အမှိုက်ကောင်


လူတိုင်းမှာ မွေးဖွားခြင်းနဲ့သေဆုံးချိန်အထိ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ သဘာဝတရားကြီးရဲ့ဖန်တီးမှုအောက်မှာ လှုပ်ရှားရုန်းကန်နေကြရတာပဲ မဟုတ်လားဗျာ။ ကျွန်တော့်ရဲ့ ဘဝအစကလည်း ရွေးချယ်ပိုင်ခွင့်ဆိုတာ ဘာမှန်းမသိခဲ့ရတဲ့ လာခြင်းမကောင်းတဲ့ဘဝတစ်ခုတည်းကနေ လူသား တစ်ယောက်အဖြစ် ရပ်တည် နေရဆဲပါပဲ။ ကျွန်တော် မဖြစ်ချင်တဲ့ဘဝတစ်ခုမှာ ရှင်သန်နေရပေမယ့် ကျွန်တော့်ရဲ့ မွေးရာပါ သံမှိုစွဲ စိတ်ဓာတ်က 'ကိုယ်လုပ်မှကိုယ်ရမှာ'ဆိုတဲ့အတိုင်း ပါးစပ်လှုပ်မှ ဝမ်း ပြည့်တဲ့ သမ္မာအာဇီဝအလုပ်နဲ့ပဲ ကျွန်တော့်ရဲ့နေ့ရက်တွေကို ဖြတ်ကျော်လာခဲ့တာ အခုဆိုရင် ကျွန်တော့်  လူပျိုပေါက်အရွယ် ရောက်လာ တဲ့အထိပါပဲ။


အခန်း(၁)

''အမှိုက်ဗျို့. . .အမှိုက်''
''အမှိုက်ပစ်ကြဦးမလားခင်ဗျ . . .အမှိုက်''

နေ့စဉ်နဲ့အမျှ ရှိသမျှအင်အားစိုက်ထုတ်ပြီး ဝမ်းခေါင်းထဲက အသံလုံးကြီးနဲ့ ပိုက်ဆံရဖို့အတွက် တစ်လမ်းဝင်၊ တစ်လမ်းထွက် အော်ဟစ်နေရတဲ့ ကျွန်တော့်အတွက် အမှိုက်တွေက 'ရွှေ'ထက် တောင် တန်ဖိုးရှိနေပြန်ပါရော . . .လူတစ်ကာရဲ့ အိမ်ပေါက်စေ့က စွန့်ပစ်အမှိုက်မျိုးစုံကို မရွံမရှာ နဲ့ကိုင်တွယ်ပြီး ကျွန်တော့်ရဲ့လက်တွန်းလှည်းလေးအပေါ် မြတ်မြတ်နိုးနိုးတင်ပေးတတ်စမြဲပါပဲ။
စွန့်ပစ်အမှိုက်များလေ ကျွန်တော့်အတွက် နေ့တွက်ကိုက်လေဖြစ်နေတာမို့ တခိျု့ရပ်ကွက်ထဲက အထပ်မြင့်တိုက်ခန်းမှာနေထိုင်သူတွေရဲ့ အမှိုက်ထုပ်ကိုရဖို့အတွက် ကျွန်တော် ပုံမှန်ထက်ပိုပြီး အသံနှုန်းကိုမြှင့်တင်လိုက်တာက . . .

''အမှိုက်ပစ်ကြပါဦးဗိျု့၊ အမှိုက် . . .အမှိုက်တွေအိမ်ပေါ်ထိ တက်ယူပေးတယ်နော်၊ အမှိုက် ....'' 

ကျွန်တော့်ရဲ့ အသံစာစာနဲ့ လိပ်ခေါင်းထွက်လုမတတ် အော်ဟစ်သံကြောင့်ကျွန်တော့်အမှိုက် လှည်းတွန်းလာတဲ့အနောက်ဘက် အမြင့်တစ်နေရာဆီမှာ လက်ခုပ်သံတဖြောင်းဖြောင်းကိုကြားလိုက် ရတာပါပဲ။ 

''ဟော . . .ကျွန်တော့်အတွက် အမှိုက်ထုပ်တစ်ထုပ်ထပ်ရတာပဲနေမှာ'' ဆိုတဲ့ ပီတိအတွေးလေး နဲ့ ခေါင်းကိုဆတ်ခနဲလှည့်ကြည့်လိုက်တော့ ရပ်မသွားတဲ့ လက်ခုပ်သံနဲ့အတူ (၆)ထပ်တိုက်အမြင့် ပေါ်က အဒေါ်ကြီးတစ်ယောက်ရဲ့ လက်ဟန်ခြေဟန်နဲ့ ကျွန်တော့်ကို လက်ယပ်ခေါ်နေပုံကို မြင် တွေ့လိုက်ရပါတော့တယ်။ 

ကျွန်တော့်ရဲ့ရင်ခုန်သံတွေ တဒိန်းဒိန်းမြန်ဆန်လာပြီး လျှင်မြန်တဲ့ခြေအဟုန်နဲ့ ကျွန်တော့်ရဲ့ လက်တွန်းလှည်းလေးကို ကျွီခနဲမြည်အောင် အနောက်ဘက်သို့ ကွေ့ချလိုက်မိပါတယ်။ တစ်ဆက် တည်းမှာပဲ ကျွန်တော်မြင်တွေ့ခဲ့လိုက်တဲ့အဒေါ်ကြီးကို ကျွန်တော့်ရဲ့ ညစ်နွမ်းနွမ်းမျက်နှာလေးနဲ့  အချိုသာဆုံးရယ်ပြလိုက်ရင်း တိုက်အော်ကဖက်မှာပဲ လက်တွန်းလှည်းလေးကို ခေတ္တထားခဲ့ပြီး လှေကားထစ်ပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ပါတယ်။ အမှိုက်ပစ်မယ့် အပေါ်ထပ်အိမ်တံခါးအရှေ့ ကို ကျွန်တော်ရောက်လာတယ်ဆိုရင်ပဲ အိမ်ရှင်အဒေါ်ကြီးရဲ့ လက်တစ်ဖက်တစ်ချက်ဆီကိုင်ဆောင် ထားတဲ့ အမှိုက်ထုပ်များဆီသို့သာ အမောပြေကြည့်ရှုရင်း ကမန်းကတန်းလှမ်းယူလိုက်မိပါတယ်။ 

''ဟောဟဲ . . .ဟောဟဲ . . .ပေး . . .ပေး . . .အဒေါ် ကျွန်တော့်ကိုပေး၊ ဒီနှစ်ထုပ်ပဲလား၊ ကျန်သေးလား၊ နောက်ထပ်အမှိုက်တွေ ဟို . . . ဟောဟဲ . . .ဟောဟဲ . . .ရေသန့်ခွံဘူးတို့၊ ဘီယာဘူးခွံတို့ရှိရင်လည်း ကျွန်တော့်ကိုပေးလိုက်ပါလားဗျာ''

(၆)ထပ်အမြင့်သို့ အမှိုက်ထုပ်လိုချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ တက်ကြွစွာလှမ်းတက်လာခဲ့တာကြောင့် မောရ ကောင်းမှန်းမေ့နေခဲ့တဲ့ကျွန်တော် ခဏရပ်ပြီး စကားပြောတဲ့အချိန်ကျမှ မောပန်းပို့သတိရ သွားခဲ့တာကြောင့်စကားလုံးများ လုံးထွေးစွာဆန္ဒစောနေခဲ့ပါတယ်။ 

''ဟဲ့ ကောင်လေး နင့်ဟာကလည်း ဖြည်းဖြည်းသက်သာပြောပါဟယ်၊ တကယ်တည်း နင့်နောက်က ကျားလိုက်လာလို့ ဒီလောက်တောင် အသည်းအသန်ဖြစ်နေရတာလား၊ ရော့ ....ဒီမှာ အမှိုက်နှစ်ထုပ် အိမ်ထဲမှာကျန်သေးတယ်။ ခဏနေဦး ငါသွားယူလိုက်ဦးမယ်''

မောကြီးပန်းကြီးနဲ့ လောဘတကြီး တောင်းဆိုနေတဲ့ ကျွန်တော့်ရဲ့စကားလုံးများကို အိမ်ရှင် အဒေါ်ကြီးက မကျေမနပ်နဲ့ ခွန်းတုံ့ပြန်ရင်း အိပ်ခန်းထဲသို့ ခြေဦးပြန်လှည့်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ ချစ်စဖွယ်ဟန်ပန်နဲ့ သားသားနားနားကောင်မလေးတစ်ယောက် အိမ်ထဲကနေ ပြေးထွက်လာပြီး အသံပြုလိုက်ပုံက . . .

''မာမီ ဘယ်သူရောက်နေတာလဲဟင် . . .နံစော်နေတာပဲ . . .ဟွန်း''

ပြောလည်းပြောရင်း အိမ်မှာနေရင်းဂါဝန်လေးတစ်ဝဲဝနဲ့ အိပ်ခန်းပေါက်ဝမှာ ရပ်စောင့်နေတဲ့ ကျွန်တော့်အရှေ့ကိုရောက်လာတဲ့ကောင်မလေးကို ညင်သာစွာပြုံးပြလိုက်မိပါတယ်။ ဒီကောင်မ လေးကိုကြည့်ရတာ ကျွန်တော်နဲ့ အသက်အတူတူလောက်ပဲဖြစ်ဖို့များတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ မတူတဲ့အချက်က အသားဖြူဖြူလေးနဲ့ သန့်သန့်ရှင်းရှင်း ချစ်စရာသိပ်ကောင်းတဲ့ ကောင်မလေး ဖြစ်နေတာကြောင့်ပါပဲ။ ကျွန်တော့်အတွေးမဆုံးခင်အချိန်မှာပဲ အဲဒီကောင်မလေးက ကျွန်တော့်ကို ခြေအစ၊ ခေါင်းအဆုံးကြည့်ပြီး နှာခေါင်းလေးရှုံ့ကာဆိုလိုက်တာက . . .

''ဟွန့် . . .အဲဒါကြောင့်အိမ်ထဲမှာ အနံ့တွေနံလာတာကိုး၊ နင်ဘာရပ်လုပ်နေတာလဲ၊ အမှိုက် သမားရဲ့၊ သွားတော့လေ၊ ငါနံလှပြီဟဲ့''

သူမရဲ့စကားသံနဲ့အသုံးအနှုန်းကြောင့်ကျွန်တော့်ဒေါသတွေ ထောင်းခနဲဖြစ်သွားပြီး ချက်ချင်း ပြန်ပြောပစ်လိုက်တာက ''ငါ့ကို အမှိုက်သမားလို့မခေါ်နဲ့၊ အိမ်ရှင်အဒေါ်ကြီးက ခဏစောင့်ဦး ဆိုလို့ ငါရပ်စောင့်နေတာ ကောင်မစုတ်လေးရဲ့'' ဆိုတဲ့ စိတ်ထဲကမခံချင်စိတ်နဲ့ပြောလိုက်တဲ့ ဒေါသသံက အပြင်ဘက်သို့လျှံကျမလာဘဲ ရင်တွင်းစကားသံများအဖြစ်သာကျန်ရစ်နေပါတော့တယ်။ 

ကျွန်တော့်လို အမှိုက်တွန်းလှည်းလေးနဲ့ ရပ်ကွက်တကာလှည့်ပြီး အမှိုက်သိမ်းနေသူအတွက် 'အမှိုက်သမား'ဆိုတဲ့ ဂုဏ်ပုဒ်က သိတတ်ခါစအရွယ်ကတည်းက ပိုင်ဆိုင်ခဲ့ရပြီးသားရာထူးတစ်ခု ဖြစ်ပေမယ့် အဲဒီချစ်စရာကောင်းတဲ့ကောင်မလေးရဲ့ပါးစပ်က လိုက်ဖက်မှုကင်းမဲ့စွာ ထွက်ကျလာတာ ကို ကျွန်တော်သည်းမခံနိုင်လောက်အောင်ဖြစ်ခဲ့တာကြောင့်ပါ။ 

သူမရဲ့ လက်ဖဝါးလေးကို ပါးစပ်နားမှာထားရင်း လက်ညှိုးလေးနဲ့လက်မကို အသုံးပြုပြီး နှာခေါင်းပိတ်ထားတဲ့ ကောင်မလေးရဲ့မိခင်ဖြစ်ဟန်တူတဲ့ အဒေါ်ကြီးပြန်ထွက်လာမှပဲ ကျွန်တော် စိတ်လျှော့ချလိုက်မိပါတယ်။  

''ဟင်း''
''ရော့ . . .ကောင်လေး နင်လိုချင်တဲ့ ရေသန့်ဘူးခွံတွေနဲ့ နောက်ထပ်အမှိုက်ထုပ်တွေ၊ ဘယ် လောက်ပေးရမှာလဲ တစ်ခါတည်းပြော''

အိမ်ရှင်အဒေါ်ကြီးလှမ်းပေးလိုက်တဲ့အမှိုက်ထုပ်နဲ့ စောစောကပေးထားပြီးသားအမှိုက်ထုပ်များကို စုချည်လိုက်ပြီး ရေသန့်ဘူးခွံများထုတ်ထားတဲ့ ကြွတ်ကြွတ်အိတ်လေးကို ကျွန်တော် ယုယုယယ ကိုင်တွယ်လိုက်ပါတော့တယ်။ တစ်လက်စတည်း ခပ်သွက်သွက်လေး ဈေးဖြတ်လိုက်တာက . ...

''တစ်ရာပဲပေးပါ ဒေါ်ကြီး၊ ကျွန်တော့်ကို ရေသန့်ဘူးခွံတွေ ထုတ်ပေးတာကိုပဲ ကျေးဇူးတင် လှပါပြီခင်ဗျ . '' ဆိုတဲ့ ကျွန်တော့်ရဲ့ ဝမ်းသာအားရစကားသံအဆုံးမှာတော့ အဒေါ်ကြီးရဲ့လက်ထဲ မှာ ကျစ်ကျစ်ဆုပ်ကိုင်ထားတဲ့ နှစ်ရာကျပ်တန်ခပ်နွမ်းနွမ်းလေးကို ကျွန်တော့်ကိုပေးလိုက်ပါတယ်။ 

''ဟဲ့ . . .ကောင်လေး နင်က (၆)ထပ်တိုက်ထိတက်လာပြီး တစ်ရာပဲတောင်းရသလား။ ကဲ ရော့ . . .ရော့ ပြန်အမ်းမနေနဲ့တော့ ဒီနှစ်ရာစလုံးယူသွားချည်''

စိတ်သဘောထားကောင်းမွန်ပုံရတဲ့ အိမ်ရှင်အဒေါ်ကြီးရဲ့စကားသံနဲ့အတူ ရက်ရက်ရောရောပေး လိုက်တဲ့နှစ်ရာကျပ်တန်အနွမ်းလေးကြောင့်ခပ်စောစောက ကျွန်တော့်ရဲ့ဒေါသတွေ အလိုအလျောက် ပြေပျောက်သွားပါတော့တယ်။ 

''ကျေးဇူးတင်ပါတယ်ခင်ဗျာ'' ဆိုတဲ့ စကားလုံးလေးကို ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်ပြီး  ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့အထုပ်များနဲ့ မနိုင်မနင်း တိုက်အောက်ထပ်ကိုပြန်ဆင်းလာချိန်မှာ တော့ ခပ်စွာစွာကောင်မလေးရဲ့အသံက ကျွန်တော့်နားထဲစွဲကျန်နေပါတော့တယ်။

''အလကား . . .အရှုပ်ထုပ် . . .ဟွန့်''တဲ့လေ။ ဘယ်သူတွေဘာပဲပြောကြပါစေ။ ကျွန်တော့် အတွက်ကတော့ ဒီနေ့ နေ့လယ်ခင်းအချိန်ပိုင်းလေးမှာတင် ငွေနှစ်ရာအသားတင်ရထားပြီးတဲ့အပြင်  ရေသန့်ဘူးခွံတွေကို ဦးစိုးဝင်းရဲ့ဒိုင်မှာ ပြန်သွင်းနိုင်ခဲ့ရင် အနံ့ည်းဆုံးတစ်ဘူးကို အစိတ်(နှစ်ဆယ့် ငါးကျပ်)နှုန်းနဲ့ နောက်ထပ်နှစ်ရာလောက်ကတော့ အသားလေးလျှော့ခနနဲ့ ကျွန်တော့်ရဲ့ ညစ်ပေ နေတဲ့ဘောင်းဘီအိတ်ကပ်လေးထဲဝင်သွားနိုင်ပါတယ်။

ကျွန်တော့်ရဲ့အဖေ နေ့ခင်းထမင်းစားခဏနားတဲ့အချိန်တွေမှာ ကျွန်တော်တစ်ယောက်တည်း အမှိုက်လှည်းတွန်းပြီး မိသားစုဝင်ငွေရှာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ကျွန်တော် ငယ်ငယ် လေးကတည်းက အမှိုက်ပုံပေါ်မှာမွေး၊ အမှိုက်တွန်းလှည်းထဲမှာ အိပ်ပျော်ရင်းကြီးပြင်းလာခဲ့ရတာ ကြောင့်အမှိုက်ပုံများသည်သာ ကျွန်တော့်ရဲ့ကမ္ဘာ၊ ကျွန်တော့်ရဲ့ကစားကွင်း၊ အပန်းဖြေအနံ့ားယူ ရာ ပန်းဥယျာဉ်ကြီးပမာ မက်မောတွယ်တာနေခဲ့ရသည်သာ။ 

ကျွန်တော်တို့မိသားစုရဲ့ ဘဝရပ်တည်ရေးအတွက် ကျွန်တော်သိတတ်ခါစအချိန်ကတည်းက ကျောင်းပညာဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရဘဲ ဦးမျိုးအောင်ကို တွန်းလှည်းငှားခတစ်နေ့တစ် ထောင်ကျပ်ပေးနိုင်ဖို့အတွက် အမှိုက်ထုပ်များများသိမ်းနိုင်ဖို့ပါပဲ။ အမှိုက်ထုပ်တစ်ခါသိမ်းရင် အိမ် တွေက အနံ့ည်းဆုံးငွေငါးဆယ်လောက်ကတော့ ပုံမှန်ပေးတတ်သလို အထပ်မြင့်တိုက်ခန်းများပေါ် သို့ ကိုယ်တိုင်တက်ယူရတဲ့အမှိုက်ထုပ်များအတွက်ဆိုရင်တော့ အိမ်ရှင်များက ကျွန်တော့်ကို ပိုပို သာသာတစ်ရာတန်သည်၊ နှစ်ရာတန်သည် ပေးတတ်စမြဲပင်။ 

မနက်မိုးလင်းကာစ (၆)နာရီအချိန်ကတည်းက ဦးမျိုးအောင်ဆီမှာ အမှိုက်တွန်းလှည်းအငှားရဖို့ သွားတန်းစီးရသလို ညနေ(၆)နာရီ အမှိုက်တွန်းလှည်းပြန်အပ်ချိန်မှာတော့ အရင်းငွေတစ်ထောင် ကျပ် နှုတ်ပြီး အမြတ်ငွေငါးရာကျော် တစ်ထောင်လောက်ကတော့ ကျွန်တော် တို့ မိသားစုအတွက် ပုံမှန်ကျန်တတ်စမြဲပါပဲ။ တစ်ခါတစ်ရံ စေတနာရှိတဲ့ အမှိုက်ပစ်ချင်သူများက စွနကြဲခဲ့တဲ့ ဘူးခွံ၊ ပုလင်းခွံများရောင်းရငွေကို ထပ်ပေါင်းလိုက်ရင် ကျွန်တော်ရယ်၊ အဖေနဲ့အမေရယ် ကျွန်တော်တို့ မိသားစုသုံးယောက်စာအတွက် တစ်ပတ်စာ ဝမ်းစာဖူလုံတဲ့အထိ အဆင်ပြေနေတတ်ပါတယ်။ လူ့ပတ်ဝန်းကျင်သာယာအေးချမ်း လှပ နေစေဖို့ မလိုအပ်တဲ့ အမှိုက်သရိုက်တွေကို ရှင်းထုတ်ပစ်တာ ဟာ သန့်ရှင်းကျန်းမာစေတဲ့ ကောင်းသော အမူအကျင့် တစ်ခုဖြစ်သလို စိတ်တွင်းမှ အညစ်အကြေး ဆိုးများကိုလည်း အမှိုက်ထုပ်များလို စုချည်ပြီးလွှင့်ပစ်လိုက်နိုင်မယ်ဆိုရင် လောကကြီးဟာ တင့်တယ်မှုတွေနဲ့ အမြင်လှပနေမှာ မလွဲဧကန် မဟုတ်လားဗျာ . . .

ကျွန်တော့်ရဲ့အပြင်ပန်းလက္ခဏာအရ ခပ်နွမ်းနွမ်းအင်္ကျီတစ်စုံမှာ အနံ့ဆိုးတွေဖုံးလွှမ်းနေတာကြောင့် ကျွန်တော့်ရဲ့နာမည် 'အမှိုက်သမားလေး'လို့ အမည်တွင်နေပေမယ့် မိသားစုအရေး၊ ကျွန်တော့်ရဲ့ ဘဝရပ်တည်ရေးအတွက် ပတ်ဝန်းကျင်က အမှိုက်ထုပ်တွေကို သိမ်းကျုံးပေးနေရတဲ့ မွန်မြတ်သန့် စင်တဲ့ 'အမှိုက်သမားလေး'ဘဝကို ကုသိုလ်ယူရင်း ကျွန်တော် ရာသက်ပန်ခင်တွယ်နေဦးမှာပါ ဗျာ . . .အမှိုက်နံ့တွေကိုရှုရှိုက်ပြီး ဘဝခရီးဆက်နေရဦးမယ့် ကျွန်တော့်ဘဝမှာ တစ်ချိန်ချိန်တော့ အမွှေးရနံ့တွေ သင်းပံျ့လာဦးမှာပါ။ မိတ်ဆွေတို့ကိုယ်တိုင်ရော သင့်ရဲ့ပတ်ဝန်းကျင်မှာ သင်းရနံ့ မွှေးပံျ့သူတစ်ယောက်ဖြစ်နေပါရဲ့လား။ 

ဒါမှမဟုတ်...
မိတ်ဆွေတို့ကိုယ်တိုင်ရော ပတ်ဝန်းကျင်ရဲ့ အမှိုက်ထုပ်တွေဖြစ်နေကြပါသလား?

ဆုကဗျာ

1 comments:

Ei Yupar said...

ဆု က မအားတဲ့ကြားထဲက အဲလို ဘလော့ဂ်ရေးတယ်ဆိုတာ ဒီနေ့မှ သိရတယ်။

ရေးထားတာလေးကလည်း အကြောင်းအရာရော၊ အသိအမြင်ရော လူတွေ သတိထားမိအောင် တင်ပြသွားတာ သိပ်ကောင်းတယ်။

ဆက်ရေးပါနော်။ အားပေးနေမယ်။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009