အတွေးပုစ္ဆာ

 

အခန်း(၁)
လူတစ်ယောက်ကိုချစ်မိတာဟာ ကိုယ့်ကိုကိုယ် လှုပ်မရအောင်ကြိုးနဲ့ ပြန်တုပ်တာနဲ့တူတယ်လို့ ကြားဖူးတာပဲ။ ဟုတ်မှာပါလေ . . .သူ့ကို ချစ်မိမှတော့ သူ့သဘော၊ သူ့ဆန္ဒအရာအားလုံး သူ့ အကြိုက်လိုက် လုပ်ပေးပြီး ကိုယ့်ကိုကိုယ် ချည်နှောင်ထားလိုက်ရသလိုပဲ။ ဟုတ်တယ်။ အခု ကျွန်မ တစ်ကိုယ်လုံးလှုပ်မရအောင်တင်းကျပ်နေပြီ . . .
အဲဒီနေ့က ကျွန်မဘဝမှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတစ်ခုသာ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ကြိုသိခဲ့ရင် ဒီပွဲကို ခြေဦးတောင် လှည့်ဖြစ်မှာ မဟုတ်ဘူးထင်တယ်....
ကျောင်းတုန်းကသူငယ်ချင်းတစ်ယောက်ရဲ့ ထရိတ်ဒါးဟိုတယ်မှာ ပန်းချီပြပွဲလုပ်တဲ့နေ့ကပေါ့။ အလုပ် တစ်ဖက်နဲ့ မအားလို့ ပွဲသွားဖို့ငြင်းနေတဲ့ကျွန်မက အမေ့ကို ...


“သမီး မသွားတော့ပါဘူး အမေရယ်၊ ရှုတင်ကနေကူးရတာ လွယ်တာမှမဟုတ်တာ။ ခွင့်တောင်းရမှာလည်း အားနာစရာကြီး။ ဟို . . .သမီး ဖုန်းဆက်ပြီးတောင်းပန်လိုက်မယ်လေ”
မသွားချင်လို့စိတ်ပျက်လက်ပျက်နဲ့ညည်းနေတဲ့ကျွန်မကို အမေကပြုံးရင်းက...
“သွားလိုက်ပါ သမီးရယ်၊ ဝတ်ရည်တို့က သမီးကိုအလေးထားပြီး ဖိတ်တဲ့ဥစ္စာကို ဂရုတစိုက်နဲ့ သမီးသွားတဲ့အခါ ကျတော့ ကာယကံရှင်တွေစိတ်ချမ်းသာတာပေါ့။ သူတစ်ပါးစိတ်ချမ်းသာတော့ အမေ့သမီးလေး လည်း ကုသိုလ်ရတာပေါ့”
နောက်ဆုံးမှာ အပြောကောင်းတဲ့အမေ့စကားကိုမလွန်ဆန်ချင်တာနဲ့ အချစ်ဆုံးသူငယ်ချင်းသီရိ ကို ဖုန်းဆက်ခေါ်ပြီး ထရိတ်ဒါးဟိုတယ်ကို နှစ်ယောက်သားချီတက်ခဲ့ကြ တယ်။ မြို့ထဲရောက်တော့ တစ်လမ်းလုံးကားတွေပိတ်နေလိုက်တာ အရမ်းကိုစိတ်ရှုပ်ဖို့ကောင်းတာ ပဲ။ စိတ်ရှုပ်လို့စူပုတ်နေတဲ့ ကျွန်မ မျက်နှာကိုကြည့်ရင်း “မိသီ”က ဟားတိုက်နေသေးတာ။ ထရိတ် ဒါးကိုရောက်တော့ ခန်းမထဲကိုပြေးဝင် လိုက်တယ်ဆိုရင်ပဲ . . .
အို၊ ပွဲတောင်စတော့မယ်။ ဧည့်သည်တွေလည်းစုံနေပါလား။ ဝတ်ရည်တို့ပန်းချီပြပွဲကို စာနယ်ဇင်း ဆရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသားများအပါအဝင် လူကြီးလူကောင်းတော်တော် များများကို ဖိတ်ထားတဲ့ပွဲဖြစ်လို့ အထူးစည်ကားနေတာတွေ့ရပါတယ်။ အမောတကောနဲ့ပြေးဝင် လာတဲ့ ကျွန်မကိုတွေ့တော့ ဟန်နီအစုတ်ပလုတ်မက ခြေထိုးခံလိုက်သေးတယ်လေ . . .
အခမ်းအနားစတဲ့ အချိန်ထိတိုင်အောင် ကျွန်မ အမောမပြေနိုင်သေးလို့ မိသီက မျက်စောင်းထိုး နေသေးတယ်။ ပွဲပြီးတော့ ဂျာနယ်တိုက်တစ်ခုက အင်တာဗျူးလုပ်ဦးမယ်ဆိုတာကြောင့် ခုံမှာ ထိုင်ရင်း မေးခွန်းတွေဖြေနေလိုက်သေးတယ်။
ကျွန်မကိုစောင့်ရတာ စိတ်မရှည်ပုံရတဲ့ မိသီက ...
“Sulphur (ဆာလဖာ)၊ ငါတို့ ပန်းချီကားတွေကြည့်လိုက်ဦးမယ်ဟာ။ နင့်ကိစ္စပြီးရင်လိုက်လာ”ဟု ဆိုပြီး ပြောပြောဆိုဆိုနဲ့ ဟန်နီနဲ့မိသီ လက်ဆွဲပြီးထွက်သွားခဲ့ကြတာ လှမ်းခေါ်ချိန်တောင်မရလိုက် ဘူး။ စိတ်ပုတ်မတွေ၊ ငါ့ကို တစ်ယောက်တည်းထားခဲ့ကြတယ် . . .ဟွန်း!

အင်တာဗျူးပြီးလို့ နှုတ်ဆက်ပြီး မိသီတို့နောက်ကိုလိုက်သွားတော့ ကျွန်မUFL တုန်းက ဆရာမ တစ်ယောက်ကိုတွေ့တာနဲ့ စကားပြောဖြစ်ကြသေးတယ်။ ဆရာမက တန်းခွဲအသစ်တွေ ထပ်ဖွင့်ထားတာမို့ လာတက်စေချင်ကြောင်း၊ ကျွန်မကိုလည်း အောင်မြင်မှုတွေအများကြီးရအောင် ကြိုးစားစေချင်ကြောင်း စသဖြင့် ဆုံးမစကားတွေပြောနေတာမို့ နားထောင်နေစဉ်မှာပဲ ရယ်သံလွင်လွင် လေးတစ်ခုကို အမှတ်မထင်ကြားလိုက်ရတယ် . . .
ရုတ်တရက်ကြည့်လိုက်တော့ . . .ဟယ် . . .ကျွန်မရဲ့ လမ်းပြကြယ်လေးပါလား။ သူ့ကို စာမျက်နှာ တွေပေါ်မှာတော့ ရင်းနှီးနေတာကြာပြီ။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်သလို ဆေးပညာနဲ့ပြည်သူတွေကိုစောင့်ရှောက်နေတဲ့သူ၊ သူ့အသံလေးက သာယာလိုက်တာ။ စကားပြော ကောင်းတယ်နဲ့တူပါရဲ့။ သူ့ဘေးနားမှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ။

သူ့ရဲ့ ထက်မြက်တဲ့အတွေးအခေါ် အယူအဆတွေကို အားကျနေ တဲ့ကျွန်မ Smart ကျလှတဲ့ အသွင်အပြင်၊ ဆံပင် ဒီဇိုင်းတွေက တကယ့်ကို Sharp  ဖြစ်တဲ့ပုံစံကို အထင်းသားမြင်လိုက်ရတော့ ကိုယ့်ကို ကိုယ် မယုံနိုင်အောင် သူ့ကိုငေးကြည့်နေမိတယ်။ ဝါးခနဲရယ်သံ တွေနဲ့အတူ အားလုံးရဲ့ ပြုံးစိစိအကြည့်တွေကိုမြင်လိုက်ရတော့ နေရာက ထွက်ပြေးချင်လောက်အောင် ရှက်ရွံ့နေခဲ့မိတယ်။ အဲဒီအချိန်မှာပဲ ဘယ်က နေပေါ်လာမှန်းမသိတဲ့ မိသီက...
“Sulphur ၊ ဒါ ငါ့အစ်ကိုနဲ့ School-Fellowတွေလေ။ ဒေါက်တာ ကျော်စွာတဲ့” 
သူက ကျွန်မကို နှစ်လိုဖွယ်အပြုံးနဲ့ နူးနူးညံ့ညံ့ ပြုံးပြတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ဆက်ဆံရေးကြောင့်လား၊ လူကြီးလူကောင်းဆန်တဲ့သူ့ရဲ့ပုံစံကြောင့် လား၊ ဘာကြောင့်မှန်းမသိတဲ့ ကျွန်မ ဆွံ့အသွားလိုက်တာ ဘာ ပြန်ပြောရမယ်မှန်းမသိလောက်အောင် အိနြေ္ဒပျက်သွားတဲ့ကျွန်မကို မိသီက...
“ဟဲ့ အသက်လည်းရှုပါဦးဟယ်၊ တော်ကြာ ငါတို့သူငယ်ချင်း လေး ဒီပွဲကိုမလာချင်လာချင်နဲ့လာမိကာမှ အရေးပေါ်ရောက်သွားတယ်ဆိုပြီး ဂျာနယ်ထဲပါနေပါဦး မယ်”
ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ကျွန်မကို သူက ပါးချိုင့်လေးပေါ်အောင်ပြုံးရင်းက...
“ဪသြော် . . .ဟုတ်သားပဲ။ ဒီက ညီမနာမည်က ဘယ်လိုခေါ်သလဲ။ ကျွန်တော် သိခွင့်ရှိမလား”

လျှပ်တစ်ပြက်မေးလိုက်တဲ့သူ့မေးခွန်းကြောင့် ကျွန်မ အားငယ်သွားမိတယ်။ ယောက်ယက်ခတ် သွားမိတဲ့ ကျွန်မကိုယ်ကျွန်မလည်း အပြစ်တင်လို့မဆုံးဘူး။ ကိုယ့်ကိုကိုယ်ဟုတ်လှပြီလို့ထင်နေတဲ့ ကျွန်မ သူ့အမေး ကြောင့် ဒုတိယအကြိမ်အရှက်ပိုသွားမိတယ်။
အင်းပေါ့လေ၊ သူ့လို အစစအရာရာအောင်မြင်နေတဲ့လူတစ်ယောက်က ကျွန်မလို ပမွှားလေး တစ်ယောက် ကို မသိတာတော့ သိပ်မဆန်းပါဘူး။
“ကျွန်မနာမည် နှင်းဟေမာန်ပါ” လို့ ငြင်သာစွာပြောလိုက်စဉ်မှာပဲ သူက အံ့ဩကြီးစွာနဲ့....
“ဗျာ နှင်းဟေမာန်ဟုတ်လား။ ခုနက မသီရိတို့ခေါ်တာကျတော့ ဒီနာမည်မဟုတ်ဘူးလားလို့။ ကျွန်တော် နားကြားများမှားလို့လား”

အခြေအနေကိုသိလိုက်တဲ့ မီသီက ကျွန်မတို့ကြားဝင်ရှင်း ပေးလိုက်တယ်လေ!

“မမှားပါဘူး ကိုကျော်စွာရဲ့။Sulphur ဆိုတာက ကျောင်းတုန်းက Nick-Name ပါ။ ကျွန်မ ကျတော့ Mango သရက်သီးပေါ့”
“ဟွန်း . . .အဲ့ဒါကြောင့် ချဉ်စုတ်နေတာပေါ့”လို့ကျွန်မကနောက်တော့ မိသီက ကျွန်မကို လိုက်ရိုက်ပါတော့တယ်။

“မောင်” ကျွန်မ နှုတ်ဖျားက တိုးတိုးလေးရေရွတ်မိတာက မောင် . . .တဲ့။ မောင်ရယ်၊ အချစ်ဆိုတာ အဆန်းသား!
လူတစ်ယောက်ကိုချစ်မိပြီဆိုရင် ဘယ်လိုပုံစံ၊ဘယ်လိုအနေအထားမှာ ပဲဖြစ်ဖြစ် ချစ်မိနိုင်တာပဲလား ၊Love is blind လား၊  Love at First sight လား၊ ကျွန်မ မခွဲ ခြားတတ်တော့ဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ မောင့်ကို ကျွန်မ အရမ်းချစ်မိသွားတာပဲ။ ဘုရားရေ . . .ကျွန်မ ရင်ခုန်သံတွေမြန်လှချည်လား၊ မကြည်စားပါနဲ့ ကံတရားရယ်။ မောင့်အတွက် အတော့်ကို ရယ်စရာကောင်းတဲ့ပျက်လုံးတစ်ခုဖြစ်သွားမှာစိုးလို့ပါ . . .

အခန်း(၂)
မိသီရဲ့ကောင်းမှုကြောင့် မောင့်ဖုန်းနံပါတ်ကို ကျွန်မရခဲ့ပေမယ့် မောင် အထင်သေးမှာစိုးလို့ တစ်ခါမှ မဆက်ခဲ့မိဘူး။ လွမ်းလိုက်တာ မောင်ရယ် . . .
မိသီရဲ့ပြောပြချက်အရတော့ မိန်းကလေးရှင်အများစုက မောင့်ကိုသမက်တောချင်ကြတယ်တဲ့။ မောင်က “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” တဲ့။ ဟုတ်မှာပါလေ။ တစ်ခါတလေ မောင်ဆေးခန်းဘက် ကိုရောက်တဲ့အခါတိုင်း လူနာတော်တော်များများက ငယ်ရွယ်တဲ့မိန်းကလေးတွေဖြစ်နေတတ်တာ တိုက်ဆိုင်မှုတစ်ခုပဲလား၊
မောင်နဲ့ မပတ်သက်မိအောင်ရှောင်တိမ်းချင်ပေမယ့် ကျွန်မ အတွေးတိုင်းမှာ မောင်မှ မောင် ဖြစ်နေတာ ဘယ့်နှယ့်လုပ်ရပါ့မလဲ မောင်ရယ် . .

ခံစားမှုဝေဒနာပေါင်းများစွာနဲ့ နေလာရင်းတစ်ရက်မှာ ညပိုင်းဖုန်းလာလို့ ထကိုင်မိလိုက်တော့
“ဟယ်လို၊ မနှင်းဟေမာန်နဲ့ ပြောခွင့်ပြုပါခင်ဗျာ”

အို . . .ဒီအသံ ကျွန်မကို အအိပ်ပျက်၊ အစားပျက်ဖြစ်အောင် ဒုက္ခပေးခဲ့တဲ့အသံပိုင်ရှင် မောင်ပါလား။ ကျွန်မလေ ဝမ်းသာလွန်းလို့ လက်ထဲမှာကိုင်ထားတဲ့စာအုပ်တောင် လွတ်ကျသွား တဲ့အထိပါပဲ။
မိဟေမာန်၊ ညည်း စိတ်ကိုထိန်းစမ်း။ မိန်းကလေးသိက္ခာအကျမခံနဲ့” ကိုယ့်ကို ကိုယ် အရူးတစ်ယောက်လိုအားပေးရင်း . .
“ဟုတ်ကဲ့၊ ပြောနေပါတယ်ရှင်။ အခု ပြောနေတာ ဘယ်သူပါလဲ”

မသိချင်ယောင်ဆောင်ပြီး ပြောနေတဲ့ကျွန်မအသံကို တကယ်ထင်သွားတဲ့မောင်က . . .

“ကျွန်တော့်အသံကို မမှတ်မိတော့ဘူးလားခင်ဗျာ၊ ကျွန်တော် ကျော်စွာပါ။ ဟိုတစ်လောက ပန်းချီပြပွဲတစ်ခုမှာ တွေ့ကြတာလေ”

မမှတ်မိစရာလား မောင်ရယ်၊ ရှင်ဟာ ကျွန်မဘဝရဲ့ အရေးပါတဲ့လူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ ကျွန်မအသိဆုံးပါ!
“ဟုတ်ကဲ့၊ ရုတ်တရက်ဆိုတော့လေ မမှတ်မိတာခွင့်လွှတ်ပါနော်”
“မဟေမာန်အတွက် အနှောင့်အယှက်များဖြစ်သွားသလား ခင်ဗျာ”

မထင်မှတ်ဘဲမက်တဲ့အိပ်မက်တစ်ခုလိုပါပဲ မောင်ရယ်၊ ပျော်လိုက်တာကွယ်!
“ဪသြော်၊ ရပါတယ်။ အခုပဲ ဘုရားရှိခိုးပြီးတော့ စာကျက်မလို့လေ၊ အဲ့ဒါ”

မောင်က သူ့ဝသီအတိုင်း အသံလွင်လွင်လေးနဲ့ရယ်မောရင်း . . .
“စာကျက်မလို့ဟုတ်လား၊ ဒါနဲ့ ကျောင်းပြီးသွားပြီဆို၊ ဘာစာကျက်ရဦးမှာလဲ”

မောင့်အပြောကြောင့် အံ့ဩသွားမိတဲ့ကျွန်မက . . .
“ဟယ် . . .ဘယ်လိုလုပ်သိတာလဲ၊ ဟုတ်ပါတယ်။ ကျောင်းပြီးသွားပြီဆိုပေမယ့် Language လေးတွေ နည်းနည်းလေ့လာတဲ့သဘောပါ။ တရုတ်စာကျက်မလို့လေ”
“ကျွန်တော် မဟေမာန်ရဲ့ အင်တာဗျူးတွေထဲမှာ ဖတ်လိုက်ရလို့ပါ”

မောင်ရယ် ကျွန်မဟာ မောင်ရဲ့ အဖိုးတန်အချိန်တွေကို ဖဲ့ပေးလောက်အောင် အရေးမပါတဲ့သူ တစ်ယောက်ဆိုတာ ကျွန်မသိပါတယ်။ အမှတ်မထင်ဖတ်မိလိုက်တဲ့ အင်တာဗျူးတစ်ပုဒ်ဖြစ်လောက် ပါတယ်။
“မဟေမာန်နဲ့စတွေ့တဲ့နေ့ကပဲ၊ မဟေမာန်ရဲ့အင်တာဗျူးတွေကိုရှာပြီးဖတ်နေတာ။ အများသားပဲ။ ကျွန်တော် အားတောင်နာသွားတယ်”
“ရှင် . . .ဘာဖြစ်လို့လဲဟင်”
“ဟိုတစ်နေ့က ကျွန်တော်က မဟေမာန်ကိုမသိတဲ့အပြင် နာမည်ပါမေးလိုက်မိသေးတော့လေ၊  ကျွန်တော်အရမ်းအားနာသွားတယ်၊ အဲ့ဒါ ပြောပြချင်လို့ပါ”

အင်းပေါ့လေ၊ မောင့်လို အောင်မြင်နေတဲ့ ဆရာဝန် Business Man တစ်ယောက်လောက်တော့ ကျွန်မဘဝက ဘယ်ခမ်းနားပါ့မလဲ။ ဒီလောက်တော့ ရှိမှာပေါ့။
ဘာပဲဖြစ်ဖြစ်ပါ။ မောင့်အသံလေးကို ထပ်ကြားခွင့်ရတာကိုပဲ ကျေနပ်ရမှာပါ !

. . . . မောင်ရေ၊ သိပ်ချစ်လို့ပါ။ ရင်တွေကွဲလုမတတ်ပါ . . . ကျွန်မဘက်ကိုငဲ့ကြည့်ပါဦး . . ဒီသီချင်းလေးအတိုင်း ကျွန်မခံစားနေရတာတွေကို ပြောပြချင်လိုက်တာ။ ရက်တွေကြာလာတာနဲ့ အမျှ မောင်နဲ့ဖုန်းပြောရမယ့်အချိန်တွေကို ကျွန်မမျှော်နေတတ်လာတယ်!

တစ်နေ့တစ်နေ့ မောင့်အကြောင်းလေးတွေ၊ မောင့်သတင်းတွေကို နားစွင့်ဖို့တာဝန် ကျွန်မမှာ ပိုလာပြီလေ။ ရှင်ဟာ ကျွန်မရဲ့ အဖြူစင်ဆုံးချစ်သူ၊ မောင့်အပြုံးလေးတစ်ချက်အောက်မှာ ဒူး ထောက်အရှုံးပေးရတဲ့ကျွန်မအတွက် မောင့်ပါးပြင်ထက်က ပါးချိုင့်လေး ကျွန်မဖြစ်ပါရစေသား။

မောင်က လူတစ်မျိုး၊ ယောကျာ်းလေးအများစုမှာရှိတတ်တဲ့ ဝါသနာတော်တော်များများ မောင့်မှာ မရှိတာ မောင့်ရဲ့ထူးခြားချက်လား?

“ကျွန်တော် ဘောလုံးပွဲမကြိုက်ဘူးကွ။ ကျွန်တော့်အပေါင်းအသင်းတွေ ဘောပွဲလောင်းဖို့ အကြံတောင်း ရင်တောင် ဘယ်အသင်းလောင်းလိုက်လို့ အကြံပေးဖို့နေနေသာသာ အသင်းနာမည် တွေတောင်မသိဘူး” တဲ့။ကဲ . . .ကောင်းရော မောင်ရယ်။

အခန်း(၃)

မောင်နဲ့အတူဆတူ ဆရာစံလမ်းက ကော်ဖီဆိုင်လေးမှာ ထိုင်ဖြစ်တဲ့ နေ့ကပေါ့ . . .
မောင့်သူငယ်ချင်းတွေ ဝိုင်းစတော့ ရှက်သွားတဲ့ မောင့်မျက်နှာ လေး ကိုကြည့်ပြီး အံ့ဩလိုက်တာ မောင်ရယ်။

“ကျွန်တော်က တစ်ခါမှ ဒီလိုနှစ်ယောက်တည်းမထိုင်ဘူးတော့ မနေတတ်ဘူး”တဲ့။ ဟော့တော် ! ကျွန်မကတော့ နေတတ်တယ်လို့ မောင်ထင်နေသလား၊
“အချစ်”ဆိုတာ ဖျော်သောက်လို့ရရင် အဲဒီ ဖျော်ရည်ကိုပဲ ကျွန်မသောက်ချင်မိတယ်မောင်။ (မောင်သိပ်ကြိုက်တဲ့ကော်ဖီကို ကျွန်မ လိုက်သောက်နေရတာ ငြီးငွေ့လှပြီလေ)

သို့/
    ချစ်လှစွာသောမောင်ရေ . . .
        အချစ်ဆိုတာ ဘာလဲဟင်၊
        မေးခွန်းပေါင်းများစွာကို အဆင်ပြေသလို ကျွန်မ ဖြေခဲ့ဖူးပေမယ့် အဓိပ္ပာယ်ကို ဂဃနဏမသိသေးတာ ကျွန်မရဲ့ ညံ့ဖျင်းမှုပေလား . . .
P.S ကျေးဇူးပြု၍ ရှင်းပြပါမောင် !

မောင့်ရဲ့ . . .
လူဆိုးမလေး။

မောင်နဲ့ကျွန်မက အမြဲတမ်းဆန့်ကျင်ဘက်။ မောင်က ပညာတတ်ပီပီ စကားပြောရင် Limit လေးတစ်ခု ထားပြီးမှပြောတတ်သူ၊ ကျွန်မကတော့ စိတ်ထဲရှိတာ ဟန်မဆောင်ဘဲ ဝုန်းဒိုင်းပြော တတ်လွန်းလို့ မိတ်ပျက် ရပေါင်းများပြီလေ။ မောင့်ရဲ့အကျင့်က . . .

“ကျွန်တော်က အရင်ကဆို အပြောင်းအလဲသိပ်မြန်တာ . . .အဝတ်အစားဆိုလည်း ပေါ်တိုင်းဝယ် တယ်။ ပြီးတော့ အင်္ကျီတွေကများပြီး ပုံနေတော့ သူများပေးပစ်ရပြန်ရော။ အဲ့ဒါကြောင့် ပစ္စည်း တစ်ခုကို အနည်းဆုံး တစ်နှစ်သုံးပြီးမှ အသစ်လဲတဲ့ Limit လေးထား,ထားတယ်။ ဥပမာ ကျွန်တော် အခုတပ်တဲ့ မျက်မှန်ကိုလုံးဝမကြိုက်ဘူး။ ဒါပေမယ့် သုံးတာတစ်နှစ်မပြည့်သေးတဲ့အတွက် ကျွန်တော် မလဲသေးဘူး”

ဟုတ်ပါတယ်လေ . . .မောင် ဆေးခန်းထိုင်တဲ့ရက်တွေမှာ အင်္ကျီမတပ်တာလေးကအစ သတိထားမိနေတယ်လို့ မောင့်ကို ပြောတော့ ပါးချိုင့်လေးခွက်နေအောင်ရယ်ပါတော့တယ်။
အမလေး . . .ကြောက်တယ်၊ အရမ်းကြောက်တယ်! အဲ့ဒီ ရယ်သံတွေနဲ့ ကျွန်မကို သူပြုစား ထားတာ၊ မှော်ဆရာတစ်ယောက်ရဲ့ ရယ်သံတွေ အောက်မှာ ယစ်မူးမနေရဲလို့ ကျွန်မမောင်နဲ့ ဝေးရာ ကိုထွက်ပြေး ချင်မိတယ်။ ကျွန်မ နည်းမျိုးစုံနဲ့ ထွက်ပြေးဖူးပါတယ်။ ဒါပေမယ့် ဘယ်လိုမှ ပြေးလို့မရ ဘူးဖြစ်နေတယ်။ အချစ်ဆွဲအားဆိုတာ ဒါမျိုးလား၊

မောင်က ကျွန်မကို “လူဆိုးမလေး”တဲ့၊ ဟုတ်လို့လားမောင်ရယ်လို့မေးတော့ မောင်က “ဟုတ် လည်း ဟုတ်တယ်”၊ “မဟုတ်လည်း မဟုတ်ဘူးတဲ့”။ ကဲ . . .ဘယ်လိုနားလည်ရမလဲ။ တစ်ခါ တလေ မောင့်စကားတွေနားထောင်ရတာ “ပဟေဠိနန်းတော်”ထဲရောက်သွားသလိုပဲ။ မေးခွန်းတွေ ကလည်းခက်လိုက်တာ။ စာမေးပွဲခဏခဏကျလို့ မောင်ချစ်စနိုးနဲ့ ဗိုက်ခေါက်ဆွဲတာလည်းခံရသေး တယ်!
မောင်ရေ ဆန္ဒနဲ့ဘဝကိုထပ်တူကျအောင် စက်ဝိုင်းကားချပ်နဲ့တပ်ချလို့ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။

(၂၀ဝ၃)ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်၊ AM 11:45)

အဲဒီနေ့မှာပဲ မောင့်ကို ကျွန်မအရမ်းချစ်သွားပြီဆိုတာ သေချာသွားတယ်။ မောင်ပေးခဲ့တဲ့ အနမ်း လက်ဆောင်ကို ပါဆယ်ထုပ်ပြီး နှလုံးအိမ်ထဲမှာ သော့ခတ်လိုက်တယ်။ (မောင်နဲ့ကျွန်မ တရားဝင်ချစ်သူ တွေဖြစ်သွားကြတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့)
မောင့်အကျင့်ဆိုးလေးတွေကို အမြဲသည်းခံပေးနိုင်မှာမဟုတ်ဘူးလို့ မောင်ပြောတုန်းက ကျွန်မ ဟားတိုက်ရယ်ခဲ့မိတယ်။ (ချစ်လွန်းတော့ စုံလုံးကန်းဆိုသလိုပေါ့) မယုံဘူးလေ . . .

“မောင်က လွတ်လပ်မှုကိုအရမ်းမြတ်နိုးတာကွ၊ ဒီအသက်အရွယ်အထိ တစ်ယောက်တည်းပဲ နေလာတာ၊ နေသားကျသွားလို့လားမသိဘူး။ ချုပ်နှောင်ပြီးနေရတဲ့ဘဝကိုမကြိုက်ဘူး၊ သွားချင်ရာ သွားမယ်၊ စားချင်တာစားမယ်။ တစ်ခုခုကို စိတ်ဝင်စားနေရင် ကျန်တာတွေအာရုံမရှိတော့ဘူး”

ခရစ္စမတ်နေ့က မောင့်သူငယ်ချင်းတစ်ယောက် မွေးနေ့ပွဲရှိရာ ရှမ်းကန်(၃) ကို မောင်နဲ့အတူ သွားခဲ့ကြတယ်။ ပထမဦးဆုံးအကြိမ် မောင့်လက်ကိုဆွဲပြီးပွဲတက်ရတော့ ကျွန်မရင်တွေခုန်လိုက် တာ . . .မောင့် အပေါင်းအသင်းတွေရဲ့ကြားမှာ မောင်ဟာ လူချစ်လူခင်များသူအဖြစ်ထင်ပေါ်နေတာ ကြည့်ပြီး ကျွန်မ လူရွေးမမှားဘူးဆိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးနေတာလေ။ အဲ . . .ကျွန်မ အထင်သိပ်မကြာလိုက်ပါဘူး။ မောင်က သူ့သူငယ်ချင်းတွေနဲ့တွေ့ပြီး တစ်ယောက်ပြီးတစ်ယောက် စကားတွေဖောင်ဖွဲ့နေလိုက်တာ . . .

ကျွန်မလည်း တစ်ယောက်တည်း ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းက အချိန်တွေအတော်ကြာလာလို့ မောင်ရှိရာစားပွဲကိုပြန်လာတော့ . . .
“ဟော့တော်၊ မောင် မရှိတော့ပါလား”

မောင့်သူငယ်ချင်း ကိုနေမျိုးကို ခေါင်းနပန်းကြီးစွာနဲ့မေးကြည့်တော့

“ခုနကပဲ ဇော်ထိုက်ကားပေါ်ပါသွားပြီလေ” ကျွန်မက စိတ်ရှုပ်ထွေးစွာဖြင့်

“ဟာ . . .ကျွန်မ တောင်မသိရပါလား၊ ဘာမှလည်းပြောမသွားဘူး။ ဒီမှာ ဟန်းဖုန်းကျတော့ထားခဲ့သေးတယ်”
ကိုနေမျိုးပြောလိုက်တဲ့ စကားကြောင့် ကျွန်မမှာ လူကြားထဲ အော်ငိုချင် စိတ် ပေါက်သွားပါတော့ တယ်။

“ဒီကောင်က ဒီလိုပဲကွ၊ သူက ဘာကိုမှ အလေးအနက် ထားတာမဟုတ်ဘူး။ အရင်ကောင်မလေးတုန်းကလည်း သူ့ရဲ့ ပေါ့လျော့ မှုကြောင့်ပဲ ဟိုက ထားသွားတာလေ။ အာရုံသိပ်များလွန်းလို့ ငါတို့တောင် ခဏခဏမေ့ထားခံရတာများပြီ”

လူကြားထဲမှာတင်းထားရင်းက ဟန်မဆောင်နိုင်ဘဲ မျက်ရည်ကျလာမိတယ်။ မောင်ရယ် ရက်စက်လိုက်တာ။ သူတစိမ်းတွေရဲ့ကြားထဲမှာ ကိုယ့်ချစ်သူကို လက်လွတ်စပယ်ထားခဲ့ရက်တယ်။
ကျွန်မ တစ်ညလုံးအိပ်မပျော်ဘဲ ငိုနေမိတယ်။ ဒီအတိုင်းဆိုရင် ရေရှည်မှာမောင်နဲ့ဖြစ်ပါ့မလား။ ကျွန်မကရော ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဘယ်လောက်ထိသည်းခံနိုင်မှာတဲ့လဲ . . .
Miss Call အခါ(၅၀)ပြည့်တဲ့အထိ ကျွန်မစိတ်မပြေနိုင်သေးပါ။ အချစ်ကြီးလို့ အမျက်ကြီး တာလား၊ ခေါင်းအရမ်းမာတဲ့ညာဉ်ဆိုးကြောင့်လား၊

“မောင်ပြောသားပဲ၊ မောင် မကောင်းပါဘူးဆိုတာ အခု ယုံပြီမဟုတ်လား၊” တဲ့။
“ဟုတ်ကဲ့၊ယုံပါပြီရှင်”လို့ပြောတော့ကော ကျွန်မက နောက်ဆုတ်ရမှာလား၊ ဟင့်အင်း မဖြစ်ဘူးထင်တယ်။ မောင်နဲ့ပတ်သက်လာရင် အမှားအမှန်မခွဲခြားဘဲ ဆုံးဖြတ်ချက်ချခဲ့တာကြီးပဲ။ လက်ရှိအခြေအနေ အရ မှားနေသည်ထားဦး၊ ကျွန်မ ဆုံးဖြတ်ချက်ကိုပြင်ဖို့ အင်အားလုံးဝမရှိဘူးမောင်။

အခန်း(၄)

အဖုအထစ်ပေါင်းများစွာနဲ့ ချစ်သူသက်တမ်းခြောက်လမပြည့်သေးခင်မှာပဲ မောင်နဲ့ကျွန်မငေး ဖို့ အကြောင်းအရင်းက ဖန်တီးလာပြန်ပါတော့တယ်။
“မောင်ဘွဲ့လွန်သွားတက်ဖို့ Scholarship ရတယ်ကွ။ အနည်းဆုံး(၄၊၅)နှစ်လောက်တော့ ကြာမယ်၊ စီးပွားရေးကိစ္စတွေပါပေါင်းလုပ်မှာဆိုတော့ ဒီထက်မကကြာချင်လည်းကြာသွားနိုင်မယ်”

မောင်က တစ်နေ့တစ်နေ့ မောင့်ရည်မှန်းချက်တွေ၊ မောင့်ဘဝအောင်မြင်မှုရဖို့တွေပဲတွေ့နေတဲ့ လူဆိုတော့ အားရဝမ်းသာနဲ့ပြောတဲ့စကားတွေက ကျွန်မအတွက်တုန်လှုပ်ချောက်များစရာကြီးပေါ့။

“မောင်ရယ်၊ မောင်နဲ့တစ်နေ့မတွေ့ရရင်တောင် ကျွန်မမှာနေမထိ ထိုင်မသာဖြစ်နေတာ၊ ဒီလို နှစ်နဲ့သာချီပြီးခွဲရရင်တော့ လွမ်းပြီးသေသွားလို့ သစ်ပင်ဖြစ်နေပါဦးမယ်”မောင်ကပါးချိုင့်လေးပေါ် အောင်ရယ်လိုက်ရင်း . . .

“မောင် လူဆိုးမလေးကလည်းကွာ၊ စကားတတ်တိုင်းပြောနေလိုက်တာ၊ ဒီလိုဝေးရတယ်ဆိုတာ တစ်သက်လုံးနီးဖို့အတွက်ဆိုတာကို နားလည်ရင်မောင့်အပေါ်သဘောပေါက်လာမှာပါ” စကားပြော ရင် ပြတ်ပြတ်သားသားပြောတတ်သော မှန်တယ်ထင်ရင် နောက်မဆုတ်တမ်းခိုင်မာစွာဆုံးဖြတ် တတ်သော မောင့်အကြောင်းကို ကောင်းကောင်းသိနေတဲ့ကျွန်မ တားမြစ်ဖို့စကားတစ်ခွန်းမှမဟခဲ့ မိပါဘူး။ ဒါကိုသိတဲ့မောင်က . . .
“ကိုယ့်ချစ်သူက ကိုယ့်အားကိုယ်ကိုးပြီး၊ ယုံကြည်ချက်နဲ့ရပ်တည်နေတဲ့သူဆိုတာ မောင်အကြွင်း မဲ့ယုံတယ်။ မောင်ပြန်လာမယ့်အချိန်ထိ သစ္စာရှိစွာစောင့်နေမယ်ဆိုတာလည်းသိတယ်” လို့ပြောပြီး ကျွန်မပါးလေးကို အနမ်းနဲ့နှုတ်ဆက်လိုက်တယ်။

အခန်း(၅)

မောင် နိုင်ငံခြားသွားမယ့်နေ့မတိုင်မီညက ကျွန်မအဖျားကြီးပြီး ကိုယ်တွေ ခြစ်ခြစ်တောက်ပူ နေတာမောင်သိတော့ ညဥ့်နက်သန်းခေါင်ကြီး အပြေး အလွှား ရောက်လာတဲ့ မောင့်ကိုကြည့်ပြီး သနားလိုက်တာမောင်ရယ်လို့ ပြောတော့ . . .
“ဟော့ဗျာ၊ ဖျားနေတာကညည်းလေးလေ၊ ဘယ်လိုလုပ်ပြီး မောင့်ကိုသနား နေရတာလဲ။ ပေါက်ကရပြောတဲ့ကောင်မလေးကို ဆေးနာနာလေးထိုးပေးခဲ့ ရမယ်” ဆိုပြီး မောင်က ဆေးထိုးဖို့ ပြင်နေပါတော့တယ်။

“ဟင့်အင်း . . .ဆေးမထိုးဘူးနော်၊ လုံးဝမထိုးဘူးနော်။ မောင်နော်၊ ငါ ဆရာဝန်ဆိုပြီး အနိုင်မကျင့်နဲ့။ ဒီလောက်ကလေးဖျားတာလောက်တော့ ဆေးသောက်တောင်ရတယ်။
မောင်က မျက်နှာထားတင်းတင်းကြီးနဲ့ ကျွန်မကို “လူဆိုးမလေး၊ ဒီမှာတော့ သွားခါနီး လာခါနီးမှ နေမကောင်းဖြစ်နေလို့စိတ်ပူနေရတဲ့အထဲ၊ ညည်းလေးက နောက်နေနိုင်သေးတယ်”
မောင်ရယ်၊ မောင်နဲ့တွေ့မှ ကျွန်မဟာ ခံစားချက်တော်တော်များများကို မြိုသိပ်ရင်းနဲ့ ဗိုက်ဝ လာတာကြာပါပြီ။ မောင်စိတ်မကောင်းဖြစ်မှာစိုးလို့ ဟန်ဆောင်နေရတာ ပင်ပန်းလိုက်တာမောင် ရယ် . . .

“ဘာလဲ၊ မောင်မယုံဘူးလား။ လာလေ အခုနေ စိန်ပြေးတမ်းကစားရင်တောင် ကျွန်မပဲ နိုင်မှာသိလား”ဟု ကလေးတစ်ယောက်လို နှုတ်ခမ်းလေးစူကာပြောလိုက်မိတော့ မောင်က မျက်နှာ ချက်ချင်းပျက်သွားကာ . “မောင်က တူတူပုန်းတမ်းပဲကစားချင်တယ်။ တူတူပုန်းတယ်ဆိုတာ တစ်ချိန်မှာပြန်ပြီးအမိခံ ဖို့အတွက်ပဲပုန်းတာမဟုတ်လား။ မောင်က ပြန်ပြီးအမိခံချင်တာလေ”

လွတ်လပ်မှုကိုရှာချင်တယ်လို့ တစ်ချိန်လုံးပြောလာတဲ့မောင့်ပါးစပ်က ဒီလိုစကားလုံးမျိုးလေးတွေ ကြားလိုက်ရတော့ ကျွန်မရင်ထဲမှာ ဝမ်းသာလုံးဆို့ပြီး အချစ်ဒီဂရီတွေဆောင့်တက်ကုန်ပါတော့တယ်။
မဖြစ်ဘူး၊ မဖြစ်ဘူး ! မောင့်အနားမှာနေခွင့်ရဖို့ ဒီတစ်ညပဲ အချိန်ရှိတော့တာ။ ကျေးဇူးပြုပြီး လမင်းကြီးရယ်၊ ကျွန်မအတွက် အချိန်နည်းနည်းလောက်ပိုပြီးသာပေးပါနော်။ လရောင်အောက်က မောင့်မျက်နှာလေးကိုကြည့်မဝလို့ မိုးလင်းသွားမှာကြောက်တယ်။ လူ့ဘဝမှာ အရာအားလုံးဟာ ကိုယ့်စိတ်တိုင်းကျသာဖြစ်ခွင့်ရရင် ခံစားမှုဆိုတာတွေတော့ ရှိနိုင်ပါ့မလား၊

အခန်း(၆)

မောင့်ကို လေယာဉ်ကွင်းလိုက်ပို့တဲ့အချိန်တုန်းက ကျွန်မမှာ တစ်ညလုံးငိုထားရတဲ့အရှိန်ကြောင့် မျက်လုံးတွေမို့အစ်ပြီး ဖောင်းနေတာလေ . . .
အလှပြင်ချင်တဲ့စိတ်လည်းမရှိတော့တာမို့ တွေ့တဲ့အင်္ကျီကောက်ဝတ်ပြီးကပိုကရိုဖြစ်နေတဲ့ကျွန်မကို ကြည့်ပြီး မောင်က . . .

“ခရီးသွားလို့ရှိရင် လိုက်ပို့တဲ့သူတော်တော်များများက မလိုအပ်ဘဲ အလှတွေပြင်ပြီး ပွဲလမ်း သဘင်သွားတဲ့ပုံစံမျိုးတွေနဲ့လိုက်လာကြတာ လုံးဝကြည့်မရဘူး။ ဘာလဲကွာ။ သူများခရီးသွားလို့ လိုက်ပို့တာပဲ။ ဟန်ဆောင်ပန်ဆောင်ကြီးတွေနဲ့ သူတို့ကိုကြည့်ပြီး စိတ်ပင်ပန်းတယ်။ မောင့်လူဆိုး မလေးက မောင့်အကြိုက်ကို သိပ်သိတာပဲ။ အဲ့ဒါကြောင့် မောင်က ပိုပိုချစ်နေရတာ”ဟု ပြောပြော ဆိုဆိုနဲ့ ကျွန်မ ဗိုက်ခေါက်လေးကို လိမ်ဆွဲလိုက်ပါတယ်။


မောင်ရယ် . . .မောင်အပြုအမူတွေထဲမှာ ကျွန်မသဘောကျတာလေးက မောင်ချစ်စနိုးနဲ့ ဗိုက် ခေါက်ဆွဲတတ်တာလေးကိုပါပဲ! နောင်ဘယ်အချိန်ကျမှ မောင့်ရဲ့ ချစ်စဖွယ် အပြုအမူလေးတွေကို တွေ့ခွင့်ရနိုင်မလဲဆိုတာ မသေချာသေးဘူးလေ . . .

ဟော့ ! လေယာဉ်ကြီး တိမ်တိုက်ထဲဝင်သွားပြီ။
ကျွန်မအချစ်တွေ အားလုံး မောင်နဲ့အတူပါသွားပြီ။ မောင်ပြန်လာမယ့်အချိန်ကို လက်ချိုးရေရင်း စောင့်နေပါရစေ . . .

ကဲ! သင်တို့ရော အဝေးတစ်နေရာမှာရှိနေတဲ့ သင်တို့ရဲ့ချစ်သူတွေအပေါ်မှာ သစ္စာရှိနိုင်ပါ့မလား? ကျွန်မကတော့ . . .


ဆုကဗျာ

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သူကလဲ ကိုယ့်အပေါ်တကယ် နှစ်နှစ်ကာကာချစ်တယ် ၊ တစ်ဘ၀လုံးစာ ယုံကြည်စိတ်ချရတယ်၊ သစ္စာလဲရှိတယ်ဆိုရင်တော့ ဘယ်လောက်ဘဲကြာအောင် စောင့်ရစောင့်ရ သစ္စာရှိရှိနဲ့ စောင့်နေမိမှာပါဘဲ......

chan said...

ဆုရေ..

လာရောက် အားပေးသွားတယ်နော် Facebook က လင့်လေးတွေ့ တာနဲ့ ... ပထမဆုံး စဖတ်တဲ့နေ့ “ အတွေးပုစ္ဆာ ” ကိုဖတ်ရင်း ဆုအတွက် ဆုတောင်း ပေးသွား ပါတယ် အချစ်အတွက် အချစ် ကစောင့်နေရတာ အချိန်တွေက အချစ်ကို နုပျိုစေမှာပါ အချိန်အခါတခုကျရင်တော့ အဲ့ဒီ့ ရင်းခဲ့တဲ့ အရာတွေအားလုံး ပျော်ရွှင်မှုတွေနဲ့  ချစ်ခြင်းပေါင်းများစွာကို ပိုင်ဆိုင်ပါစေလို့း)

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009