အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၅)

''အဖြူရောင် နန်းတော်အလား၊ ထင်ယောင်မှား ခဲ့ရသည့် ကြာပွင့်သဏ္ဌာန် ဘုရားကျောင်းသို့'' အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် နေထိုင်ခွင့် ရရှိခဲ့သည့် အဖိုးတန်ရက်စွဲ များမှာ ကျွန်မအတွက် ပြန်တွေးတိုင်း ဟောင်းနွမ်း မသွားနိုင်သော နေ့ရက်များပင် ဖြစ်ခဲ့ရသည်။ ကျောင်းဖွင့်ရက်များတွင် နံနက် (၉)နာရီမှ ညနေ (၅)နာရီ အချိန်အထိ I.I.M.C တက္ကသိုလ် အတွင်း၌သာ ပညာရှာဖွေခဲ့ရသလို ကျောင်းပိတ်ရက် Weekend များတွင်မူ နယူးဒေလီမြို့ အတွင်းရှိ ထင်ရှားသော နေရာများသို့ စုံလင်အောင် လည်ပတ်ခွင့် ရရှိခဲ့သည့် အတွက် ကျွန်မယခုလို ခရီးသွားဆောင်းပါး၊ အခန်းဆက်ကို ဖန်တီး ရေးသားနိုင်ခြင်းပင် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း နေ့စဉ် မှတ်တမ်းတိုလေးများကို မှတ်သားထားမိခြင်းကလည်း ခရီးသွားဆောင်းပါးရှည် ရေးသားရာတွင် များစွာ အထောက်အကူ ပြုခဲ့ပေသည်။
ယခုတစ်ပတ်အတွက် ကျွန်မတို့ မြန်မာမီဒီယာ အဖွဲ့ကြီးအား မစ္စတာဒေ့ဗ် မှ ဦးဆောင် ခေါ်သွားပေးခဲ့သည့် နေရာမှာ နယူးဒေလီမြို့ Bahapur, Kalkaji ရှိ လူသိများထင်ရှားသည့် "Lotus Temple" ဟူသော ကြာပွင့်သဏ္ဌာန် ဘုရားကျောင်းသို့ပင် ဖြစ်၏။
အဆိုပါ Lotus Temple မှာ မြို့တော်ဒေလီ၌ ထူးခြားမှုများဖြင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်ချင်စိတ် ပေါ်အောင် ဆွဲဆောင် ခေါ်ငင်နိုင်စွမ်းရှိသည့် အဖြူရောင်ကြာပန်းပုံသဏ္ဌာန် ဘုရားဝတ်ပြုသော ခန်းမကြီးဖြစ်ပြီး (၁၉၈၆)ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ကြောင်း မှတ်သားခဲ့ရသည်။
ဗိသုကာပညာရပ်နှင့် ဆိုင်သော များပြားလှသည့် ဆုတံဆိပ်များကို ပိုင်ဆိုင် ရရှိထားသလို သတင်းစာ စောင်ရေပေါင်းရာချီနှင့် မဂ္ဂဇင်း ဆောင်းပါးများတွင် အဓိက အကြောင်းအရာအဖြစ် တခမ်းတနား ဖော်ပြခြင်းခံခဲ့ရသည့် Lotus Temple ကြီးသို့ အဝင်လမ်းတလျှောက်တွင် လာရောက် လည်ပတ်ကြသော အိန္ဒိယတိုင်းရင်းသားများ သာမကဘဲ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ကိုလည်း အမြောက်အမြား တွေ့မြင်ခဲ့ရတာကြောင့် မစ္စတာဒေ့ဗ်အား မေးမြန်း ကြည့်ခဲ့ရာ ''တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား(၄)သန်းနှင့် တစ်နေ့လျှင် ဧည့်သည်ပေါင်း(၁၃ဝဝဝ)ဝန်းကျင်မှာမပြတ်တမ်း လာရောက်ကြသည့် ဘုရားကျောင်းဖြစ်ကြောင်း'' သိရှိခဲ့ရသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အတွင်းမှာ (၂ဝဝ၂)ခုနှစ်နောက်ပိုင်းကာလ များမှစတင်ပြီး ကမ္ဘာလှည့်ခရီးသွား သန်း(၅ဝ)ကျော်အား အပြည့်အဝဆွဲဆောင် ခေါ်ယူနိုင်စွမ်း ပိုများလာသလို ကမ္ဘာကျော် အီဖယ်မျှော်စင် (Eiffel Tower) နှင့် တပ်ခ်ျမဟာဂူဗိမာန် (Taj Mahal) များထက် ပိုမိုထင်ပေါ်လာသော ဘုရားကျောင်းကြီးလည်း ဖြစ်သည့်အကြောင်း မစ္စတာဒေ့ဗ် (Dev) ကဆိုသည်။
အဆိုပါ Lotus Temple ဘုရားကျောင်းပရဝုဏ်အတွင်း၌ ဖိနပ်အပ်နှံ သည့်နေရာမှာ မြေအောက်ခန်းအတွင်းမှာ ဆောက်လုပ်ထားပြီး ဘုရားကျောင်း အတွင်းသို့ဝင်လိုသူတိုင်း ဖိနပ်ချွတ်ပြီးမှဝင်ကြရန် သတိပေးစာများဖြင့် နှိုးဆော် ထားသည်ကိုလည်းတွေ့ရသည်။ ဘုရားကျောင်းအတွင်းသို့ဝင်နိုင်ရန် စနစ် တကျတန်းစီသောစနစ်ကိုကျင့်သုံးစေပြီး ဘုရားကျောင်းအတွင်း၌ ဘုရား ဝတ်ပြုလိုသူများအား အနှောင့်အယှက်မဖြစ်စေရန်အတွက် စကားပြောဆိုခြင်း မပြုလုပ်ရန်၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် လက်ကိုင်ဖုန်းပြောဆိုခြင်းများကို ခွင့်မပြု သည့်အကြောင်း Lotus Temple မှ ဧည့်လမ်းညွှန်များက အတိအလင်း ပြောကြားကာ တားမြစ်ခဲ့ကြသည်။
ဤသည်မှာလည်း စည်းစနစ်ကောင်းများကို ကျင့်သုံး လိုက်နာတတ်စေရန် သတိပေး ပြောကြားပေးခြင်းဖြစ်ပြီး အိန္ဒိယ တိုင်းရင်းသားများ သာမက နိုင်ငံခြားသား ခရီးသွားဧည့်သည်များကလည်း အလေးအနက်ထားကာ လိုက်နာခဲ့ကြသည်မှာ ချစ်စဖွယ် အပြုအမူပင်ဖြစ်သည်။
ကြာပန်း၊ကြာပွင့်သဏ္ဌာန် စိတ်ကူးအကြံဥာဏ်ဖြင့် ပုံဖော်ဆောက်လုပ်ခဲ့သည့် ဗိသုကာပညာရှင်မှာ Mr.Fariborz Sahba ဆိုသူပင်ဖြစ်ပြီး စိတ်အတွင်းခံစားမှု အဇ္ဈတ္တသန္တန်ကို ဖော်ပြနိုင်စွမ်းရှိသည့် လက်ရာကောင်း အဆောက်အဦအဖြစ် တွေ့မြင်ခဲ့ရသည်။
ဘုရားဝတ်ပြုသည့် ခန်းမအဆောက်အဦးကြီးကို ကွန်ကရစ်များဖြင့် အခိုင် အမာဆောက်လုပ်ထားသလို အမိုး၏ပုံစံကိုလည်း အစင်းစောင်းပါသော ခေါင်မိုးအဖြစ် တည်ဆောက်ထားသည်မှာ လွန်စွာ လက်ရာမြောက်လှပေသည်။
အဆောက်အဦကြီး အတွက် တာဝန်ယူ ဆောက်လုပ်ပေးခဲ့ကြသည့် အင်ဂျင်နီယာနှစ်ဦးမှာ Flint နှင့် Neill တို့ပင်ဖြစ်ပြီး ဘုရားကျောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အေးချမ်းခြင်း၊ တိတ်ဆိတ်ခြင်းနှင့် အာရုံများကို စုစည်းတည်ငြိမ်စေခြင်း စသော ထူးခြားမှုများကို ခံစားရရှိခဲ့ရ၏။
LotusTemple ဘုရားကျောင်းကြီး အတွင်း၌ လူဦးရေ(၁၃ဝဝ) ထိုင်နိုင်သည့် ခုံတန်းရှည်ကြီးများကို ချပေးထားပြီး ဘုရား ဝတ်ပြုလိုသူများ အတွက် သက်တောင့်သက်သာ ထိုင်နိုင်ခွင့်ရရှိစေရန် စီစဉ် ပေးထားသည်ကို တွေ့ရသည်။ ဘာသာရေးနှင့် သက်ဆိုင်သော ဘုရားဝတ်ပြုရန် ဖန်တီး ဆောက်လုပ်ထားသော အဆောက်အဦကြီး ဖြစ်ခြင်းကြောင့် ဘုရားကျောင်း အတွင်း၌ ဘာသာရေးဂိုဏ်း ခွဲမှုမရှိဘဲ မည်သည့် ဘာသာ ကိုးကွယ်သူမဆို လာရောက်တွေ့ဆုံ စုဝေးနိုင်ကြပြီး မည်သည့်ဘာသာဖြင့် မဆို ဘုရားစာ ရွတ်ဆိုခြင်းကိုလည်း လွတ်လပ်စွာ တံခါးဖွင့် ကြိုဆိုထားသည်မှာ Lotus Temple ၏ ထူးခြားမှုပင် ဖြစ်သည်။
ထူးခြားသော ဝိသေသလက္ခဏာ ပုံစံမှာ ကြည်လင်သော ရေကန်ကို လှပစွာ တည်ဆောက်ထားပြီး ကိုးကဏန်းဟူသည်မှာ သုညမှ စတင်ရေတွက်ပါက အမြင့်ဆုံး ကိန်းဂဏန်းတစ်ခုပင် ဖြစ်သလို ဘုရားကျောင်းတစ်ခုလုံးတွင် ပါဝင်သည့် ဆက်စပ်နေသော အစိတ်အပိုင်းများနှင့် တစ်သားတည်း ထပ်တူကျသော ရေကန်များအဖြစ် တွေ့မြင်လေ့လာခဲ့ရသည်။
ကြာပန်းသဏ္ဌာန် ဘုရားကျောင်း၏ ဒီဇိုင်းဖန်တီးမှုမှာ ပွင့်ဖတ်၊ပွင့်လွှာပေါင်း (၂၇)ချပ်ဖြင့် ဖော်ကျူးထားသလို ကြမ်းခင်းမှအပေါ် အမိုးအထိ အကျယ်အဝန်းမှာ (၃၄ဒဿမ ၂၇)မီတာရှိပြီး အဆောက်အဦးကြီး တစ်ခုလုံး၏ ဗျက်အကျယ်မှာ မီတာ(၇ဝ)ရှိကြောင်း သိရှိခဲ့ရ၏။ လှပသော ပွင့်ဖတ်၊ပွင့်လွှာများကို အဖြူရောင် ကွန်ကရစ်လောင်း၍ ပုံဖော်ထားပြီး အပြင်ဘက်မှ ပွင့်ဖတ်၊ပွင့်လွှာများကို စတုဂံ ပုံသဏ္ဌာန် စကျင်ကျောက်ဖြူများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။
ကျွန်မတို့မြန်မာမီဒီယာအဖွဲ့ကြီးမှာ ရောက်သည့်နေရာတွင် ရောက်သလို မှတ်တမ်းတင်နိုင်ရန်ကြိုးပမ်းခဲ့ကြပြီး ဘုရားကျောင်းအတွင်း ဓာတ်ပုံများကိုမီး ဖွင့်၍ ရိုက်ကူးခွင့် မရခဲ့တာကြောင့် စုစုပေါင်းဧရိယာ အကျယ်အဝန်း (၂၆ ဒဿမ ၆)ဧကကျယ်ဝန်းလှသည့် ဘုရားကျောင်းမြေနေရာ အပြင်ဖက်၌ စိတ်ကြိုက် ဓာတ်ပုံများကို အားပါးတရ ရိုက်ကူးခဲ့ကြလေသည်။
(၁၉၈ဝ)ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့သော Lotus Temple ကြီးမှာ နည်းဥပဒေတိကျစွာဖြင့် နတ်ဘုရား၊ ဘာသာတရားနှင့် မြင့်  မတ်သောအမျိုးသား သူတော်စင်ပုဂ္ဂိုလ်များကိုရည်စူးညွှန်းဆို၍ (၁၉၈၆) ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် အပြီးသတ်နိုင်ခဲ့ကြောင်း လေ့လာခဲ့ရပေသည်။
လှပသေသပ်သော လက်ရာကောင်းများဖြင့် အဓိပ္ပာယ်ရှိစွာ တည်ဆောက်ထားသော ဘာသာရေးအဆောက်အဦကြီး Lotus Temple ၏ အခြေခံမူဝါဒ (၈)ချက်မှာလည်း စိတ်ဝင်စားစရာများစွာဖြင့် ပြည့်နှက်နေ သည်ကို လေ့လာမှတ်သားခဲ့ရပြီး
မူဝါဒ-
(၁)လူသားမျိုးနွယ်များနှင့်တစ်သားတည်းဖြစ်စေရန်
(၂)အမှန်တရားကို လွတ်လပ်စွာ စုံစမ်းမေးမြန်း၊ ရှာဖွေနိုင်ရန်
(၃)ဘာသာတရား လိုက်စားသူအားလုံး ပိုင်ဆိုင်ထားသော နေရာဖြစ်စေရန်
(၄)သုတ၊သိပ္ပံပညာရပ်နှင့် ဘာသာတရားအပေါ်လိုက်လျော ညီထွေမှု လိုအပ်စေရန်
(၅)အမျိုးသားများနှင့် အမျိုးသမီးများ ညီတူညီမျှဖြစ်စေရန်
(၆)ဘက်လိုက်ခြင်း၊ ကြိုတင်တွေးဆထားသည့် ထင်မြင်ချက်၊ ဆုံးဖြတ်မှုမှဖြစ်ပေါ်နိုင်သည့် ဘေးဥပါဒ်များအား ထည့်သွင်းစဉ်းစားခြင်းမှ ဖယ်ရှားရန်
(၇)အများနှင့် သက်ဆိုင်သော ပညာရေးအတွက် မရှိမဖြစ် လုပ်ဆောင်ရန်
(၈)ငြိမ်းချမ်းရေးကို အများအတွက် ဖော်ဆောင်ရန် ဟူသည့် အချက်များကို မှတ်တမ်းတင် လေ့လာနိုင်ခဲ့ပေသည်။
ကျွန်မအတွက် ခရီးသွားမှတ်တမ်း ဓာတ်ပုံများစွာကို ရိုက်ကူးချင်စိတ် ပေါ်ပေါက်ခဲ့ရသည့် Lotus Temple ဘုရားကျောင်းမှာ အိန္ဒိယတိုင်းရင်းသားများ အတွက်သာမက လာရောက်လေ့လာ လည်ပတ်နေခဲ့ကြသော ကမ္ဘာလှည့်ခရီးသွားများ အတွက်လည်း အေးချမ်းသာယာမှုဖြင့် တရားဓမ္မ အားထုတ်နိုင်သော ခန်းမကြီးအသွင် တွေ့မြင်ခဲ့ရ၏။ ကြာပွင့်သဏ္ဌာန်၊ ဆန်းပြားသော ဘုရားကျောင်းကြီးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို အင်တာနက်မှတဆင့် လေ့လာလိုသူများ အနေဖြင့် www.bahaindia.org တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြပေသည်။ အပတ်စဉ် တနင်္လာနေ့တိုင်း ပိတ်ထားသည့် Lotus temple ပရဝုဏ်ပတ်လည်တွင် ခရီးသွားဧည့်သည်များ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် နယူးဒေလီမြို့ရှိ ST John သူနာပြုအဖွဲ့ကြီးမှ ရှေးဦးသူနာပြုစုခြင်း ယာယီ ဆေးခန်းငယ်ကိုလည်း ထားရှိပေးထားခြင်းကြောင့် ဧည့်သည်များ၏ အရေးပေါ် ကျန်းမာရေးအား စောင့်ရှောက် ပေးနေသည်ကိုလည်း ထူးထူးခြားခြား တွေ့မြင်ခဲ့ရသည်။ မြို့တော်ဒေလီ၏ ရာသီဥတု အပူရှိန်ကြောင့် အပြင်ဘက်တွင် နေရောင်ခြည်ဖြင့် ပူနွေးနေသော်လည်း ကျွန်မနှလုံး အိမ်အတွင်း၌မူ ငြိမ်းချမ်းသော တရားဓမ္မရိပ်ကြောင့် အေးမြတည်ငြိမ်မှုကို Lotus Temple သို့ရောက်ရှိခိုက် ခံစားသိရှိခဲ့မိလေသည်။
ဆုကဗျာ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009