သံမဏိလှေကား


နက်စောစောအိပ်ရာမှနိုးလာကတည်းကသည်ကနေ့အတွက် သူကံကောင်းမည့်နေ့ဟု ရဲရဲဝံ့ဝံ့ မှတ်ချက်ချလိုက်မိသည်။ အဘယ် ကြောင့် ဆိုသော် အိပ်မက်ကသိပ်ကောင်းနေသည်။ ရေထဲတွင် မြွေငန်းကြီး များဆယ်ကောင်ထက်မနည်းဘဲ ဆော့ကစားနေကြသည်။ သူ ကြောက်လန့်တကြား  ထိုင်ကြည့်နေသော်လည်း တစ်ကောင်မျှ သူ့ကို အန္တရာယ်မပြုကြခြင်းမှာထူးခြားလှသည်။ ကမန်း ကတန်းပင်ခေါင်းရင်းထက်ရှိ စာအုပ်ပုံထဲမှ ၀ံသာနုဦးပျိုင်၏ အိပ်မက်အယူစာအုပ်ကို လှန်ဖတ် ကြည့်လိုက်သည်။ ချမ်းသာရောက်အံ့တဲ့ . . .
သူ ကျေကျေနပ်နပ်ကြီးပြုံးလိုက်မိသည်။ ကဲ ဘယ်လိုပဲဖြစ်ဖြစ် ယနေ့အတွက် အားအင်အသစ် တွေနဲ့ လုပ်ငန်းစလိုက်ဦးမယ်။

အခန်း(၁)

ကျွီခနဲမြည်၍ပွင့်လာလျှင်လာချင်း ရဲဝံ့စွာဖြင့် ယုံကြည်မှုပြည့်သော ခြေလှမ်းများဖြင့် တံခါးဝ ဆီမှ လမ်းလျှောက်လာသောလူငယ်သည် တည်ကြည်ခံ့ညားသောအသွင်ရှိသည့် ပုဂ္ဂိုလ်ကြီး၏ ရှေ့တည့်တည့်တွင် ရို့ကျိုးစွာဝင်ထိုက်လိုက်သည်။ သြဇာဟန်အပြည့်ပါသောအသံဖြင့် ပုဂ္ဂိုလ်ကြီးက ငြိမ်သက်မှုကိုဖောက်ခွင်းလိုက်သည်။
“ဘာကြောင့် ဒီအလုပ်ကိုရွေးချယ်ရတာလဲ
လူငယ်ကပြတ်သားသောဟန်ဖြင့်  . . .
“အဓိက,က ၀ါသနာကြောင့်ပါခင်ဗျာ
ပုဂ္ဂိုလ်ကြီးက ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း  . . .
မောင်ရင်က တို့တိုက်မှာ စာမူတွေခဏခဏလာပို့ပေးနေကြဆိုတော့ မောင်ရင်ကိုတော့ မျက် မှန်းတန်းမိပါတယ်။ ဒါပေမဲ့ တို့တစ်ပုဒ်မှမရွေးဖူးဘူးနော်။ ဒါနဲ့တောင် ဘာကြောင့် အကြိမ်ကြိမ် ထပ်ပို့နေရတာလဲ
“ဟုတ်ပါတယ်ခင်ဗျာ၊ ရွေးတာမရွေးတာ အယ်ဒီတာကြီးရဲ့အပိုင်းပါ၊ ၀ါသနာအရကြိုးစားပြီး ရေးရမှာ ကျွန်တော့်အပိုင်းပါ၊ အခုလည်းReporter တစ်ယောက်လိုတယ်အသံကြားလို့ ကျွန်တော် ကြိုးစားကြည့်တာပါခင်ဗျာ
သူ့အဖြေကြောင့် ပုဂ္ဂိုလ်ကြီးက ကျေနပ်သွားဟန်ဖြင့်ပြုံးပြနေသည်။ ကောင်းပြီ။ မောင်ရင့် မှာ စာပေစိတ်အပြည့်အ၀ရှိမယ်လို့မျှော်လင့်ပါတယ်။ မင်းသမီးလေး သီရိရွှေစင်ကိုသိတယ်မဟုတ် လား။ စာမေးပွဲစစ်တဲ့အနေနဲ့ သူ့ကို အင်တာဗျူးလုပ်ခဲ့ရမယ်။ တို့ဂျာနယ်တိုက်ရဲ့နာမည်ကိုသာ ပြောလိုက် ဒီကလည်း ဖုန်းဆက်ပေးထားမယ်။ ဟုတ်ပြီလား
အယ်ဒီတာချုပ်၏စကားအဆုံးမှာတော့ ဖိုားဏ်တစ်ယောက် ထခုန်မိမတတ်ပျော်ရွှင်သွားတော့ သည်။ သူ့ကို Assignment  အစမ်းပေးနေပြီ . . .
ဟာ!ဒါဆို သူ စာနယ်ဇင်းသမားတစ်ယောက် ဖြစ်ခွင့်ရတော့မှာပေါ့။ သူ အိပ်မက်များ လက်တွေ့အကောင်အထည်ဖော်ခွင့်ရတော့မည် . . .
ကျေးဇူးတင်စကား ဘယ်နှစ်ကြိမ်လောက်ပြောဖြစ်ခဲ့သလဲမသိနိုင်လောက်အောင်ပင် စိတ်လှုပ်ရှား မှုကြောင့် အယ်ဒီတာချုပ်ကို ဦးအကြိမ်ကြိမ်ညွှတ်ပြနေမိသည်။
ရုံးခန်းထဲမှသူထွက်လာတော့ ပခုံးထက်၌လွယ်ထားသောလွယ်အိတ်စုတ်လေးထဲသို့လက်နှိုက် လိုက်သည်။
Recorder  ဟောင်းလေးတစ်လုံး . . .
အဟောင်းဆိုသော်လည်း အဆောင်နေသူငယ်ချင်းဖြစ်သူထံမှ ဈေးအသင့်အတင့်နှင့်ရလိုက်သော အသံဖမ်းကက်ဆက်လေးအတွက် သူတစ်လလုံးလုံးထမင်းတစ်နပ်သာစားခဲ့ရသည်။ သူ ၀ါသနာပါ လှသော စာနယ်ဇင်းအလုပ်အတွက် တစ်ချိန်ချိန်မှာ မရှိမဖြစ်လိုအပ်မည်ဟုယူဆထားပြီး ကြိုတင် ၀ယ်ထားသော ကက်ဆက်လေးအတွက် ပထမဦးဆုံးဈေးဦးဖောက်မည့်မင်းသမီးလေး၏နေအိမ်သို့ သွားရန်အတွက် ကားမှတ်တိုင်သို့ အားအင်အပြည့်ဖြင့် လှမ်းလာခဲ့သည်။
ရှပ်အင်္ကျီအဖြူနွမ်းနွမ်းလေး၏အိတ်ကပ်ထဲမှ ငွေနှစ်ရာကျပ်တန်အနွမ်းလေးအားထုတ်လိုက်ပြီး နောက်ထပ်အနုတ်ပါလိုပါငြားနှိုက်ကြည့်သော်လည်း ပြားကပ်နေသော အိတ်ကလေးက ချောင်းကျ လျှက်။ သူချမ်းသာသမျှ ဒါအကုန်ပဲဟု ပူပြင်းစွာတောက်လောင်နေသော နေမင်းကြီးက ချွေး ပြိုက်ပြိုက်ကျအောင် လှောင်ပြနေသလိုပင် . . .
ဘောက်ထော်၊ ပြည်သာယာလမ်းထဲရှိ မင်းသမီး၏ အိမ်ရှေ့သို့ အရောက်တွင် သူ့ရင်ခုန်သံများက ဆူညံပြင်းထန်လာသည်။ ရုပ်ရှင်တွေ၊ စာစောင်တွေထဲတွင်သာမြင်တွေ့ခဲ့ဖူးသော ရုပ်ရှင်မင်းသမီး တစ်ယောက်ကို အကောင်လိုက်မြင်တွေ့ရုံသာမက စကားပင်ပြောရ ဦးမည်ဖြစ်သောကြောင့်ပင်။
ခြံတံခါးဝရှိ လူခေါ်ဘဲလ်ကိုနှိပ်လိုက်စဉ် အမျိုးသမီးတစ်ယောက်ထွက်လာသဖြင့် ---- ဂျာနယ်ကပါဟု ပြောလိုက်သည်။
အမျိုးသမီးကလည်း လှိုက်လှဲစွာပြုံးပြပြီး ဧည့်ခန်းထဲတွင်နေရာပေးကာ ထိုင်ခိုင်းလေသည်။ တက်သစ်စ မင်းသမီးအိမ်၏ ခမ်းနားမှုအခင်းအကျင်းများသည် အလွန်ကျက်သရေရှိလှသဖြင့် သူ့ အတွက်အနေ ကျုံ့စေသည်။ ဟာ!ဘာပဲဖြစ်ဖြစ် ငါရာအောင်လာခဲ့ပြီးမှပဲ ဖြစ်အောင်လုပ်မယ် ဆိုသောစိတ်ကိုမွေးလိုက်ရင်း ထိုအမျိုးသမီးအားမေးလိုက်သည်း
“မင်းသမီးသီရိရွှေစင်နဲ့ တွေ့ချင်လို့ပါ၊ ကျွန်တော့်နာမည် ဖိုးဥာဏ်ပါ။ ကျွန်တော်တို့ အယ်ဒီ တာချုပ်က ဖုန်းဆက်ထားမယ်လို့တော့ပြောပါတယ်
ထိုအမျိုးသမီးက ကျွန်တော့်စကားအဆုံးမှာတော့ အအေးဗန်းလေးကိုင်လျှက် ဟက်ဟက်ပက် ပက်ရယ်မောလေတော့သည်။
အဟင်း . . .ဟင်း . . .ဟင်း၊ ဖြစ်မှဖြစ်ရလေရှင်၊ ကျွန်မက အပြင်မှာ ဒီလောက်တောင် ကြည့်ရဆိုးလို့လား
“ဗျာ
ကျွန်တော် ပါးစပ်အဟောင်းသားပွင့်သွားသည်။ အားတုံ့၊ အားနာဖြင့်
“မဟုတ်၊ မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်က အခုမှ အသစ်ဆိုတော့ မင်းသား၊ မင်းသမီးတွေ ကို အပြင်မှာ တစ်ခါမှမမြင်ဘူးလို့ . . .ရုတ်တရက်ဆိုတော့ ဟူ၍သာ အရှက်ပြေစကားဆိုလိုက် ရသည်။
ငါ့နှယ်၊ ဖြစ်ရမယ်။ ကိုယ့်ရှေ့မှာ မင်းသမီးတစ်ယောက်လုံးရောက်နေတာတောင်၊ သွားခေါ်ခိုင်း မိလေခြင်း။ အင်း!မင်းသမီးသာဆိုတယ် တီရှပ်အင်္ကျီနက်ပြာရောင်နှင့် လုံချည်အရောင်နုလေး အား တွဲဖက်ဝတ်ဆင်ကာ မျက်နှာတစ်ပြင်လုံး သနပ်ခါးများထူပိန်းနေအောင်လိမ်းထားသေးသည်။ အသားအရေကလည်း Screen ပေါ်မှာလို ဖြူဖွေးမနေဘဲ မဲမဲညစ်ညစ်လေးဖြစ်နေသဖြင့် Cameraစားသည်ဟုဆိုရမလိုပင်။ သူမရှေ့မှာ မလှုပ်မယှက်ငြိမ်ထိုင်နေရင်း ချွေးများပြန်လာသည်။ သြော်!မင်းသမီးဆိုတိုင်း ရွှေအဆင်းလို လှတာမှမဟုတ်ဘဲ . . .
သူမကို မေးမြန်းသင့်သည့်မေးခွန်းများကို တစ်လမ်းလုံးစဉ်းစားလာပြီးသဖြင့် အင်တာဗျူးစတင် လိုက်သည့်အချိန်တွင် အရာရာသည် အဆင်ပြေချောမွေ့လျက်ရှိသည်။ မင်းသမီးကလည်း အစ်ကို မေးတတ်သလိုသာမေးပါ၊ ညီမ အဆင်ပြေအောင်ဖြေပေးပါ့မယ်ဟု ဖော်ရွေစွာဆိုသဖြင့် သူဝမ်းသာ သွားသည်။ သူ ပြန်သောအခါတွင်လည်း ခြံဝအထိ ကိုယ်တိုင်လိုက်ပို့ပေးရင်း . . .
“အစ်ကို၊ ညီမကို အမြင်မတော်တာရှိရင်ပြောပါ။ ညီမကိုယ်ကိုယ်ကိုယ် အပ်ပါတယ်။ ညီမတို့ သရုပ်ဆောင်တွေရဲ့အသက်ဟာ စာနယ်ဇင်းဆရာတွေပါ။ အစ်ကိုတို့က ကလောင်အစွမ်းနဲ့တင်ပေး ကြလို့သာ ပရိသတ်တွေက သူတို့ချစ်တဲ့အနုပညာရှင်တွေရဲ့ သတင်းကိုသိခွင့်ရတာလေ။ အားရင် လည်း ရှုတင်လာလည်ပါနော်
သူမက မူနွဲ့နွဲ့မျက်နှာပေးလေးဖြင့် ကျွန်တော့်လိုဘာမှမဟုတ်တဲ့လူတစ်ယောက်ကို အားကိုးပါ တယ်၊ အားကိုးပါတယ်ဟု အထပ်ထပ်ပြောနေသည်မှာ ရယ်စရာအတော်ကောင်းလှသည်။ သူမလို မင်းသမီးတစ်ယောက်အတွက်ပင် အားကိုးစရာကောင်းနေပြီလားဟုပင် ကိုယ့်ကိုကိုယ် ဘ၀င်လေ ဟပ်မိသေးသည်။
ဘာပဲဖြစ်ဖြစ် ထိုနေ့ညက တစ်ညလုံး သူသည် Recorder  ထဲမှ အသံများကို စကားလုံး စာသားများအဖြစ် စာရွက်ပေါ်တွင် ပြောင်းလဲဖန်တီးလိုက်သည်။ သူ့စာမူကို အထပ်ထပ်ပြန်ဖတ် လိုက်၊ မင်းသမီးလေး၏မျက်နှာကိုပြေးမြင်လိုက်နှင့် အပျော်ကြီးပျော်နေတော့သည်။
အခန်း(၂)
သူ၏ ကြိုးပမ်းမှုနှင့် မနားမနေ ဆည်းပူးမှုများကြောင့် စာနယ်ဇင်းသမားလေးအဖြစ်သို့ မထင်မရှား ရောက်ရှိပြီး ဆောင်းပါးများ၊ အနုပညာရှင်များ၏ သတင်းများကို သင့်တင့်လျောက်ပတ်စွာ ရေးတတ် လာလေသည်။
မင်းသမီးလေး သီရိရွှေစင်နှင့်လည်း ခင်မင်ရင်းနှီး လာပြီး သူ့ရှုတင်များသို့ပင် သတင်းလိုက်ယူ တတ်လာသည်။ သူကလည်း တခြားမင်းသမီးများ ထက်စာလျှင် သီရိရွှေစင်၏ သတင်းများကို ပိုပိုသာသာရေးပေးသည်။ သူမ၏အလှ၊ သူမ၏ သတင်းများက သူ၏ ပင်တိုင်စာမူများလိုဖြစ်နေ လေသည်။
ဟိုမဂ္ဂဇင်းအတွက်လည်း သီရိရွှေစင်အင်တာဗျူး၊ ဒီဂျာနယ်အတွက်လည်း သီရိရွှေစင်သတင်း ကြာလာတော့ အယ်ဒီတာချုပ်ကပင် သတိပေးရလောက်သည့်အဆင့်ထိ သူမကို စေတနာပိုခဲ့ သည်။
“မောင်ဖိုးဥာဏ်၊ မင်းမှာ အတွေ့အကြုံများအောင် စာများများရေးဖို့တိုက်တွန်းခဲ့တာကွ။ အခုတော့ မင်းက ရေးတော့ရေးပါရဲ့၊ သီရိရွှေစင်အကြောင်းကိုပဲ ဒိုင်ခံရေးနေတော့တယ်။ မင်း ဒီလိုဆက် လုပ်နေရင် ငါတို့စာနယ်ဇင်းသိက္ခာထိခိုက်တယ်ကွ
ပြောလည်း ပြောတုန်းခဏပဲ။ သူကတော့ မင်းသမီးလေး၏ ရိုက်ကွင်းများကိုသွားဆဲ၊ ရံဖန် ရံခါပင် သူမအတွက် အင်္ကျီလေးများ၊ ဖန်စီလက်ဝတ်ရတနာလေးများအား သူ၏ တစ်လ၀င်ငွေ သောင်းဂဏန်းလောက်လေးဖြင့် မစားရက်၊မသောက်ရက် ၀ယ်ပေးတတ်သေးသည်။ ထိုအခါများ တွင် မင်းသမီးလေးကလည်း ကျေးဇူးတင်ပါတယ်ဟု လှိုက်လှိုက်လှဲလှဲဆိုမြဲ။ သူ့မှာသာ မင်း သမီးလေး၏အပြုံးလေးတစ်ပွင့်ရဖို့အတွက် မအိပ်မနေကြိုးစားကာ ဆောင်းပါးများ၊ အင်တာဗျူး များအား မျက်တွင်းဟောက်ပက်ဖြင့် မနားမနေရေးရှာသည်။ သူတစ်သက်နှင့်တစ်ကိုယ် နှမြော သဖြင့်မစားဖူးခဲ့သော Pizza  မုန့်အား မင်းသမီးလေးက . . .
“အစ်ကို နောက်တစ်ခါလာရင် မုန့်ဝယ်ခဲ့” ဟူသော စကားချွဲချွဲလေးကြောင့် သတင်းသုံးပုဒ် စာရေးပြီးရလာသောဝင်ငွေလေးအား ရက်ရောစွာဝယ်ကျွေးရရှာသည်။ ရွှေဘုံသာလမ်းရှိ Pizza  ဆိုင်မှ မုန့်ဝယ်ပြီး မင်းသမီးလေး၏ရှုတင်သို့ ဘတ်စ်ကားဖြင့်သွားပါက မုန့်ဘူးလေးကျိုးကျေသွား မည်စိုးသဖြင့် တက္ကစီငှားစီးရပြန်သည်။ သုဝဏ္ဏရပ်ကွက်ထဲရှိ ရှုတင်သို့ ချွေးတစ်လုံးလုံးဖြင့် ရောက်လာချိန်တွင်တော့ မင်းသမီးလေးက မင်းသား၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တခစ်ခစ်ရယ်နေသော မြင်ကွင်းက သူ့ကို အမောဆို့သွားစေသည်။
သြော်၊ ဒါ သရုပ်ဆောင်နေတာပဲလေဟု စိတ်ကိုထိန်းလျှက် မဆီမဆိုင်သ၀န်တိုမိပြန်သေး သည်။
မင်းသမီးလေးက မုန့်ဖိုးပိုက်ဆံပြန်ပေးသဖြင့် စေတနာနဲ့ကျွေးတာပါ၊ ကုန်အောင်စားပေးရင် ကျေနပ်ပါပြီဟူ၍ပင် စိတ်မကောင်းကြီးစွာဖြင့် ပြောလိုက်ရသည်။
မင်းသမီးကလည်း သူ့ရှေ့မှာပင် Pizza  ဘူးအားဖွင့်ကာ အားပါးတရစားပြလေသည်။ ထိုအခါ ကျမှ သူ့မျက်နှာကြီးပြုံးဖြီးဖြီးဖြစ်လာသဖြင့် Make Up မာမီ၏ ရယ်သံအက်အက်ကြီးက သူ့ကို လှောင်နေသလိုပင်ခံစားရပြီး သူက ရှက်ကိုးရှက်ကန်းဖြင့် ကတုန်ကယင်ကြီးဖြစ်သွားရသည်။
အချိန်တွေကြာလာတော့ မင်းသမီးလေး၏ အရိပ်တစ်ခုလို မခွဲမခွာဖြစ်လာရသည်။ သူမှ့Shopping ထွက်သည့်အခါမျိုးတွင် နောက်တော်ပါးအဖြစ်အဖော်ပြုကာလိုက်ရသဖြင့် Series Promotionပွဲများ၊ ဧည့်ခံပွဲများသို့ပင် မသွားဖြစ်ဘဲ မကြာခဏပျက်ကွက်လာရသည်။ ရုပ်ရှင် တစ်လောကလုံးတွင်လည်း သူနှင့်မင်းသမီးလေး ဘာညာ၊ဘာညာဖြစ်နေကြပြီဟူသောသတင်းက ပျံ့နှံ့နေသည်။ သူက မင်းသမီးလေး၏ဂုဏ်သိက္ခာအတွက်ရှောင်နေလိုက်သော်လည်း သူမက...
“ကောလာဟလကို ဂရုစိုက်နေရင် ညီမ ဒီနေ့ ဒီနေရာကိုတောင်ရောက်လာမှာမဟုတ်ဘူး။ ကိုယ်မဟုတ်ရင်ပြီးရောပေါ့။ ဟုတ်တော့ရောဘာအရေးလဲ။ ဘာလို့ ဂရုစိုက်နေမှာလဲ။ အလကား ...အချိန်ကုန်တယ်
သူမသည်တွေ့စကလိုမဟုတ်တော့ဘဲ စိတ်ဓာတ်များက မာကျောလာသည်။ သူမ၏စကားများ က သူမ၏အောင်မြင်မှုကြောင့် ပြောင်းလဲသွားသည်လားဆိုတာတော့ သူမကိုယ်တိုင်သာအသိဆုံး ဖြစ်ပေမည်။
သူသိသည်ကတော့ မင်းသမီးလေးနှင့်စကားပြောနေရလျှင်ကျေနပ်သည်။ သူမသွားလေရာသို့ ခေါ်လျှင်သူ့မှာအချိန်မီရောက်ရန်အတွက် Taxi ခ အကုန်ခံကာအရောက်သွားတတ်သည်။ သွားတိုင်း လည်း သူမအတွက် အကောင်းစားမုန့်တစ်မျိုးမျိုး(သို့)အ၀တ်အစားလှလှလေးများကို မပါမဖြစ် ၀ယ်သွားရသဖြင့် အဆောင်လခအကြွေးတင်သည်မှာလည်း အကြိမ်ပေါင်းမနည်းတော့ပေ။
တွေ့ဖန်များတော့ သူစွဲလန်းလာသည်။ ရံဖန်ရံခါသူမနှင့် စကားပြောရင်းအမှတ်မထင် သူ့ပခုံး လေးအား သူမလက်ဖ၀ါးလှလှလေးဖြင့်ပုတ်လိုက်စဉ် သူ့တစ်ကိုယ်လုံးကျင်စက်ဖြင့်အတို့ခံလိုက်ရ သလို တစ်လောကလုံးကို မေ့သွားတတ်သည်။ ထိုအခြေအနေမျိုးတွင် သူမကို ချစ်ရေးဆိုဖို့ ကြောက်ရွံ့ကာ ပျောက်နေသောသတ္တိများက အလိုလိုပေါ်ပေါ်လာတတ်သည်။ သို့သော် သူမ၏ အဖိုးတန် မိတ်ကပ်ပစ္စည်းတစ်စုံစာမျှပင်မရှိသော သူ့ဝင်ငွေကို ပြန်လည်တွက်ချက်မိရင်း ရင်မော မိပြန်သည်။ ချီတုံချတုံစဉ်းစားရင်း ယောက်ယက်ခတ်နေသောအမူအရာများကို သူမက မင်းသမီး ပီပီ အကဲခတ်တတ်သည်။
“ဟိတ်၊ အစ်ကို ဘာစဉ်းစားနေတာလဲ၊ ဘာလဲ။ ညီမလကို ရည်းစားစကားပြောမလို့လား။ အဟင်း . . .ဟင်း . . .ဟင်း
သူမက အရွှန်းဖောက်ဆိုပြီးပါးစပ်ကလေးအုပ်ကာရယ်လိုက်တော့ သူမ၏လက်ချောင်းလှလှလေး များတွင် အလှဆင်ပုံဖော်ထားသော အဖြူခံပေါ်တွင် အသည်းပုံနီနီလေးနှစ်ထပ်က အထင်းသား ပေါ်နေသည်။ မင်းသမီးပီပီ သူတစ်ပါး၏အရိပ်အခြေကိုကြည့်ပြီး သွက်လက်စွာ Response ပြန်တတ်သော သူမ၏အရည်အချင်းကို မချီးကျူးဘဲမနေနိုင်။ မြောင်းဖောက်ပေးနေသော သူမ၏ စကားကို အရဲကိုး၍ ရေစီးပေးလိုက်သည်။
ဟုတ်တယ်၊ အစ်ကို . . .သီရိကိုချစ်တယ်။ ချစ်တာမှတွေ့စကတည်းက စွဲစွဲလမ်းလမ်းကို ချစ်တာ
“ဟုတ်လား၊ ဒါဆိုလည်း အဲဒီကတည်းကပြောရောပေါ့ အစ်ကိုရယ်၊ အချိန်တွေ ဒီလောက် အကြာကြီးအောင့်ထားရသလား
သူမက သူ့မျက်နှာကိုစိုက်ကြည့်ရင်း ရှက်ပြုံးလေးဖြင့်မျက်နှာချင်းဆိုင်လိုက်သည်။
“ဒါ . . .ဒါဆို သီရိက ကိုယ့်ကို စိတ်မဆိုးဘူးပေါ့နော်
သူမက မျက်ခုံးလေးနှစ်ဖက်အားပင့်ကာပင့်ကာဖြင့်ရယ်လေသည်။
“စိတ်ဆိုးတာပေါ့၊ အကြီးအကျယ်စိတ်ဆိုးတယ်
သူမက စကားကိုဆက်မပြောဘဲခေါင်းငုံကာ မျက်နှာပူနေသော ကျွန်တော့်ကို သူမလက်ကလေး ဖြင့် မော့တင်လိုက်သည်။ ပြီးနောက် နောက်နှုတ်ခမ်းလေးစူလိုက်ရင်း အခုမှဖွင့်ပြောလို့စိတ်ဆိုး တယ်၊ အစကတည်းကသာပြောလိုက်ရင် ပြီးနေပြီဟာကိုသိရဲ့လား၊ ကိုကိုငပိန်းရဲ့ ဟွန်း
ပြောပြောဆိုဆိုနှင့် သူမ ခြေဆောင့်ကာထွက်သွားသည်။
ထိုညက တစ်ညလုံး သူ့စိတ်ကူးများဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားသည်။
စာနယ်ဇင်းသမားလေးသူနှင့် မင်းသမီးလေးသူမတို့၏ ချစ်သူဘ၀မှာ လျှို့ဝှက်သိပ်သည်းလွန်း လှသည်။ သူမ၏ မိတ်ဆက်စာများကို ကိုယ်စားပြန်ပေးရသည့် ရာထူး၊ သူမ၏Shopping Dateများကို စာအုပ်တစ်အုပ်ဖြင့် မှတ်သားပေးရသည့် မန်နေဂျာရာထူးများကို ထပ်ဆင့်တိုး၍ ပိုင်ဆိုင်လာရပြန်သည်။ တခြားချစ်သူစုံတွဲများလို လူသိရှင်ကြားလက်တွဲသွားရသည့်ဘ၀မျိုးသူမရ ခဲ့ပေမယ့် သူ့အတွက် သူမ၏ ချစ်သူဆိုသောဂုဏ်ပုဒ်ကပင် တင်းတိမ်စေခဲသည်။ သူမ၏ ကျန်းမာရေးအတွက် အရိပ်တကြည့်ကြည့်ဖြင့် စာစောင်များ၊ ဖန်သားပြင်များတွင် နေ့စဉ် အကဲ ခတ်ဝေဖန်ပေးရသည်ကိုပင် သူ့မှာ ကျေနပ်နေသေးသည်။
သီရီ၊ မျက်နှာလေးချောင်နေတယ်။ ဟိုတစ်နေ့က ဂျာနယ်မှာပါတဲ့ရိုက်ကွင်းပုံတွေက ကိုယ် မမှတ်မိနိုင်လောက်အောင်ပဲကွာ။ ကိုယ်က မျက်နှာနဲ့လုပ်စားတာလေ။ ဂရုစိုက်မှပေါ့
သူမအတွက် စိုးရိမ်စိတ်ဖြင့် ယောက်ယက်ခတ်ကာ ပူပန်ခဲ့ရသော်လည်း သူကိုယ်တိုင်ကတော့ အစားပျက်၊ အအိပ်ပျက်ဒဏ်ကြောင့် မျက်တွင်းဟောက်ပက်ဖြင့် တဖြည်းဖြည်းပိန်ချုံးကျလာသည်။
“ကိုရော၊ အချိန်မှန်ထမင်းစားရဲ့လား၊ စာတွေချည်းပဲလှိမ့်ရေးမနေနဲ့လေ။ ကျန်းမာရေးလည်း ဂရုစိုက်ဦး။ ဒါနဲ့ ကို့ကိုပြောရဦးမယ်။ အခုတလော မင်းသမီးအသစ် ယမင်းသွယ်ရဲ့အကြောင်းကို တော်တော်ရေးပေးနေတယ်နော်။ အခုလဆိုရင် မဂ္ဂဇင်းနှစ်အုပ်မှာတောင် တစ်ပြိုင်နက်တည်းပါ တာ . . .ဟွန်း၊ ကြပ်ကြပ်သတိထား
တကယ်တော့ အနုပညာလောကထဲသို့ အဆက်အသွယ်မရှိဘဲ တိုးဝင်လာသော မျက်နှာသစ် သရုပ်ဆောင်လေးများ၊ မော်ဒယ်လေးများအား စေတနာအရင်းခံဖြင့် ပရိသတ်ရင်းနှီးအောင်မိတ်ဆက် ပေးနေခြင်းသာဖြစ်သော်လည်း ထိုအခြင်းအရာအတွက် ဖြစ်ပေါ်လာသောသူမ၏ သ၀န်တိုစိတ် များလေ သူ့မှာ အကျေနပ်ကြီးကျေနပ်လေဖြစ်သည်။ သူမအတွက် ပင်ပန်းခဲ့ရသမျှသည် ဒါလေး တစ်ခုတည်းနှင့်ပင် ပြေပျောက်ခဲ့ရသည်။
သူဖြစ်ချင်ခဲ့ရသော စာနယ်ဇင်းဆရာလေးဘ၀နှင့်ထပ်တူ မင်းသမီးလေးကိုပါ ချစ်သူအဖြစ် ထပ်ဆင့်ပိုင်ဆိုင်ခွင့်ရခဲ့ပြီး သူ့အိပ်မက်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် အလုပ် ကိုမနားတမ်းလုပ်ကာငွေစုလေသည်။
သူငယ်ချင်းတစ်ယောက်၏အိမ်ရှေ့တွင် စာအုပ်အငှားဆိုင်လေးတစ်ဆိုင်ကို လပေးဖြင့်ဖွင့်၍ တစ်ဖက်တစ်လမ်းကလည်း ၀င်ငွေရှာသေးသည်။ ရံဖန်ရံခါ သူမ ရိုက်ကွင်း၌အဆင်မပြေမှုများရှိ လာလျှင် သူ့ကိုပင် စကားမပြောတော့ဘဲ မျက်နှာထားသုန်မှုန်နေတတ်တာမို့ သူ့မှာသာ ခြေမကိုင် မိ၊ လက်မကိုင်မိနှင့် မရဲတရဲအကြောင်းစုံကိုမေးရလေသည်။
“အဲဒီ ဒါရိုက်တာကလေ သူတင်တဲ့ မင်းသမီးလည်း ဒီကားမှာ ပါလည်းပါရရော သီရိကို ရေရေလည်လည်ပညာပြတော့တာပဲ။ ဇာတ်ညွှန်းကိုချက်ချင်းပြင်ပြီးနေရာတွေအကုန်ချိန်းပစ်လိုက် တာ။ ရိုက်ကွင်းပေါ်ရောက်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ။ ရိုက်လိုက်ရတော့မှာပေါ့။ အဲဒီအထိ ထားဦး၊ ရသေးတယ်။ အခုဟာက သီရိအနေအထားနဲ့ အပြိုင်ပါတဲ့ အဲဒီမင်းသမီးသူငယ်ချင်း သာသာနေရာမှာထားလိုက်တာ မခံနိုင်ဆုံးပဲ . . . .အဟင့် . . .ဟင့် . . . ဟင့်
သူမက ရှိုက်ကြီးတင်ငိုကြွေးရင်း သူ့ရင်ခွင်ထဲတွင် ထွေးပွေ့ထားပြန်သော်လည်း အပူတစ်ဝက် ခွဲယူလိုက်ရသလိုပင်။ သူ့တစ်ကိုယ်လုံး ရှိန်းတိန်းတိန်းဖြစ်ကာ သင့်တော်မည့်နည်းလမ်းဖြင့် သူမ အတွက် အလျင်အမြန်ချွေးသိပ်ပေးရသေးသည်။
“သြော်၊ သီရိရယ်၊ အဲဒီ မင်းသမီးက တင်တဲ့သူရှိလို့သာဖြစ်နေတာ။ အိုက်တင်က တစ်စက် ကလေးမှ သီရိကိုမှီတာမဟုတ်ဘူး။ ဒါကို လူတိုင်းသိနေတာပဲ။ ဒီတော့ ဒီဇာတ်ကားကိုဖြစ်အောင် သည်းခံပြီးရိုက်ပေးလိုက်။ Scene ပေါ်ရောက်မှ အိုက်တင်နဲ့သတ်ပစ်လိုက်၊ ဒါ သီရိလိုအရည်အချင်း ရှိတဲ့သူအတွက် နိုင်ကွက်ပဲ
သူမ မျက်နှာလေး သာသာယာယာဖြစ်လာသောအခါမှ သူလည်း သက်ပြင်းချနိုင်တော့သည်။
အခန်း(၃)
သူကလည်း သူမကို တစ်ဘ၀လုံးစာမက မြတ်နိုးသည်။ ထို့အတူ သူမကလည်း သူ့ကို ထာဝရချစ်မြတ်နိုးမည်ဟုထင်ထားခဲ့သမျှ ခဲလေသမျှ သဲရေကျရသည့်နေ့ကို ရောက်လာလိမ့်မည် ဟု သူမထင်မှတ်ထားတဲ့နေ့မှာတော့ . . .
“အစ်ကိုတို့တိုက်အတွက် တစ်စောင်ဖိတ်ထားပြီးသား။ ဒါက အစ်ကို့အတွက် သီးသန့်ပေးတာ။ မလာလည်းရတယ်
လှပသောနှုတ်ခမ်းငုံဖူးဖူးလေးထံမှ ထွက်ကျလာသောစကားသံများကြောင့် လက်ထဲသို့ရောက် လာသော ရွှေရောင်ဖောင်းကြွကဖိတ်စာလေးကိုငုံ့ကြည့်မိလိုက်သည်။
ဟင်၊ သူမ၏ မင်္ဂလာဖိတ်စာပါလား . . .
သူ့မျက်လုံးတွေပြာဝေလာသည်။ လက်ညှိုးတငေါက်ငေါက်ထိုးရင်း အသံက ပြင်းပြင်းထန်ထန် တုန်ခါနေသည်မို့ မနည်းအားယူကာပြောရလေသည်။
“မင်း . . .မင်း၊ ဒါဘာလုပ်တာလဲ။ ဒါ . . .ဘာလုပ်တာလဲ၊ မင်းနဲ့ငါနဲ့ ချစ်ခဲ့ကြတယ်လေ။ မင်းကို တင့်တင့်တယ်တယ် လက်ထပ်နိုင်အောင်လို့ ငါဘယ်လောက်ထိ ရုန်းကန်နေရတယ်ဆိုတာ မင်းမသိတာလည်းမဟုတ်ဘဲနဲ့ စာအုပ်အငှားဆိုင်လေးကို အပင်ပန်းခံပြီး ညလုံးပေါက်ဖွင့်ရတာ လည်း မင်းအတွက်ပဲ။ ရှိတဲ့အင်္ကျီလေးငါးထည်ကိုလှည့်ပတ်ပြီးဝတ်နေပေမယ့် မင်းအတွက် တစ်လတစ် ခါ အင်္ကျီပုံဆန်းလေးတွေဝယ်ပေးပြီး ငါ့မှာသာ လူမွေးသူမွေးမပြောင်ဘ၀နဲ့ ကျေနပ်ခဲ့ရတာ။ အခုတော့ကွာ တောက်
သူ့စကားကို သူမက မလှုပ်မယှက် တည်ငြိမ်စွာတုံ့ပြန်လိုက်ပုံက . . .
“ချစ်တာက ဘ၀မဟုတ်ဘူးလေ။ ဘ၀က ဘ၀။ ဘ၀မှာ ချစ်တာတစ်ခုတည်းနဲ့ မပြည့်စုံ နိုင်ပါဘူး။ သီရိ ကို့ကိုချစ်ပါတယ်။ သိပ်မြတ်နိုးပါတယ်။ ဒါပေမဲ့ ဘ၀ဆိုတာကြီးနဲ့ယှဉ်လာတော့  ဒါဟာသိပ်အရေးမပါတော့ပါဘူး။ ဒါကြောင့် အသင့်တော်ဆုံးနည်းလမ်းကိုရွေးချယ်ပေးတဲ့ အမေ့ စကားကို သီရိနာခံလိုက်ရတာပါ . . .အဟင့် . . .ဟင့်
ကံကြမ္မာက မညှာမတာကံဆိုးခြင်းချောက်နက်ထဲကို ရက်ရက်စက်စက်တွန်းချလိုက်လေပြီ။
မျက်ရည်များနှင့် ကျောခိုင်းထွက်သွားသော သူမကို မျက်စိတဆုံးငေးကြည့်နေမိပြီး ဗလောင် ဆူသောစိတ်အစဉ်က နောက်ဆုံးမှာ ခေါင်းငိုက်စိုက်ကျကာ နေရာမှာပင် ကြောင်၍ရပ်နေခဲ့မိသည်။
အဲဒီနေ့က စာနယ်ဇင်းသမားလေး၏ဘ၀မှာ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချပစ်လိုက်ပြီး ခါးသီးမှုတစ်ခုကို ရင်စီးခံရန် အသင့်ပြင်လိုက်သည်။
စာနယ်ဇင်းဆရာလေးသည် တစ်ညလုံး နာရီရှေ့မှမခွာဘဲ စာရေးလိုက်၊ လမ်းလျှောက်လိုက် နှင့် နာရီလက်တံများကို စိတ်မရှည်စွာစောင့်ကြည့်နေလေသည်။
“ဒေါင် . . .ဒေါင် . . .ဒေါင် . . .ဒေါင်
နံနက်လေးနာရီသံမြည်လာသဖြင့် သူသည် အိမ်ထဲမှ ကမူးရှုးထိုးပြေးထွက်ကာ လမ်းမထက်ဆီ သို့ ဗရုတ်သုတ်ခယိမ်းယိုင်ကာပြေးသွားလေသည်။ သူ၏ ဦးတည်ရာလမ်းကြောင်းက မင်းသမီး လေး၏အိမ်သို့ဖြစ်သည်။ သူ၏ လက်ထဲတွင် သူမအတွက် ခြစ်ခြစ်ကုတ်ကုတ်စုထားပြီး ပုံသွင်း ထားသော အသည်းပုံရွှေလော့ကတ်သီးဆွဲကြိုးလေးအား ကျစ်ကျစ်ပါအောင်ဆုတ်ထားပြီး အိမ်ရှေ့ အုတ်ခုံတွင် ဆောင့်ကြောင့်လေးထိုင်လျှက် သူမ၏ အပျိုစင်ဘ၀နောက်ဆုံးမျက်နှာကို မမှိတ်မသုန် ဖြင့်ထိုင်ကြည့်နေတော့သည်။
ယနေ့ကျင်းပမည့် သူမ၏ မင်္ဂလာအခမ်းအနားအတွက် အလှပြင်ခြင်းမစတင်မီ သူမ၏ မဖီးလိမ်း၊ မပြင်ဆင်ရသေးသောသဘာဝမျက်နှာလေးကို တစိမ့်စိမ့်ငေးနေမိသည်။ မည်းနက်ဝဲဖြာနေသော ဆံပင်ကရှင်းရင်းသန့်သန့်မျက်နှာလေးက ပိုမိုဖြူစင်နုနယ်စေသည်။ သူမ မိတ်ကပ်ဘူးလေးကို ကောက်ကိုင်လိုက်စဉ်မှာပဲ သူ၏အကြည်စူးစူးကို အံ့သြစိတ်နှင့်တွေ့မြင်သွားသဖြင့် မျက်လုံးရွှဲလေး မှာ မျက်ရည်ဥများတွဲခိုလာကာ ခေါင်းငုံ့ထားလိုက်ရသည်။
ဆက်လုနီးပါး မျက်ခုံးမွေးထူထူနှစ်ဖက်နှင့် မျက်မှောင်ကုတ်ထားတာမို့ ဂျစ်ကန်ကန်မျက်ဝန်း များ၏ဒဏ်ကို သူမ မည်သို့မျှခံနိုင်ရည်မရှိပါ။ အစဉ်သဖြင့် ယောက်ျားပီသသော သူ့ရုပ်သွင်က ယခုတော့ မှုန်ကုပ်ကုပ်မျက်နှာထားနှင့် ရှုပ်ပွနေသော ဆံပင်ပုံစံကြောင့် သူမç မကြည့်ရက်နိုင်ပါ။
တဖြည်းဖြည်းနှင့် သူမရှိရာသို့ ခပ်တည်တည်နှင့်လှမ်းလာလေသည်။ ဘုရား . . .ဘုရား၊ ကျွန်မရင်တွေ တဒိတ်ဒိတ်နှင့် ကြောက်လန့်တအား နောက်ဆုတ်လိုက်မိသည်။ မသိမသာ တွန့် ခနဲဖြစ်သွားသောမျက်နှာထားတင်းတင်းကြီးက သူမအတွက် တအံ့တသြတုန်လှုပ်စေခဲ့သည်။
သူသည် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ရင်း . . .
“ရော့! မင်းအတွက် မင်္ဂလာလက်ဖွဲ့၊ သိပ်တန်ဖိုးမရှိပေမယ့် ဒီလော့ကတ်သီးလေးထဲမှာ ငါ့ဘ၀တွေ အကုန်လုံးထည့်ပေးလိုက်တယ်
ပြောရင်းမှ မခံချိမခံသာဖြင့် အံတင်းတင်းကြိတ်ကာ မျက်ရည်မကျအောင်ထိန်းရင်း မျက်နှာ လွှဲပစ်လိုက်သည်။ သူမလည်း ရှိုက်ကြီးတငင်ငိုကြွေးရင်း သူ့ကို ခပ်တင်းတင်းလှမ်းဖက်လိုက်ပြီး နှစ်ဦးသား မျက်ရည်မဆည်နိုင်ဘဲ ငိုကြွေးမိကြသည်။
“ငါ ကျေနပ်ပါတယ်။ မင်းတစ်သက်တာလုံးကောင်းစားဖို့အရေး . . .ငါ . . .ငါ
သူ့အသံလေး တဖြည်းဖြည်းတိမ်ဝင်သွားခဲ့ပြီး သူမ၏ လက်နှစ်ဖက်ကိုတော့ ခပ်တင်းတင်း ဆုပ်ကိုင်ထားဆဲပင် . . .
အချစ်ဆိုတဲ့အရာကြီးက အဆန်းသား၊ ချစ်လျှက်နှင့်လည်းဝေးအောင်လုပ်နိုင်တာပဲလား၊ ဘယ်သူ့ကို အပြစ်ဖို့ရမလဲ၊
ကံကြမ္မာလား၊ ငွေကြေးလား ? ? ?
(ခ)
သူထွက်သွားတော့မှ လက်ထဲမှ လက်ဖွဲ့လော့ကတ်သီးလေးအား မ၀ံ့မရဲဖွင့်ကြည့်လိုက်တော့ သူမ အသည်းနှလုံးများတစစီပြုတ်ထွက်သွာသည်ဟုတောင် ထင်မှတ်မိသည်။ သူမနှင့်သူ၏ဓာတ် ပုံနှစ်ပုံအားယှဉ်လျက်သားတွဲထည့်ထားပြီး ဘယ်အချိန်ကတည်းက ရိုက်ထားမှန်းမသိသော သူမ၏ လျှပ်တစ်ပြက်အပြုအမူများပါသည့်ပုံများက Albumတစ်အုပ်လိုက်နေရာလပ်မရှိအောင်အပြည့်ပင်။
မင်းသားတစ်ယောက် သင်္ကန်းစည်းစဉ်က သိမ်ဆင်းလောင်းရင်း အမှတ်တမဲ့ပခုံးထက်မှ ပုဝါစ လျှောကျသွားသဖြင့် လှမ်းဆွဲလိုက်သောပုံ၊ ရေကူးကန်မှတက်လာပြီး ရေစက်လက်ဆံပင်ကို ခါရမ်းနေသောပုံ၊ ရုပ်ရှင်ရိုက်ရင်း ခြေချော်ကျသွားသောပုံ စသောပုံများစွာကို နေ့စွဲအတိအကျနှင့် သပ်ရပ်စွာစီထားသည်။
အံ့သြခြင်းကြီးစွာဖြင့် တစ်ရွက်ချင်းစီကို သူလှန်ကြည့်ရင်း ထိုပုံများက သူမ၏လုပ်ရပ်ကို လှောင်ပြောင်သရော်ရိပ်အပြည့်ဖြင့် နောင်တရချင်သလိုလိုနှင့် လှိုက်မောလာကာ ထိုစာအုပ်ကို ရင်ခွင်ထက်၌အပ်လျှက် ချုံးပွဲကျငိုကြွေးမိသည်။
သူမရင်ထဲမှာတည်နေသောအချစ်စစ်ဆိုတာကို ငွေကြေးချမ်းသာကြွကယ်ဝမှုက အားကောင်းကောင်း ဖြင့် ဖုံးကွယ်ထားစေသည့်သူမအပြစ်အတွက် နောင်တရကာ မျက်ရည်ကျရုံမှတပါး ဘာမှမတတ် နိုင်တော့ချေ . . .
 အခန်း(၄)
မင်္ဂလာအခမ်းအနားကျင်းပရာ ဆီဒိုးနားဟိုတယ်တစ်ဝန်းလုံးသည်ကား အရောင်မျိုးစုံများတောက်ပဖြာလက်ကာပြည့်သိပ်နေသည်။ ပြိုးပြိုးပြက်ပြက်လင်းလက်နေသောအ၀တ်အစား၊ အဆင်တန် ဆာများနှင့် အပြင်အဆင်များက သူ့ကို အခံရခက်ကာသေးသိမ်စေသည်။ ယခုလို ကြီးကျယ်ခမ်း နားမှုဟာ ဖြူလွှလွှသတို့သမီးဝတ်စုံလေးနှင့်ဖိုက်ဖက်လှသော ရွှေမင်းသမီးလေး၏တင့်တယ်မှုနှင့် သူ့လို ငွေကြေးမပြည့်စုံသောစာနယ်ဇင်းသမားလေးဘ၀နှင့် လားလားမှမထိုက်တန်ဘူးဆိုသည်ကို သက်သေအတိအကျထူပြနေသယောင်ယောင်ပင် . . .
ခံစားချက်ကို လျစ်လျှူရှုလိုက်ပြီး ဂျာနယ်တိုက်အတွက် သတင်းယူရမည့်အခွင့်အရေးကိုလက်လွှတ် အဆုံးရှုံးမခံဘဲ အယ်ဒီတာချုပ်ပေးထားသော ဒီဂျစ်တယ်ကင်မရာလေးဖြင့် တဖျတ်ဖျတ်မှတ်တမ်း တင်ကာ ကြေကွဲမျက်ဝန်းများကို ကျိတ်မှိတ်ဖုံးကွယ်ထားလိုက်သည်။
သူလို လူတစ်ယောက်သည် မင်းသမီးလေးလို အပ်သမျှပံ့ပိုးပေးနိုင်သော အတိုင်းအတာလည်း မရှိပါ။ သူမ၏အနုပညာများကို စာမျက်နှာများထက်မှာဖော်ကြူးပေးရုံ၊ စားချင်သည့်မုန့်များကို အပြေးအလွှားသွားဝယ်ပေးရုံ၊ အဖိုးနည်းအ၀တ်အစားလေးများအား ခြတ်ကုတ်၍၀ယ်ပေးရုံမျှဖြင့် သူမကိုပြည့်စုံစေသည်ဟု ယူဆခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် နွမ်းပါးလှသော သူ့ဘ၀ထဲသို့ မင်းသမီး လေးသည် ဘယ်တော့မှ ခုန်ဆင်းမလာတော့ပါ။ ထို့အတွက်ကြောင့် အစားဆင်းရဲ၊ အနေဆင်း ရဲ ချွေတာစုဆောင်းစရာလည်းမလိုတော့ဘူးပေါ့ဟုသာ အကောင်းဘက်မှတွေး၍စိတ်ဖြေလိုက်တော့ သည်။
“လှရက်လိုက်တာ ချစ်သူရယ်၊ ငါ့ဘ၀နဲ့သာဆိုရင် ဒီလို မနက်တစ်ပွဲ၊ ညတစ်ပွဲ ခမ်းနားတဲ့ မင်္ဂလာပွဲမျိုးကို မင်းပိုင်ဆိုင်ရမှာမဟုတ်ဘူးလေ။ ရုံးတက်လက်မှတ်ထိုးပြီး သာမာန်ဧည့်ခံပွဲအကျဉ်း ချုံးလေးနဲ့တင်ပြီးသွားမှာသေချာတယ်။ မင်းရွေးချယ်တဲ့လမ်းက မှန်ကန်ပါတယ်။ မင်းဘ၀လေး ထာဝရအေးချမ်းပါစေ
သူ့ရင်ထဲမှစကားလုံးပေါင်းများစွာကို တီးတိုးရေရွတ်နေလိုက်ပြီး ကျေနပ်လောက်သောပုံများ ရပြီမို့ နှစ်လိုဖွယ်အပြုံးလေးဖြင့် မင်္ဂလာခန်းမထဲမှ စိတ်လက်ပေါ့ပါးစွာ ထွက်လာခဲ့တော့သည်။
သူ့ဘ၀နှင့် ဘယ်လိုမှမအပ်စပ်သော အဖိုးတန်များစီခြယ်ထားသော မင်္ဂလာမော်တော်ကားကြီး ကို ကျောခိုင်းလျှက် လူနှင့်လိုက်ဖက်ရာမှတ်တိုင်ရှိ စီးတော်ယာဉ် ဘတ်စ်ကားပေါ်သို့သာ အပြေး အလွှားလှမ်းတက်လိုက်လေသည်။
တကယ်တမ်းစမ်းစစ်ကြည့်တော့ စာနယ်ဇင်းသမားဘ၀ဆိုတာ နောက်ကွယ်ကပဲ မားမားမတ်မတ်ရပ်တည်ပြီး အနုပညာသမားတွေကို ပံ့ပိုးကူညီပေးရတဲ့လှေခါးတစ်ခုပါပဲ
ကျွန်တော်ကတော့ မင်းသမီးလေးအတွက် သံမဏိလှေခါးလေးပေါ့ဗျာ။ . . .
အနုပညာရှင်တွေအောင်မြင်မှုအထွဋ်အထိတ်ကိုတစ်ထပ်ပြီးတစ်ထပ် လှမ်းတက်နိုင်အောင် ဘ၀တွေ၊ ချွေးစက်တွေကို အနင်းခံပြီး တွန်းတင်ပေးကြရတာပဲ မဟုတ်လားဗျာ?



ဆုကဗျာ

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုအဖြစ်အပျက်တွေ အပြင်မှာ တကယ်ကို ရှိနေတယ်လို့ ခန့်မှန်းမိတယ်..
လှေခါးလို အသုံးချသွားတဲ့သူတွေ၊ လှေခါးလို အသုံးချခံလိုက်ရတဲ့သူတွေ
ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်ကျိုးအတွက် အသုံးချသွားပြီး မြင့်မားသွားတဲ့အခါ ဘ၀မေ့သွားကြတဲ့ စိတ်ထားမျိုးကိုတော့ မနှစ်သက်မိတာ အမှန်ပါဘဲ..

chocolatecupidlay said...

မမရေ
မောင်လေးလဲ
ဂျာနစ်လစ်အရမ်းဖြစ်ချင်သူတစ်ယောက်ပါ
ဒါပေမဲ့ဒီပို့စ်လေးဖတ်ရတော့ကြောနည်းနည်း
ချမ်းသွားတယ်...:P

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009