အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၉)

သတင်းယူခွင့် မရလိုက်သည့် ဓနသဟာယ အားကစားပွဲတော်ကြီး နယူးဒေလီမြို့ အတွင်း၌ လုံခြုံရေး တင်းကျပ်မှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာကြသည်ကို တွေ့မြင်ခဲ့ရပြီး အိန္ဒိယနိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်တွင် ပထမဆုံးအကြိမ် လက်ခံ ကျင်းပပေးမည့် '(၁၉)ကြိမ်မြောက် ဓနသဟာယ အားကစားပွဲ'တော်ကြီး နီးကပ်လာချိန် ဖြစ်သည့် အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု၊ အကျင့်ပျက် လာဘ်စားမှုများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွား နေမှုများ အပါအဝင် ဂျဝါဟာလာနေရူး အားကစားရုံသို့ ကူးသော လူကူးတံတား ကျိုးကျမှုကြောင့် လူ(၂၇)ဦး ဒဏ်ရာ ရရှိခဲ့ကြရမှုများကြောင့် အိန္ဒိယနိုင်ငံထုတ် သတင်းစားကြီးများမှ ဝေဖန်မှုရှုတ်ချချက်များကို နေ့စဉ်ဖတ်ရှုနေကြရသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်မည့် အဆိုပါ အားကစား ပွဲတော်ကြီးသည် 'ဓနသဟာယ အားကစားပွဲ သမိုင်းတစ်လျှောက်တွင် ကုန်ကျစရိတ်အများဆုံး အားကစားပွဲတော်ကြီး ဖြစ်လာမည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်း အမေရိကန်ဒေါ်လာ (၁ဝ)ဘီလီယံ (စတာလင်ပေါင် ၆.၃ဘီလီယံ)ကျော် ကုန်ကျနိုင်ကြောင်း ခန့်မှန်းရေးသား ထားကြသည်ကိုလည်း ဖတ်ရှုခဲ့ရသည်။ (၁၉၉၈)ခုနှစ်၌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော အဆိုပါ အားကစားပွဲတော်ကြီးမှာ အာရှတိုက်အတွက် ဒုတိယအကြိမ် မြောက်အဖြစ် နယူးဒေလီမြို့တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကာ ဓနသဟာယအဖွဲ့ဝင် (၇၁)နိုင်ငံလုံးမှ အားကစားသမားများ ပါဝင် ယှဉ်ပြိုင်ကြမည်ဟု ကြေညာထားသော အားကစားပွဲကြီးဖြစ်ပြီး ပြိုင်ပွဲဝင်ပေါင်း (၆ဝ၈၁)ယောက်ခန့် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ အင်္ဂလန် အမျိုးသားဟော်ကီအသင်းနှင့် ဘိုးလင်းအသင်းများသည် နယူးဒေလီမြို့သို့ ပထမဆုံးအဖွဲ့အဖြစ် ရောက်ရှိလာခဲ့ကြသည်ကို ကျွန်မတို့ နယူးဒေလီမြို့သို့ ရောက်ရှိနေချိန် အတွင်း၌ သိရှိခဲ့ရသည်။
ကျွန်မတို့အဖွဲ့သားများ၊ နယူးဒေလီမြို့အတွင်း၌ နေထိုင်နေစဉ်ကာလ အခိုက်အတန့်မှာပင် 'အားကစားကျေးရွာ'မှာ ပြင်ဆင်နေဆဲအနေအထားနှင့် ပင် တွေ့မြင်ခဲ့ရပြီး ကားလမ်းမတစ်လျှောက်များမှာတေှာ့နမေ ကျားရုပ်ပုံ များဖြင့် အားကစားပွဲတော် Billboard ကြီးများကိုလိုက်လံစိုက်ထူနေကြသည်ကို ကျောင်းသွား၊ ကျောင်းပြန်အချိန်များတွင် ကားပေါ်မှတစ်ဆင့်မှတ်တမ်းတင် နိုင်ခဲ့ပေသည်။
အိန္ဒိယနိုင်ငံသည် အဆိုပါ အားကစားပွဲတော်ကြီးအတွက် ကြိုတင်ပြင်ဆင်ချိန် (၇)နှစ်နီးပါး၊ အချိန်ရခဲ့သော်လည်း (၂ဝဝ၈)ခုနှစ် အချိန်အထိ ကြိုတင်ပြင်ဆင် မှုလုပ်ငန်းများကို အနည်းငယ်သာ ပြုလုပ်နိုင်သေးသည့်အတွက် ဝေဖန်ရေးသားမှု အမျိုးမျိုးကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖတ်ရှုနေခဲ့ရသလို ယခင်ကတည်းက နယူးဒေလီ၏ ကားလမ်းမများမှာ ယာဉ်တန်းပိတ်ဆို့မှုများကြောင့် ကားအသွား၊အလာ ခက်ခဲနေရသည့်အထဲ ကျွန်မတို့လို ဧည့်သည်တော်များ အပါအဝင် နိုင်ငံတကာမှ အားကစားသမားများစွာနှင့် ခရီးသွားဧည့်သည် အများစုပြုံရောက်ရှိနေချိန် ဖြစ်တာကြောင့် ကားများမှာတစ်နေရာမှ တစ်နေရာသို့ ရောက်ဖို့အရေး အချိန်များစွာ ပေးဆပ်ခဲ့ပြီးမှ တရွေ့ရွေ့သွားလာ ခဲ့ရသည်မှာလည်း အားကစားပွဲတော်ကြီးနှင့် ပတ်သက်သော အမှတ်တရတစ်ခု ဖြစ်ခဲ့ရပေသည်။
ထိုကဲ့သို့သော ဖြစ်စဉ်များမှာ မြေပြင်ပေါ်မှ အသေးအဖွဲဖြစ်ရပ်များသာ ဖြစ်ပြီး အားကစားပွဲတော်ကြီး ကျင်းပချိန် နီးကပ်လာသည့် အတွက်ကြောင့် ကောင်းကင်ပေါ်တွင်လည်း မောင်းသူမဲ့ လေယာဉ်များက အမြဲတမ်းဝဲပျံစောင့် ကြပ်ပေးနေသလို ရဟတ်ယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့များကလည်း ခြုံငုံစောင့်ကြပ်ပေးနေသည်ကို အံ့မခန်း တွေ့မြင်ခဲ့ရသေးသည်။ ဓနသဟာယ အားကစား ပွဲတော်ကြီး အတွက် မြေကြီးနှင့် မိုးကောင်းကင်မကျန် တင်းကြပ်နေသော လုံခြုံရေး စနစ်ကောင်းကြောင့် ကျွန်မတို့မှာ ဟိုတယ်တွင် အနားယူချိန်၌ စိတ်လွတ်ကိုယ်လွတ် မနားရဲတော့သည့် အမှတ်တရ ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ ခဲ့ရသေးသည်။
ကျွန်မနှင့် အခန်းဖော် မဆုလာဘ်ထွေးတို့ နှစ်ဦးမှာ ကျောင်းဆင်းချိန်၊ အခန်းပြန်ရောက်သည်နှင့် စိတ်တူကိုယ်တူ ပြုလုပ်တတ်သည့် အကျင့်က ဟိုတယ် အိပ်ခန်းကျယ်ကြီး အတွင်းမှ လေအေးပေးစက်ကို အစွမ်းကုန်ဖွင့်ကာ ကျွန်မ၏ Laptop အတွင်းမှာ ထည့်သွင်းလာသော မြန်မာတေးသီချင်းများကို ငြိမ့်ငြိမ့်ညောင်းညောင်း နားဆင်ပြီး လုပ်စရာရှိသည့် အလုပ်များကို နေ့စဉ်လုပ် တတ်ကြခြင်းပင်။ တစ်ရက် ကျွန်မတို့ကျောင်းမှပြန်ရောက်လာသည့် ညနေခင်း အချိန်တွင် အခန်းတွင်းရှိမှန်ပြတင်းကျယ်များကို ဖုံးကွယ်ထားသော လိုက်ကာစ၊ ပျော့အိအိကြီးကို တွန်းဖယ်ပြီး တစ်ယောက်အိပ်ခုတင်ထက်ပေါ်သို့အသာ အယာလဲလျောင်းကာ၊တစ်နေကုန်ပင်ပန်းလာသမျှ သက့်သောင့်သက်သာ မျက်စိမှိတ်အနားယူနေစဉ် ကျွန်မနားအတွင်းသို့ ပန်ကာစက်သံတဝီဝီက အပြေးအလွှား တိုးဝင်လာတော့သည်။ ရုတ်တရက် ကြားလိုက်ရသော အသံဆန်းဆန်းကြောင့်သာမက အအိပ်ဆတ်သော ကျွန်မ၏အကျင့်အတိုင်း စိတ်တင်းကြပ်မှုဖြင့် ဝုန်းခနဲနိုးထလာခဲ့ရပြီး စူးစမ်းစစ်ဆေးမှုများကို အခန်းတွင်း လှည့်ပတ်ကြည့်ရှုလိုက်စဉ် မထင်မှတ်ဘဲ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် လန့်ဖျန့်၍ ခန်းဆီးလိုက်ကာကြီးကို အလျင်အမြန် ဆွဲပိတ်မိလိုက်တော့သည်။
နေဝင်ချိန်ကြောင့် နီညိုရောင်သမ်းနေသော မိုးကောင်းကင်အတွင်း၌ တဂျပ်ဂျပ်ဖြင့် ပျံသန်းလာသော လုံခြုံရေး ရဟတ်ယာဉ်များနှင့် တဝီဝီပျံသန်းလာသော လေတပ်မှလေယာဉ်များက ကျွန်မတို့အခန်းအနီးမှ ပျံဝဲသွားခြင်း ကြောင့် ကျွန်မမှာ ဆက်လက် အိပ်စက်ဖို့အရေး မလုံမလဲ ဖြစ်ခဲ့ရခြင်းကြောင့်ပင်။ အားကစားပွဲတော်ကြီး အတွက် လုံခြုံရေး အဖွဲ့အစည်းများက ကျောင်းသွားချိန် မြေပြင်ပေါ်မှာသာမက ကောင်းကင်ပြင်ကြီးဆီမှလည်း မလွတ်နိုင်အောင် တင်းကြပ်နေသည့် အတွက် အချိန်တိုင်း နိုးကြွားတက်ကြွနေသော လုံခြုံရေး တပ်ဖွဲ့ဝင်များကို လေးစား သဘောကျ သွားမိခဲ့သည်။ 'လာထွက်ခဲ့ ကစားကြ စို့' Come out and play ဟူသော ဆောင်ပုဒ်ဖြင့် (၂ဝ၁ဝ)ခုနှစ်၊ ဓနသဟာယ အားကစားပြိုင်ပွဲကြီးကို အိန္ဒိယနိုင်ငံရှိ မြို့တော်နယူးဒေလီမြို့တွင် အောက်တိုဘာလ (၃)ရက်နေ့မှ အောက်တိုဘာလ (၁၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းကြောင့် ကျွန်မတို့ မြန်မာစာနယ်ဇင်းအဖွဲ့ မှာ သတင်းရယူနိုင်ရန် အခွင့်အရေး မရရှိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့၏ သင်တန်းကာလ နောက်ဆုံးရက်မှာ အောက်တိုဘာလ (၁)ရက်နေ့ ဖြစ်နေခြင်းကြောင့် ကပ်သီးကပ်သတ် လွဲချော်ခဲ့ရသည့်အတွက် တနုံ့နုံ့ဖြင့် ခံစားခဲ့ရပေသည်။ သည်လိုအခြေအနေမျိုး၊ သည်လိုအခွင့်ထူးမျိုးကို နောက်တစ်ခါ ပြန်လည်ရရှိနိုင်ဖို့ ဆိုသည်မှာ မည်သို့မျှ မလွယ်ကူနိုင်တော့ပေ။ ဓနသဟာယအား ကစားပွဲတော်ကြီး အတွက် အစစအရာရာ ပြင်ဆင်နေသော နယူးဒေလီမြို့တော်ကြီး အတွင်း၌ Shera အမည်ရှိ ကံကောင်းစေသော တိရစ္ဆာန် ကျားကောင်လေး၏ ရုပ်ပုံများဖြင့် ကြော်ငြာ ဆိုင်းဘုတ်များကို နေရာအနှံ့ တွေ့မြင်ခဲ့ရပြီး ဟိန္ဒူဘာသာဖြင့် Bagh အဓိပ္ပာယ်မှာ 'ကျား'ဖြစ်ပြီး Sher ဟူသော နာမည်မှ ဆင်းသက်လာကာ ခြင်္သေ့နှင့်ကျား သတ္တဝါနှစ်ကောင်လုံး အတွက် အရပ်သုံးအဖြစ် အသုံးပြုနိုင်သော စကားဖြစ်ကြောင်း လေ့လာခဲ့ရသည်။ အနုပညာတွင် စရိုက်သဘာဝ ပေါ်လွင်အောင် ဖော်ကျူးထားသော ချစ်စဖွယ်ကျား ဒီဇိုင်းပုံစံဖြင့် ဖော်ပြထားသည့် အားကစားပွဲတော်၏ တံဆိပ်အမှတ်အသား၌ Shera ကျားလေး၏ပုံကို ထည့်သွင်းစဉ်းစားထားသလို အားကစားပွဲတော်၏ တေးသီချင်းတစ်ပုဒ်တွင်လည်း Shera အကြောင်းကို အိန္ဒိယနိုင်ငံမှ နာမည်ကျော် တေးရေးဆရာမှ ရေးစပ်သီကျူးထားကြောင်း သိရှိရသည်။အဆိုပါ Shera ကျားလေးအဖြစ် သရုပ်ဆောင်ထားသော ကျားရုပ်လေးအား နယူးဒေလီမြို့အတွင်းရှိ စာသင်ကျောင်းများသို့လည်း လှည့်လည်ပြသခဲ့ရာ၌ ကျောင်းသားကျောင်းသူများ၏ ပြင်းပြသော စိတ်ဝင်စားမှု ချီးကျူးလေးစားမှုများကို အရယူနိုင်ခဲ့သည့် အတွက် ကလေးငယ်များအား ဓနသဟာယ အားကစားပွဲတော်ကြီးအပေါ် စိတ်ဝင်တစားရှိလာအောင် တစ်ဖက်တစ်လမ်းမှ စည်းရုံးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။(၂ဝ၁ဝ)ခုနှစ်၊ ဓနသဟာယ အားကစားပွဲ တော်ကြီးအတွက် အထူးရေးစပ်ထားသော အားကစားပွဲတော် ဂုဏ်ပြုသီချင်းမှာ Jiyo Utho Bado Jeeto ဖြစ်ပြီး အိန္ဒိယလူမျိုး၊ တူရိယာပညာရှင် A.R. Rahman မှ ရေးစပ်သီကုံး ပေးထားကြောင်း သိရသည်။ အဆိုပါတေးသီချင်း၏ ခေါင်းစဉ်မှာ အားကစားပွဲတော်ကြီး၏ ဆောင်ပုဒ်ဖြစ်သော 'Come Out and Play'' (လာထွက်ခဲ့ ကစားကြစို့)ကို အခြေခံပြီး ရေးစပ်ထားသော တေးသီချင်း ဖြစ်ခြင်းကြောင့် မြူးကြွလန်းဆန်း၍ တက်ကြွရွှင်လန်းဖွယ် အားကစားစိတ်များကို လှုံ့ဆော်ပေးနိုင်သည့် တေးသီချင်းအဖြစ် အောင်မြင်မှုရရှိခဲ့ကြောင်းလည်း သတင်းရေးသားချက်များအရ ဖတ်ရှုခဲ့ရသည်။
မဆလာရနံ့သင်းပျံ့ခဲ့သည့် .I.M.C နေ့စွဲများ
အိန္ဒိယလူထု ဆက်သွယ်ရေးတက္ကသိုလ် I.I.M.C သို့ တက်ရောက်ခွင့် ရရှိခဲ့သော နေ့ရက်များစွာကို မဆလာရနံ့ သင်းပျံ့ခဲ့သည့် ရက်စွဲများအဖြစ် တင်စားခဲ့မိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မတို့၏ တစ်နေ့တာ စာသင်ချိန်အား (၄)ကြိမ် သတ်မှတ်ပေးထားပြီး Tea Break (၂)ကြိမ်နှင့် Lunch Break တစ်ကြိမ် ထည့်သွင်းပေးထားသည့် အတွက် ကျွန်မတို့မှာ လက်ဖက်ရည်သောက်လိုက်၊ မဆလာရနံ့သင်းပျံ့လှသော ကြက်သားဟင်း၊ ငါးဟင်းများဖြင့် နေ့လယ်စာ ထမင်းစားလိုက်နှင့် သက်သောင့်သက်သာ ပျော်ရွှင်စွာ ပညာသင်ယူခွင့် ရရှိခဲ့ရပေသည်။
(ရှေ့တစ်ပတ်ဆက်ဖတ်ရန်)

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009