အနုပညာရှင်နှင့် Facebook အကျိုးဆက် (၁၀)

အင်တာနက် သုံးစွဲသူတိုင်း၊ စွဲလမ်းနှစ်သက်နေကြဆဲ နှစ်သက်နေကြဆဲ Facebook Platform မှာ စာရေးဝါသနာပါသူများနှင့် Professional စာရေးဆရာများ အတွက် အသုံးပြုနိုင်သော'' Facebook Notes ''ကို (၂ဝဝ၆)ခုနှစ်၊ သြဂုတ်(၂၂)ရက်မှာ စတင်ပြီး မိတ်ဆက် လာခဲ့တာကြောင့် ယခု (၂ဝ၁ဝ)ပြည့်နှစ် ကာလ အတွင်းမှာပင် တွင်ကျယ်စွာ အသုံးပြုလာသူများအား ထိရောက်သော လုပ်ဆောင်ချက်များ ဖန်တီးပေးလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
(၂ဝဝ၈)ခုနှစ်၊ ဧပြီ (၇)ရက်မှာလည်း၊ Facebook အသုံးပြုရင်း Chat Room မှ စကားပြောနိုင်အောင် တီထွင် စမ်းသပ်မှုမှသည် ယခုအခါ Facebook , E-Mail , IMS,SMS များကို အသုံးပြုလာနိုင်ရန် အနေအထား အထိ တိုးတက်လာတော့မယ်လို့ သိရှိနေရတာကလည်း အားရစရာကောင်းလှပါတယ်။ Facebook ၏ C.E.O မစ္စတာမာခ်ဇက်ကာဘာ့စ်မှ ဆန်ဖရန်စစ္စကိုတွင်ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါစနစ်သစ်ကို '' E-Mail Killer'' '' ဟု အမည်ပေးထားသည့်၊ E-Mail ပါဝင်သော Messaging System သစ်တစ်ခုဖြစ်ကြောင်း၊ Microsoft ၏ Office Web Apps ဝန်ဆောင်မှုပါဝင်ခြင်းကြောင့် Word, Excel နှင့် Power Point Attachment များကို Microsoft Software ထည့်သွင်းရန်မလိုဘဲ Facebook User များ စိတ်ကြိုက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ Facebook ရဲ့ Messaging System မှာ ရိုးရှင်းပြီး တစ်ကိုယ်ရည် အသုံးပြုနိုင်အောင်ဖန်တီးထားတာကြောင့် အသုံးပြုသူများ အနေနဲ့ မိမိတို့ရဲ့ Username နဲ့ E-mail လိပ်စာတူညီခြင်းရှိမရှိကို စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း သိရှိရပါတယ်။ ယခုတစ်ပတ်ရဲ့ Facebook Platform ပေါ်မှာ လျှောက်လှမ်းလာခဲ့ကြသူလေးနှစ်ဦးကတော့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေနဲ့ မြန်မာ့ပထမဆုံး Miss Asean ဆုရ မအိရူပါဝင်းတို့ပဲဖြစ်ကြပါတယ်။
သရုပ်ဆောင်အဆိုတော်ချစ်သုဝေ
Facebook မှာ ထရီဇာ့နာမည်လေးနဲ့ သုံးနေတာကလေ Treza အစစ် မဟုတ်ပါဘူး။ ထရီဇာ့ကို ချစ်တဲ့ တစ်ယောက်ယောက်က အလုပ်ရှုပ်ခံပြီး လုပ်ပေးနေတာပေါ့နော်။ ဒါပေမဲ့ ထရီဇာ့သူငယ်ချင်းတွေ ပြန်ပြောတာကတော့ သူက အကုန်လုံးကို လုပ်ပေးနေတာတဲ့။ ဆိုးဆိုးရွားရွား နှောင့်ယှက်တာမျိုးတော့ မဟုတ်တော့ သူစေတနာနဲ့ ထရီဇာ့ကိုချစ်လို့ လုပ်ပေးတာဆိုပြီး ဒီအတိုင်းလေး ကြည့်နေရတာပေါ့နော်။ ဘယ်သူမှန်းလည်း သိမှမသိတာ။ အကယ်၍ အကြောင်းတစ်ခုခုကြောင့် စာမပြန်တာ၊ ပြန်မပြောတာဆိုရင် ထရီဇာမဟုတ်ပါဘူးလို့၊ တမျိုးတော့ မထင်ကြပါနဲ့လို့၊ ထရီဇာ ဘာမှ မသိရဘူးပေါ့နော်။ Facebook က ထရီဇာ့ Account လည်း မဟုတ်ဘူး။ ထရီဇာ Facebook လည်း မသုံးတတ်ဘူး။ ဘာလို့မသုံးဖြစ်တာလဲဆိုတော့ အဓိက မလုပ်ဖြစ်တာက ထရီဇာ့မှာ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေ တာလေ။ ကိုယ့်ပရိသတ်က ချစ်လို့ခင်လို့ စကားပြောတဲ့ အခါ၊ သူတို့ပုံတွေတောင်းတဲ့အခါ ကိုယ်က အလျင်မီ အောင်မတင်ပေးနိုင်မှာလည်းစိုးတယ်။ သူတို့ကို စကား ပြန်မပြောရင် သူတို့စိတ်ထဲမှာ တစ်ခုခုတစ်မျိုးထင်သွား မှာလည်းစိုးတယ်။ အချိန်အခက်အခဲကြောင့် Facebook ကိုမသုံးမိတာပါ။ ဖုန်းဆက်ရင်တော့ ကိုယ်ကပြန်ပြော ပါတယ်။ ကိုယ်အလုပ်လုပ်နေတာကလည်း ပရိသတ်အတွက်လုပ်နေတာပဲလေ။ ထရီဇာ့မှာ ဒီလို Facebook တင်ပြီး စကားတွေမပြောနိုင် တာပဲရှိတယ်။ တကယ်လို့ Facebook ပေါ်မှာ Reply ပြန်မရရင် စိတ်မဆိုးကြပါနဲ့လို့။ အဲဒါဟာ ထရီဇာမဟုတ်ပါဘူးလို့။ ထရီဇာနဲ့ကလေးတွေ တွဲလိုက်ရင် သူတို့ရဲ့ပုံလေးတွေက ထရီဇာ့ဆီမှာကူးသွားသလို၊ ထရီဇာ့ ပုံလေးတွေကလည်း ကလေးတွေဆီမှာ ကူးသွားတယ်။ ကလေးတွေနဲ့ အရမ်း Match ဖြစ်တယ်လို့ ပြောတဲ့အပေါ်မှာ ထရီဇာခံစားချက်ကလေ ပျော်တယ်သိလားဆုရယ်။
မေတ္တာဆိုတာ ရောင်ပြန်ဟပ်တော့လေ ထရီဇာက ကလေးတွေကို ချစ်တော့ သူတို့အမူအရာလေးတွေ၊ သူတို့ ပြောတဲ့စကားတွေ ပြီးတော့ ကလေးနဲ့တူသောကလေးတိုင်းကို ထရီဇာချစ်တယ်။ သူတို့နဲ့ အလုပ်လုပ်ရရင်လည်း ပျော်တယ်။ သူတို့စိတ်ထဲမှာ အနုပညာကို တကယ်ချစ်တဲ့စိတ်ကလေးတွေ၊ ထရီဇာကိုချစ်တဲ့ ကလေးတွေကိုတွဲပြီး ကတယ်ဆိုတာက သူတို့ကိုယ်တိုင်က အနုပညာကို တကယ်ချစ်ပြီး ငယ်ငယ်ထဲက experience လေးရှိခဲ့ပါလား။ သူတို့အတွက် record ကောင်းကောင်းလေး ဖြစ်စေချင်တယ်။ အဲဒါကြောင့်မို့ ထရီဇာ သူတို့နဲ့ အမြဲလက်တွဲလုပ်တာပါ။ ကလေးတွေနဲ့ အလုပ်လုပ်ပေမယ့် Respect လေးထားတယ်။ သူငယ်ချင်းတွေလိုပဲပေါ့နော်။
အခု Facebook ပေါ်က Chit Thu Wai ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သူကကောင်းသော လုပ်ဆောင် ချက်တွေနဲ့ Treza အပေါ်မှာ လုပ်ဆောင်ပေးနေတာကြောင့် ပရိသတ်ရဲ့မေတ္တာတွေကို တစ်ဆင့်ပြန်ရခဲ့တာပါ။ မကြာခင် မှာ Treza ရဲ့ တစ်ကိုယ်တော်အခွေလေးကို အားပေးဖို့ကိုလည်း မျှော်လင့်ထားပါတယ်။
Miss Asean အိရှုပါဝင်း
Facebook မသုံးခင်က Friendster ကို သုံးဖြစ်ခဲ့ပါ တယ်။ အိရဲ့ အဝေးရောက်သူငယ်ချင်းတစ်ယောက်က သူ့ သူငယ်ချင်းတော်တော်များများက Friendster ထက် Facebook ကို ပိုသုံးဖြစ်လာတာမို့ သုံးကြည့်ပါလားလို့ ပြော တာနဲ့ပဲ သုံးဖြစ်သွားတာပါ။ Social Network Sites တွေ သုံးဖြစ်တဲ့အဓိကရည်ရွယ်ချက်က နိုင်ငံခြားကိုရောက်နေတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ Update သတင်း တွေသိနေရပြီး၊ အမြဲတမ်း အဆက်အသွယ်ရနိုင်ဖို့လေ။ ဒါနဲ့ပဲ Facebook ကို ရောက်ဖြစ်လာတယ်။ သူငယ်ချင်း အားလုံးကလည်း Facebook မှာပဲရှိနေတယ်။ အဲဒါကြောင့် အိလည်းသုံးဖြစ်သွားတာပါ။ Facebook သုံးရခြင်းရဲ့ အကျိုး ဆက်ကတော့ မိတ်ဆွေတိုးတာပေါ့လေ။ ကိုယ်နဲ့ အပြင်မှာ မဆုံဘူးတဲ့ နာမည်လောက်ပဲ ကြားဖူးတဲ့သူတွေ၊ ကိုယ်ရင်းနှီးတဲ့သူတွေရဲ့ မိတ်ဆွေတွေဖြစ်နေရာက တစ်ဆင့် ကိုယ့်မိတ်ဆွေစာရင်းထဲ ဝင်လာတာမျိုးပေါ့။ ဆိုးကျိုးရယ်လို့ မဆိုချင်ပေမယ့် ကိုယ့်နာမည်နဲ့ အင်တာနက် စာမျက်နှာတစ်ခု၊ အင်တာနက်ထဲရောက်သွားပြီ ဆိုတော့ ကိုယ့်အကြောင်းကို ဘယ်သူက သိချင်သိချင် အင်တာနက်ပေါ် တက်ရှာရုံနဲ့ သိနိုင်တာမျိုးပေါ့။ ကောင်းကျိုး၊ ဆိုးကျိုးရယ် ဆိုတာ နေရာတိုင်းမှာ ရှိတာမို့ ဒီလိုမျိုးလူတိုင်းက ကိုယ့်အကြောင်းသိမြင်နိုင်တဲ့ Social Network Sites တွေကို သုံးတော့မယ်ဆိုရင် သတိဆိုတာ ပိုတယ်မရှိပါဘူး။ Site ရဲ့ Privacy Settings တွေကို သေချာလေ့လာပြီး အဲဒီ Site ထဲကို ကိုယ်ပေးလိုက်မယ့်၊ ကိုယ်တင်လိုက်တဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို သေချာစိစစ်ဖို့လိုပါတယ်။ ကိုယ့်အတွက် လုံခြုံမှုရှိအောင် ကိုယ်တိုင်ပဲ ဂရုစိုက်ရမှာပါ။
တွေ့ဆုံမှု၊ ရင်းနှီးမှုအတွက်ဆိုရင် အခုအချိန်မှာ Facebook က၊ ရာခိုင်နှုန်း တော်တော်များများ ကူညီပေးနေပါတယ်။ Phone, e-mail နဲ့ Facebook က အိအတွက် ကူညီပေးနေတဲ့ အရာတွေပေါ့။ နီးတဲ့သူတွေကို ဖုန်းနဲ့၊ ဝေးတဲ့ သူတွေအတွက်ကတော့ E-mail နဲ့ Facebook ပေါ့။ င်္Facebookု ရဲ့ အားသာချက်က ဓာတ်ပုံလေးတွေကိုပါ ကြည့်လို့ရပြီး သူငယ်ချင်းတွေရဲ့ လက်ရှိအခြေအနေတွေ၊ သူတို့တတွေထဲက ဘယ်သူတွေကတော့ ဘယ်မှာဆုံဖြစ်ကြတယ်လို့၊ ဘယ်သူက ဘာလုပ်နေပြီတို့စတာတွေက သူတို့ရဲ့ Facebook နံရံကိုသွားကြည့်တာနဲ့ သိနိုင်တယ်။ မအားလို့ စကား မပြောဖြစ်ရင်လည်း ကိစ္စမရှိတော့ဘူး။ သူတို့အကြောင်း၊ ကိုယ့်အကြောင်း၊ လက်ရှိဘာတွေလုပ်ဖြစ်နေလဲ သိရဖို့ အချိန်လေးနည်းနည်းပေးပြီး Facebook စာမျက်နှာကိုသွားဖတ်တာနဲ့ သိနိုင်တာ။ ကိုယ်ပြောချင်တာလေးတွေရှိရင်လည်း ရေးထားပေးခဲ့ရုံပဲ။ သူအားတဲ့အချိန်၊ ကိုယ်အားတဲ့အချိန်လည်း မတူနိုင်ဘူးလေ။ နောက်ပြီး နေ့,ည အချိန်ကွာခြားချက် နဲ့တင် ကိုယ်သူငယ်ချင်းတွေနဲ့ အင်တာနက်ပေါ်မှာ တစ်ချိန်တည်း ဆုံနိုင်ဖို့ဆိုတာ လွယ်မှမလွယ်တာ။ အခုလို Facebook ရှိနေတော့ တစ်ယောက်နဲ့တစ်ယောက် သိပ်အဆက်အသွယ်မပြတ်တော့ဘူးပေါ့။ နောက် မြန်မာစာကို ကွန်ပျူတာမှာရိုက်လို့ရအောင် တီထွင်ပေးတဲ့သူတွေကြောင့် အင်တာနက်သုံးပြီးဆက်သွယ်ရာမှာ ပိုအဆင်ပြေသလို ပိုလည်းအားရတယ်။
ဓာတ်ပုံတွေ တင်ဖြစ်တာကလည်း ကိုယ်ကြိုက်တဲ့ပုံလေးတွေနဲ့ အမှတ်တရ ဖြစ်စေတဲ့ ပုံလေးတွေကို Facebook က မိတ်ဆွေတွေနဲ့ မျှဝေချင်လို့ တင်ပေး ဖြစ်ပါတယ်။ သူငယ်ချင်းတွေက ကြည့်ချင်တယ် ဆိုရင်လည်း တင်ပေးဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းမှာ ပုံအသစ်တွေ မတင်ပေးနိုင်သေးလို့ သူငယ်ချင်းတွေကို အားနာနေရတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေ ကတော့ အိပါတဲ့ ပုံလေးတွေ တင်ပေးပြီး Tag လုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။
အင်တာနက်လို့ ဆိုလာတော့ ကျယ်ပြန့်သွားပြီနော်။ အနုပညာရှင်ပဲ ဖြစ်ဖြစ်၊ အပြင်မှာ သုံးကြတဲ့ သူတွေပဲဖြစ်ဖြစ်၊ သုံးဖြစ်တဲ့ ရည်ရွယ်ချက် လည်းကောင်း၊ ကိုယ်အသုံးပြုတဲ့ Site တွေကလည်း လုံခြုံမှုရှိပြီး စိတ်ချရရင်လည်း ပိုကောင်းမယ့်အပြင် ကိုယ်တင်ပေးလိုက်မယ့် အချက်အလက်တွေက ကိုယ့်ကိုရော၊ တစ်ပါးသူကိုရော မထိခိုက်စေရင် ယေဘုယျအားဖြင့် ကောင်းမယ်လို့ထင်ပါတယ်။ အင်တာနက်ကို အသုံးပြုတဲ့သူတွေရဲ့ ရည်ရွယ်ချက်တွေ ကတော့ တစ်ဦးနဲ့တစ်ဦး မတူနိုင်သေးဘူးလေ။ အနုပညာရှင်တွေ ဆိုရင်တော့ ကိုယ်ချစ်ခင်လေးစား မြတ်နိုးတဲ့ ကိုယ့်ရဲ့ကျေးဇူးရှင် ပရိသတ်နဲ့ Online ကနေ တစ်ဆင့် တိုက်ရိုက်ထိတွေ့နိုင်တဲ့ မီဒီယာတစ်ခုပေါ့။ အဲဒီမှာ ဘာတစ်ခုရှိလည်း ဆိုတော့ Site အတုတွေ ပေါ်လာတာမျိုးပေါ့။ ကိုယ့်ရဲ့ အချက်အလက်တွေ၊ ပုံတွေတင်ပြီး တစ်ခြားသူတစ်ဦးက ကိုယ်လို ဟန်ဆောင်နိုင်တယ်။ တချို့ကတော့ ရည်ရွယ်ချက် ကောင်းပါတယ်။ ပွင့်လင်းစွာဖွင့်ဟလို့ ဘယ်သူ့ရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး ဒီစာမျက်နှာကို ဘယ်သူ့ကိုယ်စား ဖန်တီးပါကြောင်း ပြောပြထားတယ်။ အဲဒီ အနုပညာရှင် ကိုယ်စား Fan Club တစ်ခုထောင်တယ်ပေါ့။ အဲဒီ အနုပညာ ရှင်တွေအနေနဲ့ ကိုယ်တိုင်အမြဲသုံးတဲ့ ပရိသတ်အတွက် Site တစ်ခုကို အားလုံးသိအောင် အသိပေးထားရင် ကိုယ့်ကိုချစ်တဲ့ ပရိသတ်နဲ့ မှန်ကန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ဖန်တီးနိုင်ပါတယ်။ တခြား အသုံးဝင်တာတွေ ကတော့ ကိုယ်အသုံးချတတ်သလို အများကြီးပါပဲ။ ပညာရေးအတွက်လား၊ သတင်းလား၊ ဖက်ရှင်ရေစီးကြောင်းလား၊ စီးပွားရေးအတွက်လား၊ ဖျော်ဖြေရေးသက်သက်လား၊ ဘာသာရေးအသိပညာ တိုးပွားဖို့လား၊ အစားအသောက်နဲ့ ကျန်းမာရေး အတွက်လား။ ဝါသနာတူသူ၊ လုပ်ငန်းတူသူတွေနဲ့ အတွေ့အကြုံတို့ အတွေးအမြင်တို့ ဆွေးနွေးဖလှယ်ဖို့လား။ ဒါမှမဟုတ် ကိုယ်တိုင်ကိုက သူတစ်ပါးကို အသိပေးသမျှဝေလိုလို့လား။ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဓိက,ကတော့ အကျိုးရှိအောင်သုံးရင် သုံးတတ်သလောက် အကျိုးရှိမှာမို့ အင်တာနက်သုံးကြတာ လူတိုင်းအတွက် ကောင်းပါတယ်လို့ အကောင်းမြင်တဲ့စိတ်နဲ့ ဖြေပေးလိုက် ပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ အင်တာနက် ကောင်း,မကောင်းဆိုတာ သုံးစွဲသူအပေါ် ရာနှုန်းတော်တော်များများ မူတည်နေလို့ပါ။ အင်တာနက်ထဲမှာ သတင်းမှန်တွေ ရှိသလို၊ သတင်းမှားတွေလည်း ပါနိုင်တာပါပဲလေ။ အကောင်းဖက်ကို ပို့ပေးတဲ့ စာမျက်နှာတွေရှိသလို အဆိုးဖက်ကို ဆွဲဆောင်သွားတဲ့ စာမျက်နှာ တွေကလည်း အများကြီးပါ။ ကိုယ်တိုင်က ချင့်ချိန်တတ်ရပါမယ်။ အိတို့ မြန်မာလူငယ်တွေ အင်တာနက်ကို အမြဲအကျိုးရှိ အောင် သုံးစေချင်ပါတယ်။ Social Network နဲ့ Chatting တွေ သုံးတဲ့အခါမှာ ကွန်ပျူတာနောက်ကွယ်က တစ်ဖက်လူကို ကိုယ်ကမြင်ရတာ မဟုတ်ဘူး ဆိုတာကို မေ့မထားစေချင်ပါဘူး။ ရိုးသားတဲ့သူတွေရှိသလို၊ မရိုးသားတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အခုခေတ်မှာ ကလေးငယ်လေးတွေကအစ အင်တာနက်ကို သုံးဖို့အခွင့်အရေး ရလာပါပြီ။ ချင့်ချိန်ဆုံးဖြတ်မှု အားနည်းနေသေးတဲ့ အရွယ် လေးတွေကတော့ လူကြီးတွေရဲ့ ထိန်းသိမ်းလမ်းညွှန်မှုလိုအပ်နေဦးမှာပါပဲ။ ဒီလိုမှ မဟုတ်ရင် မလိုလားအပ်တာ လေးတွေ ဖြစ်လာနိုင်ပါတယ်လို့ အိပြောချင်ပါတယ်။ အိရဲ့ Facebook မှာ အဝေးရောက်ဆွေမျိုးတွေ၊ ညီအစ်ကို မောင်နှမဝမ်းကွဲတွေ၊ ဆရာသမား၊ ကျောင်းတူ၊ အတန်းတူသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိရဲ့ မိတ်ဆွေတွေ အများကြီးရှိပါတယ်။ Online ပေါ်က မိတ်ဖွဲ့တယ် ဆိုတာကလည်း ခင်မင်မှုတစ်မျိုးပါပဲ။ ခင်မင်ရင်းနှီးမှုဆိုတာ တစ်ဦးအပေါ်တစ်ဦး လေးစားမှုလေးနဲ့ စသင့်တယ်လို့ ထင်ပါတယ်။
အင်တာနက်နှင့် Facebook အသုံးပြုပုံများရဲ့ ကောင်းခြင်း၊ ဆိုးခြင်းများစွာကို အသေးစိပ်ဖြေကြား ပေးသွားခဲ့တဲ့ Miss Asean ဆုရှင် မအိရှုပါဝင်းမှာ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားနေသူဖြစ်ပြီး၊ ဇွန်လ (၁၈)ရက်နေ့မှာတော့ သူမရဲ့မင်္ဂလာပွဲကို မြန်မာနိုင်ငံသို့ ပြန်လည် လာရောက်ကာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
အနုပညာရှင်နှင့် Facebok အကျိုးဆက်ဆောင်းပါးများကို အပိုင်း(၁ဝ)ပိုင်းအထိ ရေးသားပြီးစီးချိန်တွင် User များထံမှ သုံးသပ်ဝေဖန်ချက်များစွာကို သိရှိခဲ့ရတာကြောင့် စာရေးသူမှာလည်း ဗဟုသုတများ တိုးပွားခဲ့ရပါတယ်။ အနုပညာရှင်များစွာမှာ အမှန်တကယ်အသုံးပြုကြသူများရှိသလို၊ ပရိသတ်များမှ ကိုယ်စား အသုံးပြုပေးကြသူများကိုလည်း Facebook ပေါ်မှာတွေ့မြင်နေရတာကြောင့် Facebook သည် စွဲစွဲလမ်းလမ်း အသုံးပြုသူများအတွက် မရှိမဖြစ် Platform အသွင်ဆောင်လာတာကိုလည်း သုံးသပ်နားလည် မိခဲ့ပြန်ပါတယ်။
ဆုကဗျာ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009