“ ရတာနာ နှင့် ရတနာ”



ကလေးငယ်တို့၏ ကံကြမ္မာကို သူ့မိခင်ကသာဖန်တီးသည်။
(ပြင်သစ်ဧကရာဇ်နပိုလီယံဘိုနာပတ်)
အခန်း(၁)
                                                      

 “ဘာ . . နှစ်လ ဟုတ်လား”
ထိတ်လန့်တကြားအော်ဟစ်လိုက်ရင် သွေးပျက်သွားသော သူ့အမူအရာ ကြောင့် ကျွန်မပင် လန့်ဖျတ်သွားသည်။
“ဟာ မဖြစ်နိုင်ဘူး၊ ဒါ . . ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး”
“ဟင်၊ မဖြစ်နိုင်ဘူးဆိုတော့ ကျွန်မက ညာစရာလား၊ ဒါအဖြစ်မှန်ပဲ”
သူက ကျွန်မစကားကို သင်္ကာမကင်းမျက်ဝန်းများဖြင့် ဆီးကြိုလိုက်သည်။


“မင်းဘာသာမင်းဖြစ်ရင် ဟုတ်နိုင်မယ်၊ ငါနဲ့တော့ မပတ်သက်ဘူး၊ အဲဒါသေချာတယ်”
“ဘာ”
ဒေါသမီးတဝင်းဝင်းတောက်နေသော ကျွန်မ ရင်ညွန့်ဆီမှ စူးခနဲနာကျင်သွားသည်။ ရင်ထဲက ဒေါသများ မျက်လုံးမှ မျက်ရည်အဖြစ် ပြောင်းလဲစီးကျလာကြသည်။
“ကျွန်မတို့ နှစ်ယောက်အကြောင်း၊ ကျွန်မတို့သာ အသိဆုံးပါ၊ ရှင်နဲ့မဟုတ်လို့ ဘာလဲ၊ စော်ကားလှချည်လား”
“မင်းမှာ ရည်းစားဘယ်လောက်ပေါတယ်ဆိုတာ မင်းအသိဆုံးပါ၊ ဖြစ်လာမှ ငါ့ကိုခေါင်းလာမခံနဲ့၊ ငါအချဉ်မဟုတ်ဘူး”
မထင်မှတ်ဘဲ ပြောထွက်ဝံ့သော သူပါးစပ်မှ စကားသံများက ဘယ်လိုနည်းနဲ့မှ မယုံကြည်နိုင်စရာပါ၊ ဒါလား ကျွန်မကိုချစ်လှပါချည်ရဲ့ဆိုတဲ့ ယောကျာ်း၊ တစ်နာရီခြားတစ်ခါ ကျွန်မအသံကြားချင်ပါသည်ဆိုသော ယောကျာ်း . ဟား ဟား ဟား၊ မျက်ရည်များကြားမှပင် ခံပြင်းစိတ်ဖြင့် ဟားတိုက်ပစ်လိုက်သည်။
“ရည်းစားများတာ ရှင့်အရင်ကလေ၊ ရှင်နဲ့ပတ်သက်ပြီးမှကျွန်မအပျင်းပြေဖုန်းပြောတဲ့ အကောင်တောင် မထားတော့ဘူး”
ရှက်စိတ်ကြောင့် ထိုစကားသံများက လည်ချောင်းဝမှာ တစ်ဆို့ကာ အပြင်သို့ ထွက်မလာနိုင်တော့ပါ။
ဟုတ်ရဲ့သားနဲ့ မဟုတ်ပါဘူးဟု ဇွတ်အတင်း ဘူးခါနေပြီး အဖြစ်မှန်ကိုဖုံးကွယ်နေသော ထိုယောကျာ်း၏ မျက်နှာကို မကြည့်ချင်တော့ပါ၊ ဖြေရှင်းချက်မပေးချင်တော့ပါ . . .
မိန်းမတစ်ယောက်ရဲ့မေတ္တာကို စုံလုံးကန်းအပြည့်အဝပေးဆပ်ခဲ့မိသော ကျွန်မ၏ အပြစ်သာလျှင် အဓိကတရားခံ ဖြစ်ပေသည်။ 

“ဒီမှာ အခုကိစ္စက ရှင့်ကိုတာဝန်ယူခိုင်းတာလည်း မဟုတ်ဘူး၊ လျော်ကြေးတောင်းနေတာလဲ မဟုတ်ဘူး၊ ကျွန်မဘာမှမလုပ်တတ်လို့ ရှင့်ကို အသိပေးတာ၊ ကျွန်မသာ ရှင်မသိအောင်လုပ်ခဲ့ရင် လုပ်ခဲ့တဲ့သူကိုပဲ တာဝန်ယူခိုင်းမှာပေါ့၊ ရှင့်လို လူတကာကို သံသယမျက်လုံးနဲ့ အချိန်တိုင်းဒေါက်ထောက်ကြည့်နေတဲ့ ယောကျာ်းကို သိက္ခာအကျခံ ပြီးပြောမနေဘူး . .ဒီမှာ ရှင်သိထားဖို့က ကြေးစားမှာတောင် သူ့မာနနဲ့သူရှိတယ်၊ ကျွန်မက အမျိုးကောင်းသမီးပါ၊ ရှင်ကိုယ်ချင်းမစာတတ်ရင်တောင် ရှင့်သိက္ခာကိုယုံလို့ ပုံအပ်မိခဲ့တဲ့ ကျွန်မကို မစော်ကားပါနဲ့”
မဟုတ်ဘဲနဲ့ အစွပ်စွဲခံရသော ကိစ္စလောက် နာကျည်းခံပြင်းဖို့ကောင်းတာမရှိပါ၊ ဒေါသကြောင့် ဖြစ်သော အမှား သည် အမှားတကာအမှားထဲတွင် အဆိုးဆုံးဖြစ်ပေသည်။
“ရှင် မယုံရင်လည်းရတယ်၊ ဒီကလေးကို ကျွန်မဖြစ်အောင်မွေးမယ်၊ ကလေးရဲ့D.N.Aကိုစစ်ပြီး သက်သေပြမယ်၊ အဲဒီအချိန်ကျမှ ရှင်နောင်တကောင်းကောင်းရစေရမယ်”
(D.N.A= Dihydroxy Nucleic Acid)
အခန်း(၂)

သိက္ခာတွေအပိုင်းပိုင်းလဲပြိုခဲ့ရတဲ့ နေ့တစ်နေ့ . . .
မျက်ရည်နဲ့ မာနကို ကျော်ဖြတ်ရင်း အဲဒီနေ့က ကျွန်မအိမ်ပြန်ရောက်တော့ အခန်းထဲမှာ အားပါးတရ ငိုချပစ်လိုက် သည်။
ခေါင်းအုံးအောက်ရှိ သူ၏ဓာတ်ပုံသည်လည်း ရင်ထဲက ခံပြင်းချက်ဒေါသကြောင့် တစ်စစီကြေမွလျှက် . .“အဟင့် . .ဟင့် . .ဟင့်၊ ဟီး . . ဟီး . . ဟီး၊ ငါဘာလုပ်ရမလဲ၊ ငါ . . ငါ . . အဟင့် . . အဟင့်”
ထိုစဉ်မှာပင် အခန်းတံခါးခေါက်သံ ဆူဆူညံညံကြောင့် ကျွန်မအလွန်ထိတ်လန့်သွားသည်။
“ဒေါက် . .ဒေါက် . .ဒေါက်”
“သဲသဲ ဘာလုပ်နေတာလဲ၊ ရေချိုးပြီးထမင်းလာစားလေ”
တံခါးအပြင်ဘက်ရှိ မေမေ့အသံကြောင့် ကျွန်မမျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ပြီးနောက် ချက်ချင်း ညှိုးနွမ်းနေသော မျက်ဝန်းရှိ မျက်ရည်များကို အလျင်အမြန်သုတ်ပစ်လိုက်သည်။
“မ . .မ . .စားသေးဘူးအမေ၊ ဟိုဟာ ဟို ဗိုက်မဆာသေးလို့”ဟူ၍ အသံအက်အက်ကို ဟန်ဆောင်ထိန်းချုပ်ကာ ပြောလိုက်ရသည်။
ဘုရား . .ဘုရား အမေသိရင်တော့ ဒုက္ခပါပဲ . .
ကျွန်မ၏ အကြည့်က ခေါင်းရင်းထက်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်စုံမိုး၍ အားကိုးတကြီး ဆုတောင်းလိုက်မိသည်။ အမေထွက်သွားသံကြားမှ သက်ပြင်းရှည်ကြီးအား ပေါ့ပါးစွာ မှုတ်ထုတ်စဉ် . .
“အေ့ ၊ အော့”
ကျွတ် ကျွတ် ရုတ်တရက်ခေါင်းထဲက မိုက်ခနဲမူးဝေသွားပြီး လေများပျို့တက်ကာ အန်ချင်လာပါသည်။ အမလေး ထမင်း၊ ဟင်းတွေမြင်ရင် ပိုဆိုးမယ်၊ အမေ့ရှေ့မှာ ရှုပ်ကုန်လိမ့်မယ်။
ကျွန်မရင်ထဲမှာ သိပ်ခံပြင်းပါသည်။ ရှေးလူကြီးတွေပြောခဲ့သလို “လမ်းလျှောက်ရင်း ပန်းကောက်ခဲ့သူ”ကိုမှ စွဲလမ်း တမ်းတခြင်းများစွာနှင့် ပုံအပ်ခဲ့မိလေခြင်း။ တွေးရင်း . . တွေးရင်း
ကျွန်မ မျက်နှာကိုလက်ဖြင့်အုပ်ကာ တသိမ့်သိမ့်ငိုမိပြန်သည်။
အရေးထဲမှာ ကျွန်မတို့နှစ်ယောက်တည်းသာ သိသော ကျွန်မ၏ မိုက်မဲမှုလေးကို သတိရမိသေးသည်။ တကယ်ဆို ဖြစ်သင့်သည်က ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ဒီပြဿနာကို နှစ်ဦးသားတိုင်ပင်ပြီးဖြေရှင်း၊ ဖြစ်သင့်သည်ကို ဆုံးဖြတ်ကြရုံသာ ယခုတော့ တစ်ကြိမ်တစ်ခါမျှပင် ပြောလာမည်မထင်သော လျစ်လျူသည့်စကားများ အား နာကျည်းစွာကြားလိုက်ရခြင်းကြောင့် . .
“SUICIDE လုပ်လိုက်ရင်ပြီးပြီ”ဟူသော အတွေးမိုက်က ပေါ်လာသေးသည်။
ဒါပေမယ့်. .
“လူတွေဟာ တစ်သက်မှာ တစ်ခါသေကြရမှာပဲတဲ့၊ သို့သော် အပြစ်ကင်းသော သေခြင်းနဲ့ သေရဖို့ကအရေးကြီးပါတယ်” ဆိုတဲ့ အလောင်းတော်မဟာဇနက္ကမင်းသား ကိုယ်တိုင် ကျွန်မဘေးနားမှာ လာပြောနေသလိုပဲ ဒီစကားသံကို အထပ်ထပ် ကြားယောင်နေပြန်သည်။
“အဖန်ငါးရာ၊ ငါးကမ္ဘာ”ဆိုတဲ့အတိုင်း တကယ်တမ်းကျတော့ ကျွန်မမသေရဲပါဘူး၊ သေလည်း မသေချင်သေးဘူး။ ကျွန်မလူ့လောကထဲကို ရောက်လာတာမှ အနှစ်နှစ်ဆယ်စွန်းစွန်းလေးသာရှိသေးသည်။ ဒီနှစ်တွေအတွင်းမှာ ကိုယ်ကိုယ်တိုင်ရော၊ မိသားစုဂုဏ်သိက္ခာအတွက်ရော လက်မထောင်ရလောက်တဲ့ မိန်းမတစ်ယောက် ဖြစ်ခွင့်မရသေးဘူးလေ။ 

ကျွန်မ ပင်ပင်ပန်းပန်းသင်ကြားထားတဲ့ ပညာတွေ၊ ကြိုးကြိုးစားစား လေ့လာထားတဲ့ Languageတွေ၊ ဖတ်ခဲ့ဖူးတဲ့စာပေတွေ၊ ဒါတွေအားလုံးကို ထဲထဲဝင်ဝင်ပြန်ပြီး အသုံးချခွင့်မရသေးဘူး၊ လူ့လောကထဲ ရောက်လာခဲ့ပြီး လူပီသအောင် မကျင့်ကြံရ သေးခင် လူ့လောကထဲက အကျိုးမဲ့ပြန်ထွက် ရမယ်ဆိုတော့ ကျွန်မလောက် လူဖြစ်ရကျိုးရှုံးတဲ့လူ ဘယ်မှာရှိနိုင်ပါ့မလဲ။
Humen are not perfect လို့ ကျွန်မကြားဖူးပါတယ်။ ထို့အတူ ကျွန်မသည်လည်း “ခြောက်ပြစ်ကင်း၊ သဲလဲစင်”မဟုတ် သည့်တိုင် ဂုဏ်သိက္ခာဆိုတာ ကို အတိုင်းအတာတစ်ခုထိ တန်ဖိုးထားခဲ့သူပါ၊ တဆက် တည်းမှာပင် . .
“သမီး၊ ဝဋ်ဆိုတာ နောင်ဘဝမကူးဘူး၊ ဒီဘဝမှာတင်လည်တာ”
ကျွန်မငယ်စဉ်ကတည်းကပင် ထပ်တလဲလဲပြောခဲ့ဖူးသော မေမေပြောနေကျ ထိုစကားသည် သွေးထွက်အောင် မှန်နေပြီလော။
“ဝဋ်ကြွေးး”တဲ့။ ဪ... ကျွန်မဝဋ်ကြွေးးရှိ၍ ပြန်ဆပ်ရတော့မည့် အခြေအနေရောက်နေပြီလား။
ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ တွေဝေနေလို့မဖြစ်တော့ဘူး . .ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချရတော့မယ့်အချိန် ရောက်ပြီ၊ ဒီလိုကိစ္စကြီးကို ဘယ်သူ့ကို သွားတိုင်ပင်ရပါ့မလဲ။ ကျွန်မကို ဘယ်သူက ကယ်တင်နိုင်မှာတဲ့လဲ။
လဲပေါင်းများစွာက ကျွန်မခေါင်းထဲ စုပြုံဝင်လာကြပါသည်။ ဖြတ်ခနဲ စဉ်းစားလိုက်ရင်း တစ်စုံတစ်ယောက်ကို သတိရသွားမိတော့သည်။ ထို့နောက် အခန်းတံခါးကိုအသာဟကာ ဘေးဘီသို့ကြည့်လိုက်သည်။ အိမ်သားများအားလုံး ထမင်းစားခန်းထဲတွင်ရောက်နေခိုက် ဖုန်းစင်ရှိရာသို့ ကပျာကယာလှမ်းလာခဲ့သည်။
“Hello ဇူးဇူးလား”
“ငါပါ၊ သဲသဲ၊ အေး နင့်ကိုငါမေးစရာရှိလို့”ဟု အစချီကာ Final Part II တက်နေသော ငယ်သူငယ်ချင်းမလေး အား မရှက်မရွံ့ရင်ဖွင့်ချပစ်လိုက်သည်။ ထိတ်လန့်သွားသည်ဟု ထင်ရသော ဇူးဇူးအသံက ဆရာဝန်လောင်းပီပီ ကရူဏာဒေါသဖြင့် စကားဆိုရှာသည်။
“သဲသဲရယ်၊ နင်ကလည်း ပေါ့လိုက်တာဟယ်၊ ဆေးပညာဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ Injection မျိုးစုံ ရှိနေတာမှ ဖြစ်ရတယ်လို့ ဟယ်”
“ဟုတ်ပါတယ် ဇူးဇူးရယ်၊ နင်ပြောလည်း ငါခံရတော့မှာပဲ၊ ငါ့ကို . .ငါ့ကို အကြံပေးပါဦးဟယ်”
အားကိုးတကြီးပြောမိသော ကျွန်မအသံများက သိသိသာသာတုန်ယင်နေသည်။
“ငါ ငါတို့ကို ဆေးပညာသင်ပေးတယ်ဆိုတာ ပြည်သူတွေကို ကယ်တင်ဖို့၊ ဟို အပြစ်မဲ့တဲ့ ကလေးကို ဒုက္ခ မပေး ရက်ဘူး၊ ငါက လူ့အသက်တွေကို ကယ်တင်ဖို့ ကြိုးစားနေတုန်းအချိန်ပဲရှိသေးတာလေ၊ အခုဟာက ငါ ဘယ်လိုပြောရမလဲ၊ မသိတော့ဘူးဟာ။ နင်အန်တီ့ကို ဖွင့်ပြောပြလိုက်ပါလားဟယ်”
အမလေး . .ကျားကြောက်လို့ ရှင်ကြီးခိုး၊ ရှင်ကြီး ကျားထက်ဆိုးပါပေါ့လား။
“မလုပ်လိုက်ပါနဲ့ ဇူးဇူးရယ်၊ ဒါရှိခိုးဆို နင့်ကိုထိုင်ရှိခိုးပါ့မယ်၊ ငါ့အမေကိုတော့ မပြောလိုက်ပါနဲ့ ဟယ်၊ အမေသိရင် ငါ့ကို အသေသတ်မှာ”
ကျွန်မ၏မေမေသည် ကျောင်းဆရာမပီပီ၊ ငယ်စဉ်ကပင် အသေးအမွှားကိစ္စ များကိုပင် တံမြက်စည်းအချောင်းလိုက် ကျွတ်အောင်ပင် လက်သံပြောင်လှသဖြင့် ကျွန်မမှာ တော်ရုံတန်ရုံ အမှားမလုပ်လိုက်နှင့် လုပ်မိသည်နှင့်တစ်ပတ်လုံးလမ်း မလျှောက်နိုင်အောင် အညိုအမည်းစွဲ ခဲ့ဖူးသောကြောင့် အမေသိမှာကို အသေ ကြောက်လှပါသည်။
ဇူးဇူးက ကြောက်သည့် လူကိုထပ်ဖြဲခြောက်ပြလိုက်သေးသည်။ 
“ငါက နင်ဒုက္ခရောက်မှာ စိုးလို့စေတနာ နဲ့ပြောတာပါ၊ ဒါမျိုးက အခန့်မသင့်ရင် နင်ပါအသက်အန္တရာယ်ရှိနိုင်တယ်၊ မတော်လို့ ပိုးတွေဘာတွေ ဝင်သွားရင်လည်း ပြဿနာကပိုကြီးလာနိုင်တယ်”
ဇူးဇူးစကားကြောင့် ကျွန်မခေါင်းနပန်းပိုကြီးလာသည်။
“သာမန် Negative သမားတွေ ထိုးတဲ့ဆေးကလည်း ဒီအချိန်မှာလုံးဝ မတိုးနိုင်တော့ဘူး၊ နင်က Positive၊ ပြီးတော့ အခြေကလည်း တွယ်နေပြီလေ”
ဆေးကျောင်းသူပီပီအချက်ကျကျပြောနေသော စကားသံများအား နားမဝင်နိုင်တော့ပါ။ နောင်တဆိုတာ အခုမှရနေလို့လည်း နှောင်းသွားပြီ မဟုတ်လား။ ကျွန်မအတွက် စိုးရိမ်စိတ်ဝင်နေသော ဇူးဇူးက . .
“Oral Contraception Pill သုံးတာလား၊Contraception Injection ထိုးတာလား၊ ဘယ်နှစ်လခံသုံးတာလဲ”
“ဟင့်အင်း၊ ဘာမှမသုံးဘူး၊ ငါ ဟိုဟာလေဟာ Emergency Oral Contraceptive Pill ပဲ သောက်လိုက်တာ”
“အမလေး သဲသဲရယ်၊ နင်ကတော့လေ ငါစိတ်ညစ်တာပါပဲ၊ အဲဒီဆေးတွေက ၁၀ဝ% စိတ်မှမချရတာ၊ Emergency Case တောင် တစ်ခါတလေမှာSafe မဖြစ်ဘူးဟဲ့”
သွားပြီ၊ သူမစကားက ဒီမှာတင်လမ်းစပြတ်ပြီ . .
အဟင့် . . အဟင့် . . ကျွန်မမှာ မျက်ရည်ကျဖို့ကလွဲရင် ဘာမှမလုပ်တတ်တော့ပါ။
“ဟင် သဲသဲ နင်ငိုနေတယ်၊ နင်က ငါတို့ အုပ်စုထဲမှာSharp အဖြစ်ဆုံး၊ ခေါင်းအမာဆုံး သူတစ်ယောက်၊ နင့်ခံစားချက်တော်တော်များများကိုတောင် မလိုအပ်ရင် ဖွင့်မပြောတတ်တဲ့ မိန်းမ၊ မဟုတ်တာ စွပ်စွဲလာရင်တောင် ဖြေရှင်းရမှာ မောလို့ ဆိုပြီး ငြိမ်ခံနေတဲ့ နင်က အခု ဘယ်လိုဖြစ်သွားရတာလဲ”
ဇူးဇူးရယ်၊ ငါလေ အချစ်ဆိုတဲ့စကားလုံးနဲ့ ရင်ဆိုင်တွေ့ရမှာ စိုးရွံ့နေပြီ၊ ဆုတောင်းတိုင်းတာပြည့်မယ်ဆိုရင် “Love without sex”ဆိုတဲ့ အချစ်မျိုးကိုသာ ဘဝဆက်တိုင်းပိုင်ဆိုင်ခွင့်ရချင်ပါတယ် သူငယ်ချင်းရယ် . .
နည်းလမ်းရှာမရတော့တဲ့အတွက် ကျွန်မအမှတ်မရှိဘဲ သူ့ဆီကိုအရဲစွန့်ပြီး ထပ်မေးကြည့်ရန် သူ့ဖုန်းနံပါတ် နှင့် ထိတွေ့လိုက်သောအခါ . .
“ဒီမှာ၊ ကျွန်မဘက်ကလုပ်နိုင်သလောက် လုပ်ကြည့်ပြီးသွားပြီ၊ အဆင်မပြေဘူး၊ ဒီကလေးဟာ ရှင့်ကလေး ဆိုတာ ဝန်မခံရဲရုံကလွဲရင် ဘယ်လိုမှပြောင်းလဲမဖြစ်နိုင်တဲ့ အဖြေကတော့ ရှင့်ရဲ့ ကိုယ်ဝန်ပဲ”
အသံခပ်မာမာနှင့်သာပြောနေရသော်လည်း ယိုင်နဲ့နေသော စိတ်ဓာတ်များက အပြိုင်းပြိုင်းပြို ကျသွား လေသည်။
“ဪသြော် ဒါလေးများကွာ၊ ဖျက်လို့မရမယ့်အတူတူ၊ ရုပ်ရှင်တွေထဲကလို တောမှာသွားမွေးလိုက်ပေါ့”ဟု ဆိုပြီး ဂွပ်ခနဲမြည်အောင် ဖုန်းချသွားလေသည်။

အခန်း(၃)

Scene(A)

ကျွန်မ၏ စစ်မှန်သော မေတ္တာရည်အား မြတ်နိုးတွယ်တာမိသော သူ့အား အပြည့်အဝ သောက်သုံးခွင့် ပေးခဲ့ပါသည်။ ထိုအကြောင်းအား ကျွန်မမှတပါး အခြားသူများသိရန်မလိုဟု ထင်ခဲ့မိသည်မှာ နောက်ကျ သွားမှန်းသိလိုက်ရချိန်တွင် တော့ . . .
ကျွန်မ မိဘ၏ ဂုဏ်သိက္ခာနှင့်ထပ်တူ ပတ်ဝန်းကျင်၏ လက်ညှိုးဒဏ်ကို ခံနိုင်ရည်ရှိရန် ကျွန်မကြိုးစား တည်ဆောက်နိုင်ပါမည်လော . . .တွေးရင်းမှ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ တည်ဆောက် ပစ်လိုက် သည်။
ဟုတ်တယ်၊ ကြားထဲက မြေဇာပင်ဖြစ်လာမဲ့ ကလေးရဲ့ဘဝလေးမညှိုးနွမ်းစေရဘူး . .
ကလေးအသက်ရှင်နေလည်း ပတ်ဝန်းကျင်မှာ အဖေမရှိလို့ ခေါင်းမဖေါ်ရဲတဲ့ ဘဝမျိုးအရောက် ခံလိုက်ရမှာ က သူ့ကိုပိုပြီး နာကျင်စေလိမ့်မယ်....
 ကလေးကိုယ်ပွားအရုပ်လေးတွေနဲ့ စိတ်ကူးယဉ်ပြီး ရူးခဲ့ရတာပါ။ ဖြစ်နိုင်ရင် အမေလေ ကလေးလက် ကိုဆွဲပြီးHappy World သွားချင်တယ်၊ မျှော်စင်ကျွန်းမှာ ဒန်းစီးချင်တယ်၊ ကန်တော်ကြီးမှာ ရေကူးချင်တယ်၊ ရွှေတိဂုံဘုရားကြီးကို သားအမိနှစ်ယောက်သွားဖူးချင်တယ်၊ . . ချင်တယ်၊ . . ချင်တယ်၊ . . ချင်တယ်၊ . . ချင်တယ် . . ”

ဆောင်းရာသီ၏ ဒီဇင်ဘာနှင်းများသိပ်သည်းစွာ ကျဆင်းနေသော နံနက်ခင်း လေးမှာ ကျွန်မကွယ်လွန်သွားခဲ့ပါသည်။
ထိုနေ့က မစည်ကားအပ်သောနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သော Cemetery မှာ ကျွန်မ၏ အသုဘအခမ်းအနားနှင့် စည်ကားနေသည်။ ဝမ်းနည်းပက်လက်ငိုကြွေးးနေကြသော မိသားစုများနှင့် သူငယ်ချင်းများ၏ အကြားတွင် သူ့ကိုတွေ့လိုတွေ့ငြားရှာနေမိသည်။
မိုက်ကန်းလှသော ကျွန်မ၏ဆုံးဖြတ်ချက်ကို ရပ်ကွက်ထဲမှ လက်သည်တစ်ယောက် ဆီမှာ ပုံအောပြီးစီရင်ခိုင်းလိုက်သည်။ Superficial ရှိ သွေးခဲကို အပူချောင်းနဲ့ ထိုးတဲ့ဒဏ်က အရှိန်လွန်ကာUterus တစ်ခုလုံးပေါက်ထွက်ပြီး ကလေးနဲ့အတူ ကျွန်မပါ လူ့လောကကြီးထဲမှ ထွက်ခွာသွားလိုက်ရသည်။
ဝဋ်ဆိုတာ နောင်ဘဝမကူးဘူး၊ ဒီဘဝမှာတင်လည်တာပါလား။ သင်းကြောင့် လောကကြီးထဲမှ အပြစ်မဲ့စွန့်ခွာသွားရသော သားအမိနှစ်ယောက်၏ခရီးလမ်းကို လာကြည့်နေသောသူ့ကို လူအုပ် ကြီးကြားထဲတွင် စက်ဆုတ်ဖွယ်တွေ့ မြင်လိုက်ရပါ သည်။ 

ဟင်း ဟင်း နောက်ဆုံးတော့ ကျွန်မနိုင်ပြီ၊ သူရှိုက်ကြီးတငင်ငိုကြွေးးနေသည်။ သူကျုံးမရဖြစ် နေသော သူ့မျက်ဝန်းကို မျက်ရည်များက ကြာကြာဖုံးဖိ မထားနိုင်ပါ....
ကျွန်မ ပီတိပြုံး၊ ပြုံးရင်း ရေရွတ်လိုက်မိသည်။
“မာသာထရီဇာလို ဂုဏ်သိက္ခာရှိစွာသေခွင့်မရခဲ့ပေမယ့် သိက္ခာတရားရဲ့ အဖြေမှန်ကို အသေခံပြီး ဖော်ထုတ်ခွင့်ရလိုက်တဲ့အတွက် သေရတာ ကျွန်မကျေနပ်တယ်”
 
အခန်း(၄)

“Cut! ကောင်းတယ်၊ အရမ်းကောင်းတယ်၊ Ending မှာ Mood အရမ်းဝင်နေကြတော့ ဇာတ်ရှိန်ပိုတက်တာပေါ့၊ နာမည်ကြီး မင်းသား၊ မင်းသမီးတွေလို့ မပြောရဘူး၊ One Scence၊ One Cut ပဲ ”
ဒါရိုက်တာ၏ စိတ်တိုင်းကျကဒ်အော်သံကြားရတော့မှ မေမေခင်စိတ်ကို လျော့ချလိုက်သဖြင့် အရုပ်ကြိုးပြတ် လဲကျသွားလေသည်။
“လုပ်ကြပါဦး၊ မင်းသမီးမူးလဲသွားလို့”
“မာမီစိန်၊ ဘယ်ရောက်နေလဲ၊ ဒီမှာ မင်းသမီးအတွက် ရှူဆေးယူလာပေး”
“ကျေးဇူးပြုပြီး ဝိုင်းအုံကြည့်မနေကြပါနဲ့ဗျာ၊ လေပေါက်ပိတ်တော့ အသက်ရှူပိုကျပ်လို့ပါ”
“မင်းသမီးကို ကားထဲခေါ်သွားလိုက်တော့၊Shooting Break”
စက်အဖွဲ့သားများ၏ တစ်ယောက်တစ်ပေါက်အော်သံများက မေမေခင်နားထဲ ပလူပျံနေသည်။ ဇာတ်ကား၏ ဇာတ်ဝင်ခန်းလာရိုက်မည်ဆိုသောကြောင့် ရေဝေးသုဿန်တွင် ခြေချစရာမရှိအောင် ပရိသတ်များ လာရောက်ကြည့်ရှုကြသည်။ မင်းသမီးမေမေခင်သည် ပရိသတ်များကြားမှ တိုးဝှေ့ပြီး ကားရှိရာသို့ ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည်။ ပရိသတ်အချစ်တော်မင်းသမီးလေးမို့ အော်တိုရေးခိုင်းသူများ၊ အမှတ်တရဓာတ်ပုံတောင်းသူများအား နေပူကြီးထဲတွင် နွမ်းလျနေသည့်ကြားမှပင် ပရိသတ်များအတွက် အပြုံးပန်းတစ်ပွင့်ကို လှပစွာဖူးဖွင့်ပြလိုက်သည်။ 


“ဟေး၊ မင်းသမီးက ရယ်ပြတယ်ကွ”
“ချစ်စရာလေးနော်၊ အပြင်မှာပိုလှတယ်၊ အသားလေးက ဖြူဥနေတာပဲ”
“ဟယ် မင်းသမီးလက်ကလေးကို ကိုင်ကြည့်ချင်လိုက်တာတော်” 
ပရိသတ်၏ အားပေးသံများ ကြောင့် မေမေခင်လက်ဝှေ့ယမ်းကာ နှုတ်ဆက်ပြလိုက်သည်။


အခန်း(၅)

တကယ်တော့ သူမစိတ်ထဲတွင် ဤအဖြစ်အပျက်ကို သရုပ်ဆောင် နေသည်ဟု လက်ခံထားရ သော်လည်း ရင်ဘတ်တစ်ခုလုံးမှာတော့ ဗြောင်းဆန်နေသည်။ မေမေခင်လို သရုပ်ဆောင်သမ္ဘာ ရှိသူ အကယ်ဒမီ မင်းသမီးတစ်ယောက်အတွက် သည်လို ဇာတ်ကောင်စရိုက်၊ သည်လို အမူအရာမျိုးက ထမင်းစား၊ ရေသောက်ရိုက်လို့ရပါသည်။
သို့သော် မေမေခင်၏ စိတ်ထဲတွင် “Cut”ဆိုသော စကားကြားလိုက်ပေမယ့် Mood က တော်တော်နဲ့ ဖြေလျော့လို့ မပြေနိုင်သေးပဲ တနုံ့နုံ့ခံစားနေရသည်။
“မာမီစိန်၊ ဖုန်း ပေးပါ”
မိတ်ကပ်ဆရာဆီမှ Hand Phone ကို တောင်းလိုက်ပြီး အိမ်သို့ ဆက်လိုက်သည်။
 “ယောကျာ်း၊ သမီးရော၊ သမီးလေးပြန်ရောက်ပြီလား”
“ကျောင်းမဆင်းသေးဘူးလေကွာ၊ ဘာဖြစ်လို့လဲ၊Shooting ပြီးပြီလား၊ ကိုယ်လာကြိုရမလား။ အိမ်မှာ မိန်းမကြိုက်တဲ့ ပူတင်းကိုယ်တိုင်ဖုတ်ထားတယ်၊ မိန်းမဖတ်ဖို့ စာအုပ်အသစ်တွေလည်း ဝယ်လာတယ်”
ခင်ပွန်းဖြစ်သူ၏ ဂရုတစိုက်စကားသံများကြောင့် မေမေခင်ကျေနပ်ပီတိဖြစ်သွားရသည်။
ယခုရိုက်သော ဇာတ်ကားကလည်း တိုက်တိုက်ဆိုင်ဆိုင် အတိတ်ဇာတ်လမ်းနှင့် ခပ်ဆင်ဆင် တူနေသောကြောင့် မေမေခင်စိတ်ဂဏှာမငြိမ်ဖြစ်သွားရခြင်းပင်။ 


တော်ပါသေးရဲ့။ မေမေခင်၊ ချစ်ခင်ပွန်းက ကိုယ်ဝန်တစ်လခွဲကတည်းက မေမေခင်ကို လူသိရှင်ကြား လက်ထပ်ယူရဲတဲ့သူဖြစ်နေလို့ မဟုတ်ရင် . .
ဇာတ်ကားထဲက ဇာတ်ကောင်သဲသဲ၏ ခင်ပွန်းသည်လိုသာ ဆိုလျှင်တော့ သမီး၊ သမီးလေး ဘဝ အို . . ။
မေမေခင် ဆက်မတွေးရဲတော့ဘဲ MP4 Player လေးဖွင့် နားထောင်ရင်းDriver ကြီးကို ညွှန်ကြားလိုက်သည်။
“ဦးလေး၊ အိမ်ကို အမြန်ဆုံးမောင်း”







မေတ္တာဖြင့်......
ဆုကဗျာ
(အတုယူမမှားကြစေဖို့ရည်ရွယ်ပါတယ်။)

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009