နားပန်းဆံ၊ ဂျာအေးတို့နှင့် ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ (၁၆)

မင်းသမီးကြီးသည် ရုပ်ရှင်အနုပညာ အသိုင်းအဝိုင်း တွင်သာ ထင်ပေါ်ကျော်ကြားသူ မဟုတ်ပဲ၊ ဂီတအနုပညာနှင့် တေးသီချင်း သီဆိုမှုများတွင်လည်း အောင်မြင် ကျော်ကြားသော အနုပညာရှင် တစ်ဦးဖြစ်သည်ကို သူမသီဆိုပြီး အောင်မြင်သော တေးသီချင်းများကို လေ့လာပြီး သိရှိနိုင်ပေသည်။ ''မာမီသီချင်းတွေထဲမှာ ပရိသတ်အတောင်းဆိုဆုံး သီချင်းကို ပြောရမှာတောင် အားနာတယ်။ ဟင်း . .ဟင်း . .။ နားပန်းဆံလေ။ ကိုယ်က ရှက်လို့ မဆိုချင်ပါဘူး ဆိုတာတောင်မှ ဒီသီချင်းကို မဆိုဘဲနဲ့ကို ဆင်းလို့မရဘူး ဖြစ်နေတာ။ ကိုယ်ကတော့ စုံစုံလေး ဆိုချင်တာပေါ့နော်။ စင်ပေါ်တက်လာတာနဲ့ပဲ သူတို့က ကိုယ့်ကိုဒါပဲ တောင်းဆိုတော့ ရှက်ရှက်နဲ့ပဲ ဆိုလာခဲ့ရတာပဲလေ။ မာမီကိုယ်တိုင် ဆိုရတာ ရိုးနေသလို ခံစားရပေမယ့် ပရိသတ်ရဲ့ လက်ခံမှုအားက အံ့သြစရာ ကောင်းလောက်အောင် ဖြစ်နေတယ်။

အမှန်တော့ နောက်ပိုင်းကျဒီသီချင်းက ဂစ်တာတွေဘာတွေနဲ့ တီးလို့လည်း ရလာတယ်။ လူတွေပိုပြီးတော့ မြူးကြွလာတာပေါ့လေ။ ဟိုတုန်းကဆို ဒီသီချင်းဆိုချင်ရင် ဆိုင်းဝိုင်းမရှိရင်ဆိုလို့မရဘူးလေ။ မြန်မာပြည်သိန်းတန် ကိုတကယ့် တကယ်ကျတော့ ကျေးဇူးတင်ရမှာပါ။ သူတို့က တီးဝိုင်းနဲ့ ဖြစ်အောင်လုပ်သွားတာလေ။ နောက်ကျ အဲလိုဆိုရတာ ပိုတောင်အာတွေ့ လာသလိုပဲ။ ဆိုင်းဝိုင်းနဲ့တီးပေးရင်တောင် နည်းနည်းကြောင်တောင်တောင် ဖြစ်လာရော။ ဆိုင်းဝိုင်းမှာက နှဲနဲ့ပျိုးပြီးတော့မှ ''ဂျိ''ဆိုပြီးချတော့မှ ဝင်ဆို ရတာ။ အော်ဂင်နဲ့ကျ 'ဒဲ ဒဲ ဒဲ' ဆိုကတည်းကကို မာမီက ဆိုပစ်လိုက် တာပဲ။ အော်ဂင်နဲ့ကျပိုလွယ်ပြီး ဆိုင်းဝိုင်းနဲ့ကျ အတော်လေးကိုစောင့်ပြီး အသံကိုထိန်းရတာပေါ့''
ပွဲတိုင်းကျော် နားပန်းဆံအပြင်၊ အခြားသော တေးသီချင်းများ အကြောင်းကိုလည်း မင်းသမီးကြီးထံမှ ကြားသိ၊ လေ့လာခွင့်ရခဲ့သေးသည်။
''မြစ်ကြီးဧရာဝတီ၊ ဂျာအေးသီချင်းတွေကို မာမီကြိုကြားကြိုကြားဆို တယ်။ ပန်းချယ်ရီလည်းဆိုတယ်။ နောက်ပိုင်းကျ မဆွေနဲ့ ''မကြာခင်မှာ ကြင်နာမယ်''ဆိုတဲ့ စတူဒီယိုသီချင်းတွေဆိုဖြစ်တယ်။ ခေတ်သီချင်းတွေ အပြိုင်ဆိုမယ်ဆိုပြီး ကိုယ့်ဟာကိုယ်ထွင်လိုက်တာပေါ့။ ပရိသတ်က သဘော ကျကြတယ်လေ။ ဘယ်ပွဲပဲဖြစ်ဖြစ်၊ မဆွေသွားဆိုတဲ့ နေရာတွေတိုင်း နားပန်း ဆံကို တောင်းဆိုရင်ဆိုပေးရသေးတယ်။ အဲဒီသီချင်းဆိုရင် အရမ်းတိတိကျကျ ရတာပဲဆိုပြီး ပြောပြောပြီးဆိုတယ်လေ။ သီချင်းအများကြီးမှာမှ ဒီသီချင်း က ဘယ်လိုပေါက်သွားမှန်းကို မသိဘူး။ ကျန်တာက ''ရွှေမန်းဆီသို့''၊ ''စန္ဒာ''၊ ''စန္ဒာ'' သီချင်းလေးက အံ့သြစရာလည်း ကောင်းတယ်။ ဘယ်သူမှ ပြန်မဆိုကြဘူး။ တစ်ယောက်တော့ဆိုသေးတယ်။ ဒါပေမယ့် မပေါက်ဘူးပေါ့။ မာမီမှတ်မိသလောက် စာသားလေးသူလာမေးတယ်လေ။ သူဆိုလို့သာ မာမီကို လာမေးတာနေမှာပေါ့။ မဆွေတောင် အဲဒီသီချင်းမဆိုဘူး။ ဆိုဖို့အကြောင်း မပေါ်လာဘူး။ တချို့ဆိုအရမ်းကြိုက်တယ်။ ဇာတ်ဝင်တေးလေးလေ။ မင်းသားကို ချစ်တယ်။ ဒါပေမယ့် စန္ဒာကိုတိုင်တည်တာပေါ့နော်။ ဟိုကတည်းက မောင်မောင်တာက ပြန်ဆိုတယ်။ ဝမ်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် စားချက်နဲ့ဆိုတဲ့သီချင်းပေါ့။ ''ရွှေမန်း ဆီသို့'' ကျ Title။ ''စန္ဒာ'ကျတော့ ဇာတ်ဝင်သီချင်းတိုင်တည်ပြီး သူကလည်း ဟိုကိုပြောလိုက်ပါပေါ့။ မာမီကလည်း အစကတော့မုန်းမလိုပဲ။ နောက် ပိုင်းကျတော့ သူ့ကိုသဘောကျတယ် ဆိုတဲ့ အကြောင်းလေး ပြောလိုက်တာပေါ့။ ဦးဘသိန်း(မန္တလေး)ရေးပေးတာ။ ဟိုတစ်လောက အသက်(၁ဝဝ)ပြည့်မှ ဆုံးသွားတာလေ''
ဇာတ်ဝင်တေးသီချင်းပေါင်း များစွာမှာလည်း မင်းသမီးကြီးကိုယ်တိုင် သီဆိုထားသော မူရင်းသီချင်းများရှိသလို အခြားသော နာမည်ကြီးအဆိုတော်များ၏ သီချင်းများကို ပြန်လည်သီဆိုခဲ့ရသော တေးသီချင်းများလည်း ရှိပေသည်။
''ချစ်သူနယ်မြေကျတော့ ဇာတ်ဝင်တေးပဲ။ ဓာတ်ပြား သွင်းရတာပေါ့။ ထုတ်လုပ်သူတွေက မကြိုက်လို့ demand မရှိဘူးလေ။ သမီးလည်း စဉ်းစား ကြည့်လေ မာမီဆိုတာနဲ့ အဆိုတော် ...ဆိုတာကို ဘယ်သူပိုကြိုက်လဲ။ တကယ်ဆို မာမီက ဇာတ်လမ်းထဲမှာသာဆိုရတာလေ။ ဇာတ်ဝင်တေးဆိုရ တာလေ။ ဓာတ်ပြားကျတော့ တကယ့် Professional ဆိုရတာလေ။ အဲဒီတုန်းက သူတို့က အရမ်းနာမည်ကြီး နေကြတာလေ။ 'ချစ်စိတ်ရည်'လည်း မာမီ့သီချင်းပဲ။ ဓာတ်ပြားသွင်းရတယ်။ အဆိုကတော့ မာမီတို့က သူတို့လောက် ဘယ်သမ္ဘာရှိမလဲ။ သူတို့က သမ္ဘာရှိတာပေါ့။ မာမီတို့ကျသဘောရိုးဆိုသလို ဖြစ်နေတာပေါ့။ ဒီ Sceneမှာ ဒါကိုဆိုရမယ်ဆိုအရ ဆိုရတာပေါ့။ ဒါပေမယ့် သိပ်တော့ မကောင်းဘူးပေါ့လေ။ ဒီ ''ချစ်စိတ်ရည်''က မာမီရဲ့ မူပိုင်ပဲ။ မာမီခေတ်ဖြစ်ခဲ့တဲ့ ''နားပန်းဆံ''ပဲ ပြန်တည်တာ။ တကယ်တော့ အပြောင်းအလွဲလေး ဖြစ်မသွားဘူးလား။ အဲဒီ သီချင်းလေးဆိုလိုက်ရင် announcer က ပြောပြရမယ်။ ဒီသီချင်းသည် ဘယ်ဇာတ်ကားမှာဆိုခဲ့တယ်။ ဆရာ ရွှေပြည်အေးကရေးခဲ့တယ်။ သူသည် ယနေ့အထိမူပိုင်အဆိုတော်ဖြစ်တယ်။ မာမီရဲ့ ဆိုနိုင်တဲ့အားလေးနဲ့ မူပိုင်ဆိုတာက ပိုနားထောင်မကောင်းဘူးလား ကွယ်။ အဲလိုဖြစ်စေချင်ပေမယ့် မာမီက မတောင်းဆိုပါဘူး။ သူတို့စိတ်ထဲမှာ ဒီသီချင်းသည် သူများရဲ့ မူပိုင်လို့ထင်တာ။ မာမီကို TVမှာ Interview လုပ်တော့ သေချာပြောပြရသေးတယ်။ ဒီသီချင်းကို ဘာ့ကြောင့်ဆိုရလဲဆိုတဲ့ အကြောင်း။ တချို့ဆို'ရွှေမန်းဆီသို့'ကို မာမီ့သီချင်းမှန်းမသိကြဘူး။ 'စိမ်းစိမ်း' ရဲ့ သီချင်းပဲအောက်မေ့တာ။ ဓာတ်ပြားကမှ'စိမ်းစိမ်း'။ ဟိုတစ်လောက ဦးကြည် စိုးထွန်းကတောင်ပြောသေးတယ်။ ဒီသီချင်းကတဲ့ ဈေးရထားအတွက် ရေးတာလို့ပြောတယ်တဲ့။ Movie Talk အစီအစဉ်မှာပြောသွားတာလေ။ မာမီ ကတော့ ဒီကားအတွက်ကို ရေးတယ်လို့ထင်တာ။ မဟုတ်ဘူးဆရာရွှေဒုံးဘီ အောင်ကသဘောကျပြီး ဒါနဲ့လည်းလိုက်တယ်ဆိုပြီး ဆိုခိုင်းလိုက်တာ။ တကယ့်တကယ်လိုက်သွားတယ်ဆိုတာကလည်း ပြတာနဲ့ပိုလိုက်သွားတာပေါ့။ ဥပမာ'ဇရပ်မင်းစေတီသို့'လို့ သီချင်းကဆိုရင် ဇရပ်မင်းစေတီကို ပြထားတာ။ 'ထိုမှဆီ မန္တလေးတောင်ပေါ်ဆီတထောက်နား'မန္တလေးတောင်မှာ သူငယ်ချင်း တွေနဲ့ထိုင်ပြီး စကားတွေပြောနေကြတာ။ မန္တလေးမြို့ကို ပြသွားတာနဲ့က ပိုကိုက်သွားတယ်လို့ ထင်တယ်လေ။ အဲဒီ့မန္တလေးဈေးရထား အကြောင်း ကိုယ်ကမသိလိုက်ဘူး။ ကိုယ့်ကိုလည်း အဲဒီ့တုန်းက ဈေးရထားတွေဆီ ရိုက်ဖို့မခေါ်တော့ ကိုယ်ကလည်းမသိဘူး။ Movie Talk ရှင်းတော့မှပဲ သြော် ငါက ဒုတိယဖြစ်နေတာကိုးလို့ သိလိုက်ရတာ။
မြန်မာ့ရုပ်ရှင် လောကသားများအား မှတ်တမ်းတင်ဂုဏ်ယူစွာ ဖော်ထုတ်ပေးနေသော ဒါရိုက်တာကြည်စိုးထွန်း စီစဉ်တင်ဆက်သည့် Movie Talk အစီအစဉ်မှာလည်း အစီအစဉ်မှာလည်း ရုပ်ရှင်ချစ်ပရိသတ်များ အကြိုက်တွေ့စရာ ဖြစ်ပေသည်။ ခေတ်ဟောင်းမှ နာမည်ကျော် သရုပ်ဆောင်ကြီးများကို ပြန်လည်ရှာဖွေ၍ အနုပညာမှတ်တိုင် တစ်ခုအဖြစ် စိုက်ထူပေးနေသည့် ကဏ္ဍဟုလည်း သတ်မှတ်နိုင်ပေသည်။
Movie Talk ရိုက်ပြီးပြီ။ နှစ်ပိုင်းတောင် ရိုက်တာ။ မာမီက ရုပ်ရှင်ရော၊ ဂီတရောဆိုတော့ တော်တော်စုံတော့ ဂီတဘက်သူက ထပ်မေးချင်သေးတယ်တဲ့။ သူလည်း တခြားဘက် ခုရောက်နေလို့လေ။ ဂီတကျ မာမီက သီချင်းနည်း တာကိုး။ မာမီ့မှာက ရုပ်ရှင်သီချင်းပဲများတာလေ။ 'နားပန်းဆံ'က သူ့ဟာသူ ဓာတ်ပြားနဲ့ပေါက်သွားတာ။ 'ရေစီးတစ်ခါ၊ ရေသာတလှည့်'ရုပ်ရှင်ကားပဲ။ အဲဒီ့ Interview တွေ မာမီ့မှာရှိတယ်။ CD ခုတ်ခိုင်းထားတယ်။ ကိုအောင်မြင့် (မြန်မာ့အသံ)က Interview ထားတာလေ။ မာမီက သေချာပြောပြတာ။ မပြောပြရင် မာမီက သူများသီချင်းတွေ လိုက်ပြောင်း ဆိုနေရသလို ဖြစ်နေတာပေါ့။ သူများသီချင်းတွေ ဘာလို့ဆိုနေလဲဆိုပြီး လူတွေထင်ကြမှာ အဖြစ်မခံနိုင်ဘူးလေ။ အဲဒီ့တော့မှ တချို့က မာမီဆိုတာမှန်းသိတာ။ ခေတ်လူငယ်တွေကျ မာမာအေးနေတဲ့ နေရာကိုတောင် 'ချစ်သူ့နယ်မြေ'လို့ ပေးထားတယ်။ အဲလောက်ကြိုက်တာ။ အရမ်းကောင်းတဲ့ သီချင်းလေးပါ။ ဒီသီချင်းက အဓိပ္ပာယ်နဲ့ ရေးထားတာလေ။ အလကားရေးထားတာမှ မဟုတ်ဘဲ။ မင်းသားက တောခိုသွားတာလေ။ ကောင်မလေးက မြေရှင်သမီး အရဲစွန့်ပြီး လှေလေးနဲ့ လိုက်သွားတာလေ။ ဇာတ်ကားထဲမှာ ကိုယ်က feel နဲ့ဆိုသွားတော့ ဓာတ်ပြားသွင်းတဲ့အခါကျ သူတို့က ...သိကြတာလေ။
မင်းသမီးကြီးတို့ ခေတ်ကာလအချိန်က သီချင်းတစ်ပုဒ်အပေါ် ဖန်တီးမှုပုံစံနက်နဲမှုနှင့် ယခုခေတ် အခြေအနေအရ အလိုက်သင့်မျောပါသွားပုံ အခြေခံအချက်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှပေသည်။
မာမီတို့ကျ အလွတ်ရမှဆိုတာ။ ဘာလို့လဲဆိုတော့ အချိန်လည်းပေးတယ်လေ။ မာမီတို့က လခစားဆိုတော့ ဒီနေ့ကားရိုက်မရှိဘူးဆို ဒီနေ့သီချင်းတိုက်မယ်ဆို သီချင်းသွားတိုက်ရတာ။ သီချင်းစာရွက် စုတ်ပြတ်သတ်ပြီးမှပဲ သီချင်းက အကုန်လုံး အလွတ်ရတော့တာ။ အဲဒီတော့ မမေ့တော့ဘူး။ ခုဟာတွေလို ရောက်တဲ့အချိန်လေးဆိုပြီး ပြီးမှပြန်ထွက်လာလို့ မရဘူး။ ခုလိုတီးတဲ့ဟာက သပ်သပ်၊ ဆိုတဲ့ဟာက သပ်သပ်မဟုတ်ဘူးလေ။ တီးတာရော၊ ဆိုတာရော တချိန်တည်းဆိုရတာ သမီးရဲ့။ တီးတဲ့လူတစ်ယောက် မလာရင် အသံသွင်းလို့ မရတော့ဘူးလေ။ အားလုံးလူစုံမှရတာ။ အသံသွင်းတာလေးတောင် သိပ်အများကြီးမရှိဘူးလေ။ ခုကျတော့ Channel က အများကြီးပဲ။ တစ်ယောက်ကလည်း ဂစ်တာတရက်လာသွင်း၊ လူတွေကတစ်ယောက်နဲ့ တစ်ယောက်လည်းမတွေ့ ရဘူးလေ။ ကိုယ့် Part ကိုပဲ တီးလုံးလေးဖွင့်ပေးပါ။ ဒီစာရွက်လေးပေးခဲ့ ပါနဲ့ ပြီးပြီဆိုရင် သူတို့အဆိုထပ်မယ်ဆိုရင် မာမီတို့ဆို အဲလိုမဆိုတတ်ဘူး။ ဆိုတဲ့လူကတီးတဲ့လူကိုမြင်နေမှဆိုတတ်တာ။ တချို့သီချင်းကျ အတီးကိုလိုက်ပြီး ဆိုတာရှိတယ်။ အဆိုကို လိုက်ပြီးတီးပေးတဲ့ သီချင်းရှိတယ်။ သူ့ဟာနဲ့သူ ဘောင်ခတ်ထားတော့ မလွတ်လပ်ဘူးပေါ့။ ဒါက မာမီ့အမြင်ပေါ့နော်။ မာမီ ကျစိတ်ပါရင်ကိုယ့် Mood နဲ့ ကိုယ်ဆို သွားမယ်လေ။ 'နားပန်းဆံ' သီချင်းဆို မာမီက Rock လိုတောင် လုပ်ဆိုတာ။ မာမီ့သီချင်းကို ဘယ်လိုတီးတီး မာမီက key ဝင်အောင်ဆိုနိုင်တယ်။ အဲဒါဘာလို့လဲဆိုတော့ ကိုယ်ကသီချင်းကိုကျေလို့လေ။ မကျေရင်တော့ သိပ်မလွယ်ဘူး။ တီးဝိုင်းသမားရော၊ သီချင်းရေးဆရာတွေကအစ လခစားလေ။ ကုမ္ပဏီကိုလာပြီး သီချင်းရေးမယ်။ ဒီကားမှာမာမီပါတယ်ဆိုရင် မာမီ့ကိုခေါ်ပြီး သီချင်းတိုက်တယ်။ ကားရိုက်မရှိရင် သီချင်းတိုက်ရတာပေါ့။ 'သြော် မိန်းမ' ဇာတ်ဝင်သီချင်းကို ဆရာရွှေပြည်အေးက ရေးတာ၊ နောက်မှ ကိုမောင်ကိုကိုက ပြန်ရေးတယ်လေ။ ဟိုတုန်းက သီချင်းကိုပဲ ကိုယ်က နားထဲစွဲနေတာ။ ချိုပြုံးနဲ့ ညွန့်ဝင်း၊ မာမီနဲ့ ကိုဇေယျကြီးနဲ့ဆိုခဲ့ တာလေ။ သူကတော့ အခုစတိုင်ပြန်ပြောင်းလိုက်တာလေ။ တတိယအကြိမ် ပြန်ရိုက်တဲ့လူက 'ဦးကြီးမြင့်'လားမသိဘူး။ ယမုန်နာလေ။ အိအိခိုင်ရဲ့ အဖေ ပေါ့။ 'ဂျာအေး'သီချင်းက 'ဖြေလျော့ခွေ' ဇာတ်ကားထဲမှာဆိုထားတာ။ ဇာတ်ကားတစ်ကားမှာ ဇာတ်ဝင်တေး အများဆုံးပါတာက 'ချစ်ပန်းသဇင်' ကားမှာ 'ပန်းပန်ရင် နန်းဆန်တယ်တော့'၊ 'မောင်ကြီးရေ'၊ 'လမင်းထိန်ထိန် သာ' 'မြစ်ကြီးဧရာဝတီ'အများကြီးပဲရှိပါတယ်။

ဆုကဗျာ ဆက်လက်တွေ့ဆုံမှတ်တမ်းတင်သည်။

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009