လှူချင်သည့်ဆန္ဒရှိက မွန်မြတ်ပေစွ

သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ မဟာသာသနိက၊ ဝိဟာရ ကျောင်း တန်ဆောင်းအလှူ ဆောက်လှူသူတို့၊ ကြီးထူးကဲဝှန်၊ ကျိုးရဟန်ကို ကျမ်းဂန်ထောက်ချင့် နိဒါန်းဖွင့်သော် ဟူသည့် မင်းကွန်းဆရာတော်ဘုရားကြီး ဖွဲ့သီအပ်သော ကျောင်းလှူအကျိုး (၇)ပါး တရား လင်္ကာတော်နှင့် အညီ Online Donation Group ၏ ပဉ္စမအကြိမ်မြောက် မဟာဘုံကထိန် အလှူနှင့်အတူ၊ ကျောင်းဆောင်သစ် တည်ဆောက် လှူဒါန်းရေး အတွက် (၂ဝ၁ဝ)ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက် (တန်ဆောင်မုန်းလပြည့်)က၊ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ အုန်းပင်စု ရပ်ကွက်ရှိ အောင်မင်္ဂလာရွာဦး ကျောင်းတိုက် အတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။

Online Donation Group အဖွဲ့သက်တမ်း (၅)နှစ်ပြည့်ချိန် နီးသည်အထိ၊ တစ်ကြိမ်တစ်ခါမှ လှူဒါန်းခဲ့ဖူးခြင်းမရှိသော ကျောင်းအလှူဒါနအတွက် ညွှန်ပြမှုကြောင့် တွံတေးမြို့နယ်ရှိ ''အောင်မင်္ဂလာ ရွာဦးကျောင်းတိုက်''ကို ရှာဖွေတွေ့ရှိရင်း ဆောက်လုပ်ဆဲ အနေအထားမှာပင် ရပ်တန့်သွားခဲ့ရသော နှစ်ထပ် ကျောင်းဆောင်သစ်ကြီးအား ဆက်လက်တည်ဆောက်နိုင်ရန် ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ခဲ့ကြသည့် အလှူဒါနလည်း ဖြစ်ပေသည်။
အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ်ကြီးမှာ အကျယ်အဝန်းအားဖြင့် ပေ၂ဝ x ၃ဝ အကျယ်နှင့် ဘုရားခန်းပတ်လည် အကျယ်မှာ (၁ဝ)ပေကျယ်ဝန်းပြီး စာသင်သားကိုရင်နှင့် သံဃာအပါး (၃ဝ)ခန့် သီတင်းသုံးနိုင်သော အဆောက်အဦပင် ဖြစ်သော်လည်း၊ မမျှော်လင့်သော အခြေအနေများကြောင့် ဆောက်လုပ်လက်စ အနေအထားနှင့်ပင် (၃)နှစ်ခန့် ကြာမြင့်ကာ အပြီးမသတ်နိုင်သေးသော အနေအထားဖြင့် ယနေ့တိုင်တွေ့မြင်ခဲ့ကြရသည်။
ထိုအခြေအနေ အရပ်ရပ်ကြောင့် Online Donation Group မှ အဖွဲ့သူ၊ အဖွဲ့သားများ ဦးဆောင်၍ ကျောင်းဆောင်သစ်ကြီး ဆက်လက် တည်ဆောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြရာ အလှူငွေ ကျပ်(၁၂)သိန်းပေါင်းစု လှူဒါန်းငွေဖြင့် နှစ်ထပ်ကျောင်းဆောင် တစ်ခုလုံး၏ ပတ်ပတ်လည်အား အုတ်တံတိုင်းဖြင့် ကာရံနိုင်အောင် စီမံဆောင်ရွက် ပေးနိုင်ခဲ့ကြပေသည်။
သို့သော်လည်း အပေါ်ထပ်ကြမ်းခင်း အတွက် လိုအပ်ချက်နှင့် အောက်ထပ် ကွန်ကရစ်ခင်းနိုင်ရေး အတွက် လှူဒါန်းမှုများအား၊ Online Donation Group မှ လူငယ်များ၏ အင်အားဖြင့် ဆက်လက်ဆောင်ရွက်နိုင်ခဲ့သေးခြင်း မရှိသည်ကို စိတ်မကောင်းဖွယ် သိရှိခဲ့ရသည်။
အောင်မင်္ဂလာ ရွာဦးကျောင်းတိုက်သည် တွံ့တေးမြို့၊ ရွှေဆံတော်ဘုရား အနီးရှိ အုန်းပင်စုရပ်ကွက် အတွင်း၌ တည်ရှိနေခြင်းကြောင့် အလှူရှင်များ အရောက်အပေါက် နည်းပါးခြင်းနှင့် စာသင်တိုက်၏ လက်ရှိအနေအထားကြောင့် ကျောင်းတိုက်ရှိ သံဃာတော်များနှင့် စာသင်သား ကိုရင်များမှာ တဲသင်္ကန်းများအတွင်း သင့်တော်သလို သီတင်းသုံးနေရခြင်း၊ အချို့သော စာသင်သားများအား ဒလမြို့ရှိ အလယ်ကျောင်းစာသင်တိုက်သို့ ပို့ဆောင်၍ ခေတ္တသီတင်း သုံးစေခြင်းများပြုလုပ်ထားကြောင်း ကျောင်းထိုင်ဆရာတော် အရှင်စန္ဒိမာမှ Online Donation Group အား မိန့်ကြားမှုဖြင့် သိရှိခဲ့ရသည်။
Online Donation Group မှ လူငယ်လေးများသည် ကျောင်းနေအရွယ် လူငယ်များ၊ သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ ဝင်ရောက်လုပ်ကိုင်နေကြသော လူငယ်များ၊ ဆေးပညာတတ်ကျွမ်းသော လူငယ်များ၊ နိုင်ငံအမှုထမ်း လူငယ်များစွာ ပါဝင်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ခြင်းကြောင့်၊ ယခုကဲ့သို့ ကျောင်းဆောင်သစ်ကြီး အပြီးသတ် ဆောက်လုပ်ရေးအပေါ် စိတ်စေတနာ ထက်သန်မှုဖြင့် လှူဒါန်းချင်သည့် ဆန္ဒများ ရှိနေခဲ့ကြသော်လည်း အကောင်အထည် ဖော်ဆောင် နိုင်သည့် အင်အားမရှိကြသေးကြောင်း၊ အဖွဲ့၏ Organizer များဖြစ်ကြသော ကိုသန်းညီထွေး၊ ကိုအောင်မျိုးသူတို့နှင့် Online Donation Members များစွာမှ ပြောကြားခဲ့ကြသည်များကို စိတ်မကောင်းဖွယ် ကြားသိခဲ့ရပေသည်။
Online Donation Group အနေဖြင့်လည်း ကထိန်အလှူဒါနအဖြစ် ကျောင်းရှိသံဃာတော်များအတွက် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း၊ နေ့ဆွမ်းဆက်ကပ်မှုနှင့် ဝတ္ထုငွေများကိုလည်း လှူဒန်းပေးခဲ့ ကြရာ ကျောင်းထိုင်ဆရာတော်မှ ကထိန်အကျိုး(၅)ပါးနှင့် ကျောင်းလှူအကျိုး (၇)ပါး တရားတော်များကို ချီးမြှင့်ပေးခဲ့ပြီး၊ လှူဒါန်းမှုအစုစုအား ရေစက်ချ အမျှပေးဝေခဲ့ကြသည်။
ယခုအခါ နှစ်ထပ်ကျောင်းဆောင်သစ်ကြီး အလုံးစုံအပြီးသတ် ဆောက်လုပ်နိုင်ရေးအတွက် Online Donation လူငယ်များမှ ကိုယ်ပိုင်ချွေးနှဲစာများကို စုဆောင်းလျှက် ရှိသလို စေတနာအလှူရှင်များ ပူးပေါင်းလှူဒါန်းနိုင်ရေး အတွက်လည်း စိတ်အားထက်သန်စွာဖြင့် ဖိတ်ခေါ်နေသည့် အတွက် ''အောင်မင်္ဂလာ ရွာဦးကျောင်းတိုက်'' ဆောက်လုပ်ပြီးစီးရေးတွင် ပါဝင်ကုသိုလ်ယူလိုသူများ အနေဖြင့် e-mail -online donation @ gmail.com သို့ဖြစ်စေ၊ ကိုအောင်မျိုးသူ ဖုန်း-ဝ၁-၃၇၄၂၃၈၊ ဝ၉-၅၅-၈၈၁၁၁၊ ကိုဟန်သော်ဇင် ဖုန်း-ဝ၉-၅ဝ- ၁၈၃၂၆ နှင့် မဆုကဗျာ (လျှပ်တစ်ပြက်ဂျာနယ်) ဖုန်း-ဝ၉-၅၅-ဝ၂၆၁၈၊ ဝ၁- ၇ဝဝ၉၉၈ များသို့ ဆက်သွယ်ပြီး ပါဝင် လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးပြု ဖော်ပြလိုက်ပါသည်။
S.K.B Photo; ဇော်မင်းနိုင်

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009