ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေ

1 comments

ကျွန်မ ဒီ Post ကိုရေးဖြစ်ဖို့ အချိန်တွေအများကြီးယူပြီး သေသေချာချာ တွေးတောစဉ်းစားခဲ့ရ တာကိုပထမဦးဆုံးဝန်ခံထားပါရစေ။ဘာကြောင့်လဲဆိုတော့စာရေးတာဝါသနာပါတဲ့ စာရေးသက်လေးနည်းနည်းလေး ရနေပြီဖြစ်တဲ့ကျွန်မအတွက်စာတစ်ပုဒ်ချရေးဖို့ကို အချိန်တွေလချီပြီး ပေးစရာမလိုတော့တဲ့အပြင် Mood၀င်ရင်ဝင်သလောက် တစ်ရက်(သို့) နှစ်ရက် သုံးရက် အတွင်းမှာပဲ ကျွန်မရေးချင်တဲ့ အကြောင်းအရာကို အချောသတ်စဉ်းစားနိုင်ခဲ့တာကြောင့်ပါ။ ဒါပေမယ့် ဒီဆောင်းပါးလေးကိုတော့ အချိန်၂လကြာ သေချာစဉ်းစားပြီးမှ ရေးသားဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ကြောင့်ပါပဲ။
“လူဖြစ်ရတာဂုဏ်ယူတယ်”
ကျွန်မတို့အားလုံးဟာ ဘ၀ပေးကုသိုလ်ကံသိပ်ကောင်းလွန်းလို့ (၃၁)ဘုံသောလောကီသား တွေထဲမှာမှ ရခဲလှတဲ့ လူ့ဘ၀ကို ရရှိခံစားနေကြသူတွေဖြစ်ရတာ အင်မတန်မှကို ကံကောင်း ခြင်းတွေ ပိုင်ဆိုင်ထားကြလို့ပါ။
အဲဒီအတွက် ကျွန်မတို့ဟာ လောကကြီးမှာ တစ်ယောက်တည်းရပ်တည်နေလို့ မရကြပါဘူး။ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ မိတ်ဆွေအပေါင်းအဖော်တွေနဲ့ နေ့စဉ်ထိတွေ့ ဆက်ဆံနေကြရပါတယ်။
အချိန်နှင့်အမျှထိတွေ့ရင်းနှီးမှုများလာလေလေ၊ပြောဆိုဆက်ဆံရေးတွေ များပြားလာလေလေ တစ်ဖက်သားစီရဲ့စိတ်ထဲမှာအဆင်မပြေမှုလေးတွေ၊ ချစ်ခင်ကြင်နာလိုမှုတွေ၊ သံယောဇဉ်တွေ၊ ပြသာနာအဖုအထစ်တွေ၊ စကားအရှုပ်အထွေးတွေ၊ နွေးထွေးတဲ့ စောင့်ရှောက်မှုတွေ၊ အားမလို အားမရဖြစ်မှုတွေအပြင် ကိုယ်ရေးကိုယ်တာကိစ္စ ရပ်တွေမှာ တိုင်ပင်ဆွေးနွေးရင်း အချင်းချင်း ခံစားချက်တွေ နှီးနှောဖလှယ်မိတာတွေ ရှိနိုင်ကြပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်မတို့ အားလုံးရဲ့ ရင်ဘတ်ထဲကို ခံစားချက် အမျိုးမျိုးကနေရာယူလာခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့ ပတ်သက်လို့ပုံပြင်လေးတစ်ပုဒ်လောက်ပြောခွင့်ပေးပါရှင်။
တစ်ခါက နှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့သူငယ်ချင်း ၃ယောက်ရှိပါတယ်။
“သူငယ်ချင်းငါ့ကိုပိုက်ဆံ(၂)သိန်းလောက်ခဏချေးပါလားကွာ”
(A)ဆိုတဲ့ သူငယ်ချင်းက (B)ကိုပြောခဲ့တာပါ။
“ အိမ်မှာလေ ငါတို့မိသားစု ပြသာနာလေး ဖြေရှင်းစရာရှိလို့ပါ။ နင့်ကိုလေ ငါ လကုန်လို့ လခထုတ်ရင် ပြန်ဆပ်ပါ့မယ်ဟာ...တကယ်ပါ”
သူငယ်ချင်း(A)ရဲ့တောင်းပန်ခယစွာနဲ့ ပြောကြားတောင်းဆိုလာတဲ့စကားလုံး နူးနူးညံ့ညံ့တွေကို သူငယ်ချင်း(B) ဘယ်လိုမှ ခံစားနိုင်စွမ်းမရှိခဲ့ပါဘူး။သူ့ရဲ့အတွေးထဲမှာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တစ်ယောက်ရဲ့  စိတ်သောကအပူတွေကို မျှဝေခံစားလိုစိတ်ပြင်းထန်ခဲ့တာကြောင့် …
“အေးပါဟာ ကောင်းပါပြီ။ နင်အဆင်ပြေအောင် ငါစုထားတဲ့ပိုက်ဆံလေးတွေထဲကနေ ပေးလိုက် ပါ့မယ်။ ဒါပေမယ့် နင်ငါ့ကို သေချာတော့ပြန်ဆပ်ပါဟယ်။ ငါ့မှာလည်း နင်သိတဲ့အတိုင်း ပဲ၊ အပိုဝင်ငွေမရှိဘူးဆိုတာ”
“စိတ်ချသူငယ်ချင်း ငါလေ လကုန်တာနဲ့ ပြန်ဆပ်ပါ့မယ်။ ဒါပေမယ့် နင် ငါ့ကို ပိုက်ဆံချေးတာ ဘယ်သူ့ကိုမှ မပြောပါနဲ့နော်။ နင်နဲ့ငါပဲသိကြေးနော်။ ကတိပေးလား?”
သူငယ်ချင်း (A)စိတ်ချမ်းသာဖို့ ငွေကြေးရော ကတိပါ စေတနာအပြည့်နဲ့ ကူညီခဲ့လိုက်ပေမယ့် အချိန်တန်လို့ ပိုက်ဆံပြန်ဆပ်ရမယ့်အချိန်ရောက်လာတဲ့အခါ အကြွေးပြန်ရဖို့နေနေသာသာ အပြောင်း လဲကြီးပြောင်းလဲသွားတဲ့ သူငယ်ချင်း(A)ရဲ့ ပရိယာယ်ကြွယ်ဝလှတဲ့ စကားလုံးလှလှလေးများ ကိုသာ ပိုင်ဆိုင်ရရှိလိုက်ပါတယ်။
“ဟဲ့ ဘာပိုက်ဆံ(၂)သိန်းလဲ နင် ငါ့ကို ဘယ်တုန်းက ပေးခဲ့ဖူးလို့လဲ၊ ဘာတွေ လာပြောနေတာ လဲ၊ နင့်မှာသက်သေရှိလို့လား”
သူငယ်ချင်း(A)ရဲ့စကားလုံး မုန်တိုင်းအောက်မှာ နာလန်မထူနိုင်အောင် လဲကျသွားတဲ့ သူငယ်ချင်း (B) တစ်ယောက် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း …
“နင် ငါ့ကို အဲဒီနေ့ကပြောပြီးပြီးချင်း ငါချက်ချင်းထုတ်ပေးလိုက်တဲ့ ငွေ(၂)သိန်းအတွက် ငါ့မှာ သက်သေပြစရာ လူမရှိပေမယ့် နင့်စိတ်ဓာတ်ကနင်ဘယ်လိုလူလဲဆိုတာ ကောင်းကောင်းကြီး သက်သေပြသွားပါပြီ။ နင်နဲ့ ငါရဲ့ ဆက်ဆံရေးက ဒီပိုက်ဆံ(၂)သိန်းနဲ့တင် တန်ဖိုးဖြတ်လိုက်ရ တာကိုတော့ တကယ်ဝမ်းနည်းမိတယ် … ”
ကဲ ဒီပုံပြင်လေးရဲ့ အဆုံးသတ်မှာ အတွေးပွားစရာလေးတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်သွားကြ မယ်လို့ ယုံကြည်ပါတယ်။ ပုံပြင်လေးထဲမှာ အားမလို အားမရမှုတွေဖြစ်သွားခဲ့ကြရင်တော့ နောက်ဆက်တွဲ ပုံပြင်လေးကိုဆက်ပြီးနားထောင်ကြည့်ပေးပါဦးရှင်။
သူငယ်ချင်း(A)နဲ့(B)ကြား မှာ ဒီဖြစ်စဉ်ကိုမသိတဲ့ အဝေးရောက်သူငယ်ချင်း(C)က ရုတ်တရက် ပါဝင်လာခဲ့ရပါတယ်။ တစ်နေ့မှာ သူငယ်ချင်း (C)က သူငယ်ချင်း(A)ကိုမေးခဲ့ပါတယ်။
“သူငယ်ချင်း(A)ရေ၊ (B)တစ် ယောက်ရော မတွေ့တာကြာပြီ၊ ဘယ်တွေ ပျောက်နေလဲကွာ၊ ငါတို့ သူငယ်ချင်း(၃)ယောက် တစ်ရက်ဆုံတွေ့ကြရအောင်။ နင်ပဲဦးဆောင်ပြီးချိန်းပေးပါနော်”
သူငယ်ချင်း(C)ရဲ့ စကားသံက သူငယ်ချင်း (A)အတွက် အခက်ကြုံစရာဖြစ်နေခဲ့ရပါပြီ။
သူသာ တွေ့ဆုံဖို့ချိန်းပေးလိုက်ရင် သူနဲ့(B)ရဲ့ ဇာတ်လမ်းပေါ်သွားမှာကို စိုးရိမ်ပြီး
စိတ်ထဲတွေ့ရာကောက်ပြောချလိုက်ပုံက…
“သူ့ကိုငါ မတွေ့ချင်ဘူး၊ ငါ့ဆီကပိုက်ဆံ(၂)သိန်းချေးတုန်းက ချေးသွားပြီးပြန်ပေးချိန်ရောက်တော့မှ သက်သေရှိသလား၊ ဘာလားနဲ့ အလကား သူငယ်ချင်း၊ ပြီးတော့ နင့် မကောင်းကြောင်းကိုလည်း သူက အတင်းတွေပြောသေးတာ။ နင် ကတွေ့ ချင်သေးတယ် ဟုတ်လား ? တော်ပြီ ဟာ ငါသူနဲ့ ဆက်သွယ်မလုပ်တော့ဘူး”
အဝေးရောက်သူငယ်ချင်း(၃)ယောက် ပြန်ဆုံတွေဖို့တောင်းဆိုမိကာမှ မထင်မှတ်ဘဲကြား လိုက်ရတဲ့ စကားသံတွေက သူငယ်ချင်း(C) အတွက်ဇဝေဇ၀ါဝေခွဲမရပေမယ့် သူ့မကောင်းကြောင်းတွေကို(B)က ပြောခဲ့တယ်ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့တင်ပဲ သူငယ်ချင်း(B)အပေါ် အမုန်းကြီး မုန်းတီးသွားခဲ့ ရပါတယ်။

သူငယ်ချင်း(၃)ယောက်လည်း ဒီကိစ္စနဲ့အဖုအထစ်တွေဖြစ်သွားခဲ့ကြပြီး ရာသက်ပန်စကားမပြော ကြတော့ပါဘူး။
ဒါပေမယ့် ဘယ်သူမှ မသိလိုက်တာက သူငယ်ချင်းAဆီမှာ့ ပိုက်ဆံချေးတဲ့အချိန်က အမှတ်မထင် ဖမ်းထားလိုက်မိတဲ့ Phone recording File လေးကို သက်သေ အဖြစ်တည်ရှိနေရက်နဲ့ ဘယ်သူ့ကိုမှ ဖွင့်ဟမပြောတော့ဘဲရေငုံနှုတ်ပိတ်နေလိုက်တာပါပဲ။
A ရဲ့ စိတ်ဓာတ်က ဖြေရှင်း မှ ပြေလည်မယ့် ပြသာနာမျိုးကို မလိုလားဘဲတစ်ဦးကို တစ်ဦးယုံကြည်မှုနဲ့ ဖေးမတည်ဆောက်တဲ့ ဆက်ဆံရေးကိုသာ လိုလားတောင့်တ ခဲ့မိတာကြောင့်ပါပဲ။ ဒီပုံပြင်လေးမှာ ကျွန်မ အသိတစ်ခုရလိုက်တာက ပြသနာတစ်ခုကို နားနှစ်ဖက်နဲ့ နားမထောင်ဘဲ တစ်ဖက် သတ်စကား၊ တစ်ဖက်နားနဲ့ တစ်ဖက်သတ် သုံးသပ်ဆုံးဖြတ်လိုက်ခြင်းကြောင့် သံယောဇဉ်ကြိုး တစ်ချောင်းမပြတ်သင့်ဘဲ ပြတ်သွားခဲ့ရတာပါ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုပုံစံတူ အလားသဏ္ဍာန်တူဖြစ်ရပ်မျိုး ရှိနေကြတဲ့အတွက် မိတ်ဆွေ၊ သူငယ်ချင်းတွေကြားမှာ နားလည်မှုလွဲ၊ အထင်လွဲ၊ အမြင်လွဲတွေအများကြီးဖြစ်လာ နိုင်ကြပါတယ်။
အဲဒီတော့ယုံကြည်မှုတစ်ခုကိုတည်ဆောက်ကြတဲ့နေရာမှာသက်သေလိုပါသလား?
တကယ်လို့သာ သူငယ်ချင်း(C)က သူငယ်ချင်း(A)ရော(B)နှစ်ဦးစလုံး ပြောကြားလာတဲ့ စကားနှစ်ဖက်ကို ကြားသိခဲ့ရရင် ဒီကြိုးလေးပြတ်တောက်သွားမှာတဲ့လား?
သူငယ်ချင်း(B)ကရော ဘာကြောင့် အမှန်တရားကို မဖြေရှင်းဘဲ ခေါင်းငုံ့ငြိမ်ခံနေခဲ့တာလဲ?
သူငယ်ချင်း(A)ကရောဘာကြောင့်များ ငွေကျပ် (၂)သိန်းတည်းနဲ့ အဖြူရောင်သံယောဇဉ်ကြိုးကို ဖြတ် တောက်ပစ်ရက်တာလဲ?
ဒါတွေအားလုံးရဲ့ အဆုံးသတ်အဖြေကို နားလည်မှု၊ စေတနာမှုတွေနဲ့ပဲ စဉ်းစားဆုံးဖြတ်ကြည့် စေချင်ပါတယ်။
“စိတ်ကြိုက်နာမည်ပေးကြည့်နိင်ပါတယ်”
ဒုတိယမြောက်ပုံပြင်လေးအတွက်အသိပေးချင်တာက လူတစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် လျှို့ဝှက်ချက် ကိုယ်စီရှိတတ်ကြပါတယ်။
မိသားစုအတွင်းရေးကိစ္စပဲဖြစ်ဖြစ် ချစ်သူ သမီးရည်းစားကြားမှာပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်း ကြားမှာမဆို ဖွင့်ပြောသင့်တဲ့ အတွင်းရေးလျှို့ဝှက်ချက်ရှိသလို ဖွင့်မပြောသင့်တဲ့ အတွင်းရေး လျှို့ဝှက်ချက်မျိုးလည်း ရှိတတ်ကြပါတယ်။
ရံဖန်ရံခါ မိမိတို့သိပ်ယုံကြည်အားကိုးတတ်ကြတဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေကိုလည်း ဖွင့်ဟ ရင်ဖွင့်မိတဲ့ အထိအတွင်းရေးကို ဖော်ထုတ်တတ်ကြသူတွေလည်းရှိကြပါတယ်။
အဲဒီအတွက် မိမိဟာသူတစ်ပါးရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်လာပြီဆိုကတည်းက သူ ကိုယ့်အပေါ်ထားတဲ့ ယုံကြည်မှုကရာခိုင်နှုန်းအပြည့်ဆိုတာကို အသေအချာသိရှိထားသင့်ပါတယ်။
ဒီတော့ကာ ယုံကြည်လို့ပုံအပ်သူရဲ့လျှို့ဝှက်ချက်ကိုရာသက်ပန် စောင့်ထိန်းရတော့မယ့်တာဝန်က
တိုင်ပင်ခံရသူရဲ့သစ္စာတရားတစ်ခုလို့  ခံယူ မိပါတယ်။ ဖွင့်ဟပြောခဲ့သူအနေနဲ့ရော သူ့အတွက် ဘာအကျိုးအမြတ်မှ ပြန်ရမှာမဟုတ်တာသိသိကြီးနဲ့ ဘဲရင်ဖွင့်လိုက်လို့ ခံစားရသမျှ ပေါ့ပါးသွားစေ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သာဆိုရင် ပိုလို့တောင် စောင့်ထိန်းထားကြရမှာပေါ့။
“အန်တီရယ် ကျွန်မအဖေကလေ တကယ်တော့ ထောင်ကျနေတာပါ ၊ ဒါတွေကို သမီး ရှက်လွန်းလို့ ဘယ်သူ့ကိုမှလည်း မပြောရဲပါဘူး။ ဖေဖေက သူများချောက်တွန်းတာကိုခံလိုက် ရတာပါ။ မိသားစုတစ်ခုလုံး အရှက်တကွဲ အကျိုးနည်းဖြစ်မှာစိုးလို့ ဒီအကြောင်းကို အမှန်အတိုင်းမပြောဘဲ နီးစပ်ရာက မိတ်ဆွေတွေမေးလာတိုင်း နိုင်ငံခြားထွက်သွားတယ်လို့ သမီးပြောနေရတာပါ။
အမှန်အတိုင်း သူများတွေသိတော့လည်း သမီးတို့အတွက်ရော သူတို့အတွက် ပါအကျိုးမှမရှိတာ အရှက်ကွဲရုံပဲအဖတ်တင်မှာလေ”
လို့အစချီပြီး ဇာတ်ကောင်(F)က ဇာတ်ကောင်(G)ကို သောကတွေပြေလိုပြေငြား မဆီမဆိုင် ရင်ဖွင့်ခဲ့လိုက်တာဖြစ်ပါတယ်။
ဇာတ်ကောင်(G)ရဲ့ စိတ်ထဲမှာလည်း “ သြော် (F)က ငါ့ကို တော်တော်ယုံကြည်တာပဲ။ သူ့ဘ၀က သနားစရာလေး” ဆိုတဲ့အတွေးနဲ့ ပိုနေမြဲ ကျားနေမြဲဆက်ဆံပေါင်းသင်းလာခဲ့ပါတယ်။ သိပ်မကြာခင် မှာပဲ ဇာတ်ကောင်(F)နဲ့ (G)ကြားကို ဇာတ်ကောင်(E) ရောက်ရှိလာခဲ့ပါတော့တယ်။
“အန်တီရေ---- (F)တို့မိသားစု သတင်းကြားပြီးပြီလား? သူ့အဖေက အလွဲသုံးစားမှုနဲ့ ထောင်ကျ နေတာနော်။ အဲဒါကြောင့် သူတို့မိသားစုက ပတ်ဝန်းကျင်မှာ ငြိမ်ကုတ်နေကြတာလေ။ အပြင်ပန်း ကြည့်တော့သာ ရိုးသားသလိုလိုဘာလိုလိုနဲ့ အလကား လူလိမ်မိသားစုတွေ” ဇာတ်ကောင်(E)ရဲ့စကားသံအဆုံးမှာ မခံချိမခံသာဖြစ်သွားသူက ဇာတ်ကောင်(G)ပါ။
ဒါကလည်း ကျွန်မတို့ လူသားတွေရဲ့ မခံချင်စိတ်ပြင်းပြတတ်တဲ့ စိတ်ဓာတ်လေးတစ်ခုပါပဲ။
“အို မဟုတ်တာကွယ်။ သူ့အန်တီကို အကုန်ပြောပြပါတယ်။ သူ့အဖေက အထင်လွဲခံရတာ တဲ့လေ။ ပစ္စည်းတွေကလည်း သူ့အဖေယူတာမဟုတ်ဘူး။ သူ့အဖေရဲ့သူဌေးက လုပ်တာကို ကျေးဇူးရှင်ဖြစ်နေလို့ ဓားစာခံလက်မှတ်ထိုးလိုက်ရတာပါ။ အဲဒါကြောင့် တရားခံစာရင်းဝင်သွားတာပါ။
သူများ အကြောင်းတွေကို အဲဒီလို သေချာမသိဘဲ မပြောပါနဲ့။ ငရဲကြီးလိမ့်မယ်”
“ဟာ အန်တီကလည်း ဘာမှလည်းမသိဘဲ သူပြောသမျှ လှိမ့်ယုံနေတော့တာပဲ။ ကျွန်မက မသေချာဘဲပြောပါ့မလား။ကျွန်မအဒေါ်နဲ့ သူ့အဖေနဲ့က တစ်ရုံးတည်း လုပ်လာကြတာ။ အခု ဆိုကြည့်ပါလား။ အဖေသာ တောင်ထဲမှာ သူတို့မိသားစု မွဲတေသွားလို့လား။ ဖုန်းနဲ့ ကားနဲ့ ရွှေ ငွေတွေ အပြည့်ပဲလေ။ သူတို့မခိုးထားဘဲ ဒါတွေ ဘယ်ကရမလဲ ကဲ ပြော”
ဇာတ်ကောင်(E)ရဲ့ တိတိပပပြောကြားချက်တွေကြောင့် ဇာတ်ကောင်(G)တစ်ယောက် မခံချင် စိတ်ကို နှိုးဆွလိုက်သလိုခံစားလိုက်ရပါတယ်။ အဲဒါကြောင့်လည်း ခပ်သွက်သွက်လေး ပြန်ပြောလိုက်တာက
“အို အဲဒါကလည်း သူ့အဖေရဲ့ သူဌေးဆိုတဲ့သူက နစ်နာကြေးအဖြစ် ထောက်ပံ့ထားတာတွေ လေ။ သူကိုယ်တိုင် ငါ့ကို သေချာပြောခဲ့တာပါဟဲ့”
“ဟာ တော်တော်အယုံလွယ်တဲ့အန်တီပါလား။ သူခိုးကတော့ ခိုးပါတယ်လို့ ဘယ်ဝန်ခံပါ့မလဲအန်တီရဲ့ 
သေချာ စဉ်းစားကြည့်ပါဦး။ အန်တီတော့ ကောင်းကောင်းကြီး အလိမ်ခံလိုက်ရပြီ။ ဒီလိုလူမျိုးကို သွားပေါင်း မနေပါနဲ့။ ကိုယ်ပါရောပြီး သိက္ခာချတယ်။”
ရှုပ်ထွေးစရာ အာရုံတွေကြားမှာ ဒွိဟဖြစ်သွားခဲ့ရတဲ့ ဇာတ်ကောင်(G)တစ်ယောက် ဇာတ်ကောင်(F)ကို အလိုလိုစွန့်ခွာသွားပါတော့တယ်။
တကယ်ဆိုရင် G နဲ့ လည်း F မိသားစု ပြသာနာဟာဘယ်လိုနည်းနဲ့မှ မပတ်သက်သလို အကျိုးနစ်နာမှု တစ်စုံတစ်ရာလည်းမရှိခဲ့ပါဘဲ Eရဲ့ စကားတစ်ခွန်းကြောင့် ကြိုးလေးပြတ်သွားရပြန်တာ ဘာကြောင့် ပါလဲ?
ဇာတ်ကောင်(E)ကရော ဘာကြောင့်များ ကိုယ်တိုင်မသိတဲ့ F ရဲ့ အတွင်းရေးမှာ ၀င်ပြီး စွက်ဖက် ဟန့်တားရတာလဲ?
ဇာတ်ကောင်(F)ကရော ဇာတ်ကောင်(G)ကို ဘာကြောင့်များမိသားစု အတွင်းရေးလျှို့ဝှက်ချက်ကို ဖွင့်ဟပြောဆိုရတာလဲ?
ဒီအခြေအနေမှာသူ မပြောပြရင်လည်း ရနေတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။ ဇာတ်ကောင်(G) အနေနဲ့ကရော ဘာကြောင့်များ ကိုယ့်ကို ယုံကြည်လို့ ပုံအပ်ဖွင့်ဟလာသူရဲ့ နှုတ်ထွက်စကားကို တန်ဖိုးမထားဘဲ ချိုးဖျက်ခဲ့ရတာလဲ?
ဒီပုံပြင်လေးမှာ အတွေးပွားစရာအဖြာဖြာကို ရရှိနိုင်ကြမှာသေချာပါတယ်။ ကျွန်မတို့အားလုံးဟာ လူသားထဲကလူသားတွေဖြစ်နေတဲ့အတွက် လူ့လောကကြီးနဲ့ဘယ်လိုမှ ကင်းဝေးလို့မရကြပါဘူး။
မကင်းနိုင်လို့ပေါင်းသင်းကြပြီဟေ့ဆိုရင်လည်း နားလည်မှုနဲ့စာနာခြင်းလေးတွေကို ခိုင်ခိုင်စွဲကိုင်ပြီး
ရှေ့ဆက်လျှောက်လှမ်းဖို့ ပိုပြီး မသင့်တော်ပေဘူးလားရှင် ?
ကျွန်မတို့ဘ၀တွေမှာ မသေခင်စပ်ကြား လိုအပ်နေတဲ့ ကွက်လပ်လေးတွေ ဖြည့်ဆည်းပေးဖို့ လစ်ဟ နေတဲ့ အပေါက်တွေကို ပြန်လည်ဖာတေးနိုင်ဖို့ လိုအပ်ချက်လေးတွေကို သိရှိနိုင်ဖို့ ဖယောင်းတိုင် (၅)တိုင်ဥပမာနဲ့ပြောပြပါရစေရှင်။
ဒီဥပမာလေးကိုသိရှိပြီးသူတွေလည်းရှိကြမှာပါ။ မသိသေးသူတွေအတွက်ဆိုရင်တော့ အသစ်ပေါ့ရှင်။ ဗဟုသုတဆိုတာ အင်္ကျီတစ်ထည်လိုပါပဲ။ တစ်ကြိမ်တစ်ခါမှ မ၀တ်ဖူးခင်မှာတော့ သစ်လွင် တောက်ပမှုကို သာယာပြီး ခဏခဏ ၀တ်ကြည့်ချင်ကြပေမယ့် ၀တ်ဖူးပြီးသွားလို့ ဟောင်းသွားရင် လည်း သူ့နေရာဒေသအလိုက်တော့ ပြန်လည်လျှော်ဖွတ်ပြီး ၀တ်နေကြမြဲ သဘောတရားအတိုင်းပါပဲ။
တစ်ခါတုန်းက အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းကျဉ်းလေးတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင်ဟာ အလင်း ကိုယ်စီနဲ့ တောက်ပနေကြပါတယ်။ ဖယောင်းတိုင်(၅)တိုင်ရဲ့အလင်းအားကြောင့် မှောင်မည်း နေတဲ့အခန်းဟာ လင်းထိန်နေတယ်။ အဲဒီအချိန်မှာအခန်းထဲကိုလေပြေပျော့လေး တိုက်ခတ်နေသတဲ့။
တစ်ခါတစ်ခါမှာ လေတိုက်နှုန်းက ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ် သွားလိုက်နဲ့ပေါ့။ လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေးတစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား နည်းနည်းလျော့သွားတယ်။
အဲဒီဖယောင်းတိုင်လေးကို အချစ်လို့ နာမည်ပေးထားပါတယ်။ အချစ်ဆိုတဲ့ အလင်းအားလေး လျော့သွားတော့ အခန်းဟာ နည်းနည်းလေးမှောင်သွားတယ်။ နောက်ထပ် လေတစ်ချက်အဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို သံယောဇဉ်လို့ နာမည်ပေးထားပါတယ်။
ဒီအခန်းထဲမှာ အချစ်ဆိုတဲ့အလင်းရောင်ရယ်၊ သံယောဇဉ်ဆိုတဲ့အလင်းရောင်ရယ်မရှိတော့ပါဘူး။ အခန်းဟာအမှောင်ထုကြီးစိုးလာပါတော့တယ်။
ဒီလိုနဲ့နောက်ထပ်လေတစ်ချက်အဝေ့မှာ တတိယဖယောင်းတိုင်လေးမီးငြိမ်းသွားပြန်တယ်။ အဲဒီ ဖယောင်းတိုင်လေးကို မေတ္တာတရားလို့ နာမည်ပေးထာပါတယ်။ ဒီလိုပဲ နောက်ထပ်လေတစ်ချက် အဝေ့မှာ စတုတ္ထဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်ပါတော့တယ်။ ဖယောင်းတိုင်(၅)တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင်(၁)တိုင်မျှသာ အလင်းအားရပါတော့တယ်။
ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့မှာ အမှန်ပါ။ ကံကောင်းချင်တော့ အဲဒီအခန်းထဲကို အခန်းပိုင်ရှင်ပြန်လည် ရောက်ရှိလာပါတယ်။
“ဟာ-----အခန်းကြီးက မှောင်မည်းနေတာပဲ အို--တော်သေးတာပေါ့။ ဖယောင်းတိုင်လေး တစ်တိုင် လင်းနေသေးလို့” ပြောပြောဆိုဆိုနဲ့  ကျန်နေတဲ့ဖယောင်းတိုင်ရဲ့မီးညွန့်ကို လက်ဝါးလေးနဲ့ အသာကာလိုက်တယ်။
အဲဒီအခါမှာ အလင်းရောင်မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင်(၄)တိုင်ကိုလည်း သူကတွေ့သွားပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို စိတ်ရှည်လက်ရှည်နဲ့ မီးကူးပေး လိုက်ပါတော့တယ်။
အဲဒီအခါမှာ အခန်းလေးက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။ နောက်ဆုံး ကျန်နေတဲ့ ဖယောင်းတိုင်လေးကို နားလည်စာနာ ပေးမှုဖယောင်းတိုင်လို့ နာမည်ပေး ထားလိုက်ပါတယ်။
(စာဖတ်သူများလည်း နှစ်သက်သလို ခံစားမိသလိုနာမည်ပေးကြည့်စေချင်ပါတယ်)
ခဏလောက်တွေးကြည့်ရအောင်လားရှင်။
လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ “နားလည် ပေးမှု၊ စာနာပေးမှု”ဆိုတဲ့အလင်းအားရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် အချစ်ဆိုတာပြန်ဖြစ်နိုင်ပါတယ်။ သံယောဇဉ်ဆိုတာ ပြန်ဖြစ်နိုင်တယ်။
မေတ္တာတရား၊ ကရုဏာတရားတွေ ပြန်လည်ရှင်သန်နိုင်ပါတယ်။
နားလည်ပေးမှု၊စာနာပေးမှုဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင် အခန်းကြီး မှောင်မည်း သွားနိုင်သလို အချစ်တွေ၊ မေတ္တာတရားတွေ၊သံယောဇဉ်တွေ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။
ဒီလိုပါပဲ လောကကြီးမှာလည်းတစ်ဦးနဲ့ တစ်ဦးနားလည်စာနာမှုမရှိရင် လူ့ဘ၀ရဲ့ အနှစ်သာ ရလည်း ပျက်စီးသွားတော့မှာပါပဲ။
ကျွန်မ အထက်မှာပြောပြခဲ့တဲ့ ပုံပြင်ဥပမာလေးတွေရဲ့ အဓိကပြသာနာက “နားလည်မှု၊ စာနာပေးမှု” မရှိခဲ့တာကြောင့်ပါပဲ။
ဖြစ်ပျက်နေတဲ့ အကြောင်းအရာတိုင်းမှာ နားလည်၊စာနာပေးမှု ဖယောင်းတိုင်လေးသာ လင်းလက် နေခဲ့မယ်ဆိုရင် လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ အနှစ်သာရကိုလူ့ဘ၀ မကုန်ဆုံးခင် စပ်ကြား ကျွန်မတို့ခံစားရရှိနိုင်ကြမှာပါ။
မိသားစုတစ်စုမှာလည်းဇရာနဲ့ အသက်အရွယ်ကြောင့် အိုမင်းမစွမ်းဖြစ်လာတဲ့ မိဘနှစ်ပါးအပေါ် “နားလည်၊စာနာမှု” ဖယောင်းတိုင်လေး ထွန်းညှိပေးထားတတ်တဲ့ သားသမီးတွေကို ရရှိထားတဲ့ မိဘတွေအတွက် ဘယ်လောက်တောင် စိတ်ချမ်းသာကြမလဲ။
သြော်--ငါတို့ မိဘတွေက အခုအသက်ကြီးလာလို့ ငါတို့ ကိုရှာဖွေ ကျွေးမွေးနိုင်စွမ်းတွေ ထောက်ပံ့ နိုင်စွမ်းတွေ လျော့နည်းသွားကြပေမယ့် ငါတို့ မွေးစကနေ လူလားမြောက်သည်အထိ သူတို့ ပင်ပင်ပန်းပန်းရှာဖွေ ကျွေးမွေးစောင့်ရှောက်ပေးခဲ့ကြတာပဲလေ.။ အခု ငါတို့ တစ်လှည့်ပြန်ပြီး ပြုစုရမယ့် အချိန်ရောက်လာပြီ။ မိဘတွေမသေခင် ပြုစုသွားမှ သူတို့  စိတ်ချမ်းသာစွာ နဲ့ နောက်ဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်မှာသေချာပါတယ် ဆိုတဲ့ နားလည် စာနာမှုအတွေးတွေကို
တွေးကြည့်လိုက်တာနဲ့ သားသမီးတွေအတွက် ပျော်စရာကောင်းပါတယ်နော်။
တစ်ချိန်မှာ ကျွန်မတို့လူသားတွေအားလုံးမှာ ဘ၀လက်တွဲဖော်ဆိုတာ ကိုယ်စီရှိလာကြမှာပါ။ လက်တွဲဖော်ရှိနေပြီးသား လူတွေလည်းရှိနေသလို၊ မရှိသေးတဲ့သူတွေ၊ လက်တွဲဖော်နဲ့ နီးစပ်ဖို့ကြိုးစားနေသူတွေအတွက် ကိုယ့်ကိုနားလည်စာနာမှု များစွာနဲ့ ပေးစွမ်းနိုင်တဲ့ ချစ်သူကိုသာ ရရှိပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်တော့ အချစ်ဆိုတာ ချိုမြိန်မှုတွေနဲ့အတူ ပျော်ရွှင်စရာ အတိနဲ့ လင်းလက် ရှင်သန်နေမှာပါပဲ။
အပြန်အလှန်နားလည်ပေးတဲ့ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိခဲ့ရင် ကျွန်မတို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး သာယာလာပါလိမ့်မယ်။ ငြိမ်းချမ်းလာပါ လိမ့်မယ်။ တိုးတက်လာပါလိမ့်မယ်။ ပျော်စရာလည်းကောင်းလာပါလိမ့်မယ်။ ဒါကြောင့် ဘယ်နေရာမှာမဆို “နားလည်ပေးမှုနဲ့ စာနာပေးမှု” အပြန်အလှန် ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်
“နားလည်ပေးမှုနဲ့ စာနာပေးမှု”ကိုတော့ အလွဲသုံးစား မလုပ်သင့်ပါဘူး။
“နားလည်ပေးမှုနဲ့ စာနာပေးမှု”ကိုတော့ အခွင့်ကောင်းမယူသင့်ဘူး။
“နာလည်ပေးမှုနဲ့ စာနာပေးမှု”ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ပါဘူး။
“ချစ်သူတွေ၊ သူငယ်ချင်းတွေ၊မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ”ရဲ့ ကြားမှာ နားလည် ပေးမှုနဲ့ စာနာပေးမှု”ဆိုတဲ့ အလင်းရောင်ကလေးနဲ့ “အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ” ပြန်လည် ရှင်သန်ထွန်းလင်းကြပါစေလို့ အရိုးသားဆုံးဆန္ဒ´ပြုလိုက် ပါတယ်။

ထာဝရမေတ္တာဖြင့်
ဆုကဗျာ
၂၀၁၁၊ ဇွန်လ ၈ ရက် ၊ မနက် ၃:၃၀နာရီ
(P.S------- ဒီဆောင်းပါးလေးနဲ့ ကျွန်မရဲ့  ဒွိဟဖြစ်နေတဲ့စိတ်တွေကို နည်းလမ်းမှန်မှန်ဆုံးဖြတ်နိုင်အောင် လမ်းမှန်ပေါ်ရောက်အောင် စာတွေ့ အသိတွေ ပွားစေခဲ့တဲ့ ဆရာဦးဘုန်း ကိုဂါဝရပြုလိုက်ပါတယ်ရှင်)

ရိပ်သာနှင့် ရိက္ခာ

1 comments
'တောင် . . . တောင် . . . တောင် . . .တောင်' နံနက် အရုဏ်မတက်မီ ဝေလီဝေလင်းအချိန်ကတည်းက တတောင်တောင်မြည်အောင် ခေါက်နေသော သံချောင်း သံကြောင့် ကျွန်မ၏ အသိစိတ်များက နိုးထ ရှင်သန်လာခဲ့ရ၏။ တစ်ဆက်တည်းမှာပင် နံနက်ချိန်ခါ တေးသံသာအလား နေ့စဉ်ကြားနေရသည့် 'သုဓမ္မစာရီ' အဆောင်မှူး အဘွား ဒေါ်တင်တင်မြင့်၏ အသံကြီးက တစ်ဆောင်လုံးရှိ အခန်းများဆီသို့ ဖုံးလွှမ်းသွားပေသည်။ 'သမီးတို့ရေ . . .ထကြတော့လေ၊ မနက်(၃)နာရီ ထိုးနေပြီနော်၊ ထကြတော့ . . တရားအားထုတ်ဖို့ ပြင်ဆင်ကြတော့ဟေ့' ကြည်လင်ပြတ်သားသော အသံကြီးဖြင့် တစ်ဆောင်လုံး ဟိန်းနေအောင် အိပ်ရာနှိုးနိုင်စွမ်းရှိသော အဘွား ဒေါ်တင်တင်မြင့်၏ နှိုးဆော်သံက ကျွန်မတို့ ယောဂီငယ်အတွက် တန်ဖိုးကြီးသော နှိုးစက်နာရီသံအလား . . . လန်းဆန်းတက်ြ<ွကနေသော အသိစိတ်ဖြင့်နိုးထလာခဲ့ခြင်းကြောင့်'ယင်း နိုးထလာသောစိတ်ကို 'နိုးတယ်၊ နိုးတယ်' ဟုမှတ်ယူပြီး ရေချိုးခန်းရှိရာသို့ 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်'အမှတ်သတိဖြင့် ဆက်လက်လျှောက်လှမ်းလာခဲ့လိုက် ၏။ 
ဤအဆောင်သို့ရောက်ခါစ ပထမရက်က ကြိုးစားအားထုတ်စ အချိန်ဖြစ်တာကြောင့် ရှေးဦးစွာနိုးထလာ သောစိတ်ကို မှတ်သိနိုင်သေးသဖြင့် သတိရသောအချိန်အခါမှစကာ စိတ်၌ပေါ်ရာများကို မပြတ်မှတ်ရင်း 'စဉ်းစားတယ်' 'စဉ်းစား တယ်'ဟုမှတ်ယူခဲ့ရသေး၏။ ရေချိုးခန်းအတွင်းသို့ အမှတ်သတိဖြင့် ရောက်ရှိလာပြီး ချိန်မှာတော့ မျက်နှာသစ်သောအခါ ကြည့်ခြင်း၊ မြင်ခြင်း၊ လက်လှမ်းခြင်း၊ ရေခွက်ကိုင်ခြင်း၊ ရေခပ်ခြင်း၊ သွားပွတ်တံယူခြင်း၊ အေးမြခြင်း၊ ပွတ်တိုက်ခြင်း၊ ဆေးကြော သန့်စင်ခြင်း စသည်တို့ကို မလစ်ဟင်းရလေအောင် အစဉ်အတိုင်းမှတ်ယူ ရသည်မှာ ယောဂီသက်တမ်းနုလှသော ကျွန်မအတွက် ကနဦးမှာ လွန်စွာခက်ခဲလှပေသည်။

ထို့နောက်ယောဂီအဝတ်ကို ပြင်ဆင်ကာဝတ်မှု၊ အဝတ်အထည်ကို မှန်ကန်စွာခြုံမှု၊ အခန်းတံခါးကိုဖွင့်မှု၊ ပြန်ပိတ်မှု၊ အခန်းသော့ကို အဆောင်မှူး သတ်မှတ်ထားသော Box အတွင်း စနစ်တကျထည့်မှု စသည်တို့ကိုလည်း မလစ်လပ်ရ အောင် မှတ်ယူ၍ ဖလ်ယာဉ်ဓမ္မာရုံရှိရာသို့ 'ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်'၊ 'ကြွတယ်၊ ချတယ်'ခြေလှမ်းသတိဖြင့် ရှေ့လေးတောင်ခန့်မြင်အောင် မျက်လွှာချပြီး စိတ်က ခြေထောက်ကိုအာရုံပြုထားကာ လျှောက်လှမ်းရပြန်သည်။ ရံဖန်ရံခါ လွတ်ထွက်သွားသောစိတ်ကို အမိအရ ပြန်လည်ဖမ်းဆုပ်ရင်း ကျွန်မ၏အတွေးများက ပြန်လည်ငြိမ်သက် သွားပြန်၏။ သို့ပေမယ့် ဒါသည်လည်း မိနစ်ပိုင်းအတွင်းသာ တောင့်ခံနိုင်၍ တစ်ချက်တစ်ချက် ထပ်မံလွတ်ထွက်သွားသော စိတ်နောက်ကို ပျော်ရွှင် စွာလိုက်ပါသွားမိပြန်သည်။

ကျွန်မ၏ စိတ်အာရုံ များက ရုံးသို့ရောက်သွားလိုက်၊ အိမ်ပြန်ပါသွား လိုက်၊ သူငယ်ချင်း အပေါင်းအသင်းများဆီ အလည်သွားလိုက် စိတ်အာရုံဖြင့် Face Book မှ Comment များကိုဝင်ဖတ်လိုက်၊ ဓာတ်ပုံတွေ လျှောက်ကြည့်လိုက်၊ နှစ်သစ်ကူး အစမှာ ပျောက် ဆုံးသွားခဲ့ရသည့်လက်ကိုင်ဖုန်းလေးဆီသို့ နှမြော တသအတွေးများဖြင့် ဖြန့်ကြက်သွားလိုက်၊ နေမွန်း လွဲချိန်ကတည်းက အစားအသောက် စားသုံးခြင်း ကို(၈)ပါးသီလဖြင့် ထိန်းချုပ်ထားရသဖြင့် ဝမ်းဗိုက် အတွင်းမှ ဆာလောင်မွတ်သိပ်သံများကို သတိရ သွားလိုက်၊ ငိုက်မှေးအိပ်ချင်စိတ်ကို အလိုလိုက်မိ လိုက်စသဖြင့် တစ်နေရာမှတစ်နေရာသို့ စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ရွေ့လျားသွားလာလှုပ်ရှားနေခဲ့၏။

ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ သြဝါဒစရိယနှင့် နာယက ကမ္မဋ္ဌာ နာစရိယများ၏ သဘောတူညီချက်ဖြင့်သတ်မှတ်ထားသော ရှုမှတ် နည်းများအတိုင်း နေ့စဉ်(၈)ကြိမ်၊(၈)နာရီထိုင် မှတ်သလို စင်္ကြံ(၇)ကြိမ်၊ (၇)နာရီ လျှောက်ကာ တရားအားထုတ်ရ၊ လှမ်းရသည်မှာ နေ့စဉ် စုစုပေါင်း(၁၅)နာရီတိတိပင်ဖြစ်သည်။ မဟာ စည်သို့ရောက်ခါစက 'မဟာစည်မှာ တရား ထိုင် ခိုင်းတာ အရမ်းကြမ်းတယ်'်'ဟူသော ရိပ်ဖမ်းသံဖမ်းစကားသံများကို ကြားသိခဲ့ ရပြီးသည့် ကျွန်မမှာ လက်တွေ့ထိုင် မှတ်ချိန်တွင် မျက်စိကိုမှိတ်၊ စိတ်ကို ဝမ်းဗိုက်မှာ အာရုံပြု၍ 'ဖောင်းတယ်၊ ပိန်တယ်'နှစ်ချက်၊ 'ဖောင်းတယ်၊ ပိန် တယ်၊ ထိုင်တယ်(ထိုင်ပုံ) သုံးချက်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ် (ထိတဲ့ နေရာ)လေးချက်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ညာတင်ပါးထိတယ်'၊ 'ဖောင်းတယ်၊ ပိန် တယ်၊ ထိုင်တယ်၊ ဘယ်တင်ပါးထိတယ် အထိ(၃)ချက်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ လက်ချင်းထိတယ်'၊ တစ်ဆက်တည်းမှာပင် 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ညာတင်ပါးထိတယ်'၊'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ဘယ်တင်ပါး ထိတယ်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ညာခြေမျက်စိထိတယ် အထိ(၅)ချက်'မှတ်ယူကာ'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ဘယ်ခြေမျက်စိထိတယ်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ လက်ချင်းထိတယ်'စသဖြင့် အမှတ်သတိ မပြတ်တမ်း ရှုမှတ်နိုင်ရန် လက်တွေ့သဘောတရားကို တန်ဖိုးရှိစွာ ခက်ခဲနက်နဲစွာ သိရှိခဲ့ရပေသည်။ ထိုသို့ရှုမှတ်ရာတွင်လည်း ပဆစ်တုပ်ထိုင်၊ တစ်ဖက်ခွေထိုင်တို့၌ အထိကို ထိချက်၊ နာသောနေရာများကို သင့်တော်သလို မှတ်ခိုင်းနိုင်ကြောင်း ဒွါရ (၆)ပါးအာရုံထင်ရှားရာလည်း မှတ်ယူနိုင်ကြောင်း လမ်းညွှန်ပြသထားခြင်း ကြောင့် တရားအားထုတ်စ၊ ယောဂီအသစ် ကျွန်မအတွက် မှတ်သားနာယူစရာများပင်။ 'ဖောင်းတယ်၊ ပိန်တယ်'စသဖြင့် ကိုယ်တွင်းအမူအရာများကို ဂရုစိုက်၍မှတ်နေဆဲမှာပင် ဇွတ်တိုးဝင်ရောက် လာသည့် အိပ်ချင်စိတ်ကို ပင်ပန်းခက်ခဲစွာ ပယ်ဖျက်ရင်း'ဖောင်းတယ်၊ ပိန်တယ်၊ အိပ်ချင်တယ်'ဟု ထပ်မံမှတ် ယူခဲ့ရခြင်းမှာ နှစ်ညခန့်၊ သုံးညခန့်ရှိလာသောအချိန်အထိ ရှုမှတ်ရန် မလွယ်ကူခဲ့သေးပေ။ ထိုသည်မှာလည်း 'အိပ် ပျော်ခြင်း'ဟူသော ဘဝင်စိတ်သက်သက်မျှ ကြာမြင့်စွာဖြစ်ပေါ်နေခြင်းကြောင့်ပင်။

'ဘဝင်စိတ်'ဟူသည်မှာ ဘဝ၏အစ မှာ ဖြစ်ပေါ်ခဲ့သောစိတ်၊ နောက်ဆုံးသေသော'စုတိစိတ်'တို့နှင့် အလားတူနေသော စိတ်ဖြစ်နေခြင်းကြောင့် သာယာစွာရှေ့တိုးမိသည့် ကျွန်မအတွက် ထိတ်လန့်ဖွယ်ရာအတိပင်။ 'အိပ်ချင်တယ်၊ အိပ်ချင်တယ်'ဟု မှတ်နေစဉ်အတွင်း မျက်လုံးကငိုက်မှေး လာသဖြင့် 'မှေးတယ်၊ မှေးတယ်' ဟုမှတ်ယူပြန်သည်။ ဘာဝနာရင့်သန်သူ များအတွက်မူ ထိုကဲ့သို့မှတ်ယူလိုက်သည့်အခါ အိပ်ချင်စိတ်ကင်းလျက် တစ်ဖန် စိတ်အာရုံက ကြည်လင်လာတတ်ကြောင်း၊ ထိုအခါများတွင်'ကြည်တယ်၊ ကြည်တယ်'ဟုမှတ်ယူပြီး'ဖောင်းတယ်၊ ပိန်တယ်'ဟူ၍မှတ်ယူနေကျကိုသာ ပြန်၍မှတ်ယူရမည်ဖြစ်ကြောင်း နေ့စဉ်အချိန်မှန်နံနက်(၇)နာရီတွင် တရား စစ်ဆေးမေးမြန်းလေ့ရှိသော ဆရာတော်မှ မိန့်ကြားသွန်သင်တော်မူခဲ့လေသည်။

ကျွန်မကတော့ ရှုမှတ်နေစဉ်အတွင်း အိပ်ချင်စိတ်မပြေကြောင်း၊ အမှတ် သတိဖြင့် မအိပ်တော့သော်လည်း 'ဖောင်းတယ်၊ ပိန်တယ်'မှတ်နေကျ ပြတ်သွားတတ်ကြောင်း ရှုမှတ်နေစဉ်အတွင်းမှာလည်း ညောင်းမှု၊ ပူမှု၊ နာကျင် မှု၊ ယားယံမှုအစရှိသော ဝေဒနာအထူးများကို စူးစိုက်ကာ ကြည့်ရှုမှတ်သားပြီး အစမှတစ်ဖန် 'ဖောင်းတယ်၊ ပိန်တယ်' မှတ်ယူနိုင်ရန်မှာ လွန်စွာခဲယဉ်းနေသေးကြောင်း ပြန်လည်လျှောက်ထားရပေသည်။ နေ့စဉ်နှင့်အမျှ စင်္ကြံ(၇)နာရီလျှောက်ရ၊ တရားထိုင် ချိန်(၈)နာရီအမီ အားထုတ်ကြိုးပမ်းရသည်များအတွက် ကြာမြင့်လာသောနေ့ရက်များသို့အရောက်တွင် 'မတိုးဘူး' ဟုထင်ရသည့်အခါ 'ပျင်းရိမှု'ကတွယ်ကပ်လာပြန်သေး၏။ ထို့ကြောင့်'ပျင်းတယ်၊ ပျင်းတယ်'ဟု ရှုမှတ်နေရင်းမှာပင် သတိ၊ သမာဓိ၊ ဉာဏ်အထူးများ မဖြစ်သေးသည့် ကျွန်မမှာ 'မှတ်နေရတာ ရက်ကြာလာပြီ၊ ဘာမှလည်း မထူးဘူး၊ စိတ်ညစ်လိုက်တာ၊ ငါဖြစ်မှဖြစ်ပါတော့မလား၊ ဟုတ်ရောဟုတ်ရဲ့လား'ဲ့လား'ဟူသော ယုံမှားမှုများက နေရာယူကြီးစိုးလာပြန်သည်။ တစ်ဖန်ပြန်ပြီး ¤င်းစိတ်အတွေးကို 'ယုံမှား တယ်၊ ယုံမှားတယ်'ဟု မှတ်ယူလိုက်သဖြင့် 'တရားထူးဖြစ်ပေါ်လာမည်၊ ရှုမှတ်ကောင်းရမည်'ဟု မျှောင်လင့် ချက်ရောင်ခြည်တန်းသွားပြန်ရ၏။

အဆိုပါ စိတ်အတွေးကို 'မျှော်တယ်၊ တောင့်တတယ်၊ လိုချင်တယ်'ဟု မှတ်သားပြီး ဆင်ခြင်နိုင်ရန် ကြိုးစားကာ၊ မှတ်ရသောအာရုံကို ရုပ်လား နာမ်လားစသဖြင့် ဆင်ခြင်မိတတ်၍ 'ဆင်ခြင်တယ်၊ ဆင်ခြင်တယ်'ဟု မှတ်သားခဲ့ရပြန်သည်။ ကျွန်မ၏စိတ်အာရုံ၌ အမှတ်မကောင်းဘဲ အာရုံလွင့်ပျံ့နေသည့်အချိန်က ပိုများနေလေ၏။ ထိုသည်မှာ လည်း သောကပရိဒေဝအပူမီးများကို ကိုယ်တိုင်လည်း မွှေးယူတတ်သလို သူတစ်ပါးအပူမီးကိုလည်း လက်ဆင့် ကမ်းသယ်ဆောင်တတ်လေ့ရှိသော ကျွန်မအတွက် စိတ်ပျက်ခြင်းကရောက်ရှိလာပြန်သဖြင့်'စိတ်ပျက်တယ်၊ စိတ် ပျက်တယ်'ဟုသာမှတ်သားရမည်ဖြစ်ကြောင်း ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ရှုမှတ် နည်းစနစ်အရ လေ့လာသိရှိခဲ့ရသည်။

တရားအားထုတ်ခါစအချိန်အခါ၌ 'အိပ်စက်နားနေချိန်(၄)နာရီ'တည်းဟူသော တိုတောင်းလှသည့် သတ်မှတ်ချိန် ကြောင့် အခက်အခဲအမျိုးမျိုး ကြုံတွေ့ရသော်လည်း အချိန်ပိုမအိပ်တော့ဘဲ 'တစ်မှတ်တည်းသာ ရှုမှတ်နေရမည်'ဟူ၍ နှလုံးသွင်းနိုင်ပါက ဉာဏ်ရင့်ကျက်လာသောအခါ အလိုလိုမအိပ်ချင်တော့ဘဲ အမြဲကြည်လင်နေပေလိမ့်မည်ဟု ဆရာတော်ဘုရားကြီးက လမ်းညွှန်ပြသသွားခဲ့ပေသည်မှာ ဝိပဿနာဉာဏ်ထူးများ၏ အကျိုးရလဒ်ကောင်းပင် ဖြစ်ပေမည်။ မိုးကုတ်ယောဂီအဟောင်း မဟာစည်ယောဂီအသစ်ကျွန်မ၏ ဝိပဿနာရှုမှတ်ခဲ့သော နေ့ရက်များတွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ကူးကြံစည်တိုင်း၊ စဉ်းစားဆင်ခြင်တိုင်း စိတ်အမူအရာကို အမှတ် သတိဖြင့် ခဲခဲယဉ်းယဉ်းမှတ်သားခဲ့ရသလို ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေပြုပြင် လှုပ်ရှားတိုင်း၊ ကိုယ်အမူအရာကိုမှတ်သားရသည်မှာလည်း တခဏတာမျှပင်မှတ်သားနိုင်ခဲ့၏။ 
တစ်ဖန်မှတ်ဖွယ် အထူးများမရှိသည့် စိတ်အတွေးကို ရက်သတ္တပတ်၊ တစ်ပတ်ကြာမြင့်ပြီးချိန်၌ ပေါ်ထွက်ရရှိ သွားသောအခါ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်'ဟူသော မူလအစမှတ်နေကျကိုသာ မပြတ်တမ်းမှတ်သားနေမိပြန်သည်။ စင်္ကြန်လမ်းလျှောက်လှမ်းရာတွင်လည်းြ<ွကတယ်၊ လှမ်းတယ်၊ ချတယ် စသဖြင့်သာ မပြတ်မှတ်ယူရင်း မဟာစည်သာသနာ့ရိပ်သာ ကြီးတွင် ယောဂီဖြစ်ခွင့်ရခဲ့သည့် (၁ဝ)ရက်တာမျှသော အချိန်ကာလအတွက် ကျွန်မမှာပီတိဖြစ်၍ မဆုံးနိုင်အောင်ပင်။ ဆက်လက်ပြီး ဖြစ်ပျက်တိုင်းသော ရုပ်၊ နာမ်အလုံးစုံကို ပစ္စုပ္ပန်ကျအောင် မှတ်သိနိုင်ရန် ကြိုးပမ်းအားထုတ်သွားသင့်သည်ဟု ခံယူထားသလို ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာဉာဏ်ထူးများ အစဉ်အတိုင်း ဖြစ်ပေါ်လာသည်ကို ဒိဋ္ဌတွေ့မြင်နိုင်ချိန်မှာ ကျွန်မအတွက် ဘယ်ဆီဘယ်ဝယ် မသေချာသေးသော်လည်း တရားကြိုးစားအားထုတ်၍ ဝိပဿနာရှုမှတ် နည်းလမ်းမှန်ကို ရောက်ရှိအောင် လမ်းပြနိုင်ခဲ့ သော 'ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး'၏ကျေးဇူးဂုဏ်ကို အစဉ်အမြဲဦးထိပ်ထားကာ လိုက်နာကျင့်သုံးနိုင်ရန် ကြိုးစားရပေဦးမည်။ 
ကျွန်မတို့ယောဂီများအတွက် နေ့စဉ်နေ့လယ်(၂)နာရီမှ(၃)နာရီအချိန်အထိ တရားထူး၊ တရားမြတ်များကိုနာကြားခွင့် ရခဲ့ခြင်းကြောင့် 'ဆင်းရဲကိုအရင်းခံပြီးမှ ချမ်းသာရာရကြောင်း' အခြေခံသဘောတရားကို 'နိဗ္ဗာန်တံခါးကြီး ဖွင့်တော် မူပါ'တရားတော်၌ ကြားနာသိရှိခဲ့ရသည်။ မဟာစည်တရားရိပ်သာသို့ ဝိပဿနာရှုမှတ်ရန် စတင်ရောက်ရှိလာခဲ့စဉ်က သုည၏သဘောတရားကို တန်ဖိုးထားမှုနည်းပါးခဲ့ပြီး နေ့လယ်(၁၂)နာရီကျော်သည်နှင့် အစာမစားရန်၊ သီလ စောင့်ထိန်း ထားခဲ့ခြင်းကြောင့် အစားအသောက်ဆင်းရဲမည်ကို လွန်စွာတွေးပူ မိခဲ့၏။ ထို့အတွက်ကြောင့်လည်း ကော်ဖီထုပ်၊ အချိုရည်ဘူးများမှသည် ခေါက်ဆွဲခြောက်နှင့် ပန်းသီး၊ လိမ္မော်သီးအဆုံး ရိက္ခာမျိုးစုံကို ရိပ်သာသို့ အလျှံအပယ် သယ်ဆောင်လာခဲ့မိသည့် ကျွန်မအတွက် တရားတော်ကောင်းများကို နာကြားပြီးသည့်အခါ ရှက်ဖွယ်တည်းတည်းပင်။ 
''အိုးကလေးလို၊တို့ရဲ့ကိုယ်'' တရားတော်ထဲကအတိုင်း ဆံပင်မှစ၍ ခန္ဓာကိုယ်မှ (၃၂)စုသောအပုပ်ကောင် ရုပ်ဆောင်မှုများအပြင်၊ နေ့စဉ်စားသုံးနေသော အစာအာဟာရများမှာ ဝမ်းဗိုက်အတွင်းရောက်ရှိသွားသည့်အခါ ကျွန်မတို့မြင်တွေ့ဖူးနေသော ခွေးအန်ဖ အန်ဖတ်ထက်ထက် သုံးဆဆိုးရွားလှသည့် ဥပမာဖြင့် တရားဟောဆရာတော်က ဟောကြားသွားရာ ရိပ်သာသို့ သယ်ဆောင်လာသည့် ကျွန်မ၏ရိက္ခာထုပ်များက ကျွန်မအား လှောင်ပြောင်ဟားတိုက်နေသည့်အလား . .. 
မိမိသေဆုံးသွားသည့်အခါ ပင်ပန်းကြီးစွာရှာဖွေဖန်တီးထားရသော ရာထူ၊ စည်းစိမ်၊ နာမည်ဂုဏ်သတင်း ရိက္ခာ များက ကိုယ့်နောက်မပါနိုင်ဘဲ မိမိပြုလုပ်ထားသော ကောင်းမှုကုသိုလ်ကံများနှင့် ဝိပဿနာတရားများကိုသာ 'မွန်မြတ် သောရိက္ခာ'အဖြစ်အပါရယူသွားနိုင်ကြမည်သာဖြစ်ပြီး 'တစ်နေ့တော့ရောက်လာမည်မလွဲသည့် အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သေခြင်းဒုက္ခများအတွက် ရိက္ခာထုပ်ထမ်း၍စောင့်ကြိုရမည်ဆိုပါက မည်သည့်ရိက္ခာကိုသင်တို့ထုပ်ပိုးသယ်ဆောင်ထား ကြပါမည်နည်း။ ကျွန်မကတော့ ရိပ်သာ၌သင့်တော်မည့်ရိက္ခာရှာဖွေခွင့်ကိုအခွင့်သာတိုင်းကြိုးစားသွားမည်ဖြစ်သည်။ ဆုကဗျာ

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009