ပန်းကောင်းပွင့်သည့် စမ်းချောင်း (၂)

စိန်ဖလိုးကျောင်းမှ ဇာတ်လိုက်ကျော်များ
"ဘင်ခရာအဖွဲ့...အသင်ပြင့်''
'Roll 1 , 2"
''ဒုန်း..ဒုန်း..ဒုန်း..ဒုန်း''
ဘင်ခရာအဖွဲ့၏ စည်းချက်သံ စလိုက်သည်နှင့် Solo သီချင်းတေးသွား အတွက် စတင် တီးမှုတ်နေကြသော ဘင်ခရာအဖွဲ့ကြီးကို ငေးမောကြည့်ရှုရင်း၊ ကျွန်မစိတ်တွေ တအားလှုပ်ရှားနေခဲ့သည်။
တစ်ကယ်တမ်း စိတ်ပါလက်ပါ တီးမှုတ်နေကြသည့် ကျောင်းသူလေးများကြောင့် ကစဉ်ကလျားဖြစ်နေ လိမ့်မည်ဟု ထင်ထားခဲ့သော ကျွန်မ၏ စိတ်တွေက အေးစက်ထုံပေစွာဖြင့် ငြိမ်သက်နေသည်မှာ အံ့သြစဖွယ်ပင်။
ထိုအခိုက်အတန့် ခဏလေးမှာပင် ကိုယ့်ကိုကိုယ် ထူးဆန်းစွာ သတိပြုမိခဲ့သည်က
''သြော်အချိန်ကာလ (၁၁ )နှစ်တောင် ကြာသွားခဲ့ပြီကိုး''။
အ.ထ.က(၂)စမ်းချောင်း(၁၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲ
ပြည်လမ်းမကြီးနှင့် မဟာမြိုင်လမ်းတစ်လျှေက်မှာ လှပပြီးခိုင်ခံ့သော အုတ်တံတိုင်း အနီရောင်ကြီးများနှင့် ပတ်ပတ်လည် ကာရံထားသည့် ''အထက(၂) စမ်းချောင်း'' ကျောင်းနံရံကြီးနှင့် တင့်တယ်လိုက်ဖက်စွာ ထွင်းထုထားသည့် နာမည်ကျော် အဖြူအစိမ်း၊ ကျောင်းဆိုင်းဘုတ်ကြီးရှေ့မှာ ကားကိုရပ်လိုက်သည့် အခိုက် ကျွန်မစိတ်မှာ ထူးဆန်းသော ခံစားချက်တစ်ရပ် ဆွတ်ပျံ့တမ်းတလာသည်။


ကျောင်းဝင်း အတွင်းသို့ လှမ်းဝင်နိုင်ရန် ပြည့်စုံလုံလောက်သော အားအင်များ ရှိနေပါရက်နှင့် ကားပေါ်က ဆင်းလိုက်သည့်အခါ ခြေလှမ်းများပင် ဆက်မလှမ်းရဲလောက်အောင် ကျွန်မအားငယ် ဝမ်းနည်းလာသည်။
ကျွန်မ၏ ချစ်လှစွာ သူငယ်ချင်းဟောင်းတွေ ဘယ်ဆီကိုများ ရောက်နေကြပါသလဲကွယ်။ ကျွန်မ၏ ခြေလှမ်းများက ကျောင်းဝင်း အတွင်းသို့ ပြန်လည်ခြေချရန် အားယူလိုက်စဉ် ခဏမှာပင်၊ ကျောင်းလမ်း တစ်လျှောက် ရဲရဲနီနေသော စိန်ပန်းပင်ကြီးများထံမှာ
အကြွေပန်းပွင့်များက မြေကြီးပေါ်မှာ ဟိုတစ်စ၊ ဒီတစ်ပြန့်ကျဲလျက် အနေအထားကြောင့် နှမြောတသစိတ်က ကြီးစိုးလာပြန်သည်။
''ပန်းပွင့်ဆိုတာ ဝေပြီးရင်ကြွေ၊ ကြွေပြီးရင်နွမ်း၊ နွမ်းပြီးရင်ခြောက်သွားမှာပဲ'' ဆိုသည့် လက်တွေ့ကျကျ နိယာမတရားက နားလည် လက်ခံထားသူ ဖြစ်သော်လည်း ကဗျာဆန်ဆန်စိတ်ကူးနှင့် ငယ်စဉ်ကတည်းက ပန်းခြောက်ကလေးများကို စာအုပ်ကြားညှပ်ကာ သိမ်းဆည်းထားတတ်သူ ကျွန်မအတွက်တော့ နှမြောစိတ်ကြောင့် တန်ဖိုးထားနေခဲ့မိသည်။
''အပိုင် စံပယ်ဆောင်ထဲ သွားကြမယ်လေ။ ဘာတွေ စဉ်းစားနေတာလဲ'' သစ်လွင်တောက်ပသော မြန်မာဝတ်စုံလေးကို ရိုးရှင်းစွာ ဝတ်စားထားသည့် ငယ်သူငယ်ချင်းမလေး နွေးနွေးက (အခုတော့ အရုဏ်ဦးဆောက်လုပ်ရေး ပိုင်ရှင် အင်ဂျင်နီယာမလေးပေါ့) ကျွန်မကို ရုတ်တရက် ပုခုံးပုတ်ကာ အနောက်ဖက်မှ ပြောကြားလိုက်တာကြောင့် ရုတ်ချည်း သတိပြန်ဝင်လာခဲ့ရသည်။
အို..ဟုတ်ပေသားပဲ။ (၅)နှစ်တိုင်တိုင် ပညာသင်ကြားခဲ့ရသည့် ကျောင်းတော်ကြီးကို နှစ်ပေါင်း (၁၂)နှစ်ကြာမြင့်ပြီးနောက်မှ၊ ပထမဦးဆုံး ပြန်လည်ရောက်ရှိ လာခဲ့ရသည့် ကျွန်မအတွက် လွမ်းဆွတ်သတိရစရာ နေ့တွေက အများကြီးဖြစ်နေတာကိုး။
ကျွန်မမျက်စိတဆုံး ငေးမောကြည့်ရှုနေမိသည် ဘင်ခရာလေ့ကျင့်ခဲ့ဖူးသည် ကျောင်း၏ အားကစားကွင်းပြင်ကြီး ဆီသို့ပင်ဖြစ်သည်။ မျက်ခွံအောက်မှာ ပြည့်လျှံလုနီးနီး ဖြစ်လာသော မျက်ရည်စက်များကို အသာအယာထိန်းချုပ်ရင်း သူငယ်ချင်းမလေးနွေးနွေး၏ ဦးဆောင်ရာ နောက်သို့လိုက်ပါရင်း၊ စမ်းချောင်း(၂)၏ အထင်ကရစံပယ်ဆောင်ကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
နှစ်ထပ်ကျောင်းကြီး ဖြစ်သည့်အပြင် အပေါ်ထပ်တွင် စာသင်ခန်းများရှိကာ၊ ကျောင်းတော်ကြီး၏ အထင်ကရပွဲများကို ကျင်းပရာ စံပယ်ဆောင်ကြီးမှာ Hall Type ပုံစံဖြစ်တာကြောင့် ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသူများအားလုံး စုဝေပြီး Assemble ကျင်းပရာ ခန်းမဆောင်ကြီးများလည်း ဖြစ်၏။
စံပယ်ဆောင်ကြီးအတွင်းမှာ ကျွန်မကိုသိပ်ချစ်ခဲ့ကြသည့် ကျွန်မကလည်း သိပ်ချစ်ခဲ့ရသော သူငယ်ချင်း ကောင်မလေးပေါင်းများစွာ၏ လှုပ်ရှားမှုပုံရိပ် အမျိုးမျိုးက ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလုံး နောက်ကြောင်းပြန်နေသည့် အလား၊ ကျွန်မအာရုံထဲတွင် တစ်ဆင့်ပြီး တစ်ဆင့် ပေါ်လာခဲ့ရသည်။
ကျောင်းစိမ်းလုံချည်ကို ထမီမကျ၊ ပုဆိုးမကျ ဝတ်ဆင်၍ ရင်စိအင်္ကျီအဖြူရောင် အပေါ်တွင် ရှပ်အင်္ကျီလက်ရှည် အကွက်ပုံစံကို ထပ်ဝတ်ကာ ကျွန်မလက်ကိုဆွဲပြီး တစ်ကျောင်းလုံး လျှောက်သွားနေတတ်သည့် 'သဉ္ဇာနုမောင်' (ကျွန်မတို့ သူငယ်ချင်းတစ်စုက ''မောင်'ဟု ချစ်စနိုးခေါ်တတ်သူ)၊ 'မောင်'နှင့် အတွဲညီတတ်သလို အသားဖြူဖြူ၊ ဘိုကေဆံပင် စတိုင်လ်ကြောင့် စမ်းချောင်း(၂)မှ ကျောင်းသူလေးများ အကြား ရေပန်းစားခဲ့သူက 'ဇင်မာနွယ်ဝင်း' မိသားစု အရေးကြောင့် ပူပင်သောက ဘယ်လောက်များများ သူငယ်ချင်းများနှင့် တွေ့လိုက်သည်နှင့် အစဉ်အမြဲပြုံးကာ ပျော်ပျော်နေတတ်သည့် 'ဝေဝေလှိုင်' ယနေ့တိုင် (ကျွန်မတို့အားလုံးက သူ့ကို 'ဝေကြီး'ဟု ချစ်စနိုးခေါ်နေဆဲ။)

စမ်းချောင်း ၂ ရဲ့ အချောအလှများစုဝေးရာ ဘင်ခရာအဖွဲ့ ကြီး
နဖူးအထက်မှာ ဝဲကျနေတတ်သည့် ဆံပင်လေးတွေကို လက်ဖဝါးဖြင့် အစဉ်အမြဲသပ်တင်ရင်း သူ့ကိုယ်သူ အလှမပျက်အောင် အမြဲပြုပြင်တတ်ခြင်းကြောင့်' ပဲလုံးဟု အမည်တွင်ခဲ့သည့် 'သီရိဝေ'၊ သူ့ဆီမှာဘာစားစရာပါပါ၊ တစ်ယောက်တည်း မည်သည့်အခါမှ မစား တတ်သလို၊ ကျောင်းနေဖက် သူငယ်ချင်းများ၏ အပူမီးကို အစဉ်အမြဲ ကူညီငြိမ်းသတ်ခြင်းကြောင့် စေတနာသဒ္ဓါကောင်းသူဟု အမည်ကျော်သည့် 'သီရိထွေး' (ရံဖန်ရံခါ တော်ဝင်ကုမ္ပဏီမှ သူ့ဝန်ထမ်းများခေါ်သည့်အတိုင်း 'မမလေး'ဟု နောက်ကွယ်မှ ခေါ်ဆို ခံရသူ)၊ ခြောက်တန်းကျောင်းသူ အရွယ်ကတည်းက ရှည်လျားလှသော အရပ်အမောင်းနှင့် ဘိုဆန်သော ချစ်စဖွယ်မျက်နှာပေးကြောင့် အဆိုတော် ဘိုဘိုဟန်သမီးဟု လူသိများသည့် 'အိဖြူဟန်' (ယခုတော့ အဆိုတော် သျှားအိဘိုဘိုဟန် ဖြစ်နေသူ)၊ နွေရာသီ ကျောင်း ပိတ်ခါနီးတိုင်း အော်တိုစာအုပ်လေး တစ်အုပ်ဖြင့် တစ်ခန်းလုံးပတ်ကာ အမှတ်တရ လက်မှတ်လိုက်ထိုးခိုင်းတတ်သူက 'ခင်နှင်းလွင်'
(မွေးရာပါဆံပင်လိန်လိန် လေးများနှင့်ဘိုမရုပ်လေးလို ချစ်စရာ ကောင်းခြင်းကြောင့် 'လိန်လိန်' ဟူသော နာမည်ပြောင် ရရှိထားသူ)၊
'လိန်လိန်'နည်းတူ အသားအရေစိုပြေ ကောင်းမွန်ခြင်းနှင့် မျက်နှာထားချိုသာကာ ပျူငှာမှုကြောင့် အချစ်တော်များ ဝိုင်းဝိုင်းလည် နေခဲ့သည့် 'ဟေမာတင်လှ' (အခုလည်း သြစတေးလျမှာ ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေမှာ သေချာပါတယ်။)၊ သူမမျက်ဝန်း တောက်တောက်ပပလေးတွေနှင့် အတူ စကားပြော သိမ်မွေ့နူးညံ့သူက 'မေနီလှိုင်' (စေ့စပ်ပွဲနေ့က စင်မြင့်ထက်မှာ စေ့စပ်လက်စွပ် ဝတ်ခါနီးမှ သတို့သားလောင်းရဲ့ ကျီစယ်မှုကြောင့် ငိုမဲ့မဲ့ဖြစ်သွားခဲ့ရသော သတို့သမီးလောင်းလေးပေါ့.။)
နာမည်နှင့် လိုက်အောင် ပြုံးတုံ့တုံ့ အမှုအရာဖြင့် နေတတ်သော်လည်း ဟောဟောဒိုင်းဒိုင်း စကားပြောပွင့်လင်းသည့် 'ပြုံးမမ' (ကျွန်မ တို့ (၈)တန်း ကျောင်းသူဘဝကတည်းက Model Smile က နာမည်ကြီးနေသူမို့၊ သူမကိုလည်း Nick Name ဖြင့် 'Smile' ဟု လူသိများ ခဲ့သူပါ။)
ယောက်ျားလေးပုံစံမကျ၊မိန်းကလေးလိုလည်း ပီပီသသ မနေတတ်သော်လည်း သူငယ်ချင်းများ အရေးကြုံတိုင်း ရှေ့တန်းမှဝင်ရပ်ပေး တတ်သည့် 'ခင်သီသီ' (ကျွန်မတို့အားလုံးကတော့ 'မသီ သရက်သီး'ဟု သူ့နောက်ကွယ်မှာ နာမည်ပေးထားခြင်း ခံရသူ) သူမမျက်နှာ ဝိုင်းဝိုင်းလေးနှင့် လိုက်ဖက်စွာ၊ လက်ရေးလှလှ ဝိုင်းဝိုင်းလေးများကြောင့်၊ ကျောင်းပျက်သည့်အခါတိုင်း သင်ခန်းစာများ ညာကူးခိုင်း ခြင်း ခံရသူက 'မြင့်သက်နွယ်' ကျွန်မနှင့် ဘင်ခရာတစ်ဖွဲ့ထဲအတူတူ လေ့ကျင့်ကြရင်း Bass တီးခတ်သူဖြစ်လာသည့် 'အေးသန္တာဝင်း' (သူငယ်ချင်းများက 'နာဝင်း' 'ဟု ခေါ်တတ်သူ)၊ တစ်ဦး တည်းသောအချစ်တော် 'မီမီသန်းအေး'ကိုမှ ယနေ့အချိန်အထိ တမ်းတမ်းစွဲရူး သွပ်နေခဲ့သည့် 'အေမီသွယ်' (အခုဆို ဂျပန်မှာ 'အိုက်တိုးပဂေးဆန်' ဖြစ်နေသူပေါ့ ဟီး နောက်တာနော်)၊ ကျွန်မနှင့် အိမ်ချင်းကပ်ရက်မို့ ကျောင်းသွား၊ ကျောင်းပြန်မခွဲအတူသွားလာတတ်သလို မိသားစုငွေကြေးတောင့်တင်းသော် လည်း ဂျပန်ရာဘာဖိနပ်ကိုသာ စတိုင်လ် ထုတ်စီးပြီး ကျောင်းတက်တတ်သော 'ဇူးဇူးစိန်ဌေး' (နွေးနွေးက ချစ်စနိုးဖြင့်'ငဇူး' ငဇူး'ဟု ခေါ်လိုက်ခြင်းကြောင့် 'ငဇူး'ဟုသာ လူသိများသူ)၊ အထက်တန်းကျောင်းသူ ဘဝကတည်းက ခါးအောက်ထိ ရှည်လျားလှသော ဆံပင်အထူကြီးကို ပိုနီတေးစုစည်းကာ ကျစ်ဆံမြီးတစ်ချောင်းတည်း ချထားတတ်သဖြင့် 'ရှောင်လင်' သိုင်းသမားဟု ခေါ်ခံရသည့် 'ခင်ကေသွယ်' ခါးသေးရင်ချီကာ ကျောင်းသူ အရွယ်လေးဖြင့်ပင် ကျစ်လှစ်သော ကောက်ကြောင်း အလှပိုင်ရှင် ဖြစ်ခဲ့သူက 'ကျော့ကေခိုင်' (ယခုလည်း Air Bagan လေယာဉ်မယ်လေး အဖြစ် အလှအပကို ထိန်းသိမ်းထားနိုင်ဆဲ 'မကျော့')၊ မကျေနပ်သည့်အခါ မျက်မှောင်ကြီး ကြုတ်ပြီး စူးစူးစိုက်စိုက် ကြည့်တတ်သော်လည်း ဘယ်သောအခါမှ ရန်စကား မဆိုတတ်သည့် ကျွန်မတို့ သင်္ကြန်ယိမ်း အကအဖွဲ့ဝင် 'ကြည်ကြည်လွင်'
(ငယ်စဉ်က ဘောလုံးသမား ဦးကြည်လွင် နာမည်ကြီးချိန်မို့ ဘောသမဟု နာမည် ပြောင်ပေးခံရသူ)၊ ကျောင်းသူအရွယ်ကတည်းက (၅)ပေ(၆)လက်မကျော် ရှည်လျားလှသည့် တူညီသော အရပ်အမောင်းကြောင့် ကျောင်းကများတွင် ဗန်းကိုင်ရန်လိုအပ်တိုင်း ကျွန်မနှင့် အမြဲတမ်း ပူးတွဲခေါ်ခြင်းခံရသူက 'နန်းဖုန်းသန္တာဆိုင်' မိုးရေထဲတွင် မုန့်ဈေး တန်းအတူတူသွားရင်း လှေကားထစ်များပေါ်တွင် တက်ညီလက်ညီချော်လဲခဲ့ဖူးသည့်သူငယ်ချင်း 'စုနန္ဒာလွင်' သူ့ခန္ဓာ ကိုယ်ဝဖိုင်ဖိုင်လေးနဲ့မလိုက်အောင် ပေါ့ပါး သွက်လက်စွာ လှုပ်ရှား တတ်သော 'ခင်မာလာ'၊ ကျောင်းသူအချင်းချင်း မိတ်ဆွေမဖွဲ့ဘဲ၊ဆရာမချောချောလေးနှင့်တွဲသွားတွဲလာလုပ်တတ်သည့် 'ခင် စန္ဒာဌေး"
(သူငယ်ချင်းများက 'နာဌေး'လို့ ခေါ်တတ်တဲ့ UFL ဆရာမလေး ပေါ့) မှအစ ဖြူနှင်းထက်၊ ဖြူဖြူသွယ်၊ ထက်မြတ်မွန်၊ ယုဇန၊ သီတာဝင်း၊ မေနှင်းဆီ၊ ရတနာခင်၊ ခိုင်မိုးဦး အထိစမ်းချောင်း(၂)မှာပညာသင်ကြားခွင့်ရရှိခဲ့သည့် (၁၉၉၅)ခုနှစ်မှ(၂ဝဝဝ)ပြည့်နှစ် ကာလအတွင်း ညီအစ်မအရင်းများသဖွယ် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နှင့်အတွဲညီခဲ့ကြသောသူငယ်ချင်းမလေးပေါင်း များစွာ၏ ပုံရိပ်များကို တမ်းတရှာဖွေရင်း စိုစွတ်နေသောပါးပြင်ကို လက်ခုံနှင့် အသာပွတ်သုတ်ကာ ကျွန်မပြုံးနေမိသည်။

အေမီ၊ နွေး နဲ့ အပိုင်
ကျောင်းတော်ကြီးအတွင်းသို့ ပြန်လည်ရောက်ရှိနေကာကိုက အင်အားသစ်များစွာကို ပေါက်ပွားစေခဲ့သလို အတိတ်ဟောင်းမှ ဖြစ်ရပ်များကိုလည်း တစ်ဖန် နှိုးဆွလိုက်သကဲ့သို့ အရာရာမှာ လှုပ်ရှားသက်ဝင်ခဲ့ရသည်။
''အပိုင် နင်ဘင်ခရာမှာ ကျိုင်းကိုင်တုန်းကလေ မူးလဲသွားလို့ ငါတို့ မနည်း နှာနပ်ယူခဲ့ရတာ မှတ်မိသေးရဲ့လား''
ဘင်ခရာ လေ့ကျင့်ရေးကွင်းကြီးကို ငေးမောရင်း ငယ်စဉ်က ဖြစ်ရပ်များကို သတိရနေချိန်မှာပင်။ ကျွန်မစိတ်ကို ကြည်နူးစေသည့် စကားတစ်ခွန်းကို 'ဝေကြီး'က ကောက်ခါငင်ကာ ပြောကြားလာသည်။
''ငါမမှတ်မိစရာလား ဝေကြီးရယ်။ သိပ်မှတ်မိတာပေါ့။ ငါတို့ (၈)တန်းနှစ်ကလေ။ စိန်ပေါလ် (အထက၆) ဗိုလ်တစ်ထောင်ကျောင်းမှာ ဘင်ခရာပြိုင်ပွဲဝင်ပြီးတဲ့ အချိန်ကပေါ့။ အင်းအဲဒီတုန်းက င့ါစိတ်ကို လျော့ချလိုက်တာကြောင့်ရယ်၊ အပင်ပန်းခံပြီး ပြိုင်ပွဲဝင်ပြီးသွားလို့
တာဝန်ကျေသွားပြီ ဆိုတဲ့စိတ်ကြောင့် ဖြစ်သွားခဲ့တာကွ''ဟု ဆင်ခြေစကားကို ပြတ်သားစွာ ဆိုလိုက်ရင်း စိတ်က ဘင်ခရာအဖွဲ့ထဲ ပြန်လည်ရောက်ရှိ သွားခဲ့သည်။
ကျွန်မနှင့် ပတ်သက်သော အတိတ်မှ အကြောင်းအရာ များစွာအနက် တစ်ချို့အရာတွေ ကိုတော့ သူငယ်ချင်းတွေ သိလည်း ထပ်တူဝမ်းနည်းနာကျင်စွာ မခံစားစေလိုသဖြင့် ဖုံးကွယ်ထားခဲ့မိသလို တစ်ချို့ကိုတော့ နားလည်မှု လွဲမှားစွာ ဆက်ဆံရေး ပြောင်းလဲမည်ကို စိုးရိမ်ပြီး မြိုသိပ်ထားခဲ့ရတာ ရှိသလိုတစ်ချို့၊ တစ်ချို့သော အကြောင်းအရာ များကတော့ ပြောမထွက်ခဲ့ခြင်းကြောင့် ရေငုံနှုတ်ပိတ် နေခဲ့မိသည်များလည်း ရှိခဲ့သည်။
သို့သော် အထက(၂) စမ်းချောင်းမှ ဖြစ်ရပ်များကိုမူ မည်သည့် အမှတ်သညာဖြင့်မျှ ဖျောက်ဖျက်နိုင်စွမ်း၊ ဖုံးကွယ်နိုင်စွမ်းမရှိခဲ့ဘဲ မှတ်မိစွာ ထိန်းသိမ်းထားခဲ့မိခြင်းကို တွေးကြည့်နိုင်ပါက ကျွန်မဘယ်လောက် အစွဲအလမ်းကြီးတယ်ဆိုတာ သိရှိနိုင်ကြပေမည်။
ထို့အတွက်ကြောင့် ကျွန်မ၏ ခြေလှမ်းများက ကျောင်းဝင်းအနှံ့ တရွေ့ရွေ့ သွားနေမိလျက်သား ဖြစ်နေခဲ့သည်။
'သရဖီဆောင်'၊ 'ငုဝါဆောင်'၊ 'မဟာ မြိုင်ဆောင်'၊ 'ခတ္တာဆောင်'၊ 'မုန့်ဈေးတန်း'၊ အောက်ကျောင်းဟု လူသိများသည့် 'စကားဝါဆောင်' နှင့် 'နွယ်သာကီဆောင်'များအား မြင်တွေ့လို စိတ်ပြင်း ထန်လွန်းခြင်းကြောင့် မျက်လုံးများပင် မှုန်ဝါးသွားသကဲ့သို့ စိတ်ထဲမှာ အားမလို၊ အားမရဖြင့် ခြေလှမ်းများ ခပ်သွက်သွက် ဖြစ်လာသည်။
ကျိုင်း မမ ဘ၀ တခဏ
ကျွန်မ၏ညာဖက် လက်တစ်ဖက်က ယနေ့တိုင် လက်တွဲမဖြုတ်ကြသေးသည့် နွေးနွေး၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လျက် ဘယ်ဖက် လက်မှာမူ 'ဝေကြီး'၏ လက်ဖဝါးကို ခပ်ဖွဖွ ကိုင်တွယ်ကာ စံပယ်ဆောင်နဘေးရှိ လှေကားထစ်များမှာ စိတ်လက်ပေါ့ပါးစွာ ထိုင်ချ လိုက်မိသည်။
ထိုနေရာက ငယ်စဉ်ကတည်းက သူငယ်ချင်းတွေ စုပြီး ထိုင်ကာ ကစားခဲ့ကြသည့် နေရာဟောင်းလေး ဖြစ်ကြောင်း Facebook ပေါ်မှ ဓာတ်ပုံအဟောင်းများက သက်သေခံနေပေသည်။
''အပိုင်လေ ဟိုတစ်နေ့က ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ထားတဲ့ 'အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ' ဗီဒီယိုဇာတ်ကားကြည့်ရင်း ငါတို့ စမ်းချောင်း(၂)ရဲ့ ဘင်ခရာအဖွဲ့ကြီးကို အရမ်းသတိရတယ်ဟာ။ အောင်ရဲလင်းက အဲဒီကားထဲမှာ ဘင်ခရာနည်းပြဆရာ လုပ်တာလေ။ သူကျိုင်းမြှောက်ပြတဲ့ ဇာတ်ဝင်ခန်းကိုကြည့်ပြီး ငါ့မှာမဆီမဆိုင် ရင်တွေမောလိုက်တာကွာ။ ဟီး ငါတုန်းကလို ကျိုင်းမြှောက်ရင်း ပြုတ်ကျမှာစိုးလို့လေ''
ကျွန်မ၏ သတိရခြင်းများကို ဝေကြီးနှင့် နွေးနွေးက နားလည်နိုင်ပါ့မလား။ ဒါမှမဟုတ် 'အပိုင်ရယ် ပိုတတ်ရန်ကော'ဟု အံ့သြတကြီး ရှိနေကြမည်လား။ မဝေခွဲတတ်ခဲ့ပေမယ့် သေချာသည်ကတော့ စာသင်ချိန်များမှာ မိုးမမြင်၊ လေမမြင်လေ့ကျင့်ရေး ဆင်းရင်း အောင်ပွဲ ခံနိုင်ခဲ့သည့် ရန်ကုန်တိုင်း၊ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲမှ 'ဒုတိယ' ဆုတံဆိပ်ကြီးကတော့ ကျောင်းအုပ်ဆရာမကြီးများ၏ ရုံးခန်း အတွင်း၌ ခေတ်အဆက်ဆက် မျက်နှာပွင့်လန်းစွာဖြင့် နေရာယူနိုင်ခဲ့ပေမည်။
သတ္တမတန်းမှသည် နဝမတန်းကျောင်းသူ တစ်ယောက်၏ အရွယ်နှင့်မမျှ စမ်းချောင်း(၂) ကျောင်းကြီးအပေါ် ဂုဏ်ဆောင်လိုစိတ်၊ ကျောင်းတော်ကြီးမှ ဆရာမကြီး ဒေါ်ခင်မေကြီး အပါအဝင် ဘင်ခရာဆရာမများ ဖြစ်ကြသော ဒေါ်ခင်မေကြည်၊ ဒေါ်စုလှိုင်ထွေး၊ ဒေါ်မေစီ၊ ဒေါ်သီတာအောင်၊ ဒေါ်ခင်မာလာထွန်းနှင့် ဘင်ခရာဆရာကြီးတို့ အပေါ် သံယောဇဉ်ကြီးစိတ်၊ ကျောင်းနေဖက် ငယ်သူငယ်ချင်းများနှင့် ဘင်ခရာအဖွဲ့သားများ အပေါ် ချစ်စိတ်ဖုံးလွှမ်းနေသည့် ကျွန်မ၏ နှလုံးသားက ယနေ့တိုင်ပူနွေးမှုတို့ဖြင့် တမ်းတသတိရနေဆဲ။
ဘင်ခရာတီးဝိုင်းအဖွဲ့ ဆိုသည်မှာ တစ်ဦးတစ်ယောက်ကောင်းဖြင့် အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ဘဲ အဖွဲ့သားအားလုံး၏ ညီညွတ်မျှတသော စိတ်ဓာတ်ကောင်းဖြင့် ပေါင်းစည်းညီညွတ်မှသာ အောင်မြင်ခြင်း ပန်းတိုင်ဆီသို့ လှမ်းကိုင်နိုင်ကြမည့် အကြောင်းကို ကျွန်မကိုယ်တွေ့ သိရှိခဲ့ဖူးသလို 'အနာဂတ်ရဲ့ ငွေကြယ်ပွင့်လေးများ' ဇာတ်ကားမှာလည်း ထိုကဲ့သို့ ရည်ရွယ်ချက်ကောင်းများ ဖြင့် ဒါရိုက်တာ မကြည်ဖြူသျှင်မှ သူမတက်ရောက် ပညာသင်ကြားခဲ့သော အထက(၂) လသာကျောင်းကြီးကို ဂုဏ်ပြုရိုက်ကူးးထားခြင်း ဖြစ်သည်ကို သူမ၏ အင်တာဗျူး အဖြေစကားများမှ တဆင့်သိရှိခဲ့ရသည်။
အစ်မက ကျောင်းမှာ အရမ်းပျော်တယ်။ ကျောင်းကို ချစ်တယ်၊ငယ်ငယ်ကတည်းက ကျောင်းကိုပျော်တဲ့အတွက် ကျောင်းတစ်ရက် မတတ်ရရင် ငိုတယ်။ စာအရမ်းကြိုးစားလို့တော့ မဟုတ်ဘူး ဆရာမတွေကိုလည်း ချစ်တယ်။ သူငယ်ချင်းတွေကိုလည်း ချစ်တယ်။ ကိုယ်အရမ်းချစ်တဲ့ ကျောင်းအကြောင်းကို ဖော်ပြချင်ကြောင့်ရယ် ကိုယ်ရဲ့ ကျောင်းအကြောင်းကို အမှတ်တရ ရိုက်ပြချင်တာကြောင့် ကိုယ့်ရဲ့ အနုပညာနဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးပြန်ဆပ်ချင်တဲ့ ဒီကျောင်းဇာတ်ကားလေးကို ရိုက်ဖြစ်သွားတာပါ။ လသာ(၂) ကျောင်းမှာတုန်းက ဘင်ခရာအဖွဲ့ထဲမှာ ပုလွေမှုတ်တဲ့ နေရာမှာ ဝင်ခဲ့ဘူးပါတယ်။ ဘင်ခရာအဖွဲ့ ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်း အနေနဲ့မရပါဘူး။ အဖွဲ့အစည်း အနေနဲ့မှ အောင်မြင်တာပါ။ ဘင်ခရာအဖွဲ့ဝင်တွေက သူတို့ကိုယ်ကျိုးအတွက် မဟုတ်ပဲနဲ့ အရမ်း ပင်ပန်းကြပါတယ်။
အမငယ်ငယ်တုန်းက ဆိုရင် ဘင်ခရာအဖွဲ့မှာ ပုလွေမှုတ်ရတယ် ကျန်းမာရေးအနေနဲ့ ကိုယ်ခံအားမကောင်းတဲ့အတွက် အကြာကြီး မပါခဲ့ရပါဘူး။ ကိုယ့်ကျောင်းရဲ့ ဂုဏ်ကိုဆောင်နိုင်အောင် လေ့ကျင့်ကြရပါတယ်။ ဒီကျောင်းမှ မဟုတ်ပါဘူး။ ကျောင်းတိုင်း ကျောင်းတိုင်း ဒီလိုပါပဲ၊ ဘင်ခရာအဖွဲ့ဝင်တွေက တစ်ဖက်မှာက ကျောင်းဂုဏ်ဆောင်နိုင်ဖို့ရော ကြိုးစာရသလို တစ်ဖက်မှာကလည်း ကျောင်းစာကိုလည်း ကြိုးစာရတယ်။ ဒီကားက ကြည်ဖြူတို့ လသာ(၂) ကျောင်းအတွက်တင် မဟုတ်ပါဘူး။ ကျောင်းတိုင်း ကျောင်းတိုင်းရဲ့ ဘင်ခရာအဖွဲ့တွေကို ကိုယ်စားပြုထားတဲ့ကားလေးပါ။
အို! ဘယ်လောက်တောင် တာဝန်ကျေပွန်လိုက်တဲ့ ကျောင်းသူဟောင်း တစ်ယောက်လဲကွယ်။ ဒါရိုက်တာကြည်ဖြူသျှင် ဆိုပြီး အောင်မြင်လာသည့် အချိန်အထိ သူမ၏ ကျောင်းတော်ကြီးကို ကျေးဇူးသိတတ်စွာဖြင့် ကျေးဇူးဆပ်တတ်ခြင်းကို အားကျမိသည်ဟု ကျွန်မရိုးသားစွာ ဝန်ခံနေမိခဲ့သည်။
အတွေးများစွာက ဆွေးမြေ့သွားရပြန်တာကြောင့် တိတ်ဆိတ်နေသော စာသင်ခန်းများကို လွမ်းဆွတ်ဆွတ်နှင့် တစ်ခဏတာ ဖြန့်ကျက်ကြည့်ရှုရင်း ကျောင်းတော်ကြီးကို နှုတ်ဆက်ကာ ကျောခိုင်းထွက်ခွာခဲ့ရပြန်သည်။
လေးလံသည့် ခြေလှမ်းများစွာဖြင့် ကျောင်းတံခါးကြီးဆီသို့ အရောက် ကျွန်မရင်ထဲမှ တင်းကြပ်လာသော အတွေးများစွာနှင့်အတူ
လွမ်းဆွေးစိတ်များ ပြည့်နှက်လာခဲ့ရသလို ခိုင်မာသည့် သုံးသပ်ချက်နှစ်ခုက ခေါင်းထဲသို့ အပြေးအလွှားတိုးဝင်လာခဲ့မိသည်။
''အထက(၂)စမ်းချောင်း (St.Philomena's) ကျောင်းတော်ကြီးအပေါ် 'ဆုပိုင်ဝင်း'ဆိုတဲ့ ကျောင်းသူဟောင်းတစ်ယောက် အနေနဲ့ ကျွန်မဘယ်လောက် တာဝန်ဘယ်လောက် ကျေခဲ့ပါသလဲ၊''
''ကျွန်မကိုချစ်စနိုးနဲ့ 'အပိုင်'လို့ ခေါ်ဆိုခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ အပေါ်မှာရော၊ သူငယ်ချင်းကောင်း ပီသသူဖြစ်ခဲ့ပါရဲ့လား''
လောကကြီးမှာ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဘယ်သူမဆို မိမိကျောင်း၊ မိမိဆရာ၊ ဆရာမများနှင့် မိမိသူငယ်ချင်းများ အပေါ် အကောင်းဆုံး၊ အတော်ဆုံး၊ အမြင့်မြတ်ဆုံးဟူ၍သာ သုံးသပ်ရှုမြင်ကြရင်း ဘဝခရီးလမ်း တစ်လျှောက် အဆင်ပြေချောမွေ့စွာ လျှောက်လှမ်းနိုင်ခွင့်ကို မိမိတို့ပညာရည်နို့ သောက်သုံးခွင့် ရရှိခဲ့ကြသော ကျောင်းတော်ကြီး၏ ဂုဏ်ပုဒ်က ပန်းခင်းလမ်းသဖွယ် ခင်းကျင်းပေးထားခဲ့သည်မှာ ဧကန်အမှန်ပင်မဟုတ်ပေလော။
ဆုကဗျာ
(အထက(၂)စမ်းချောင်းမှဆရာမများနှင့်ငယ်သူငယ်ချင်းများအတွက် အမှတ်တရ)

2 comments:

LNFAW said...

http://lnfaw.blogspot.com/

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်ကျောင်းလေးနဲ့ သူငယ်ချင်းတွေအကြောင်းလေးကို ရိုးရိုးရှင်းရှင်း စိတ်ဝင်စားဖွယ်ရေးထားတာ ဖတိလု့ သိပ်ကောင်းပါတယ်..
အစ်မလဲ ကျောင်းတက်တော့ ဘင်ခရာမှာ ဆိုက်ဒရမ်တီးခဲ့ဖူးတယ်.. ဘင်ခရာအဖွဲ့သားတစ်ယောက်ရဲ့ ခံစားချက်ကို ထပ်တူ ဝေမျှ ခံစားသွားပါတယ်။ လူတိုင်းဟာ မိမိရဲ့ ပညာရင်နို့သောက်စို့တဲ့ ကျောင်းတော်ကြီးကို ကျေးဇူးမမေ့ကောင်းဘူး မဟုတ်လားနော်။
အတွေးရော အရေးလေးတွေရော သိပ်လှပါတယ်..
အရာရာမှာ အောင်မြင်ပါစေ ညီမလေးရေ။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009