အိန္ဒိယပြန်၊ မြန်မာစာနယ်ဇင်းများ၏ ပဲ့တင်သံ

မြန်မာနိုင်ငံ၏ အထင်ကရ နာမည်ကြီးစာစောင် မြန်မာတိုင်းမ်တွင် Senior Sub Editor တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ကိုဆန်းဦးမှာ လူတော်တစ်ဦး ပီသစွာ အဖွဲ့သားအားလုံးနှင့် လိုက်လျောညီထွေ ဆက်ဆံတတ်သူ ဖြစ်ပေသည်။ ကိုဆန်းဦးသည်လည်း သက်ကိုကို ကဲ့သို့ပင် မေးသမျှ မေးခွန်းများအပေါ် တိကျသော အဖြေ စကားများသာ ထွက်ပေါ် လာခဲ့ပြန်သည်ကို အခုလို တွေ့မြင်ကြရမည် ဖြစ်သည်။
''ဆရာ၊ ဆရာမများ အားလုံးက အတွေ့အကြုံ ရင့်ကျက်ပြီးသားသူများ ဖြစ်တော့ အားလုံးကို ကျေနပ်အားရမိပါတယ်။ ဆရာ၊ ဆရာမများအားလုံး သူတို့တာဝန်ယူ သင်ကြားပေးတဲ့ ဘာသာရပ်များကို ပိုင်နိုင်ကျွမ်းကျင်ကြပြီး နားလည် သဘောပေါက်အောင် သင်ကြားပေးနိုင်တာကို တွေ့ရပါတယ်။

သင်ကြားခဲ့ရသမျှ ဘာသာရပ်အားလုံးကို သဘောကျပါတယ်။ အနှစ်သက်ဆုံးကတော့ နိုင်ငံတကာသတင်းများကို ဝေဖန်ပိုင်းခြား ဆန်းစစ်ရတဲ့ သင်ခန်းစာကို သဘောကျမိပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ခါမှမကြုံဖူး၊ မသင်ခဲ့ဖူးတဲ့ သင်ခန်းစာတစ်ခု ဖြစ်တာကြောင့် သတင်းတွေအပေါ်မှာ အမြင်သစ်ဖြင့် ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာကို သိရှိ နားလည်ခဲ့လို့ပါ။ အိန္ဒိယခရီးစဉ်မှာ စိတ်ကျေနပ်မှု အရှိဆုံးက ဗုဒ္ဓဂယာဖြစ်ပါတယ်။ ဘုရားပွင့်ရာ မြင့်မြတ်သည့်မြေသို့ မမျှော်လင့်ပဲ ရောက်ရှိခွင့်ကြုံခဲ့ရတာပါပဲ။ ခရီးအတူ သွားခဲ့ကြတဲ့ ဂျာနယ်လစ်မိသားစုတွေက ပျော်ဖို့ကောင်းပါတယ်။ အားလုံး စိတ်တူကိုယ်တူနဲ့ အတူတကွ ပျော်ရွှင်ဖွယ်ဖြစ်ခဲ့ရလို့ပါ။ ကျွန်တော့်အတွက် ပျော်စရာတွေပဲ မြန်မာပြည်ကို ပြန်လည် သယ်ဆောင် လာခဲ့ပါတယ်''
IIMC သင်တန်းတွင် အင်္ဂလိပ်စာ အရေးအသား ကောင်းမွန်ခြင်းကြောင့် ပရော်ဖက်ဆာကြီးကိုယ်တိုင် ထူးချွန်သူဟု သတ်မှတ်ပေးခဲ့သူမှာ 7 Days ဂျာနယ်မှ အယ်ဒီတာမေဝင်းမွန်ပင် ဖြစ်သည်။ သူမ၏ Nick Name မှာ '' APPLE ''ဖြစ်ပြီး နာမည်ရင်းကို အဖျားဆွတ်ခေါ်တာထက် Apple ဟု ခေါ်ဆိုခြင်းကို ပိုမိုနှစ်သက်သူ ဖြစ်ပေသည်။ သူမ၏ ထူးခြားချက်က ချက်ကအလှဓအလှဓာတ်ပုံ ရိုက်ကူးခြင်းကို ကိုယ်တိုင် ဝါသနာမကြီးသော်လည်း သူများအတွက် ရိုက်ပေးရမည်ဆိုပါက လက်မနှေးဘဲကူညီရန် အစဉ်အမြဲ စိုင်းပြင်းနေသူပင် ဖြစ်သည်။
''အရင်တုန်းကလည်း Journalism သင်တန်းတွေတက်ခဲ့ဖူးတယ်။ အစပိုင်း ရက်တွေမှာ ပြောတာတွေ သင်သွားတာတွေက ကိုယ်သိပြီးသားတွေ ပါပေမယ့် နောက်ပိုင်း radio journalism, cyber journalism, TV နဲ့ ပတ်သက်တာတွေ ကတော့ ကိုယ့်အတွက် အသစ်အဆန်းတွေ၊ အဲဒါတွေကို သိရတော့ ကိုယ့်အတွက် ဗဟုသုတ အများကြီးရတယ်။ တကယ်တမ်းကိုယ်က printed media မှာလုပ်နေရပေမယ့် ဒီလိုသင်ရတာတွေက ကိုယ့်အတွက် အများအကျိုးရှိတယ်။ နောက်ပိုင်း media ထဲမှာ Change လုပ်ချင်တယ်ဆိုရင် တောင် ကိုယ့်အတွက် တစ်နေ့နေ့မှာ အသုံးကျတဲ့အရာတွေဖြစ်လာနိုင်တယ်။
မြန်မာနိုင်ငံမှာလည်း journalism သင်တန်းတွေရှိပေမယ့် အမေရိကမှာ သင်တန်းတက်ခဲ့ဖြစ်တယ်ဆိုတာက Social media ပါ။ အမေရိကန်သံရုံးရဲ့ အစီအစဉ်နဲ့သွားခဲ့တာပါ။ မြန်မာပြည်က တစ်ယောက်တည်းပဲသွားရတယ်။ အဲဒီမှာရခဲ့တဲ့အတွေ့အကြုံတွေနဲ့ ခု အိန္ဒိယမှာလည်း အတွေ့အကြုံတွေရခဲ့ တယ်။ ဒါတွေကို မြန်မာပြည်က စာနယ်ဇင်းတွေကို Share လုပ်ဖို့ဆိုရင် ဘယ်လို အကြောင်းအရာက ပိုသင့်တော်မလဲဆိုတော့ မြန်မာပြည်နဲ့ဆို အဓိကက Hard news တွေက ပိုသင့်တော်မယ်ထင်တယ်။ Feature writing နဲ့ပိုသင့်တော်တယ်။ ခု နောက်ပိုင်းဆို ဂျာနယ်တွေကလည်း အရမ်းများ လာတယ်။ သတင်းထောက်တွေလည်း အရမ်းများလာကြတော့ Journalism နဲ့ ပတ်သက်ပြီး ဂဃနဏပိုသိဖို့အတွက် အများကြီးလိုအပ်တယ်။
7 days မှာ ဂျာနယ်မှာအလုပ်ဝင်တာ (၆)နှစ်လောက်ရှိပြီ။ ခုလက်ရှိ post က သတင်းအယ်ဒီတာပေါ့နော်။
အိန္ဒိယကိုရောက်တော့ ဒီသင်တန်းနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ပြောစရာတွေ ရှိလာတယ်။ အကြိုက်ဆုံး ခရီးစဉ်တွေကလည်း အကုန်လုံးနီးပါးပါပဲ။ သင်တန်းတစ်ခုလုံး ခရီးစဉ်တစ်ခုလုံးကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အရင်ကတည်းကလည်း စိတ်ဝင်စားလို့ပဲ အင်တာဗျူး ဝင်ဖြေခဲ့တာကိုး။ ဒီကိုရောက်တော့လည်း ကိုယ့်အတွက် အများကြီးသိရတယ်။ ဒီက professor ပြောတဲ့အချက်အလက်တွေက ကိုယ့်အတွက် အရမ်းကိုအသုံးဝင်တယ်။ အယ်ဒီတာလို့ ပြောပေမယ့် သတင်းလည်းရေးတယ်၊ ဘာသာလည်းပြန်တယ်။ သတင်းလည်း editing လုပ်တယ်။ အဲဒီအလုပ်တွေနဲ့ ခု professor က international news edit လုပ်နည်းကိုပါ သင်ပေးတော့ ကိုယ့်အတွက် ပိုအကျိုး ရှိတယ်။ နိုင်ငံခြားက သတင်းတွေကို ယှဉ်ပြီးဖတ်ခိုင်းတဲ့အတွက် ကိုယ်လည်း သူတို့သတင်းရေးပုံသားပုံ၊ သတင်း အသွားအလာကိုလည်း သိတယ်။ သူတို့က သတင်းကို trick လုပ်သွားတယ် ဆိုတာလည်း နားလည်ခွင့်ရခဲ့တယ်။ သူထောက်ပြတဲ့ အချက်အလက်တွေကို ကြည့်ပြီး ကိုယ်က ပုံမှန်ဆို ဒီအတိုင်းပဲ ဖတ်လိုက်တာပဲ။ သူတို့ ဘာကို ဆိုတာလာလည်း ဆိုတာကို တော်ရုံတန်ရုံ မသိဘူး။ အခုလို သေသေချာချာရှင်းပြ ပေးတော့ ဘယ်လိုအချက်အလက်တွေကို သေချာကြည့်ရမလဲဆိုတာ သိသွားတယ်။ သူက လိုရာဆွဲရေးသွားတာလား။ Bias တွေ ထည့်ရေးသွားတာလား၊ အမှန်တရားကိုရေးတာလား။ ဒီသတင်းက balance ဖြစ်လား၊ မဖြစ်လားဆိုတာကို ကိုယ်က အရင်ကထက် ပိုပြီး ခွဲခြားနိုင်သွားတယ်။ သိသွားတယ်။ International news editing သင်တာကို အကြိုက်ဆုံးပဲ''
စာပေဝါသနာကြီးမားသော မိသားစုမှ ပေါက်ဖွားလာခဲ့သည့် ကုသိုလ်ထူးကြောင့် အသက်(၁၉)နှစ်သာ ရှိသေးသော်လည်း Senior များနှင့်အတူ အိန္ဒိယနိုင်ငံသို့ လိုက်ပါခွင့်ရရှိခဲ့သူမှာ ပြည်မြန်မာဂျာနယ်မှ လက်ထောက်စီမံမှု အယ်ဒီတာ အေးမြတ်သရဖီ ဖြစ်သည်။ I.I.M.C သင်တန်းကျောင်းတွင်လည်း Junior Jycoon ဟူသော'' Nick Name ကိုရရှိ ပိုင်ဆိုင်ခဲ့ရပြီး သွက်လက်ချက်ချာသော စာနယ်ဇင်း မျိုးဆက်သစ်လေး တစ်ဦးဖြစ်သည့် သူမက လူငယ်ပီပီ၊ ပွင့်ပွင့်လင်းလင်း ပြောကြား သွားခဲ့သည်မှာ
''သမီးက ဒီ journalism special course မှာ အသက်အငယ်ဆုံးလည်း ဖြစ်တယ်။ ကိုယ့်ရဲ့ senior အစ်မတွေနဲ့ သမီးအခုလို အိန္ဒိယကိုလာပြီး သင်တန်း တက်ရောက်ခဲ့တဲ့အတွက် အရမ်း ဝမ်းသာမိပါတယ်။
သင်တန်းကတော့ အဓိကက discussion type ပေါ့နော်။ ကိုယ်မေးရင်မေးသလို ရတယ်။ ဒါပေမယ့် သမီးက သိပ်အတွေ့အကြုံ မရှိသေးတဲ့ အတွက် မေးခွန်း သိပ်မမေးဖြစ်ဘူး။ ဆရာတွေနဲ့ ကိုယ့်အထက် senior တွေမေးတဲ့ မေးခွန်းတွေကို လိုက်မှတ်တဲ့အတွက် အတွေ့အကြုံတွေတော့ အများကြီးရတယ်။ သင်တဲ့ဆရာ၊ ဆရာမတွေကလည်း အိန္ဒိယမှာ အောင်မြင်နေတဲ့ပုဂ္ဂိုလ် တွေပေါ့နော်။ စာသင်တော့လည်း professor တွေက ပို့ချပေးတာ ဆိုတော့ တော်တော်တော့ ပညာရပါတယ်။
သမီးဆိုမိသားစုနဲ့ oversea Trip တွေအများကြီး သွားခဲ့ဖူးပေမယ့် ဒီခရီးစဉ်မှာက အဓိကက home sick ဖြစ်တယ်။ အစ်မငယ်ပါပေမယ့် တစ်မျိုးလိုနေသလိုပဲ။ အိမ်နဲ့တစ်ခါမှ ခုလိုမခွဲဖူးတဲ့အတွက် ပထမတုန်းကဆို ငိုတောင်ငိုတယ်။ နောက်ပိုင်းကျတော့လည်း အဆင်တော့ပြေသွားပါတယ်။ သင်ရတဲ့စာတွေကလည်း ပညာရတယ်။ တခြား senior အစ်မတွေ၊ အစ်ကိုတွေကလည်း စောင့်ရှောက်တဲ့အတွက် ပျော်သွားပါတယ်။ သွားလည်ခဲ့တဲ့နေရာ အများကြီးထဲမှာမှ သမီးအကြိုက်ဆုံး trip က Agra ကတပ်ခ်ျမဟာကို အကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုရင် Seven Wonderful of the World ထဲမှာ တစ်ခုပါလို့လေ။ သူ့မိဖုရားသေတော့ ဘုရင်က အထိမ်းအမှတ်အနေနဲ့ ဆောက်ပေးထားတဲ့ ဂူဖြစ်တဲ့အတွက် ရောက်တဲ့အခါမှာ တစ်မျိုးလေးပဲဖြစ်မိတယ်။ ကြည်နူးသလိုလို၊ လွမ်းသလိုလိုဖြစ်မိတယ်။ အဆောက်အဦးကလည်းလှ၊ view ကလည်း လှတော့ ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတယ်။ အဲဒါကြောင့်မို့ အကြိုက်ဆုံးပါပဲ၊ ရန်ကုန်မှာ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို မိသားစုလုပ်ငန်းအနေနဲ့ လုပ်ဖြစ်နေပါတယ်။ နောက်ပိုင်းကျရင်တော့ media editing အပိုင်းကို သေချာလုပ်မယ်လို့ စိတ်ကူးထားပါတယ်''ဟဟု မအေးမြတ်သရဖီ (Junior Jycoon)က ဆိုသည်။
မြန်မာစာနယ်ဇင်းလောကအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ဖွယ်ရာ အဆိုပါသင်တန်းမှာ လေ့လာရေးခရီးစဉ်များကိုလည်း The Ministry of External Affairs နှင့် India Embassy (Myanmar) တို့၏ အစီအစဉ်ဖြင့် ထည့်သွင်းဆောင်ရွက်ပေးခဲ့သဖြင့် တစ်ချက်ခုတ်၊ နှစ်ချက် ပြတ်ခရီးစဉ်ကောင်းဖြစ်ခဲ့ကြရပေသည်။
မြန်မာနိုင်ငံ၏ အင်္ဂလိပ်ဘာသာ မြန်မာဘာသာ၊ နှစ်ဘာသာဖြင့် ထုတ်ဝေသည့် မြန်မာတိုင်းမ်ဂျာနယ်တွင် တာဝန်ခံစာတည်းအဖြစ် တာဝန်ထမ်းဆောင်နေသလို၊ M.C.M ကုမ္ပဏီ၏ စီမံခန့်ခွဲမှု၊ အမှုဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သော ဦးမျိုးလွင်မှာ သတင်းထောက်များနှင့် အယ်ဒီတာလူငယ်များအား ဖေးမကူညီမှုများဖြင့် လမ်းညွှန်ပေးခဲ့သူလည်း ဖြစ်သည်။
ဦးမျိုးလွင်
The Myanmar Times ဂျာနယ်
I.I.M.C (Indian Institute of Mass Communication) မှာ လာရောက် သင်ကြားပေးခဲ့ကြတဲ့ ပါမောက္ခတွေ၊ ဆရာတွေအားလုံးက အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံတွေ သိပ်များတဲ့အပြင် သူတို့ကျင်လည်နေတဲ့ လုပ်ငန်းအပေါ်မှာ သစ္စာရှိရှိနဲ့ လုပ်ကိုင်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ဆရာ၊ ဆရာမတွေက သူတို့လုပ်ချင်တာကို လုပ်ကိုင်ခွင့် ရကြတဲ့အတွက် လုပ်ငန်းခွင်မှာ လွတ်လပ်စွာနဲ့ လှုပ်ရှားနိုင်ကြတော့ သူတို့ကိုကြည့်ရတာ အေးချမ်းကြပါတယ်။
သင်ကြားခဲ့ရတဲ့ မီဒီယာပညာရပ်တွေထဲမှာ သတင်းတစ်ပုဒ်ကို အသေးစိတ်ဝေဖန်တာ ဆန်းစစ်လေ့လာတာကို သဘောအကျဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ မြန်မာဂျာနယ်လစ်တွေ အတွက်လည်း အထူးလိုအပ်လှတဲ့ ပညာရပ်တစ်ခုပါ။ စာသင်ခန်းထဲမှာ ကျွန်တော့်အနေနဲ့ တချို့သောမေးခွန်းတွေက လူငယ်ဂျာနယ်လစ်တွေကို ဗဟုသုတ ရစေလိုတဲ့ဆန္ဒကြောင့်ပါ။
ဒီခရီးစဉ်မှာ ကိုယ့်ထက် အသက်ကြီးတဲ့လူဆီကနေ ပညာတွေရခဲ့သလို၊ လူငယ်တွေဆီကလည်း မှတ်သားစရာတွေ ရရှိခဲ့ပါတယ်။ ခရီးအတူ သွားခဲ့ကြတဲ့ မြန်မာသတင်းသမားတွေအားလုံးမှာ ထူးခြားတဲ့အရည်အသွေးတွေနဲ့ စွမ်းရည် တွေကိုယ်စီရှိကြပါတယ်။
ကျွန်တော်က အခုလက်ရှိ အမ်စီအမ်ကုမ္ပဏီမှာ စီမံခန့်ခွဲမှု အမှုဆောင် ကော်မတီဝင် တစ်ဦးပါ။ နောက်ပြီးတော့ မြန်မာစာနဲ့ အင်္ဂလိပ်နှစ်ဘာသာ ထုတ်ဝေတဲ့ အထူးထုတ် အချပ်ပိုတာဝန်ခံစာတည်း ဖြစ်တယ်။ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းမ်ဂျာနယ်၊ Crime ဂျာနယ်နဲ့ Now မဂ္ဂဇင်းတွေ အပတ်စဉ်ထုတ်ဝေရေးမှာတော့ ကျွန်တော်ပါဝင်ခြင်းမရှိပါဘူး။
MRTV-4 အစီအစဉ်များ အစီအစဉ်များတွင် အားကစားကဏ္ဍများကို တင်ဆက်တိုင်း၊ ပထမဦးဆုံး တွေ့မြင်ရသူက ကိုထွန်းနေစိုး၏ ခပ်ပြုံးပြုံးမျက်နှာ ပေးပင်ဖြစ်ပြီး အိန္ဒိယခရီးစဉ် တစ်လျှောက်မှာလည်း ညီအစ်ကို၊ မောင်နှမစိတ်ဖြင့် လိုအပ်သမျှ ဖေးမကူညီတတ်သူလည်း ဖြစ်သည်။ MRTV- 4 တွင်လက်ထောက်အယတွင် လက်ထောက်အယ်ဒီတာချုပ် တာဝန်ဖြင့် သတင်းတည်းဖြတ်ခြင်းနှင့် သတင်းခန်း၊စီမံခန့်ခွဲခြင်းကို လုပ်ဆောင်လာသည်မှာ (၅)နှစ်ကျော်သွားပြီဟု သိရှိရသည်။
ကိုထွန်းနေစိုး(MRTV-4)
ဒီသင်တန်းကနေ ကျွန်တော်ပညာတွေ အများကြီး ရလိုက်ပါတယ်။ ကိုယ် တိုင်ခံယူရရှိတာအပြင် အတူပါဝင်ခဲ့ကြတဲ့ ဆရာတွေဆီကလည်း အများကြီး ရခဲ့ပါတယ်။ သင်ပေးခဲ့တဲ့ ဆရာတွေက ပညာရပ်တစ်ခုခြင်းစီမှာ အထူးပြု တတ်ကျွမ်းသူတွေ ဖြစ်သလို လက်တွေ့လုပ်ငန်းခွင်က သူချင်းဖြစ်လို့ ပြောစရာ မရှိပါဘူး။ သင်တန်းဆိုတာထက် ဆွေးနွေးပွဲတစ်ခုလို ဟောပြောပွဲတစ်ခုလိုမျိုး ပိုဆန်ပါတယ်။
အနှစ်သက်ဆုံး ဘာသာရပ် ဆိုရင်တော့ ပြောဖို့ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဘာသာရပ်အားလုံးက စိတ်ဝင်စားစရာ ကောင်းတဲ့အတွက်ပါ။ အလုပ်နဲ့ ဆက်စပ်မှုရှိနေတဲ့အထဲကမှ နိုင်ငံတကာ သတင်းတည်းဖြတ်ခြင်း ဘာသာရပ် ကတော့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ သမရိုးကျ ဘာသာပြန်ပြီး လွယ်လွယ်ကူကူ သုံးနေကြတဲ့ အယ်ဒီတာတွေအတွက် သတိထားစရာပါ ကျွန်တော့်အတွက် အများကြီး အသုံးဝင်ပါတယ်။ လက်တွေ့အသုံးချရမှာပါ။
ရန်ကုန်ကနေ ထွက်ကတည်းက နေပြီး ရန်ကုန်ပြန်ရောက်တဲ့အထိ ခရီးစဉ်တစ်ခုလုံးကို ကျေနပ်ပါတယ်။ အားလုံးပြည့်စုံအောင်ကို စီစဉ်ပေးထားပြီး ကိုယ်မရောက် ဖူးတဲ့နေရာကို သွားရတာ အကုန်ကောင်းပါတယ်။ နောက်တစ်ခါ ဆိုရင်တော့ နှိုင်းယှဉ်စရာရှိလာရင် အကျေနပ်ဆုံးတွေ မကျေနပ်ဆုံးတွေ ရှိလာနိုင်မှာပေါ့။ အားလုံးနဲ့ ခရီး အတူသွားရတာ ပျော်စရာကြီးပါ။ တစ်ခါတလေ ပျော်စရာလေးတွေပေါ့။ ဘယ်သူမှ အခက်အခဲမရှိခဲ့ဘူး ထင်ပါတယ်။ အားလုံးအပေါ်တော့ ခံစား ချက်မတူဘူးပေါ့။ ဒါပေမယ့် မကောင်းတာ ဘာမှမရှိပါဘူး။
Nick Name က ရှိတော့ရှိပါတယ်။ ချစ်စဖွယ်မဟုတ်ဘဲ မုန်းစဖွယ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ တစ်ခုတော့ရှိတယ်။ ဦးမျိုးလွင်ခေါ်တဲ့ ကိုနေဆိုတဲ့ နာမည်ကတော့ ကျောင်းသားဘဝကို အမှတ်ရစေတယ်။
မြန်မာတိုင်းမ်ဂျာနယ်မှ လိုက်ပါလာခဲ့ကြသော ဂျာနယ်လစ် (၅)ဦးအနက် တစ်ဦးအပါအဝင် ဖြစ်သော မရတနာထွန်းမှာလည်း အင်္ဂလိပ်စာ အပြောအဆို ထူးချွန်သူတစ်ဦးဖြစ်ပြီး ဖျတ်ဖျတ်လတ်လတ် နေထိုင်သွားလာ တတ်ခြင်းကြောင့် သွက်လက်ပေါ့ပါးနေသော သူမ၏ဟန်ပန်ကို ခရီးစဉ်တစ်လျှောက် တွေ့မြင်ခဲ့ရပေသည်။ သူမ၏ ခရီးစဉ်အပေါ်စိတ်ခံစားချက်များကိုလည်းအခုလိုပြောကြားပေးခဲ့သည်။
မရတနာထွန်း(မြန်မာတိုင်းဂျာနယ်)
ဒီခရီးစဉ်က စာနယ်ဇင်းဂျာ နယ်လစ်ဇင်သင်တန်းအနေနဲ့ မဟုတ်ဘဲနဲ့ ကိုယ့်အတွက်လည်း အကျိုးရှိမယ်၊ ဒီအိန္ဒိယနဲ့ပတ်သက်တဲ့အကြောင်းတွေကို အင်တာနက်တွေပေါ်မှာ Blog တွေကနေပဲ သိရတယ်။ အခုဟာက ကိုယ်တိုင် မြင်ရသိရတယ်ဆိုတော့ ကိုယ်တွေးထားထင်ထားတွေနဲ့က ဟုတ်တာလည်းပါတယ်။တချို့လည်း မဟုတ်ဘူးပေါ့နော်။ သင်တန်းနဲ့ပတ် သက်လို့ကတော့ သူတို့က အစုံသင် တာပဲလေ။ ကိုယ့်အတွက်ကတော့ Print Media ပိုင်းဆိုရင် စိတ်ဝင် စားတယ်။တခြား Subject တွေထက် ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် တခြာှးကဘနြခအ တွေကျတော့လည်း အစိမ်းသက်သက်မဖြစ်ဘူး။ ရင်းရင်းနှီးနှီးပဲလေ။ ကိုယ်ကဒီဟာတွေ မြင်နေ ကျဆိုပေမယ့်လည်းလုပ်တာကိုင်တာတွေတော့ မသိဘူးလေ။ သူတို့ပြောပြ လိုက်တဲ့အခါကျတော့ ဒီ Broadcast media ဆိုတာကတော့ ကိုယ့်အတွက် တင်မဟုတ်ဘူးလေ။ အကုန်လုံးအတွက် အကျိုးရှိတယ်။ ဒါကတော့ ပါဝင်တဲ့ တစ်ယောက်ချင်းစီအတွက် အကျိုးအမြတ်ရှိတယ်လို့ ထင်တယ်။ နောက်ပြီးတော့ ဂျာနယ်လစ်တွေက media ပေါင်းစုံဂျာနယ်ပေါင်းစုံကနေမှ အခုလို ခရီးအတူ ထွက်ရတာဆိုတော့ ကိုယ့်ရဲ့အလုပ် Nature တင်မဟုတ်ပဲနဲ့ သူများရဲ့အလုပ် Nature တွေလည်း တွေ့ရတယ်။ ဥပမာ တီဗီကလူတွေပါမယ်။ စာပေစိစစ်ရေးက လူတွေပါမယ်။ တခြားပြန်ကြားရေးက လူတွေလည်းပါမယ်။ အရင် တုန်းကဆိုရင် သူ့အလုပ်သဘာဝ ကိုယ်က မသိဘူး။ ကိုယ့်အလုပ်သဘာဝ သူကမသိဘူး။ ဒါပေမယ့် ဒီခရီးစဉ်အတူ ထွက်လိုက်တဲ့ အခါကျတော့ သူတို့ကလည်း ကိုယ်တွေဒီလို လုပ်ကိုင်နေရပါလား။ ကိုယ်ကလည်း သူတို့တွေ ဒီလိုလုပ် ကိုင်နေရပါလား ဆိုတာကိုသိရတယ်။ နောက်တစ်ချက်က ကျတော့ ဒီအိန္ဒိယကို စရောက်ရောက်ချင်းကတော့ ဘယ်လိုခေါ်မလဲ ထင်တာပေါ့။ တခြားနိုင်ငံတွေနဲ့ တအားကွာနေတယ်ပေါ့နော်။ ဒါပေမယ့် အိန္ဒိယကို စရောက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက ခုနကပြောသလိုပေါ့။ ဆိုင်ကယ်တွေအများကြီး မြင်လိုက်တယ်။ မန္တလေးရောက်သွားသလိုပေါ့။ ဥပမာ အိမ်ပုံစံတွေ သူတို့ရဲ့ လူနေမှုအဝတ်အစား ဒါတွေပဲ ကွာချင်ကွာမယ်။ ဒါပေမယ့် သဘာဝပတ်ဝန်း ကျင်ဘာညာကတော့ ကိုယ့်တိုင်းပြည်နဲ့ အတူတူပဲ။ တစ်ယောက်နဲ့ တစ်ယောက် နည်းပညာပိုင်းတွေကြောင့်သာ လူတွေရဲ့ တိုးတက်မှုတွေကြောင့်လည်း ကွာသွားပေမယ့် အခြေခံလူတွေ အားလုံးကတော့ အတူတူပဲ၊ အိန္ဒိယတွေရဲ့စိတ်က အကုန်လုံးတော့ မဟုတ်ဘူး။ ကိုယ်တွေ့ခဲ့၊ ဆုံခဲ့ရတဲ့ လူကနေတစ်ဆင့် သိသာမြင်သာတာက သူတို့ကိုယ်သူတို့ တအားအထင်ကြီးကြတယ်။ တအားအထင်ကြီး တယ်ဆိုတာက ကောင်းသော အထင်ကြီးခြင်းပေါ့နော်။ ဒါမျိုးက ရှိသင့်ပါတယ်။ ဒါက သူတို့ရဲ့ ကောင်းတဲ့အချက်ပေါ့နော်။ ကိုယ်ကနောက်ပြီးတော့ Entertainment တွေ Life Stye တွေကို ကိုယ်ကရောက်ရာ အရပ်မှာ အမြဲတမ်း သတိထားပြီး ကြည့်နေတာ သူတို့တွေက ကျန်းမာရေးလိုက်စားမှု အပိုင်းမှာ တော်တော်လေး အားနည်းတယ်ပေါ့။ နေရာတကာမှာ တွေ့နေရတာ အားကစားစင်တာဆိုတာ တော်တော်နည်းတယ်။ လူချမ်းသာပိုင်းတွေတောင် သွားကြတဲ့ပုံမပေါ်ဘူး။ တစ်ခုကောင်းတာက သူတို့က သူတို့ရဲ့ ရိုးရာဝတ်စုံတွေ ကိုတော့ မြတ်မြတ်နိုးနိုးနဲ့ ဝတ်ကြတယ်။ အဲဒါလေးတစ်ခုက တော်တော်လေးကို လေးစားဖို့ကောင်းပါတယ်။ ကိုယ်တွေတောင်မှ သူတို့နိုင်ငံကိုသွားတဲ့အခါမှာ ရိုးရာချည်ထည်တွေကို ဝတ်ဖြစ်ချင်မှဝတ်ဖြစ်မယ်။ သူတို့ကတော့ နေပူပူမိုးရွာရွာ ဆာရီကြီးတွေကို ပတ်ပတ်ပြီးတော့ သွားလာနေကြတာပဲလေ။ သူတို့ရာသီဥတုဆိုလည်း တအားပူတာလေ။ ဒါကတော့ ကောင်းတဲ့အချက်လို့ ထင်ပါတယ်။ သွားခဲ့တဲ့ခရီးစဉ်တွေထဲမှာ တာ့ခ်ျမဟာကိုလည်း ရောက်ခဲ့တယ်။ ထင်ရှားတဲ့နေရာ အများကြီးကိုလည်း ရောက်ခဲ့တယ်။ အကြိုက်ဆုံးက Hero Honda စက်ရုံကိုအကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကုမ္ပဏီကြီးတွေရှိတာပဲလေ။ ကုမ္ပဏီတွေ ဘယ်လိုလည်ပတ်တယ်။ အလုပ်လုပ်တယ် ဆိုတာ မသိဘူး။ နောက်ဆုံး သူတို့ရှင်းပြတဲ့ဟာကလည်း သူတို့ Product ကို ပြည်သူက စိတ်ဝင်စားအောင်ပေါ့၊ ဝယ်တဲ့သူက စိတ်ဝင်စားအောင်ပေါ့။ ဒီလိုပုံစံမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ လုပ်ငန်းစဉ်တွေ သူတို့ဘယ်လိုလုပ်တယ် ဆိုတာတွေ ပြောပြလိုက်တဲ့အခါကျတော့ နည်းနည်းအထင်ကြီးစရာ အချက်ကလေးတွေ တွေ့ရတယ်။ သူဌေး ပြောသလိုပေါ့။ မော်တော်ဆိုင်ကယ်တွေ အများကြီး ထုတ်လုပ်နေတဲ့ စက်ရုံတစ်ခုထဲမှာ မူလီတစ်ခု အောက်ကျတာကိုတောင် မတွေ့ရဘူး ဒါက စည်းကမ်းနဲ့ဆိုင်တယ်။ ဒီလောက်စည်းကမ်းကြီးတဲ့ ကုမ္ပဏီကြီး ဖြစ်လာတာလည်း ကိုယ့်အတွက်က သင်ယူစရာ၊ လေ့လာစရာတွေပေါ့။ ထူးထူးခြားခြား ဒီစက်ရုံ ဝန်ထမ်းတွေအတွက် လအလိုက် စက်တင်ဘာမွေးသူများ၊ အောက်တိုဘာ မွေးသူများဆိုပြီး Happy Birthday List ပေါ့နော်။ နေ့စွဲတွေနဲ့ အတိအကျ ဝန်ထမ်းတွေအပေါ်ကို ဂရုစိုက်မှုပေါ့။ အဲဒါလေးကတော့ လေးစားဖို့ကောင်းပါတယ်။
ဆုကဗျာတွေ့ဆုံမှတ်တမ်းတင်သည်။

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009