အစ်မကြီး အမိရာ (အပိုင်း ၂)

ထို့ကြောင့်လည်း ၊ သူမ ငယ်စဉ်က ၊ မိခင်ဖြစ်သူကို ၊ စနောက်တတ်သည်မှာ “ငါတို့မေကြီးက ၊သားသားနဲ့ မမကြီးကြားမှာ တစ်ရက်ပဲခြားပြီး ၊ မမပြည့်နဲ့ လ၀င်းလေးကို မွေးထားတာ သိလား …ဟား…ဟား…”။
သို့သော် သူမဘ၀တွင် အကြောက်ဆုံးအရာမှာ ၊ မိခင်ဖြစ်သူ ကလေးထပ်မွေးမည်ကိုပင် ဖြစ်သည်။
“အမေရယ်…. နောက်ထပ်တော့ ကလေးထပ်မမွေးပါနဲ့တော့…၊ မဟုတ်ရင် သမီးအိမ်ကနေ ထွက်ပြေးမှာနော် …”ဟု စိတ်ကူးပေါက်တိုင်း ၊ ခြိမ်းခြောက်စကားဆိုတတ်သည့် သူမကို မိခင်ဖြစ်သူက ပြုံးစိစိ ကြည့်နေတော့သည်။ ပါးစပ်က ပြောမည့်သာ ပြောနေသည်။ သူမ၏ ငယ်စဉ်ကလေးဘ၀ တစ်လျှောက်လုံးနှင့် ကျောင်းနေစဉ် အရွယ်ကာလများမှာလည်း မောင်လေးနှင့် ညီမလေးများ အတွက်သာ အချိန်ကုန်ခဲ့ရသည်က များလှ၏။ သို့သော်လည်း သူမ၏ ဘ၀ကို သူမ ကျေနပ်ပျော်ရွှင် နေခဲ့သည်ချည်းသာ ဖြစ်သည်။
“မင်းရို့ နာ့ကို အနိုင်မကျင့်နဲ့နော် …၊ နာ့ရို ဘာအောင်းမေ့နေရဲ ၊ နာ့အစ်မနဲ့ တိုင်ပြောမယ် မင်းရို့ကို”
မောင်အငယ်လေး၏ အသံကြောင့် သူမ မျက်လုံးများ လင်းလက်သွားသည်။ အနီးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိစဉ် ၊ မောင်အငယ်လေးနှင့် သူ့ သူငယ်ချင်း တစ်သိုက်၏ အကြိတ်အနယ် ရန်ပွဲ အသေးစားလေးကို တွေ့မြင်လိုက်ရပေသည်။ သူမ ရင်ထဲက မောင်ငယ်လေး၏ ၀မ်းသာစရာ စကားသံလေးကြောင့် လှပ်ခနဲ ပျော်ရွှင်သွားသည်။


“သြော်…. ငါ့မောင်လေးက ၊ ငါ့ကို အတော်အားကိုးရှာတာပဲ” ဟူသော အတွေးဖြင့် ကျေနပ်ပီတိဖြစ်ရင်း T.V Game ဆိုင်မှ ရန်ပွဲ အသေးစားလေးကို ၊ မေတ္တာဖြင့် အသာအယာ ဖြေရှင်းပေးခဲ့လိုက်သည်။
“ဟေး….ဒါမှ ဒို့ မမကြီးကွ”
“ သားငယ်လေး ၊ အိမ်ပြန်မလာသေးလို့ ၊ မေကြီးက လိုက်ရှာခိုင်းနေတာ ၊ မမကြီးထင်သားပဲ၊ T.V Game ဆိုင်မှာပဲ ရောက်နေမယ်ဆိုတာကို….”
ငယ်စဉ်ကတည်းက ၊ ဘယ်လိုဗီဇက အခြေခံလာသလဲမသိ၊ သူမ၏ မောင်အငယ်လေး နှစ်ခြိုက်စွာ ကစားတတ်သည်က Counter Strike Game ပင်ဖြစ်ပြီး ၊ စမ်းချောင်း အိမ်အနားမှ T.V Game ဆိုင်တစ်ကာမှာ သူ့ခြေရာမရှိသည့် ဆိုင်ဟူပြီး လက်ညှိုးထိုးမလွဲပေ ။
တစ်နေ့ ၊ တစ်နေ့ Counter ထိုင်ပစ်လွန်းခြင်းကြောင့် မူလတန်း ကျောင်းနေစဉ် ကာလမှာပင် ၊ပါဝါ မျက်မှန် တပ်ရသည်အထိ ၊ မျက်စိ အားနည်း ခဲ့သူလေးပင် ။
“သားသားကြီးလာရင် ၊ ဘာလုပ်မှာလဲ”ဟု ၊ သူမ မေးတိုင်း ခပ်ကြွားကြွားလေး ဖြေတတ်သည်က ….. “စစ်ဗိုလ်ကြီး” ဟူသော အဖြေစကားနှင့် အတူ ရံဖန်ရံခါလည်း “ဆရာဝန်ကြီး ၊အင်ဂျင်နီယာကြီး” စသဖြင့် စိတ်ကူးတည့်ရာ ပြန်လည်ဖြေကြားတတ်သေးသည်။
သူမ အတွက်ကတော့ “စစ်ဗိုလ်ကြီး” ဖြစ်ချင်တယ် “ ဟူသော မောင်လေး၏ အဖြေစကားကို ပိုမို မျှော်လင့် တောင့်တတတ်ပြီး ၊ ဆုံးမသြ၀ါဒ စကားကိုလည်း အချိန်ကိုက် ဆိုချင်လွန်းသည့် အတွက်ကြောင့်ပင်…
“အေး…. သား အခုတောင် ဒီလောက် T.V Game ကိုစွဲလန်းပြီး Counter ထိုင်ပစ်နေလို့ ၊ လေးလုံး ဖြစ်နေတာ ၊ စစ်ဗိုလ်ကြီး ဖြစ်ချင်ရင် ၊ မျက်မှန်တပ်လို့မရဘူး ၊ ဗိုလ်သင်တန်း စတက်ဖို့ လူရွေးကတည်းက ၊ မင်းလေးလုံးဖြစ်နေရင် ၊ ဗိုလ်လောင်းရွေးချယ်ရေးအဖွဲ့က ၊ တစ်ခါတည်း ဖြုတ်ချ ပစ်လိမ့်မယ်။
ဘ၀မှာ ရွေးချယ်စရာတွေ အများကြီးရှိတယ် ဆိုပေမယ့် စိတ်တိုင်းကျ တစ်ခုကိုရွေးချယ်ပြီးပြီဆိုရင်တော့ အဲ့ဒါကို ဖြစ်အောင် လုပ်နိုင်ရမယ် ။ နားလည်လား …သားသား”
သူမ ၏ နှုတ်ဖျားမှ တည်တည်ငြိမ်ငြိမ် ပြောကြားလာသော စကားလုံးများကို နာခံခဲ့ခြင်းကြောင့်လား ၊ မောင်အငယ်လေး မှင်သက်ကာ အတွေးချဲ့သွားသည်ဟု သူမ တွေးထင်မိသည်။ အဲ့သည့်အချိန်နောက်ပိုင်းကတည်းက ၊ သူမအတွက် အလုပ်တာဝန် တစ်ခု ထူးထူးခြားခြား ပေါ့သွားခဲ့သည်မှာ ၊ ဘယ်သောအခါမှ T.V Game ဆိုင်သို့ ၊ လိုက်မခေါ်ရတော့ခြင်းပင်။
(၈)
သူမ တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုအပြီး ကျောင်းပိတ်ရက် ကာလ နေ့ရက်တစ်ရက်တွင် ၊ တစ်အိမ်လုံး ခြေချင်းလိမ်နေကြသည်။ ပေ(၂၀) ပတ်လည် တိုက်ခန်းကျဉ်းလေးမို့ ၊ အိမ်ရှေ့နှင့် အိမ်နောက်မှာ လူအများကြီး ၀င်လိုက် ၊ထွက်လိုက် ဖြစ်နေကြသည်။ သူမတို့ တစ်အိမ်သားလုံး ၊ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်ကြပဲ ၊ လုပ်စရာရှိသည့် အလုပ်များလုပ်ရင်း ၊ ကိုယ်စီ နှုတ်ဆိတ်နေကြ၏။ အမေရော ၊ညီမလေးတွေရော မျက်နှာမကောင်းဘဲ ညှိုးငယ်နေကြသလို ၊ သူမအနီးမှာ အလုပ်တစ်ချို့ကို ၀ိုင်းကူနေပေးသော မောင်အငယ်လေးမှာလည်း မျက်ရည်များ စိုစွတ်နေသည်။
“သားငယ်လေး ၊ ဘုန်းကြီးပွဲကပ်မယ့် အချိုပွဲတွေ ရပြီ ၊၊ သား ယူသွားလိုက်ပြီး ၊ စားပွဲပေါ်မှာ ပြင်ထားနှင့်နော် …” ၀မ်းနည်းသံ ခပ်စွက်စွက်ဖြင့် သူမ၏ ညွှန်ကြားချက်ကို ၊ အလိုက်သင့်နာခံပြီး ၊ အချိုပွဲ ကပ်မည့် ပန်းကန်များကို ငြင်သာစွာ ယူဆောင်သွားသည့် မောင်အငယ်လေး၏ ကျောပြင်လေးကို လှမ်းကြည့်ရင်း သူမ သက်ပြင်းလေး ချလိုက်မိသည်။ အချိန်အတော်ကြာအောင် သူမတို့နှင့် အတူနေထိုင်ခဲ့သည့် အဖိုးဖြစ်သူ ၊ ရုတ်တရက် ကွယ်လွန်သွားသည့်အတွက် ၊ မောင်နှမအားလုံး ၀မ်းနည်းနေကြသည်။ အမေ့၏ဖခင် ဖြစ်သောကြောင့် သူမတို့အားလုံး ချစ်ခင်ကြရသည့် ဖိုးဖိုးကြီးလည်း ဖြစ်သလို ၊ အရက်မသောက် ၊ ဆေးလိပ်မသောက်ပဲ ၊ အချိန်ပြည့် တရားစာတွေဖတ်ပြီး ၀ိပသာနာ တရားအားထုတ်နေလေ့ရှိသလို ၊ သူမတို့လို မြေးများအားလုံး ကိုလည်း တရားစကားများနှင့် အချိန်ပြည့် ဆုံးမတတ်ခြင်းကြောင့်ပင်။ သို့သော် ဆီးချိုရောဂါ ရှိသဖြင့် ၊ အ၀လွန်ကဲမှုကြောင့် အချိန်နှင့် အမျှ ဆေးထိုး ၊ ဆေးသောက် ပြုလုပ်နေရသည့် အသက် (၆၀) ကျော်အရွယ် ၊ (၇၀) နှစ် ၀န်းကျင် ကာလမို့ သဘာဝတရားနှင့် သေခြင်းတရားကို တားဆီး မရနိုင်ခဲ့ကြပေ။ ဖိုးဖိုးကြီး ရက်လည်ဆွမ်းကပ်သည့်နေ့က ၊ သူမတို့ မောင်နှမ အားလုံးအတွက် မမေ့နိုင်စရာ ဖြစ်ရပ်ကြီးတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရလေသည်။
သူမ တို့ မောင်နှမလေးယောက်အနက် ၊ ငယ်စဉ်ကတည်းက ၊ တစ်ယောက်တည်း သီးသန့် အိပ်ရသည်ကို နှစ်ခြိုက်သည့် သူမက ၊ အခန်းတစ်ခန်းအတွင်း တစ်ယောက်အိပ် ကုတင်တစ်လုံးနှင့် သီးခြားအိပ်တတ်ပြီး ၊ ညီမလေး နှစ်ယောက်က ၊ နှစ်ယောက်အိပ် ကုတင်တစ်လုံးနှင့် သပ်သပ်စီ ခွဲအိပ်ကြလေသည်။ မောင်အငယ်လေးကမူ ၊ သူမတို့ ခေါင်းရင်းဖက်မှ အခန်းတွင် ကုတင်တစ်လုံးနှင့် သီးခြား အိပ်စက်ပြီး ၊ ဖိုးဖိုးကြီး အိပ်သွားသည့် ကုတင်နှင့် ကပ်ရက်အနေအထားပင် ဖြစ်သည်။ သူမ ၏ ဗီဇက ၊ လုပ်စရာရှိလျှင် ခပ်ရဲရဲ ၊ ခပ်ပြတ်ပြတ် လုပ်ကိုင်တတ်ပြီး ၊ ဘာမဟုတ်သည့် အသေးအဖွဲ ကိစ များကို အာရုံအနောက်ခံပြီး ထည့်မတွေးတတ်ခြင်းပင် ။ ထူးခြားသည်က ၊ မိန်းကလေးပီပီ ၊ သရဲ ၊တစေ မကြောက်တတ်ခြင်းပင် ။ ဖိုးဖိုးကြီး၏ ရက်လည်သည့်ညတွင် ၊ ဘာရယ်ကြောင့်မှန်းမသိ ၊ မောင်အငယ်လေးက ရုတ်တရက် စကားဆိုလိုက်သည်ကြောင့် ညီမအငယ်နှစ်ယောက် ၊ ကြောက်စိတ်တွေ ၀င်ကုန်ကြတော့သည်။
“မမပြည့်တို့နဲ့ ဒီည ၊ သားသား လာအိပ်မယ်နော် ၊ အဖိုး ညကျရင် သားတို့ကို လာနှုတ်ဆက်ချင် ဆက်နေမှာလေ ။ ရက်လည် ဆွမ်းသွတ်လိုက်ပြီဆိုတော့ သူဒီအိမ်မှာ နောက်နေ့တွေဆို နေလို့ မရတော့ဘူး မဟုတ်လား”
နဂိုကတည်းက ၊ ထစ်ခနဲရှိ အားငယ်တတ်သည့် အလတ်မက ၊ သူ့မောင်ဖြစ်သူ၏ ကြောက်ရွံ့ စကားသံကြောင့် ပိုမို ထိတ်လန့်သွားပြီး ၊ သူမ အနားအတင်းကပ်ကာ ၊ လက်ကို အတင်း ဆောင့်ဆွဲထားတော့သည် ။
“မမကြီး ၊ သမီးလည်း မအိပ်ရဲဘူး ။ အခန်းထဲမှာ အိပ်ရမှာ ကြောက်တယ်။ တော်ပြီ ဘုရားအခန်းထဲပဲ သွားအိပ်တော့မယ်” ဟုဆိုကာ ၊ ၀ုန်းဝုန်း ဒိုင်းဒိုင်းဖြင့် ဘုရားခန်းဆီသို့ မောင်နှမ သုံးယောက်တန်း စီပြီး ချီတက်သွားကြသည်။ သူမ မှာသာ အူလည်လည်ဖြစ်ကာ အိပ်ခန်း အတွင်းတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ အငယ် သုံးယောက်ထွက်ခွာသွားသည် နှင့် အိပ်ရာထက်တွင် တောင်ငေး ၊ မြောက်ငေးနှင့် ခြေထောက်တွေက လေးလာသလိုလို ၊ ခေါင်းထဲက မူးချင်သလိုလို ၊ ခါးပတ်ဝန်းကျင်က ၊ ဆစ်ခနဲ ထိုးလိုက် နှင့် ရင်ထဲမှာလည်း တလှပ်လှပ် ဖြစ်လာသလို ခံစားရသည်။
ညဥ့်နက်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ပဲ ၊ အတွေးနယ်ချဲ့နေစဉ် မထင်မှတ်ပဲ ကြားလိုက်ရသည့် အသံကြောင့် သူမ ခေါင်းနပန်း ကြီးသွား၏ ။
“ဒုန်း……ကျွီ…….အီ……”
“ဘုရား…..ဘုရား……ဘုရား……”

 ဖိုးဖိုးကြီး၏ ခုတင်ထက်ဆီမှ လှဲအိပ်လိုက်သော အသံကြီးက ၊ တစ်အိမ်လုံး လွင့်ပျံ့သွားသည်။ ပေါင်(၁၈၀) ကျော်နီးပါး အ၀လွန်သော ဖိုးဖိုးကြီး၏ ကိုယ်ခန္ဒာ အရှိန်ကြောင့် သူအိပ်ရာပေါ် လှဲအိပ်လိုက်တိုင်း ကုတင်မှ မြည်သံစွဲ အလင်္ကာ အမျိုးမျိုး ကြားတတ်ရသည်။ ယခုလည်း အဆိုပါ လှဲအိပ်သံကြီးကို ၊ သူမ ပီပီသသ ကြားလိုက်ရခြင်းပင်။ အိပ်ရာထဲတွင် ချွေးစေးများ ပြန်လာကာ ၊ ရင်တွေတဆတ်ဆတ် တုန်နေမိသော်လည်း သူမ ထမပြေးမိခဲ့ပေ ။ သူမသာ ထိတ်လန့်တကြား ထပြေးမိလျှင် မောင်လေးနှင့် ညီမငယ်လေးတို့ ပိုမို လန့်ဖြန့် သွားနိုင်ခြင်းကြောင့် ရင်ထဲက အပူကို ၊ ဘုရား စာရွတ်ပြီး ဖြေဖျောက်ခဲ့မိသည်။ ကိုယ်ပေါ်မှ စောင်တစ်ဝက်ကိုလည်း မျက်နှာအထိ ဆွဲတင်ပြီး စောင်ခေါင်းမြီးခြုံကာ ၊ အိပ်ပျော်အောင် အတင်းကြိုးစားခဲ့ရသည်။ ပိန်းပိတ်စွာ မှောင်မဲနေသော အမှောင်ထုကို သူမကြည့်ရင်း ၊ အိမ်သားများကို လှုပ်နှိုးဖို့လည်း မတွေးဝံ့ပေ ။ စိတ်ထဲတွင်လည်း ဘ၀ခြားသွားပြီဖြစ်သော ဖိုးဖိုးကြီးက ၊ သူမကိုများလာပြီး ကျီစားမလား ၊ ခြုံထားသည့် စောင်ကိုပဲ ဆွဲဖယ် လိုက်လေမလားဟု တွေးမိရင်း ဗိုက်ထဲက အောင့်လာတော့သည်။ သည်အချိန်ကျမှ အရေးထဲ၊ အရာပေါ် အောင့်လာသည့် ဗိုက်ကို အသာဖိနှိပ်ရင်း လူက အမောဆို့သလိုလို ဖြစ်လာပြန်သည် ။ တိုင်ကပ် နာရီသံ တချက်ချက် ကိုလည်း ကြားတစ်ချက် ၊ မကြားတစ်ချက်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံတောင် မကြားလောက်အောင် တိတ်ဆိတ် သွားပြန်သည်။
“ဖိုးဖိုးကြီးရယ် ၊ သမီးဆီကို မလာပါနဲ့နော် ။ သမီးလေ ၊ သရဲလည်း မကြောက်ပါဘူး ၊ တစ္ဆေလည်းမကြောက်ပါဘူး ။ အိပ်ရေးပျက်မှာကိုပဲ ကြောက်တာပါ ။ ဖိုးဖိုးကြီး သိတယ်မဟုတ်လား… သမီး ဘယ်လောက်ပင်ပန်း နေလဲဆိုတာ ၊ တစ်မနက်လုံးလည်း ဧည့်ခံထားသမျှတွေ ရှင်းလင်းရတယ် ။ ပန်းကန် အချပ်လိုက်ကြီး တွေလည်း သမီးတစ်ယောက်တည်း ဒိုင်ခံ ဆေးခဲ့ရတယ် ။ သမီးကို လာမစ နဲ့တော့နော် ။ ဖိုးဖိုးကြီးကို နှုတ်ဆက်ပါတယ် ။ ကောင်းရာ သုဂတိ လားပါစေ ဖိုးဖိုးကြီးရေ …….”
သူမ၏ နှုတ်ဖျားက ၊ အသံက အပြင်သို့ လျှံကျမလာသော်လည်း စိတ်ထဲမှာတော့ ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်ရသဖြင့် အသံတွေက ပြာလို့ …. ။ သူမ ၏ တီးတိုးစကားသံကို ဖိုးဖိုးကြီး ကြားသွားသည် ထင်ပါရဲ့….. ။ ကုတင်ထက်မှ ဆူညံ လှုပ်ရှားမှုမှာ လုံးဝ တိတ်ဆိတ်သွား၏။ ထိုအခါမှသူမ လည်း သက်ပြင်းရှည်ကြီး တစ်ချက်ကို ဟင်းခနဲ မြည်အောင်ချလိုက်ရင်း အိပ်မောကျသွားလေသည်။ နောက်တစ်နေ့ နံနက်မိုးလင်းချိန်တွင် မိသားစု အတွင်းတစ်ယောက်တစ်ပေါက်နှင့် ညက ကိစ္စကို ပြန်လည်ပြောကြားနေကြပြီး ဖြစ်ရပ်မှန်ကို မသိကြသော မောင်နှမ များကတော့ သူမကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကင်ပွန်းတပ်လိုက်ကြသည်မှာ " ချစ်မမ သူရဲကောင်းကြီး" ဟုသာ ~~~~
(၉)
နှင်းစက် ဖြောက်ဖြောက်သံတွေ ကြားမှာ ၊ ညီညာစွာ သီကြွေး နေသော အားမာန်တက်ကြွဖွယ် သီချင်းသံများကို ကြားယောင်ရင်း သူမအိပ်ရာမှ နိုးထလာသည်။ တစ်ခါ တစ်ခါ လောကကြီး၏ ခါးသီးသော ဘ၀ အခက်အခဲများကို ၊ သူများတစ်ကာထက် ပိုမို ခံစားရတတ်သည့် သူမ အတွက် လောကဓံဆိုတာ ဆိုးတိုင်ပင် ၊ ကောင်းတိုင်ပင် ဘ၀လက်တွဲဖော်တစ်ဦး အဖြစ်ခံစားလာမိသည်။ အများတကာ ပျော်ရွှင် မြူးတူးစွာ ဆော့ကစားနေကြသည့် အရွယ်တွင် သူမမှာသာ မောင်လေး ၊ ညီမလေးများကို ထိန်းကျောင်းရင်း ၊ ကျောင်းပညာရေး ကိုလည်း မလစ်ဟင်းအောင် ကြိုးစားခဲ့ရသည် ။ သူငယ်ချင်း ၊ မိတ်ဆွေများ ပွဲလမ်း သဘင်သွားကြ ၊ ပျော်ပွဲစားထွက်ကြ ၊ Shopping ထွက်ကာ ၊ မိဘ လုပ်စာပျော်ပျော်ပါးပါး ထိုင်စားနေကြချိန်တွင် သူမမှာသာ “ဘ၀” ၏ ခါးသီးမှု အဖွယ်ဖွယ်ကို မြိန်ရည် ယှက်ရည် စားသုံးနေခဲ့ရသည် ။ ဒါသည်လည်း သူမဘ၀၏ ကံကြမ္မာ တရားကြောင့်လား ၊ အတိုက်အခိုက် ၊ အခက်အခဲဆိုတာ သူမအတွက်တော့ သနားစရာ သတ္တ၀ါ တစ်ကောင်အလား ။
“သမီးရဲ့ ကံကြမ္မာကိုက ၊ ကိုယ့်အား ကိုယ်ကိုးမှ အရာရာ အောင်မြင်မယ့် ဇာတာမျိုး ၊ ဘယ်အလုပ်မဆို လွယ်လွယ်ကူကူနဲ့ သမီးအတွက် မအောင်မြင်နိုင်ဘူး ။ ရောက်လေရာရာမှာ ခြေထိုးခံရမယ် ။ အတိုက်အခိုက်တွေနဲ့ အစွပ်အစွဲခံရမယ် ။ ဒါတွေကို သမီးဘယ်လိုနည်းနဲ့မှ ပြင်လို့မရနိုင်ဘူး ။ အေး…. ပိုက်ဆံ သိပ်ချမ်းသာသွားလို့ ၊ ဘုရားတစ်ဆူကို ရွှေချပြီး ၊ ကံကြမ္မာနဲ့ ဇာတာပြောင်းဖို့ လှူဒါန်းပြီး တည်ရင်တောင်မှ မပြယ်နိုင်ဘူး သမီးလေး …။ တစ်ခုတော့ ရှိတယ်သမီး။ သမီးကို ကယ်တင်နိုင်နေတာ သမီးရဲ့ စိတ်ရင်းစေတနာပဲ ။ သမီးစိတ်ထား အရမ်းဖြူစင်လွန်းတော့ ဒုက္ခရောက်ရင်တောင် ကယ်တင်ဖေးမမယ့်သူ အလိုလို ပေါ်လာမယ် ။ သမီးပြုလုပ်ခဲ့တဲ့ ဘ၀ အဆက်ဆက်က ၊ ကုသိုလ်ကောင်းမှုတွေကြောင့် သွားလေရာမှာတော့ ငါ့သမီး လူချစ် ၊ လူခင် ပေါများပါလိမ့်မယ်…”
သူမ ငယ်စဉ်ကတည်းက ၊ ကံကြမ္မာ အချို့ကိုစစ်ဆေး မေးမြန်းရသည်ကို နှစ်သက်ခဲ့ရခြင်းကြောင့် လိုအပ်ချိန်တိုင်း ၊ သွားရောက်မေးမြန်း လေ့ရှိသော ဆရာမကြီး တစ်ဦး၏ ဟောစာတမ်းများကို နားထဲမှာ အထပ်ထပ် ကြားယောင်လာမိသည်။ မှိုင်းပျပျ မြူမှုန်တွေက ၊ မီးခိုးငွေ့သာသာ မြင်ကွင်း နှင့် ပနာတင့်တယ်လှပုံကြောင့် သူမ၏ အတွေးများက ခဏငြိမ်သက် သွားပြန်သည်။
“မမကြီး ၊ ရေချိုးတော့လေ ….တော်ကြာနေပူလာရင် အပြင်ထွက်ရတာ မကောင်းတော့ဘူး ။ ဒီနေ့ ပြည်ချစ်ဘုရား ဘက်ကို ၊ သားလိုက်ပို့ပေးမယ် ။ အပြန်ကျမှ ဒီဇင်ဘာခြံမှာ နွားနို့ဝင်သောက်ကြာရအောင်လေနော် …..”
ယဉ်ပါးနေကျ ကိုယ်သင်းရနံ့ သင်းသင်းလေးရယ် ၊ တည်ကြည် ပြတ်သားလှသော အမိန်ပေးသံ တစ်ဝက် ၊ ကရုဏာသံ တစ်ဝက်ရောစွက်နေသည့် အသံပိုင်ရှင်လေးကြောင့် သူမ အသာအယာ လှည့်ကြည့်လိုက်မိသည်။
“အေးပါ သားငယ်လေးရယ် …. မမကြီးကို နာရီဝက်ပဲ စောင့်နော် ၊ အလှပြင်ပြီးတာနဲ့ သွားကြတာပေါ့….”
တမင်တကာ ပေါ့ပါးထားရသော သူမ၏ အသံကို နားလည် သည့်အလား ၊ သူမ၏ မောင်လေးက ခပ်ပါးပါး လေး ပြုံးပြရင်း ၊ သတိအနေအထားဖြင့် ‘ဟုတ်’ ဟု ဖြေကြားလိုက်ပုံကြောင့် သူမ၏ ခါးသီးနာကျဉ်းစရာ အတိတ် ပုံရိပ်များကို ၊ အလိုလို မေ့ပျောက်သွားတော့၏။
အဲ့သည့်နောက်မှာတော့ ရုပ်တည်လေးဖြင့် အလေးပြုကာ ၊ အနားမှ ထွက်ခွာသွားရန် ပြင်ဆင်နေသည့် မောင်အငယ်လေး၏ မျက်နှာ ပြုံးချိုချိုလေးကို ကြည့်ပြီး “လေးစားပါတယ် ရဲဘော် ၊ ဆက်လုပ်” ဟု အသံ အက်အက်နှင့် ရယ်မော ပျော်ရွှင်စွာ ပြောလိုက်လေသည်။
“သြော်…… ဘာလိုလိုနဲ့ သားငယ်လေးတောင် အဖူးအပွင့်တွေ ဝေဆာနေပါရောလား "
ပြင်ဦးလွင်မြို့၏ အအေးဒဏ်ကြောင့် သူမ၏ အေးစက် တုန်ယင်နေသော လက်ချောင်းများက ကျေနပ်ပီတိ ဖြစ်ရာ မြင်ကွင်းကြောင့် ပူနွေး ၊ နူးညံ့ သွားတော့လေသည်။ တကယ်တော့ မိသားစုထဲမှာ အစ်မကြီးတစ်ယောက် ရဲ့တာဝန်ဆိုတာ ဥယျာဉ်မှူးတစ်ယောက် လိုပါပဲလား။ ကိုယ်တိုင် အပင်ပန်းခံပြီး မြေလောင်းပေါင်းသင်ထားတဲ့ ပန်းပွင့်လေးတွေ လှပစွာ ဖူးပွင့်ဝေဆာနေတာကို ကြည့်ပြီး မခူးရက် မဆွတ်ရက်နဲ့ ကျေနပ်ပီတိဖြစ် နေရတာ လည်း ဥယျာဉ်မှူးအတွက် အားရစရာမြင်ကွင်း တစ်ခုပါပဲ ၊ သူမသည်လည်း မောင်လေး ၊ ညီမလေးတွေ အတွက် ဥယျာဉ်မှူးတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင် ပေးနိုင်ခဲ့ပြီ မဟုတ်လား ။ သည်ပန်းပွင့်လေးတွေ သင်းပျံ့ မွှေးကြိုင်ဖို့ သူမ ဆက်လက်တာဝန်ယူ ပြုစုပျိုးထောင်ပေးရဦးမည် ဟူသော ပီတိအတွေးကြောင့် သူမ၏ ရင်ခုန်သံများမှာလည်း စည်းချက်ညီညီဖြင့် နားဝင်ချိုသာလှသည်ဟု ခံစားသုံးသပ်မိတော့လေသည်။
“အစ်မကြီးတော့ အမိရာတဲ့လား….”
ကျေနပ်စရာ ကောင်းလိုက်တာ………။ ။
ဆုကဗျာ  
၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၂၇) ရက်


0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009