုန်ဝယ်ပြီး၊ ကိုယ်တိုင်လည်း မည်သည့်အခါမျှ ဆုတက် မချပါ။ ဒေ၀ီအပေါ် သံယောဇဉ်ကြီးရှာသော“ဦး”ကို သနားစိတ် နှင့်တပ်တူအကြင်နာများစွာကိုလည်း ခံယူချင်ပါသည်။
ဒေ၀ီဘ၀မှာ တစ်ခါမှ မရခဲ့ဖူးသောမေတ္တာကို“ဦး” ကပေးခဲ့သည်။
ဒါပေမယ့် ဒေ၀ီ မျှော်လင့်ထားသလိုမဟုတ်တာက ဦးက အိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေတဲ့ အချက် ကြောင့်ပဲ၊ ဒေ၀ီသူများခေါင်းအုံးကိုလု မအိပ်ချင်ဘူး။
“ကိုယ်တကယ်တမ်းကျတော့ ငွေဝယ်ကျွန်တစ်ယောက်ပါပဲ၊ ကိုယ့်ဘ၀မှာ အချစ်ဆိုတာ ဘာမှန်းတောင်မသိခဲ့ဘဲ အိမ်ထောင်ပြုခဲ့ရတယ်၊ ကိုယ်မျှော်လင့်တဲ့ မိသားစုဘ၀ တစ်ခုကို လည်း မပိုင်ဆိုင်ခဲ့ရဘူး၊ ကိုယ့်မှာ ပိုက်ဆံတွေအများကြီးရှိပေမယ့် ဒါတွေကို တစ်ခုမှ ၀ယ်လို့ မရတော့ဘာလုပ်မှာလဲ”
တစ်ခါတလေ ဒေ၀ီမျက်နှာကို စိုက်ကြည့်နေပြီး သူ့ခံစားချက်တွေကို ၀မ်းနည်းပြီး ဖွင့်ထုတ် နေခဲ့သေးသည်။
မဖြစ်နိုင်ဘူးလို့ ဇွတ်မှိတ်ပြီး မေ့ပစ်ခဲ့ပေမယ့် နဖူးပေါ်လက်တင်ပြီး စဉ်းစားလိုက်တိုင်း “ဦး” ရဲ့ ပုံရိပ်တွေကို ဘယ်လိုမှ ပြေးမလွတ်ခဲ့လေတော့ ဒေ၀ီမှာ အိပ်ရေးပျက်ပေါင်းများပြီး။ ဦးရယ်“မာန”ကို ဆရာတစ်ဆူလို ကိုးကွယ်ခဲ့တဲ့ ဒေ၀ီ ၊ အခုကျမှ ပြစ်မှားရတော့မှာလား။
ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲဝံ့ဝံ့ချလိုက်ပြီး ဦး ချိန်းတဲ့နေရာက်ု မျက်စီစုံမှိတ်ပြီး သွားပစ်လိုက် တယ် ဦးရယ် ဒေ၀ီ ကြွေချင်နေပါပြီ။ သံယောဇဉ်ဆိုတဲ့ အမျှင်တန်းကကြောက်ဖို့ အကောင်းသားနော် ဒီအမျှင်တန်းကြောင့်ပဲ ဦးရဲ့ တိတ်တိတ်ပုန်းမယားဘ၀ကို ကျေကျေ နပ်နပ်ကြီးခံယူခဲ့တယ်။
ဦးရယ်...ဒေ၀ီ အရမ်းချစ်တယ်။
တစ်နာရီခြားတစ်ခါ အသံကြားချင်သည်ဟုဆိုသော ဦးရဲ့တောင်းဆိုမှုကြောင့် အိမ်အလုပ်တွေ လုပ်နေရင်းကနေနာရီ ပြေးပြေးကြည့်ပြီး ဦး ဆီကို မမောနိုင်၊ မပန်းနိုင် ဖုန်း ဆက်ရတာကိုပဲ ကြည်နူးနေခဲ့ရတယ်လေ။
“အခုချိန်ကစပြီ ဦးလို့မခေါ်ရတော့ဘူးတဲ့လေ၊ ဘယ်လို ခေါ်ရမှာ လဲ” လို့မေးတော့ ယောကျာ်း လို့ ခေါ်ရဲလားတဲ့။ အယ် ၊ ဒေ၀ီတစ်ခါမှ အဲဒီလို မစဉ်းစား ခဲ့ဖူးတော့ ခေါ်ရမှာ ရှက်နေတယ် ဒေ၀ီကြိုးစားပြီ ခေါ်ကြည်တော့ --အဟိ ၊ တစ်မျိုးပဲ ခေါ်လို့ ကောင်းသလိုပဲ
ယောကျာ်း----ယောကျာ်း-----ယောကျာ်း----

အခန်း(၃)

ဦးနှင့်အတူ နေခွင့်ရသောအချိန်တိုင်းကို ယစ်မှုးစွာ သာယာတောင့်တမိပါသည်။ ဦးကို ချစ်သောစိတ်ဖြင့် ဦးရဲ့ရင်သွေးကလေးကို ကြည်ဖြူစွာ လွယ်ပိုးထားခဲ့မိသည်။ ပတ်ဝန်းကျင် ၏ မေးငေါ့သံသည်မိခင်ဆိုသော စိတ်တစ်ခုနှင့် ပင် ၀ိုင်းရံထားသော လက်ညှိုးပေါင်းစွာကို ဥပက္ခာပြုနိုင်ခဲ့သည်။
လူဘ၀တွင် မိခင်ဘ၀ကို မိန်းမသားတိုင်းဖြစ်ချင်တိုင်းဖြစ်ခွင့်မရခြင်းကို ဒေ၀ီကောင်းကောင်း ကြီးနားလည်ခဲ့သည်။ ကိုယ်ဝန်ရှိနေသော အချိန်တွင် ဦးရဲအကြင်နာတွေအတွက် ပျော်ရွှင် ကြည်နှုးခဲ့ရသလို။ မိခင် တစ်ယောက်ဖြစ်ခွင့်ရခြင်းကို ကျေနပ်ရင်း ရင်သွေးလေး အကြောင်း တွေးမိသောအချိန်တိုင်း ဒေ၀ီမျက်ဝန်းမှ ကြည်နူးခြင်းရောင်စဉ်များ တစ်လက်လက် ထောက်ပနေတတ်ပေသည်။
သားသားလေးက သူအဖေနဲ့များတူမလား?
သမီးလေးဆိုရင် ဒေ၀ီနဲ့တူမှာ သေချာတယ်၊
အို ဘာလေးပဲဖြစ်ဖြစ်ဝမ်းနဲ့လွယ်ထားရတဲ့ ရင်သွေးလေးကို ချစ်မှာပဲ---
ယောကျာ်းဝယ်ပေးတဲ့ အားဆေးတွေထက် ၊ အနမ်းတစ်ပွင့် ကလေဒေ၀ီ ခွန်အားကို ပိုပြီး တိုးစေပါတယ် ယောကျာ်းရယ်---
ဒေ၀ီကိုယ်ဝန်ရှိစဉ် တစ်လျှောက်လုံးဆိုင်ကိုလည်း မသွားခိုင်းတော့ပေ။ အပျိုဗိုက်မှာ သုံးလ ကျော်သည့်အထိ သိသိသာသာမထင်ရှား သေးခြင်းကြောင့် အလုပ်မလုပ်ဘဲမနေတတ်သော ဒေ၀ီ၊ ဦးခရီးသွားနေတုန်းဆိုင်မှာ သီချင်းသွားပြန်ဆိုမိခဲ့သည်။
“မောင်လေးကျုရှင်လခရယ်၊ အိမ်စားစရိတ်တွေအတွက် ဒေ၀ီခေါင်းကိုက်နေရတာကြာပြီ။ ဦးဆီကလိုသလောက်တောင်းနိုင်ပေမယ့် တစ်သက်လုံးကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည် ခဲ့တဲ့သူဆိုတော့ လက်ဖြန့်တောင်းရမှာ သိမ်ငယ်တယ်” ဟူသော အတွေးက ဒေ၀ီအား လွှမ်းမိုး ထားသည်။
ကလေးကျန်းမာရေးအခြေအနေက စိတ်ပူစရာမလိုလောက်အောင် တစ်ဖက်တစ်ခါ ရိုက်ခိုင်း သော Ultra Sound Results များက သက်သေခံနေသည်။ ဦး၏ စိုးရိမ်ပူပန်မှုက၊ ဆရာဝန် ကပင် ဒေ၀ီ်နာမည်ကိုအလွတ်ရနေသည်အထိ ဖြစ်ခဲ့ရသည်။
ထိုသို့ အပျော်ကြီးပျော်ကာ၊ စိတ်ကူးယဉ်ခဲ့ရသော အချိန်များသည် လွယ်လွယ်နှင့် ကုန်ဆုံး သွားလိမ့်မည်မဟုတ်ဟု ထင်မှားမှုသည် မမျှော်လင့်ပဲ ဖြစ်လာရသည့်နေ့တစ်နေ့တွင်မှု သီချင်းဆိုပြီး စင်အောက်သို့အဆင်း Slip ဖြစ်သွားတဲ့ ဒေ၀ီကိုယ်လေးသည် ဟန်ချက်ပျက်ပြီး၊ မီးကြိုးက ဒေါက်ဖိနပ်မှာ ငြိကာမှောက်လျက်သားအတိုင်းလှေကားထစ်ပေါ်မှာ ချော်ကျ သွားခဲ့လေသည်။ ထိတ်ခနဲ တုန်လှုပ်ကာ အသံကုန်ဟစ်အော်လိုက်သည်။ ရုတ်တရက် ပြန်ထ ဖို့ ကြိုးစားသော်လည်း ခါးအောက်ပိုင်းက မခံမရပ်နိုင်ဖြစ်ပြီးဆေးရုံ တင်လိုက်ရသည်။
ထိုနေ့က ကြေကွဲနာကျင်စွာ ငိုကြွေရင်းရင်သွေးလေး၏ ရယ်သံလွင်လွင်လေးကို ကြားယောင် လာမိသည်။
ကံကြမ္မာသည် ဘာကြောင့် အငြိုးကြီးရသည်ကို ဒေ၀ီမသိခဲ့လိုက်ပါ၊ ဒေ၀ီအိပ်မက်ထဲ၌ ရင်သွေးလေးကို နို့ချိုတိုက်ကျွေးရင်း၊ ထွေးပွေးထားသော ယောကျာ်း၏ ရင်ငွေ့သည် နွေးထွေးလှပေသည်။
ထို့ဖြစ်ရပ်များ၏ နောက်ပိုင်းတွင် သိသိသာသာပိန်သွားသော ဒေ၀ီဆီသို့ ချစ်ခဲ့ရသော ယောကျာ်းသည် ခြေဦးပင်လှည့်မလာတော့ပါ။
ဒေ၀ီပေါ့ဆမှုနဲ့ ရင်သွေးလေးရဲ့ အသက်ဆုံးရှုံးခဲ့ရသလို၊ ကံကြမ္မာရဲ့ ရက်စက်မှုကြောင့် ခင်ပွန်းသည်၏ စွန့်ပစ်ခြင်းကို ထပ်မံကြုံတွေ့လိုက်ရသော အဖြစ်အပျက်များက ဒေ၀ီအတွက် အကျည်းတန်လှသည် ၀ဋ်ကြွေးတစ်ခုဖြစ်ပြီး ပြန်လည်ခံစားရဖို့ ထိုက်တန်သော အပြစ်ဒဏ် တစ်ခုလည်း ဖြစ်မည်ဟုဒေ၀ီယူဆမိသည်။

အခန်း(၄)

“အဟွတ်----အဟွတ်----အဟွတ်”
အိပ်ရာထက်မှ အဘွားအိုသည် ရောဂါဝေဒနာ၏ နှိပ်စက်ဒဏ်ကြောင့် ညှိုးလျလျ မျက်နှာပေးနှင့် ငေးမောကြည့်နေသည်မှာ နံရံထက်ရှိခံ့ညားထယ်ဝါသော ဓါတ်ပုံကားချပ်ကြီး ဖြစ်သည်။ မှိုင်းညိုနေသော မျက်လုံးများနှင့်သာ စကားသံမဲ့နှုတ်ဆိတ် နေသော်လည်း အဘွားအို၏ အတွေးများစွာက နုပျို လက်ဆက်နေလေသည်။
သူမ၏ခင်ပွန်းနှင့်မင်္ဂလာဆောင်စဉ်အခါက နူးညံ့သောအပြုံးဖြင့် လက်မောင်းချင်းချိတ်ကာ တင့်တင့်တယ်တယ် ရိုက်ကူးထားသောပုံဖြစ်သည်။
ထို ဓါတ်ပုံကိုပင်နေ့စဉ်ကြည့်ကာ ကုန်ဆုံးသွားသောအချိန်များနှင့်ကျန်ရှိနိုင်သေးသော အချိန်များကို နှမြောတသစွာ တွက်ချက်နေရသည်မှာ အဖွားအို၏၀တ္တရားဖြစ်သည်။
လူငယ်ချင်းတွေဆုံ၊ ချစ်ကြိုက်မိကြသောအချစ်မျိုမဟုတ်ခဲ့သော်လည်း ခင်ပွန်းသည်အပေါ် မယားဝတ္တရားငါးပါးမကပင် ကျေပွန်သူဖြစ်သည်။
နွေးထွေးကြင်နာမှုဟူသောအချစ်မျိုးမပိုင်ဆိုင်ခဲ့ရသော်လည်း အိမ်ထောင်သက်တစ်လျှေက်လုံး ခင်ပွန်းတစ်ယောက်လို၊ မောင်လေး တစ်ယောက်လိုအကြင်နာများစွာကိုတော့ အပြည့်အ၀ပေးဆပ်ခဲ့သည်မှာ သည်ချည်း သာဖြစ် သည်။ သူမအတွက် ဘ၀ဆိုသည်မှာ ခင်ပွန်းသည်အတွက်ဖျော်ဖြေပေးရသည့် သံစဉ်ချိုချို တစ်ပုဒ်ဖြစ်ချင်သည်။ သို့သော် သူမ၏အကြင်နာတိုင်းအတွက် ခင်ပွန်းသည်၏ တုံ့ပြန်မှုက “ကျေးဇူးတင်ပါတယ်” ဟူသော နူတ်ခမ်းဖျားမှယို ဖိတ်သွားသော စကားလေး တစ်ခွန်း တည်းသာဖြစ်သည်။
သူမနှင့်ခင်ပွန်းသည်၏ တွေ့ဆုံမှုက၊ ကဗျာမဆန်လှသော ကုမဏီပိုင်ရှင်သူဌေးမကြီးနှင့် နွမ်းပါးလှသော ၀န်ထမ်းကောင်းလေး တစ်ဦးပင်ဖြစ်သည်။ မြင်မြင်ချင်းချစ်မိပါသော ခင်ပွန်း သည်အတွက် တိုက်တစ်လုံး၊ ကားတစ်စီးတင်တောင်းရုံဖြင့် အိမ်တိုင်ရာ ရောက် ပို့ဆောင် ပေးခဲ့သော ယောက္ခမကြီး၏ လောဘဇောကပ်နေသော အပြုံးချိုချိုများကို ယနေ့ ထက်တိုင် ကျေးဇူးတင်စွာဖြင် မမေ့နိုင် သေးပေ။
သူမကိုယ်တိုင်အလုပ်ထဲမှာ နစ်နေရခြင်းကြောင့် အလှအပဆိုသည်ကို မေ့လျော့ နေသော် လည်း ခင်ပွန်းသည်အတွက် Up to Date ဖြစ်သော အ၀တ်အစား၊ အသုံး အဆောင်များက မထပ်စေရ။ ခင်ပွန်းသည်၏ အပေါင်းအသင်းတစ်ယောက် I Phone Mobile Hand Set အသစ်လေးကိုင်ထားတာ သဘောကျကြောင်း စကားဟရုံရှိသေး ၊ I Shop ပိုင်ရှင် သူငယ်ချင်းထံသို့ ဖုန်းဆက်ပြီး Hand Set အသစ် ကို အိမ်အရောက်လာပို့စေခဲ့သည်။
သည်လိုနှင့် ပြက္ခဒိန်အဟောင်းတွေ အထပ်လိုက်ပုံပြီးချိန်မှာတော့ သူမသည်လည်း ရောဂါဆိုး၏ နှိပ်စက်ဒဏ်ကြောင့် အိပ်ရာထက်မှာ ပုံရက်သားလဲကျနေချိန်ဖြစ်နေပေပြီ။ လွန်ခဲ့သော(၂)နှစ်ကစပြီး ၊ ဗိုက်အောက်ဘက်တွင် နာကျင်သောဝေဒနာတစ်ရပ် အပြင်း အထန်ခံစားခဲ့ရသည်။ တစ်သျှူးဗေဒစစ်ဆေးချက်အဖြေရှာရာတွင် Fibroma (အမျှင်ထူအလုံး) ဖြစ်နေသည်။ ထို့ကြောင့် ဗိုက်ခွဲပြီး ညာဘက်မျိုးဥအိမ်အဖုလုံးကို ထုတ်လိုက်ရပြီး နာကျင်ကိုက်ခဲသောဝေဒနာအတွက် H၀rmone Depo Pr၀vera ကို ထိုးနေရ လေသည်။ သားအိမ်ပြင်ပတွင် သားအိမ်အတွင်းမြှေး ရှိသောရောဂါ၏ နှိပ်စက်မှုက သည်လောက်နှင့်ပြီးမသွား ဘဲ ဆေးထိုးပါ များလာသောအခါ Body Weight တက်လာပြီး ၀ဖြိုးလာသော သူမ၏ခန္ခာကိုယ်သည် ကိုလက်စထရော အဆီဓာတ်များပြီး ရင်ဘတ်နာခြင်း (Angina) ဖြစ်ပေါ်လာ ရပြန်သည်။ ခန္ဓာ၏ ရောဂါဖိစီးမှုဒဏ်ကို မခံနိုင်သည့် အဆုံး ဗိုက်ခွဲပြီး သားအိမ်၊ သားအိမ်လည်တံ၊ မျိုးဥပြွန်နှင့် မျိုးဥ အိမ်နှစ်ဖက်စလုံးကို ထုတ်ပစ်လိုက်ရသော အဆင့်ထိရောက်ခဲ့ရလေသည်။ (TAH and BSO) သားမတင်သော သူမ၏ခန္ခာကိုယ်ကို လျစ်လျူရှုထားသော ခင်ပွန်းသည်ကိုလည်း အပြစ်ဟူí မြူတစ်မှုန်ပင်မတင်ရက်ပဲ မိခင်မဖြစ်ထိုက်သော သူမကိုယ့်ကို ကိုယ်သာ နာကျည်းမုန်းတီးလှပေသည်။
သူမ၏၀န်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များက သူမကို ဂရုဏာသက်စွာ လာရောက် ကြည့်ရှုပြီး အားပေးစကားပြောကြသူများနှင့် အိမ်လေးမှာ အမြဲစည်ကားနေသော်လည်း ခင်ပွန်းသည်ကမှု တစ်နေ့၊နေလို့ တစ်နာရီပြည့်အောင်ပင် သူမအနားမှာ ရှိမနေခဲ့ပါ။
ထို့အတွက်လည်း သူမက အပြစ်မတင်၊ ချစ်ခင်သော စကားသာတွင်တွင်ဆိုလျှက် “မောင်ကလေ၊ တစ်နေကုန်အလုပ်ရှုပ်နေရပေမယ့်၊ ပြန်လာရင်တို့ကို သိပ်ဂရုစိုက်တာ” ဟူသော ကွဲရှရှလည်ချောင်းထဲမှ အသံများကို မပီမသရေရွှတ်လျှက် ဘ၀၏နောက်ဆုံးအချိန်ကို ကြေကွဲစွာ စောင့်ကြိုနေရလေသည်။

အခန်း(၅)

Broken Family ဆိုသော ငယ်ဘ၀ဖြစ်စဉ်များကစတင်ပြီး ကျွန်တော့်ဘ၀က အမှောင်ဖုံး လွှမ်းခဲ့ရတာ အသက်(၂၃) နှစ် ကျော်သွားသော အချိန်မှာတော့ အမှောင်ထုက နက်သနက် နက်လာခဲ့ပြီးအိမ်ထောင်ဆိုသော ထောင်ကြီးထဲကို မျက်လုံးစုံမှိတ်ပြီး ၀င်သွားလိုက်သည်။ အကျည်းတန်လှသော ၀ဋ်ကြွေးတစ်ခုလို့ သတ်မှတ်ပြီး စိတ်ဒုက္ခပေါင်းများစွာဖြင့် ငွေပုံပေါ် ထိုင်ကာနေမိသည်။
တစ်နေ့ မွန်းကျပ်လှသော က မ္ဘာကြီးက ထွက်ပေါက်တစ်ခုကို မထင်မှတ်ဘဲတွေ့လိုက်ရသည်။ ပြတင်း တံခါး က အသာအယာ ထွက်ကြည့်လိုက်တော့ အချိုမြိန်ဆုံးအပြုံးကလေးတစ်ပွင့်နှင့် အသည်းနှလုံးထဲက တလှိုက်လှိုက်ရှိလွန်းလှသော ကလေးမတစ်ယောက်ကို စားသောက်ဆိုင် တစ်ဆိုင်ရဲ့ Stage ခုံပေါ်မှာ တွေ့လိုက်ရလေသည်။
ကျွန်တော့်ကို ပြုံးပြလိုက်သော ညှို့နှုတ်ခမ်းပါးလေးနှင့် ရီဝေေ၀မျက်ဝန်း တစ်စုံကို သိစိတ်က လက်ခံပြီးချိန်မှာတော့ လောကကြီး တစ်ခုလုံး ပွင့်ထွက်သွားမတတ် တောက်ပဖြာ လက်သွားခဲ့သည်။
(၄၃)နှစ် ဆိုသော အရွယ်ကြီးကျမှ အချစ်စစ်ဆိုတာ ရှာတွေ့သွားခဲ့သည်မှာ ရယ်စရာ ဖြစ်နေမလားဟုတွေးမိသော်လည်း၊ တကယ်ဆို ရင်(၄၀)ကျော်မှ ဘ၀စခြင်းဟု လူတစ်ချို့က ခံယူထားကြသည် မဟုတ်ပေလော။ ထိပ်ဆုံးက ကျွန်တော်ပါချင်သည်ဟု လက်ညှိုးလေး ထောင်ပြီး ငယ်စဉ်အချိန်တုန်းကကဲ့သို့ ကစားခဲ့ကြစဉ်ကလို ပြောလိုက်ချင်သည်။
သူမကို လိပ်ြပာသန့်သန့် ဖြင့် ပိုင်ဆိုင်ဖို့အတွက် အရှက်တရားတွေကို ခေတ္တဘေးဖယ်ထားပြီး ဘ၀အမှန်ကို ဖွင့်ပြောပြီး ရင်ဆိုင်ခဲ့ရ သည်။ ကြည့်စမ်း သူမဘ၀လေးကလည်း အချစ်စစ်ငတ် သူလေးပါလား?
ရေငတ်တုန်း၊ ရေတွင်းထဲ ပြိုင်တူကျသွားသော ခရီးလမ်းတစ်ခုမှာ လူမသိ၊ သူမသိ၊ စိုပြေနေခဲ့ကြချိန်ရောက်မှ ကံကြမ္မာ ခါးသီးမှုများကို ခြောက်သွေ့စွာ ထပ်ပေးပြန်သည်။
ကျွန်တော်လိုချင်သည့် အေးမြသော မိသားစုဘ၀လေးရခါနီးချိန်တွင် သူမ၏ပေါ့ဆမှုကြောင့် ဆည်းလည်းလေးကျကွဲ ပျက်စီးသွားရသည်။ ကျွန်တော်ဘ၀ကအဓိပယ်မဲ့ အသံတိတ်သွား ပြန်ပြီ၊ ကျွန်တော်အတွက် မျိုးဆက်လေး တစ်ယောက် လောက်တောင် အဖြစ်ရှိအောင် မဖန်တီးပေးနိုင်ကြဘူး။
ဟာ၊ ဘာလုပ်မှာလဲ ၊ အသုံးမကျတဲ့ ဒီမိန်းမတွေ-- စိတ်ရှုပ်တာပဲ အဖတ်တင်တယ် ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်ဗျာ၊ စိတ်ညစ်စရာတွေဖယ်ပြီး အပျော်ရှာတော့ ကျေနပ်စရာတွေ တိုးလာတာပေါ့ -- ကျုပ်မှာ ငွေရှိတယ်၊ ငွေရှိရင်ဘာမဆို ဖြစ်စေရမယ်၊ ကျုပ်ကငွေဝယ်ကျွန် မဟုတ်တော့ဘူးလေ။ ငွေရှင်သူဌေးဖြစ်သွားပြီ၊ ......ဟီ.....ဟီ.....ဟီ၊ One go Two Come ပေါ့၊ မိန်းမတွေကိုဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ၊ လောကကြီးမှာ ကျုပ်လိုကောင်အတွက် စည်းစိမ် တွေကအပြည့်ပဲ။
အပေါင်းအသင်းကောင်းတွေရှိတယ်၊ လက်ညှိုးညွှန်ရာ အရာရာကျုပ်အတွက် ဖြစ်စေရမယ်။ အိပ်ရာထက်မှာ (၂၄)နာရီလုံးလုံး၊ လဲနေတဲ့ရောဂါသည်မကြီးလို အရိုး ပြိုင်းပြိုင်းထမနေရဘူး၊ `ရှုံးတွသွားတဲ့ ခန္ဓာကိုယ်၊ ပစ်စလတ်ခတ်မျက်နှာမျိုးနဲ့ ပြားပြားချပ်ချပ် မိန်းမလည်းမဟုတ်ဘူး၊ ဟား....ဟား...ဟား မိခင်မဖြစ်ထိုက်တဲ့ မိန်းမတွေကို မုန်းတယ်.....မုန်း.....တယ်ဗျာ။

" အား "

အသံနက်နက်နဲံ့ အော်သံကြီး၏ အဆုံးမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
ခေါင်းတချက်ညိတ်လိုက်ပြီးတည်ကြည်ပြတ်သားသောအသံတစ်သံက တိတ်ဆိတ်မှုကို ရုတ် ချည်း ဖောက်ခွင်းလိုက်ပြန်သည်။
“ကဲ၊ ကဲ၊ ခင်ဗျားမောနေပြီ နောက်နေ့မှ ဆက်ပြောကြတာပေါ့။ပေးထားတဲ့ ဆေးတွေ မှန်မှန်သောက်နော်၊ ဆရာမ ဒီ Patient ကို သေချာဂရုစိုက်လိုက်ပါ၊ သူ့ရင်ထဲက အက်ကွဲကြောင်းကတော်တော် နဲ့ ပြန်ဆက်ဖို့ မလွယ်ကူနိုင်ဘူး”
Duty Coat အဖြူရောင်လေးကို အသာအယာချွတ်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်ပစ် လိုက်သည်။ လူနာရှင်တိုင်းက အားကိုးရတဲ့ Psychiastrist တစ်ဦးဖြစ်ဖို့ (စိတ်ရောဂါကုဆရာဝန်) ဆိုတာ လူနာတွေရဲ့အပူတစ်ဝက်ကို ခွဲယူရတာပဲမဟုတ်လားဗျာ ။


ဆုကဗျာ (The Chic Magazine,ဇန်န၀ါရီလ)

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009