ဆင်ဆာမဲ့.......

“မွေးတုံ့ မွေးမှုပြုဖွယ်ပြု၊ ကုလမျိုးနွယ်တည်း။




ဆက်ခံအမွေ၊ သေလွန်ပေ၊ မျှေ၀၀တ်ငါးမည်။”

(နိဒေ သသံပေါက်လကာင်္-၂၈)


အခန်း(၁)


နေ့စဉ်အမျှ မကြားချင်ပဲကြားနေရသည်က ဒေါ်မြမွှေးအိမ်မှ အော်ဟစ်ကာ ဒေါသသင့်နေသည့် မသံ၊ ဆဲသံ၊ ဆူသံ၊ တစ်ဒုန်းဒုန်း အသံများပင်အပေါ်ထပ်၊ အောက်ထပ်ဖြစ်နေသည်မို့ စာရေးစားပွဲရှိရာအိပ်ခန်းထဲမှပင် ကြားနေရသည့်အတွက် စိတ်ရှုပ်စွာနှင့် နားစွင့် နေလိုက်မိပါသည်။


“ကဲဟယ်…..ကဲဟယ်……ဒီလောက်တောင်ဖြစ်လှတာ”



ဒေါသတစ်ကြီးပြောနေသံကတစ်ဖြည်းဖြည်းနှင့်ကျယ်လာသည်။ မိမိတို့တစ်တိုက်လုံးသာမက မျက်နှာချင်း ဆိုင်တိုက်များအထိလည်း အသံပျံ့လွင့်လာတာမို့ ၀ရန်တာများတွင် ခေါင်းလေးတွေအစီအရီနှင့် သိလိုစိတ် ပြင်းထန်စွာ ထွက်နားထောင်နေကြသည်။


“တစ်ချိန်လုံးဆာနေတာပဲ….ခုနကလည်းကော်ဖီနဲ့မှုန့်ဆိုလို့ကျွေးထားပြီးပြီ…အခုလည်းခေါက်ဆွဲပြုတ်..လွန်လွန်းအားကြီးတယ်… တစ်ကတည်း”


ကျွန်မနားလည်စပြုလာပြီ။ တစ်ဖြန်းဖြန်းအသံက လက်ဖ၀ါးနှင့်ဖြစ်စေ၊ နီးစပ်ရာ ပစ္စည်းတစ်ခုနှင့် ဖြစ်စေရိုက်နေပြီဟု သေချာ နားထပ်စွင့်ကြည့်မိတော့ ငိုသံတစ်ချက်ကြားလိုက်ရည်။ ပြန်ပြောသံ တုန်အက်အက်ကို လည်း စိတ်မချမ်းမြေ့ဖွယ် ကြားရပြန်သေးသည်။


“ဆာလို့ပါ…ဆေးသောက်ထားတော့ ငါဆာလွန်းလို့ပါ။ တစ်ခုခုကျွေးပါ”


တအီအီရှိုက်သံနှင့်အတူ တုန်ရီနေသော အသံလေးက ကျွန်မအတွက် အခံရခက်ကာ နာကျင်စေပါသည်။


“မကျွေးနိုင်ဘူး၊ တစ်နေ့တစ်နေ့သူ့အလုပ်ကြီးပဲ၊ ဒီမှာချက်ရပြုတ်ရတာတစ်မျိုး၊ ချေးပါ၊ သေးပေါက်တည်ရတာကတစ်မျိုးနဲ့ မလုပ် ပေးနိုင်တော့ဘူး”


ကျွန်မ ငြိမ်ငြိမ်သက်သက် နားစွင့်မနေနိုင်တော့ဘဲ မခံမရပ်ဖြစ်ကာ စားပွဲခုံမှ ၀ုန်းကနဲ ထရပ်လိုက်မိသည်။


“ဒါ..ငါ့ပိုက်ဆံတွေနဲ့ဝယ်ထားတာလေ၊ညည်းကငါ့အိမ်မှာလည်းနေသးတယ်၊ငါ့ကိုလည်းအမျိုးမျိုးစော်ကားတယ်၊ အခုဆင်း၊ ငါ့အိမ်ပေါ်ကဆင်း၊ ညည်းနဲ့ငါ မနေနိုင်တော့ဘူး”


ကာယကံရှင်အပြောခံရသူကလည်း ကျွန်မကဲ့သို့ပင်မခံမရပ်နိုင်ဖြစ်ကာ ပြန်ပြောနေပြီလေ တစ်ဖက်မှ ဒေါ်မြမွှေးကလည်းခေသူ မဟုတ်...........


“ဘာ….ငါ့အိမ်လဲ၊ မနေနိုင်ရင် ဆင်းသွားရမှာက အဖေ….လူကသာ သေခံနီးနေပြီ ၊ဥစ္စာက တက်မက် နေတုန်း၊ အိပ်ရာပေါ်ကနေပြီး ငါ့ပိုက်ဆံ၊ ငါ့ပိုက်ဆံအော်မနေနဲ့ အပိုပဲ..ကျွန်မကတော့ ရှင်းရှင်းပဲ..ကျွေးတာ စားပြီးထားရာမှာနေ…အဖေသေရင် ဒါ ကျွန်မအိမ်ပဲ”


အမယ်လေး…လေး ကံကြီးထိုက်ကုန်တော့မှာပဲ….ဒီမိန်းမကြီးမို့ မကြောက်မရွံ့ အဖေရင်းခေါက်ခေါက် ကြီးကိုပြောနေတာများ ကြားရသူအပေါင်းက မချိတင်ကဲ တက်တစ်ခေါက်ခေါက်နှင့် ဖခင်ဖြစ်သူ အဘိုးကြီးမှာ အသက် (၉၀)ကျော်နေပြီမို့..လူကြီးနာဖြင့် အိပ်ရာထဲမှာပင် တစ်နေကုန် နေရရှာသည် ကိုသည်းညည်းမခံနိုင်ပဲ ပစ်စလတ်ခတ် စော်ကားနေသောသမီးဖြစ်သူ ဒေါ်မြမွှေးအသံကြောင့် ကျွန်မသက်ပြင်းကိုသာ အကြိမ်ကြိမ်ချမိ နေသည်။

မပြောသင့်သည့်စကားများကို နေ့စဉ်ပြောနေသော ဒေါ်မြမွှေးကို ကျွန်မအလွန်ရွံပါသည်။ ရံဖန်ရံခါ လှေကားအတက်အဆင်း သူမနှင့် မျက်နှာချင်းဆုံလျှင်တောင် မမြင်ချင်ယောင်ဆောင်နေလိုက်သည်ချည်းသာ..ထိုအခါများတွင် သူမက အတင်းကာရော အရောဝင်ကာ စကားမရှိ စကားရှာ၍ .....


“Shootingကပြန်လာတာလား…ဘာကားတွေရိုက်နေတာလဲ…သမီးကအထဲမှာရုပ်ပြောင်းတယ်..အဟဲ…ဟဲ”


ဟုဆိုပြီး မတင့်တယ်လှသော မျက်နှာပေါက်ကြီးအား အစွမ်းကုန်ချိုသာကာ သွားဖြဲပြနေသေးသည်။ ဒေါ်မြမွှေးသည် အသက်အားဖြင့် (၅၀)ကျော်သော်လည်း ကျွန်မ မလေးစားပါ.. အနုပညာရှင်ဖြစ်သည့်အတွက် ယုတ်၊ လတ် ၊ မြတ်မရွေးပြုံးရွှင် ချိုသာစွာဆက်ဆံ တတ်သောပညာကို ကျွန်မ အထိုက် အလျောက် ပိုင်ဆိုင်ထားသော်လည်း ထိုမိန်းမကြီးကိုတော့ ခြွင်းချက်အဖြစ် စာရင်းမလုပ်ချင်ပါ။

မိုးတွင်းရာသီက သိကြည့်အတိုင်း ချမ်းစိမ့်စိမ့်နှင့် နေလို့ထိုင်လို့ကောင်းသည်က များလှပေသည်။ ကျန်းမာသန်စွမ်းသော အသက် (၂၀)ကျော် ကျွန်မသည်ပင်ညပိုင်းတွင် အချမ်းပိုတတ်သဖြင့် စာရေးစားပွဲဘေးတွင် အနွေး ထည်က အဆင်သင့်ထားရသည်။ တစ်ည….. သန်းခေါင်ကျော်ချိန်၌ မိုးသည်းထန်စွာရွာလာသဖြင့် အိမ်ရှေ့ မှန်ကပ်များထ အပိတ်၊ အပေါ်ထပ်မှ အော်ဟစ်သံများက မိုးသံကို ဖောက်ခွင်း လျှက် အထပ်ထပ် ပေါ်ထွက်လာ သည်။


“ စောင်ခြုံပေးပါ..ငါချမ်းတယ်..စောင်ခြုံပေးပါ..ငါ..ချမ်း..တယ် ”


အင်းးး….ကျွန်မတောင် အအေးဒဏ်ကိုမခံနိုင်လို့ စောင်ပတ်ပြီး စာရေးနေရတာ.. အဘိုးလည်း ချမ်းရှာမှာပေါ့ဟု သနားစိတ်ဝင်မိသည်။


“သူများတကာအိပ်ချိန်ကြီးမှာ အမျိုးမျိုးခိုင်းနေတာပဲ… ဒီလောက်တောင်ချမ်းနေရင်လည်း ရှိသမျှစောင်တွေ အထပ်လိုက်ခြုံပေးမယ်.. အင့်.ချမ်းဦး…ယူဦးမလားစောင်..ရော့..အော်ဦးလေ စောင်လို့ .. မသေ.. မသေနိုင်ဘူး”


မကောင်းသော ဖရုသ၀ါစာများအား မကြားဝံ့မနာသာ ဖခင်ဖြစ်သူအား ပြောနေသောဒေါ်မြမွှေး၏ အသံကြောင့် `ပေတ´ ၀တ္ထုများထဲတွင် ကျိန်စာတိုက်ခြင်း၏ ဆိုးရွားလှသော အကုသိုလ်များ အကြောင်းနှင့် ကျိန်ဆိုအတိုင်း ၀ဋ်ပြန်လည်ခံ ရတတ်သည်ကို ဖတ်ခဲ့ဖူးသဖြင့် ကြက်သီးမွေးများ ထောင်ကာ လန့်ဖျတ်သွားမိ သည်။ လျှပ်စီးများက တစ်လက်လက် ပိုတောက်နေပြီး မိုးကြိုးသံ တစ်ဝုန်းဝုန်းက သွေးပျက် သွားနိုင်လောက် သည်။


“ငါအသက်ရှုလို့မ၀တော့ဘူး….သမီးရယ် စောင်တွေဖယ်ပေးပါတော့ မွန်းလှပြီ”


အသက်အရွယ်ကြီးလွန်းသည်ကတစ်ကြောင်း ရောဂါဒဏ်ဖြင့်အမှည့်လွန်ကာ မလုပ်နိုင်၊ မကိုင်နိုင်သည်က တစ်ကြောင်းကြောင့် သမီးဖြစ်သူလုပ်သမျှ ငြိမ်ခံနေရရှာသောအဘိုး၏အသံက ငိုသံစွက်လာသည်။ ထိုဖြစ်ရပ်ကို သမီးရင်းဖြစ်သူ ဒေါ်မြမွှေးက မစာနာသည့် အပြင် ဆူကာဆောင့်ကာ ပြောနေသေးသည်။


“အဖေတောင်းလို့ပေးရတာလေသူများတကာကိုအလကားနေရင်းငရဲလာမပေးနဲ့..အကုသိုလ်များတယ်”


အဟင်း…..ရယ်စရာတော့ကောင်းသား..ငရဲတို့..အကုသိုလ်တို့ဆိုတာကို သူများကလာပေးတိုင်းယူလို့ရတဲ့ အရာမဟုတ်ပါ။ ကိုယ်တိုင် ပြုကျင့်မှသာ ခံစားရရှိသည့် အရာဆိုတာတရားမရှိသည့် ဒေါ်မြမွှေးသိမည် မထင်ပါ။ ဒီတစ်ခေါက် မြို့ထဲရောက်လျှင် `ကိုယ်ပြုသည့်ကံ၊ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်´ ဆိုသော စာတန်းလေးကို ဒေါ်မြမွှေးအတွက်ဝယ်ပေးရင်း ဆရာမကြီး ဒေါက်တာ မတင်ဝင်း၏ ` ၀ဋ်ဆိုတာ လည်တတ်တဲ့ သဘောရှိတယ်´ စာအုပ် ကိုလည်း ပေးဖတ် လိုက်ချင်သေး သည်။

မိဘများကြောင့် သားသမီးတို့သည် လူအဖြစ်ကိုရလာသည့် သူများသာဖြစ်သည်မဟုတ်လော….။ ဒေါ်မြမွှေးသည် မိမိကို လူ့ဘ၀ ရောက်အောင်ပျိုးထောင်လာသော ဖခင်အိုကြီး၏ ကျေးဇူးကိုမှမထောက် မိဘ၏ အဆုံးအမ..မကောင်းခဲ့၍ သူမ၏စရိုက် ဆိုးသွမ်း နေရသည် ဆိုပြီး .. `သားသမီးမကောင်း၊ မိဘခေါင်း´ ဟူ၍ ပင် အပြစ်ပုံချနေသေးသည်။


အခန်း(၂)


ကျွန်မတို့ညီအမနှစ်ယောက် ထိုအဘိုးကြီးအတွက် စားစရာမုန့်လေးများအား သွားပို့ပေးစဉ် မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ရသော မြင်ကွင်းက စိတ်သက်သာဖွယ်တစ်စက်ကလေးမှမရှိ..အစဉ်သဖြင့် စူပုပ်နေသော မျက်နှာထားဖြင့် ထမင်းဟင်းများ ပုံထားသော ပန်းကန်ကိုင်ကာ မီးဖိုချောင်ထဲမှထွက်လာသော ဒေါ်မြမွှေးသည် ဖခင်ဖြစ်သူအဘိုး ကြီးရှေ့သို့မရောက်မီ ခပ်လှမ်းလှမ်းမှနေ၍ ....


“ ရော့...........ဒီမှာ အပင်းဆို့ ”


ဟုဆိုကာ ထမင်းပန်းကန်ကို အဘိုးကြီးရှေ့သို့ လျှောခနဲပစ်ချပေးလိုကပုံမှာ ရိုင်းစိုင်းလွန်းလှသည်။ အကြင်နာ တရားရှိသော လူသည် ခွေးလေး၊ ကြောင်လေးများအား အစာကျွေးလျှင်တောင် ကျောလေးသပ်ကာ ယုယုယယ နှင့် ဂရုတစိုက်ကျွေးတတ်သေးသည်။ ဖခင်ကြီးအပေါ်ထားသည့် ဒေါ်မြမွှေး၏ လုပ်ရပ်ကတော့ လူမဆန်လှသဖြင့် မီးကျီခဲလို ရဲရဲတောက်နေသော မျက်လုံး များဖြင့် စူးစိုက်ကာ ကြည့်ပစ်လိုက်သည်။ သနားစရာအဘိုးကြီးသည် ဖိတ်စင်တစ်ဝက် ထမင်းပန်းကန်ကို ကိုင်လျှက် အိမ်နံရံထောင့်တွင် ကုတ်ကုတ်လေးထိုင်ကာ တစ်အီအီငိုသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်မခိုင်သောကျွန်မမျက်ရည်ပေါက်ပေါက်ကျလာမိသည်။ အဘိုးကြီးမှာ ဆာလွန်းလှသ ဖြင့်ထမင်းများကို မျက်ရည်များနှင့်နှယ်၍ ခေါင်းမဖော်နိုင်အောင် စားနေတော့သည်။


ကျွန်မသိရသလောက် အဘိုးကြီးသည်သမီးဖြစ်သူဒေါ်မြမွှေးအား သန်စွမ်းစဉ်ကာလပတ်လုံးမိဘ၀တ္တရား ကျေပွန်စွာ ကြီးကောင်၊ကြီးမား အရွယ်အထိ ရှာဖွေကျွေးမွေးခဲ့သည်သာ…. ယခုသူ့အလှည့်ကျ၍ မိဘကို တစ်ပြန် ကျွေးမွေး ပြူစုရမည့်အချိန်ရောက်မှ ယုတ်မာရိုင်းစိုင်းစွာ ဆက်ဆံနေသည်မှာ ပတ်ဝန်းကျင်၌ နားမခံသာဝံ့ပါ။ သမီးရင်းမှ ဟုတ်ပါလေစ ဟုတောင် ဖြေတွေးနေရသေးသည်။ ဒေါ်မြမွှေး၏အပြုအမူကို ကျွန်မတို့အိမ်သားများက မနှစ်မြို့သဖြင့် ခပ်တင်းတင်းသာဆက်ဆံနေသည်ကို ရိပ်မိသောသူမက နိုင်လို မင်းထက်ပြုကာ ပျဉ်ခင်းထားသော အပေါ်ထပ် ခန်းမှနေ၍ ခြေသံတရှပ်ရှပ်နှင့် ကြမ်းတမ်းစွာ လမ်းလျှောက်ခြင်း၊ အချိန်မတော်ခုံများ တွန်း၍ ရွေ့ခြင်း၊ သူမ၏အချစ် တော် မြေးပေါက်စလေးအား ဘောလုံးပေးကာ ကန်ခိုင်းခြင်းများကို ဖခင်အိုကြီးအား မညှာမတာ ဥပေက္ခာပြုကာ ကျွန်မတို့ အောက်ထပ်ကို ပညာပြရေးအတွက် တွင်တွင် လုပ်ဆောင်နေတတ်သေးသည်။ အဘိုးကြီးက


“ခေါင်းကျိန်းလွန်းလှပြီ၊ မလုပ်နဲ့တော့”


ဟုတားထားလည်း အရေးမစိုက်ချေ။ တစ်ခါကဆိုလျှင် ကလေးအားခုံပေါ်တက်၍ အမြင့်မှခုန်ချဖို့ သင်ပေးနေသည်ကို အတိုင်းသား ကြားနေရသော်လည်း ရန်များမည်စိုးသဖြင့် နားထဲဂွမ်းဆို့ကာစာရေးနေစဉ် `ဒုန်း´ ဟူသော အသံကြီးနှင့်အတူ ကလေးငိုသံကိုပါ အရပ်ပျက်မတတ်ကြားလိုက်ရသည်။

ဘာမှမသိသောကလေးက ခိုင်းသမျှလုပ်ရသဖြင့် အမြင့်မှခုန်ချစဉ်ခြေခေါက်၍ မျက်နှာနှင့် ကြမ်းပြင်ဆောင့် မိသွားခြင်းဖြစ်သည်။ အလှည့်ဆိုတာ အနှေးနဲ့အမြန်ရောက်လာတာပဲ မဟုတ်လား…..


ဒီဃနိကာယ်သိင်္ဂါလောဝါဒသုတ်၌ သင်္ဂါလအမည်ရှိ သူကြွယ်သားအား မြတ်စွာဘုရား ဟောကြား ဆုံးမတော် မူအပ်သော `ဂိဟိဝိနယတရား´ ပါဥဒေသသံပေါက် (၁၁)ချက်၏ နောက်ဆုံး အချက်ဖြစ်သော…

“အရပ်ဒိသာ၊ ခြောက်မျက်နှာ၊ လုံစွာပိတ်ဆို့ထား” ဟူ၍ သံပေါက်လကာင်္ဖြင့် စပ်ဆိုထားသော သားသမီးတို့သည် မိဘတို့၌ (၅)ပါးသောဝတ်တို့ကို မပြုကုန်ငြားအံ့၊ အမိအဖဟူသော အရှေ့ အရပ် မျက်နှာသည် ဟာလာဟင်းလင်းဖြစ်၏ ထိုအခါ ထိုအရပ်မျက်နှာမှ အတာ နုပါဒဘေး၊ ပရာနုပါဒဘေး (၂)ပါးသည် ထိုသား၊ သမီးတို့ကို ၀င်ရောက်၏ ဘေးသင့်၏ (၅)ပါးသောဝတ်ကိုပြုကုန်သော သားသမီး တို့အား ထိုအရပ်မျက်နှာသည် လုံခြုံ၏ အမိ၊အဖတို့နှင့် စပ်သောဘေး (၂)ပါးသည် ထိုသား၊ သမီးတို့ သို့မရောက်ပြီ၊ ဘေးကင်း၏ ထို့ကြောင့် ၀တ်ပြုမှုကို ပိတ်ဆို့ထားမှု ဟုဆိုသတည်း။


ကျွန်မမှာသာ သံဝေဂယူရင်း နေ့စဉ်တိုင်းကြားနေရသော ဒေါ်မြမွှေး၏ ဆဲဆိုသံ၊ နှိပ်စက်ခံနေရသော အဘိုးကြီဒ၏ `မြတ်စွာဘုရား ကယ်တော်မူပါ´ ဟူသော ရင်နင့်ဖွယ် အသံပေါင်းစုံတို့အား ၀ဋ်ရှိ သ၍ခံနေရင်း ဤတိုက်ခန်းလေးအတွင်း၌ အပေါ်ထပ်နှင့် အောက်ထပ် ဇတ်လမ်းအား ဆက်ကနေရပေဦးမည်။


ဆုကဗျာ

7 comments:

အနှိုင်းမဲ့ said...

အင်းးး....ဒီလိုမျိုးတွေလဲတကယ်ရှိကြသေးတာပဲနော်.။
ကြောက်စရာကြီးနော်...၀ဋ်လည်တာ တကယ်ရှိတယ်ဆိုတာ..ယုံတယ်..အမရေ။
ပို့စ်လေးရေးထားတာကောင်းတယ်..။
အိမ်မက်အကြောင်းလေးလဲ ဆက်ရေးအုံးနော်..။

peaceful said...

အရမ်းကောင်းတဲ့ story လေးပါ.အပြင်မှာလည်း အများစု ဒီလိုဖြစ်ပျက်နေကြတယ်
ဒါပေမယ့် တနေ့မှာတော့ .၀ဋ်ဆိုတာ၇ှိလာမှာပါ ဆုရေ..ဆက်ရေးပါအုံးနော်...

လင်းကြယ်ဖြူ said...

ခင်ပွန်းကြီး ဆယ်ပါးကို စော်ကား ရင် .. ငရဲ က ပြေးမလွတ်နိုင်ပါဘူး....အကျိုး..အကြောင်း...အမြဲရှိနေတတ်
ကြပါတယ်....
ရသလည်းပါ...မှတ်သားစရာလည်းပါတဲ့ ...ပညာပေး စာမူ
ကောင်း တစ်ပုဒ်ပါပဲ..
အားပေးပါတယ် ဆက်လက်အောင်မြင် လို့ ..

ပျော်ပါစေ

*.*.*

ဧည့်သည် said...

ကောင်းလိုက်တဲ့ အတွေး ။ ရေးတတ်လိုက်ပါဘိ ။ အဲဒီလိုလေးတွေ ရေးတတ်ချင်ပါတယ် ။
အမှန်တော့ ဒေါ်မြမွှေး က ဒေါသဖြစ်စရာ မဟုတ်ပါဘူး ။
သနားစရာပါ ။ လောကမှာ သူ့လောက် သနားစရာကောင်းတဲ့ သတ္တ၀ါ ရှိတော့မယ်မထင်ပါဘူး ။
နောက်ထပ် ဆက်ရေးပါဦးနော် ။ အားပေးနေပါမယ်ခင်ဗျ ။
ခင်မင်လေးစားစွာဖြင့် HT

မျိုးချစ်မြန်မာ said...

ညီမလေး

အရမ်းကောင်းတယ်

င်္Facts တွေပေါ်မှာ Base လုပ်ထားပုံဘဲ
ဒါပေမယ့် Short Subject တွေရဲ့ သဘောက အဆုံးမှာ Tempo ကို အရမ်းမြှင့်ပြီး ဗြုန်းစားကြီး ဖြတ်ချလိုက်ရင် ပိုလှသွားတတ်တယ်
ဖတ်ရတဲ့သူကို တွေးစရာ အများဆုံးကျန်ခဲ့စေတဲ့ အချိန်မှာပေါ့

ညီမလေး နားလည်မှာပါ

ညီမ က အကို့ ထက်တောင် အများကြီးရေးတတ်ပါသေးတယ် :)

dead said...

မိဘကို မရိုသေတတ်တဲ့ သားသမီးတွေကို ဖတ်စေချင်တယ်ဗျာ
သားသမီးတွေက မိဘတွေကို အချိန်လွန်မှ ကိုယ်ချင်းစာတတ်ကြတယ်လေ
နောင်တတွေနဲ့ အတူပေါ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလို မိဘကို စော်ကားတဲ့ ကျေးဇူးမသိတတ်တဲ့ လူစားမျိုးတွေ အပြင်မှာ တကယ်မရှိပါစေနဲ့လို့ ဆုတောင်းမပြည့်နိုင်မှန်းသိရက်နဲ့ ဆုတောင်းမိတယ်..
သူသည်လည်း တစ်နေ့နေ့တစ်ချိန်ချိန် ဒီလိုဘ၀ရောက်ရဦးမယ်ဆိုတာ မေ့လျော့နေခဲ့ပုံ ရပါတယ်.. နောက်မကျခင်
အမြန်ဆုံး အသိတရားရနိုင်ပါစေ..

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009