“ အစ်မကြီး ၊ အမိရာ ’’ အပိုင်း (၁)

“ ဟော…ထမင်းအိုးဆူပြီ’’ ဆိုသည်နှင့် သူမ၏ အကြည့်တွေက မီးဖိုချောင်အတွင်းသို့ လျှင်မြန်စွာ ဆိုက်ရောက်သွားသည်။ ခရုခွံလေးများ စီတန်းကာ ချိတ်ဆွဲထားသော ၊ ခန်းဆီးတန်းကလေး တချွင်ချွင် လှုပ်ယမ်းသွားပြီး ၊ ဧည့်ခန်းမှသည် မီးဖိုခန်းအတွင်းသို့ ၊အနှီးဖြူဖြင့် ထွေးပတ်ထားသော လသားအရွယ် ကလေးငယ်ကို ပွေ့ချီလျှက် ၊ သူမ ခပ်သွက်သွက်လေး ၀င်သွားလိုက်သည်။
“သမီးကြီး ၊ ထမင်းအိုးငှဲ့မလို့လား ၊ နေနေ……အဖေပဲငှဲ့လိုက်မယ် ။ တော်ကြာ မောင်လေးနဲ့ သမီး အပူတွေလောင်ကုန်ပါ့မယ်”
ဖခင်ဖြစ်သူက ၊ ကရုဏာ သက်ဖွယ် အပြုံး ၊ ချိုသာသော စကားသံလေးဖြင့် သူမ၏ နွမ်းလျလျ မျက်နှာပေးကို အကဲခတ်ကာ ဆိုလိုက်သည်။ သူမက ၊ ဖခင်၏ စကားကို အလိုက်သင့် နာခံပြီး ၊ ရင်ခွင်ထက်မှာ ထွေးပွေ့ထားသော ကလေးငယ်ကို ၊ ချော့မြူပြီး ၊ ဧည့်ခန်းအတွင်းသို့ ပြန်ထွက်လာသည်။ “သားငယ်လေး ၊ ဗိုက်ဆာနေပြီလား ၊ မေကြီးအိပ်ရာက နိုးရင် ၊ ချိုချို စို့ရမယ်နော်”
ရင်ခွင်ထက်မှကလေးငယ်ကို ၊ ပုခက်အတွင်းသို့ အသာအယာ ပြန်ထည့်လိုက်ပြီး ၊တည်ငြိမ် ရင့်ကျက်နေသော စကားလုံးများဖြင့် သူမ တီးတိုးပြောနေမိသည်။ ပုခက်ကြိုးလေးကို အသာအယာလွှဲပြီး ခပ်တိုးတိုးလေး ဆိုနေပုံက အသက်အရွယ်နှင့် မလိုက် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေပြန်သည်။
“မောင်လေးရေ~~~~အိပ်ပါတော့~~~~မကြီးမောလှပေါ့ ၊ မောင်လေးရေ~~~~အိပ်ပါတော့~~~~မကြီးမောလှပေါ့~~~~”
သူမ ၏ ကဗျာမကျ ၊ သားချော့တေး မကျသံစဉ်ကို ၊ နေ့စဉ် အိပ်ရာဝင်ခါနီးတိုင်း နားဆင်နေကျဖြစ်မည့် ၊ ကလေးငယ်က နားလည်သည့်အလား ၊ မျက်လုံးလေး မှေးစင်းကာ အိပ်မောကျသွားလေသည်။ ပုခက်အတွင်းမှ အိပ်မောကျသွားသည့်မောင်ငယ်လေးကို သူမ ငေးကြည့်ရင်း ၊ စာကြည့်စားပွဲသို့ ခပ်ဖွဖွခြေလှမ်းများဖြင့် လှမ်းလာခဲ့သည်။


စာကြည့်စားပွဲမှာ အသင့် နေရာယူထားပြီးသော်လည်း ၊ လက်ထဲမှာပါလာသော ပုခက်ကြိုးကို အသာအယာ ဆက်လွှဲရင်း ၊ သူမ ၏ စာကျက်သံ ခပ်စူးစူးက လွှင့်ပျံ့ လာသည်။ တတိယတန်းအောင်ပြီး စတုတ္ထတန်း သို့စတက်ရသည့် စာသင်နှစ်မို့၊ သူမ ယခင်ကထက် ကျောင်းစာများကို ပိုမိုအားစိုက်ကာ ကျက်မှတ်နေမိသည်။ တတိယတန်း နှစ်မှာပင်၊ စတင်ပညာသင်ယူခွင့်ရသော အ.မ.က(ဗဟို) အင်းစိန်ကျောင်း၏ တစ်ကျောင်းလုံး ထူးချွန် “ပထဆု” ကို ဦးဦးဖျားဖျား ဆွတ်ခူးနိုင်ခဲ့သည့်အတွက် သူမ တစ်ယောက် ပီတိဖြစ်လို့ မဆုံးနိုင်အောင်ပင်။ စာကြည့်စားပွဲ အရှေ့ဘီရိုထဲတွင် ခန့်ခန့်ညားညား နေရာယူထားသည့်“ပထမဆု” ရွှေတံဆိပ်ပြားနှင့် ဂုဏ်ပြုမှတ်တမ်း လွှာကြောင့် ၊ သူမ သွေးကြောများ ပူနွေးစွာ ခုန်ပေါက်သွားခဲ့သည်။
“ငါ ဒီနှစ်လည်း တစ်ကျောင်းလုံး ၊ ပထမဆု ထပ်ရအောင် ကြိုးစားမယ်”

  (၂)
နွေရာသီဆိုလျှင် ၊ သူမ တို့နေထိုင်သော အင်းစိန် ၊ အဝေရာ လမ်းလေးက ၊ ကရင်အိမ်ကြီးအနီးတွင် ကလေးတစ်သိုက် ပျော်ရွှင်စွာ ဆော့ကစားလေ့ရှိသည်။ သူမ တွင် အင်းစိန် အဝေရာ လမ်းအတွင်းနေထိုင်သော စကော ကရင်မလေး အေးလှသီတာ ၊ရှမ်းမလေး နန်းသီရိခမ်း ၊ ပိုးကရင်မလေး နော်ပစောထီးနှင့် ဖိုးချို ဟူသော အသားညိုညို ၊ အပြုံးချိုချို နှင့် ယောက်ျားလေး သူငယ်ချင်းတစ်ယောက် တို့အပါအ၀င် အရွယ်တူသူငယ်ချင်း (၄) ယောက်ရှိလေသည်။ အင်းစိန် (ဗဟို) ကျောင်း၌ တတိယတန်း စတက်သည့်နှစ်မှာပင် ၊ ခင်မင်ခဲ့ကြသည့် အတန်းတူ သူငယ်ချင်းများဖြစ်သလို ၊ အဝေရာ လမ်းအတွင်းနေထိုင်ကြသော တစ်လမ်းတည်း သားချင်းများမို့ ၊ ကျောင်းသွား ကျောင်းပြန် မခွဲတမ်း သွားတတ်ကြသူများဖြစ်သည်။
“ ဆိုင်ပု ညနေကျရင် ကာတွန်းစာအုပ်သွားငှားကြမယ်နော် ၊ နင်မနေ့ကဖတ်ချင်လို့ မှာခဲ့တဲ့ ဘဲဥ ၊၀က်သိုး စာအုပ်နဲ့ သမိန်ပေါသွပ် ကာတွန်းစာအုပ်တွေပြန်လာအပ်ပြီလို့ စာအုပ်ဆိုင်က အကိုကြီးက ငါ့ကိုပြောလိုက်တယ်”
သူမ၏နာမည်အရင်း “ဆုပိုင်“ ကိုသူငယ်ချင်းများက နောက်ပြောင်ကာ ပြောင်းပြန်လှန်ခေါ်ကြခြင်းကြောင့် “ ဆိုင်ပု “ ဟူသော အူကြောင်ကြောင် နာမည်လေးက ငယ်နာမည်အဖြစ်တွင်ကျန်ရစ်ခဲ့ရလေသည်။“ဆိုင်ပု” တို့ အိမ်ရှေ့တွင် ဆောက်လက်စ ၊ တိုက်အိမ်သစ်ကြီးကြောင့် တစ်ဖက်မြောင်း အနီးတွင် ကျောက်စရစ်ခဲများကို စုပုံကာ ထားရှိသဖြင့် ၊ အဆိုပါ ကျောက်စရစ်ခဲ ပုံကြီးများ ၊ “ ဆိုင်ပု” တို့ သူငယ်ချင်းတစ်စု၏ ကစားကွင်းနေရာကြီးပင်။ ကျောက်စရစ်ခဲပုံကြီးပေါ်တွင် စိမ်ပြေ နပြေ ထိုင်ကြရင်း ၊ ကာတွန်းစာအုပ်မျိုးစုံကို ဝေမျှ ဖတ်ရှုကြသည်က “ ဆိုင်ပု” တို့၏ ၀ါသနာတစ်ရပ်ပင်ဖြစ်၏။

သူမ၏ အကြိုက် ၊ကာတွန်းဇာတ်ကောင်များ ပါဝင်သည့် စာအုပ်ကို ဖတ်ခွင့်ရတော့မည် ဟူသော အတွေးကြောင့် အသိပေးလာသော ဖိုးချိုကိုပင် ၊ ခွန်းတုန့်ပြန် မအားပဲ ၊ သူမ၏ စိတ်တွေက ပိုမို မြူးကြွနေ၏။ ငယ်စဉ်ကတည်းက စာဖတ်ခြင်းဖြင့် အားလပ်ချိန်များကို ကုန်ဆုံးစေခဲ့သည့်အတွက် သူမ၏ စာဖတ်အားက သူများထက် ပိုမို မြင့်မားစေခဲ့ခြင်း ဖြစ်မည်ထင်သည်။
“သမီးကြီးရေ ၊ မောင်လေး နိုးပြီဟေ့”
အမေက ၊ အိမ်အတွင်းမှ လှမ်းအော်ကာ ပြောလိုက်သော စကားသံကြောင့် ၊ သူငယ်ချင်းများကို ခပ်သွက်သွက်လေး နှုတ်ဆက်ပြီး ၊ အိမ်ထဲသို့ ဆိုင်ပု တစ်ယောက် ပြေးဝင်လာခဲ့သည်။
“ဖိုးချိုတို့ ၊ ပစောထီးတို့ရေ ၊ ညနေမှ ကာတွန်းစာအုပ်ဆိုင်မှာ တွေ့မယ်ဟေ့”
အချိန်ရှိခိုက် စာကြိုးစားဖို့ ၊ လိမ်မာယဉ်ကျေးဖို့ ၊သူငယ်ချင်းများနှင့် ရန်မဖြစ်ဖို့ မိခင်တစ်ယောက်၏ ပြောပိုင်ခွင့်များဖြင့် ဆုံးမစကား ဆိုရင်း ၊ အ၀တ်များကို မီးပူတိုက်နေသည့် အမေကို ၊ ခေါင်းညိတ်ကာ လသားအရွယ် မောင်ငယ်လေးကို ပုခက်အတွင်းမှ ညင်သာစွာ ပွေ့ချီလိုက်သည်။
“ဟာ…သွားပါပြီ ၊ သားငယ်လေးရယ် ၊ ငါ့လက်တွေ ပေကုန်ပြီ…. အဟင့်….”
“ ဆိုင်ပု” ၏ လက်အတွင်း၌ မောင်ဖြစ်သူ၏ မစင် အညစ်အကြေးများ ပေကျံသွားသဖြင့်၊ မျက်နှာလေး ရှုံ့မဲ့ကာ ငြီးငြူလိုက်မိသည်။ အမေ့ကို အားကိုး တကြီး လှမ်းကြည့်လိုက်တော့ အပြုံးပန်းလေးတစ်ပွင့်ကို လှစ်ခနဲ ခြွေပြလိုက်ပုံကြောင့် “ ဆိုင်ပု” တစ်ယောက် အားကိုးရာမရ ဖြစ်သွားတော့၏။ ဒါတွေက ကလေး(၅)ယောက် ဖွားမြင်ထားသော အမေ့အတွက် ရိုးအီနေသည့်အလား ၊ လှောင်ပြုံးလေး ပြုံးကာ၊ မီးပူတိုက်မပျက် ၊“ ဆိုင်ပု” ကို ကြည့်နေခြင်း ကြောင့်ပင်။
“အေးပေါ့ …. နောက်ဆုံးတော့လည်း ငါပဲ နင့်အီးအီး တွေကို ဆေးပေးရတော့မှာပေါ့ ၊ ဟွန့် … အေးလေ … ငါကအစ်မကြီးပဲ ၊ နင်တို့ကို စောင့်ရှောက်ရမယ့် တာဝန်ရှိတာကိုး ..”
အသက်(၉) နှစ်အရွယ်လေးနှင့် မလိုက်အောင် ၊ ရင့်ကျက်နေသည့် လေသံလေးဖြင့် မောင်ငယ်လေးကို ၊ အနှီးလဲ ပေးရင်း ၊ ပွစိပွစိ ရေရွှတ်နေသည့် သူမ ကို မိခင်ဖြစ်သူက ကျေနပ်မဆုံး ကြည့်နေခဲ့သည်။
(၃)
သူမ ၏ ငယ်စဉ်ကလေး ဘ၀တစ်လျှောက်လုံးတွင် မိုးရာသီ ရောက်လာမည်ကို အစိုးရိမ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၊ သူမတို့ နေထိုင်သော အင်းစိန်၊ အဝေရာလမ်းအတွင်းမှာ၊ အထက်တန်းလွှာ လူတန်းစားများစွာ နေထိုင်သည့်အတွက်၊ အိမ်ကြီးအိမ်ကောင်းများစွာ ရှိသော်လည်း၊ ရပ်ကွက်အတွင်းရှိ လမ်းများမှာ မြေနိမ့်ပိုင်း ဖြစ်သလို၊ မြောင်းများကိုလည်း သန့်ရှင်းရေး ဦးဆောင်လုပ်မည့်သူ တစ်ဦးမှမရှိ တာကြောင့် မိုးတွင်းကာလများတွင် ရေနစ်မြုပ်ခြင်းဒဏ်ကို နေ့စဉ်နှင့် အမျှ ခံကြရလေသည်။
“ အီး…..၀ါး……၀ါး……အား……အီး”
သဲကြီးမဲကြီး ငိုသံ ခပ်စူးစူးလေးဖြင့် အလန့်တကြား အော်လာသည့် ညီမငယ်လေး၏ အသံကြောင့် သူမ ထိတ်လန့် သွားခဲ့၏။ တစ်အိမ်လုံး အပြည့်ရေများ ဖုံးလွှမ်းနေသဖြင့်၊ မိုးရွာချိန်တိုင်း ကုတင်ပေါ်မှာသာ ငုတ်တုတ်ထိုင်ပြီး စာကျက်ခြင်း ၊ အိမ်အလုပ်များ ကူလုပ်ခြင်းများကို ပြုလုပ်လေ့ရှိသည်။ စကားမပြော တတ်သေးသည့် (၂)နှစ်သမီးအရွယ် ညီမလေးအသံကြောင့် စိတ်လှုပ်ရှားမှုဖြင့်ခုတင်အောက်သို့ ဗုန်းခနဲ ခုန်ဆင်းကာ တစ်ဖက်အခန်းရှိ ခုတင်ပေါ်သို့ ၊ ဒူးခေါင်းအထိ ရေဖွေးဖွေးကို ကျော်ဖြတ်ကာ ၊သူမရောက်သွားခဲ့သည်။ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူမစိတ်များ ဂယက်ထ ပူလောင်သွား၏။ အသားဖြူဖြူဖွေးဖွေး နှင့် ၀၀တုတ်တုတ် ညီမအငယ်လေး ၏ ခြေသလုံးဖွေးဖွေးထက်တွင် သွေးများ တဖြန်းဖြန်းကျကာ ၊ အသားကိုခဲထားသည့် သွေးစုပ် မျှော့နက်ကြီးကြောင့် ဆိုင်ပု ရင်ထိတ်သွားခဲ့သည်။ သူမထက် အသက် (၇) နှစ်ပင် ငယ်ရွှယ်လှသော ညီမအငယ်လေး၏ နာကျင်မှုအတွက် ၊ကြောက်စိတ် များကို ဖုံးကွယ်ကာ နံရံပေါ်တွင် အသင့်ချိတ်ဆွဲထားသော ထုံးဗူးကို ခပ်သွက်သွက်လေး လှမ်းယူကာ ၊ခြေသလုံးထက်ရှိ မျှော့နက်ကြီးကို ပက်ဖြန်းပြီး ခြေသလုံးပေါ်မှ ကြိုးစားကာ ခွာယူလိုက်သည်။ ရင်တုန်စရာ၊ ကြက်သီးထစရာ၊ ချောက်ချားစရာ စိတ်ခံစားမှု အမျိုးမျိုးကို၊ သူမဂရုမစိုက်အား။ ညီမအငယ်လေး၏ ဝေဒနာ သက်သာဖို့ ၊ သွေးစုပ်ခံထားရသည့် ခြေသလုံးတစ်ဝိုက်ကို ထုံးသုတ်ကာ၊ ဆေးကြောသန့်စင်ပေးရသည်။

မိုးရေနှင့် အတူပါလာသော မျှော့နက်ကြီးများ၊ ကျွတ်များကို၊ သူမ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရသလို၊ ကိုင်တွယ် ဖြေရှင်းနည်းပေါင်းစုံကိုလည်း မိဘများ ထံမှ သင်ယူခဲ့ရသည်။ အဖေနှင့် အမေအပြင်သွားနေချိန်များတွင် သူမတစ်ယောက် လသားအရွယ် မောင်ငယ်ဆုံးလေး နှင့် အသက်(၂)နှစ်သာ ကွာခြား သော ညီမလတ် နှင့် အသက်(၇) နှစ်ငယ်သော ညီမငယ်လေး နှစ်ဦးအား ၊ နေအိမ်တွင် ထိန်းကျောင်းကာ၊ ပြုစုစောင့်ရှောက်ရင်း ၊ အစ်မကြီး တစ်ယောက် ၏ တာဝန်များကို ကျေကျေနပ်နပ်ကြီး ခံယူခဲ့သူ ဖြစ်သည်။ သူမ ကလေးအရွယ်ကတည်းက ၊ မီးဘေးကြောင့် မိသားစုတစ်စုလုံး ၊ ဒုက္ခပင်လယ်ဝေခဲ့ကြရ သဖြင့်၊ ဘ၀၏ လေးနက်မှုအရသာကို သူမ အသက် (၆)နှစ် သမီးအရွယ် ကတည်းက ၊ သိရှိနားလည်ခဲ့ရ၏။ အဖေနှင့် အမေ တို့နှစ်ဦးစလုံးမှာ ဥပဒေ အရာရှိများ ဖြစ်သောကြောင့် ၊ သူတို့နှစ်ဦး စကားများ ရန်ဖြစ်ကြလျှင် ဥပဒေစကားလုံး နက်နက်များဖြင့် ကိုင်ပေါက်ကာ ၊ သူနိုင်၊ ကိုယ်နိုင် တရားခွင်တွင် တရားစစ်နေသည့်အလား လွယ်လွယ်နှင့် အဆုံးမသတ် တတ်ကြပေ။ အသက်လေးဆယ် ပတ်ဝန်းကျင်မျှသာ ရှိကြသေးသည့် အဖေနှင့် အမေတို့ နှစ်ဦးသား ၊ မတိုးမကျယ် အပြန်အလှန် စကားပြော ရန်ဖြစ်ကြပြီဆိုရင်တော့ ၊ မောင်အငယ်လေးနှင့် ညီမငယ်လေးနှစ်ဦးကို အိမ်အပြင်သို့ အသာပ ထုတ်ပြီး ၊ အိမ်ရှေ့ရှိ ကျောက်စရစ်ခဲပုံပေါ် အလိုက်သင့် ပစ်တင်ထားလိုက်တော့သည်။ သူမ ကိုယ်တိုင်ကလည်း ကာတွန်းစာအုပ် ၊ သို့မဟုတ် ၊ ကျောင်းဖတ်စာ စာအုပ်ကို ဖတ်ရှုရင်း ၊ အမေနှင့် အဖေရန်ပွဲ ပြီးဆုံးသည်အထိ ၊ အငယ်လေးတွေကို ထိန်းကျောင်းနေတတ်စမြဲပင် ။
(၄)
သူမ တို့ အိမ်မှာ မနက်မိုးလင်း ၊မျက်လုံးနှစ်လုံး စဖွင့်ကတည်းက ၊ ကလေးငိုသံများ ၊ စားရေးသောက်ရေး ကိစ္စ များနှင့် ရုံးချိန်အမှီ ၊ ကျောင်းချိန်အမှီ အချိန်လုပြီး လုပ်နေကြရသဖြင့် ရံဖန်ရံခါ ဟင်းချက်ဖို့ အချိန်မလောက်ငှသည့် နေရက်များလည်းရှိ၏။ သူမ ကိုယ်တိုင်လည်း မနက်အိပ်ရာက ထသည်နှင့် သွားတိုက် ၊ မျက်နှာသစ်ကာ ၊စာကြည့်စားပွဲတွင် ကျောင်းစာတွေ လုပ်ရသည်။ နံနက်စာကိုပင် ၊လည်ပင်းနင်မတတ် အပြေးအလွှား သွတ်သွင်းကာ ၊ အ၀တ်အစားလဲပြီး ကျုရှင် ပြေးရသည်။ ကျုရှင်ကနေ အိမ်ပြန်လာသည်နှင့် အငယ်(၃)ယောက်၏ ဝေယျာဝစ္စ များစွာကို ၀တ်ကြီး ၊ ၀တ်ငယ်ပြုစုပြီးမှ ၊ ကျောင်းသွားဖို့ ပြင်ဆင်ရပြန်သည်။ ဒါတောင် သူမ တက်ရောက် ပညာသင်ကြားခဲ့ဖူးသည့် အ.မ.က (ဗဟို) အင်းစိန်ကျောင်း၏ ကျောင်းချိန်က ၊ နေ့တစ်ဝက်ကျောင်းဖြစ်နေခြင်းက၊သူမ အတွက် အသက်ရှုချောင်ဖို့  အချိန်လုံလောက်နေခြင်း ဖြစ်သည်။ မောင်လေးနှင့် ညီမလေးတို့အတွက် နံနက်စာကို အမေက ပြင်ဆင်ပေးချိန်ရသော်လည်း ၊ သူမ ၏ ကျောင်းထမင်းချိုင့်ကို ပြင်ဆင်ဖို့ အချိန်က တစ်ခါတစ်ရံ မလုံလောက်ပေ။ ထို့အတွက်ကြောင့် ကျောင်းသွားချိန်တိုင်း ၊ အိမ်မှ ထမင်းကိုသာ ချိုင့်အတွင်းထည့်သွားပြီး ၊ ကျောင်းမုန့်ဈေးတန်းမှ အဆင်ပြေရာ အသုတ်စုံ ၊ အကြော်မျိုးစုံနှင့် လက်လုပ်ချဉ်မျိုးစုံကိုသာ သူမ ၏ နေ့လည်စာအဖြစ် ဖြေရှင်းခဲ့ရသည်ကများ၏။
“ခေါက်ဆွဲသုတ်တစ်ပွဲနဲ့ သခွားသီး အချဉ်ရည် စိမ်တစ်ပွဲပေးပါရှင့်”
ကျောင်းမုန့်ဈေးတန်းအတွင်းရှိ ၊ အသုတ်ဆိုင်တွင် ထမင်းချိုင့်ကို ဖွင့်လိုက်ပြီး ၊ ဟင်းအစားထိုး ခေါက်ဆွဲသုတ်နှင့် သခွားသီး အချဉ်ရည်စိမ် တစ်ပွဲဖြင့် သူမ ၏ နေ့လည်စာက ၊ နတ်သုဒ္ဓါ အလား ။ သူမ ငယ်စဉ်ကတည်းက ၊ ငါးပိရည်နှင့် တို့စရာ ၊ စားလျှင်တောင် သခွားသီးနှင့် သရက်ကင်းလေးများကလွဲပြီး အခြားသော တို့စရာများကို ၊ တစ်စက်ကလေးမှ မစားတတ်ခဲ့ပေ။ သခွားသီးဆိုလျှင် နုနု ၊ရင့်ရင့် ၊ လွန်စွာ နှစ်သက်သဖြင့် ၊ မုန့်ဈေးတန်း အတွင်း သခွားသီးလေးများကို တြိဂံပုံ စိတ်ပြီး တုတ်ထိုးကာ အချဉ်ရည် နီနီရဲရဲ ဖြင့် တို့ကာ စားတတ်သည်က ၊ သူမ ၏ မူပိုင် အလေ့အထ တစ်ခုလို ဖြစ်ခဲ့သည် ။
“ ဆိုင်ပု” နင်ကလေ၊ ငါ့စကားကို ဘယ်တော့မှ ဂရုမစိုက်ဘူး ။ ငါသိတယ် ၊နင့်ကိုအခန်းထဲမှာရှာမတွေ့ရင် ၊ မုန့်ဈေးတန်းက ၊အသုတ်ဆိုင်မှာပဲ ရှာတွေ့နိုင်မယ်ဆိုတာ …..ဟောဟဲ…ဟောဟဲ…”
နဖူးထက်မှာ ချွေးတစို့စို့နှင့် ဘောလုံးတစ်လုံးကို ပိုက်ပြီး ၊ အဖြူ ၊အစိမ်းကျောင်းဝတ်စုံ လေးဖြင့် အမောတကော အပြောလေးဖြင့် သူမ အရှေ့ ရောက်လာသူက ၊ ငယ်သူငယ်ချင်းလေး “ဖိုးချို” ပင်။
“ဘာလဲဟာ ၊ ဘာလုပ်ဖို့လဲ ၊ ထမင်းစားပျက်တယ် ။ တော်ကြာ ကျောင်းတက်သွားမှ ငါထမင်းငတ်နေဦးမယ် ။ ငါကနင့်လို သူငှေးသား မဟုတ်ဘူး ။နေ့လယ်စာကို ဒီလိုအမြန်စားထားမှ ညနေအိမ်အပြန်ကျရင် နေသာထိုင်သာ ရှိတာဟဲ့….”
အဆက်အစပ် ရှိမလား ၊ မရှိသလား မဝေခွဲတတ်သော စကားများ သူမ နှုတ်က ၊ တရစပ်ထွက်သွားသော်လည်း ၊ မတုန်မလှုပ် ငေးကြည့်နေသည့် ဖိုးချိုက၊ သူမ ကို ဒေါသ စွက်လာသော လေသံဖြင့်…..
“အေး……အဲ့ဒါကြောင့် နင့်ကိုငါ့ ထမင်းချိုင့်ယူစားပါလို့  ငါနေ့တိုင်းပြောနေတာပဲမဟုတ်လား ၊ ငါ့အမေကလည်း နင့်အတွက် ဟင်းတွေ ပိုထည့်ပေး လိုက်တယ်လေ ။ နင်ကိုက အရမ်းကြီးကျယ်တာကိုး ။ အတန်းခေါင်းဆောင်လို့ မပြောရဘူး။ နေရာတကာ မာနကြီးပဲ” ဟု ခရားရေလွှတ် ဆိုလာသော စကားကြောင့် သူမ သိမ်ငယ်စိတ်ဖြင့် အရှက်ရမိသွားသည်။

“အေး…..ငါ့ဘာသာ ငါမာန ကြီးတာပဲ ဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် နင့်အပူလား ၊ အတန်းခေါင်းဆောင် ဖြစ်နေလို့ နင့်ထမင်းချိုင့်ကို ယူမစားတာ မဟုတ်ဘူး။ ငါ့ဘ၀မှာ ဘယ်သူ့ဆီကမှ အသနားခံပြီး ၊ ထမင်းတောင်းမစားဘူး ၊ နင်မှတ်ထား ။ သူများပစ္စည်းကို အချောင်လိုချင်ရင် ၊ တစ်သက်လုံး အချောင်သမား ပဲဖြစ်မှာ ၊ ငါ အချောင်သမား မဟုတ်ဘူး ။ အချောင်သမားလည်း ဘယ်တော့မှ အဖြစ်မခံဘူး ဖိုးချို …”
မျက်လုံးအ၀ိုင်းသားဖြင့် သူမ ပြောသမျှ ၊ ဒေါသစကားများကို ၊ ဖိုးချိုတစ်ယောက် နားမလည်နိုင်အောင် ဖြစ်သွားပြီး ၊ မျက်စောင်းထိုးကာ ၊ တစ်ချက် စိုက်ကြည့်ပြီး ၊ အနားမှ ချာခနဲ လှည့်ထွက်သွားလေသည် ။ မကြာခင်မှာ ကျောင်းတက်ခေါင်းလောင်းထိုးသံကြောင့် ၊ စားလက်စ လက်ကျန် သခွားသီး စိတ်လေးများကို အချည်ရည်ထပ်စမ်းပြီး ထမင်းချိုင့်အတွင်းသို့ ခပ်သွက်သွက်လေး ထည့်လိုက်ကာ ၊ စာသင်ခန်းအတွင်းသို့ အပြေးအလွှားဝင်လိုက်သည်။ အဲ့ဒီနေ့ကစပြီး ၊ “ ဆိုင်ပု” တစ်ယောက် ဖိုးချိုနှင့် အပေါင်းအသင်း မလုပ်မိအောင် လမ်းထဲမှာရော ၊ကျောင်းမှာပါ လှည့်ပတ် ရှောင်တတ်လာ သလို ၊ နန်းသီရိနှင့် နော်ပစောထီးတို့နှင့်သာ ၊ ကျောင်းကားပေါ်တွင် ကျောင်းဆင်း ကျောင်းပြန်ချိန်များတွင် စကားပြောလေ့ရှိသည်။
(၅)
ပြာလဲ့လဲ့ မီးရောင်အောက်က ၊ ခုတင်ထက်တွင် တံခါးဘက်သို့ မျက်နှာမူပြီးအိပ်ပျော်နေသော သူမ အနီးသို့ ခြေသံခပ်ဖွဖွ လေးဖြင့် ချည်းကပ်လာကြ သူများကတော့ ၊ ဖိုးချို ၊ပစောထီး နှင့် နန်းသီရိတို့ပင် ဖြစ်သည်။ ဆတ်ခနဲ နိုးလာစဉ် ၊ နားအတွင်းမှာ လေတိုးသံလိုလို ၊ လူတစ်ယောက် ခုတင်နားက ဖြတ်လျှောက်သွားသလို သူမစိတ်ထဲတွင် ခံစားရမိသည်။ သူမ၏ မျက်လုံးကို ဖြေးညင်းစွာ ဖွင့်ပြီး ၊ အခန်းတစ်ခုလုံးကို မျက်စိကစားလိုက်သည်။ သူမကုတင်ဘေး ၊လိုက်ကာ ၊ ကာထားသော နေရာတွင် လူကြီးတစ်ယောက် သူမဘက်သို့ မျက်နှာမူပြီး ရပ်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရပေ။ သူမအရမ်း အံ့သြထိတ်လန့်သွားသည် ။ ဇဝေ ဇ၀ါဖြင့် ၊ ထင်ရာမြင်ရာ လျှောက်စဉ်းစားမိတော့ သူမ ဘယ်ရောက်နေသလဲဆိုတာ မသိရသေး…..
“သမီးကြီး ….. သတိရလာပြီလား ၊ သက်သာရဲ့လား ၊ ဘယ်လိုနေသေးလဲ သမီးကြီး….”
ဟင် ! ကျိန်းသေပါပြီ ။ သူမ၏ အိပ်ခန်းမဟုတ်သည့် တစ်နေရာသို့ သူမရောက်ရှိနေသည် ။ စိုးရိမ်ပြင်းပြမှု အပေါင်းလွှမ်းခြုံနေသော အသံဖြင့် သူမကို တတွတ်တွတ် ခေါ်နေသည့်‘သမီးကြီး’ ဟူသော နာမ်စားက ၊ အဖေ့၏ ကရုဏာ အသံပင် ။ “ အဖေ……” သူမ ပါးစပ်မှ ရေရွှတ်မိလိုက်သည်။
“သမီးရယ် …. ကံကောင်းလို့ပေါ့ ၊ အဲ့ဒါကြောင့် အဖေပြောတာ ပေါ့ ၊ လက်သုတ်စုံတွေ ၊ လမ်းဘေးစာတွေ ၊ အများကြီး မစားပါနဲ့လို့ …… အခုတော့ သမီးကြီးပဲ ခံစားနေရပြီ ။ ”
ဒါဟာ အဖေ့၏ စကားသံ ဆိုတာ သေချာသွားပြီမို့ သူမစိတ်ထဲမှာ ခုနကလို ၊ကြောက်စိတ်တွေ ၊ ဇဝေဇ၀ါ အတွေးတွေ မရှိတော့ ။ သူမ သဘော ပေါက်စ ပြုလာသည်။ ခုတင်ပေါ်မှာ အိပ်နေရင်း ၊သူမ ကြိုးစားကာ ၊ ကုန်းထလိုက်မိသည်။ ခပ်သွက်သွက် လှုပ်ရှားမရဘဲ ၊ တစ်စုံတစ်ခုက သူမကို ချုပ်နှောင်ထားသလို ခံစားလိုက်ရသည်။
“ဟင်”
“ နင်ထလို့မရသေးဘူး “ ဆိုင်ပု” ၊ နင့်လက်ထဲမှာ အပ်ကြီး စိုက်ထားတယ်လေ ။ ဟိုအပေါ်က ပုလင်းထဲက အရည်တွေကုန်မှ နင်ထလို့ရမှာ ၊ နင်အရမ်းနာနေလားဟင် ”
“ ဆိုင်ပု” ၏ သူငယ်ချင်းမလေး ပစောထီးက စိုးရိမ်တကြီးဖြင့် သတိပေးစကား ဆိုလိုက်တာကြောင့် သူမ သတိထားပြီး ၊ ညာဖက်လက်မောင်းဆီသို့ လှမ်းကြည့်မိသည်။
“ဟုတ်တယ် ၊ သမီးလေးကို အကြောဆေးသွင်းထားတာ ၊ မပြီးသေးဘူးနော် ၊ ခဏလေး ငြိမ်ငြိမ်နေလိုက်ဦး”
“ဟာ”
သူမ အာခေါင်များ ခြောက်သွေ့လာပြီး ၊ စိတ်ဓာတ်လည်း ကျသွားသည်။ ဆရာဝန်ဖြစ်မည့် လူကြီးတစ်ဦးက ခုတင်အနားမှ ဖြတ်သွားစဉ် လှမ်းပြောလိုက်သဖြင့် အံ့သြထိတ်လန့်သွားသည်။
“ဒါ…… ဘယ်နေရာကို ရောက်နေတာလဲ အဖေ….”

“သီရိစန္ဒာ ဆေးခန်းမှာ သမီးကြီး ၊ သမီး အူအတက်ရောင်လို့ ဒီမှာ ဆေးလာကုနေတာလေ”
“ဘုရား”
သူမ ယောင်ယမ်းပြီး ၊ နှုတ်မှ ရေရွတ်ကာ ၊ ဦးတင်မိလိုက်သည်။ တဖြေးဖြေး နှင့် သူမ မှတ်မိလာသည် ။ အဲ့ဒီနေ့က ကျောင်းဆင်းချိန် အိမ်ပြန်ရောက်ကတည်းက ၊ သူမ ဗိုက်အတွင်းမှာ သံပူချောင်းနှင့် ထိုးခံလိုက်ရသလိုလို ၊ အပ်သေးသေးလေးနှင့် ဆွဆွပြီး အထိုးခံနေရသလိုလို နှင့် ဗိုက်အောင့်ခြင်းဝေဒနာကို အကြီးအကျယ် ခံစားလိုက်ရခြင်းပင်။
အိပ်ရာထဲမှာ လှိမ့်ပိတ် နေရင်းက ၊ မောင်လေး၏ ငိုသံကိုလည်း ကြားလိုက်ရပေမယ့် ၊ မတ်တပ်ထရပ်ဖို့ပင် အားအင်များ ချိနဲ့နေခဲ့သည်။
“အား….ဗိုက်နာလိုက်တာ အဖေရယ်…၊ အား….ဗိုက်ထဲက ထိုးထိုးပြီးအောင့်တယ် ….အမေရယ်” ဟု သူမ တရစပ်အော်ဟစ်ရင်း ၊ချွေးစီးတွေ ထွက်လာသည်အထိ မှတ်မိသေးသည်။ ထို့နောက်မှာတော့…. ထို့နောက်မှာတော့…. သူမတို့လမ်းထိပ်ရှိ ၊ သီရိစန္ဒာ ဆေးခန်းကြီးကို ရောက်ရှိလာချိန်မှသာ သတိပြန်ရခဲ့သည့် ဖြစ်ခြင်း ။ အူအတက်ရောင်ခြင်း၏ အဓိက တရားခံက ၊ သူမ နှစ်သက်စွာ စားသုံးခဲ့သည့် သခွားသီး တုတ်ထိုး အချည်ရည်စိမ်များနှင့် လက်သုတ်ချဉ်ရည်များကြောင့်ဟု ဆရာဝန်ကြီးက ၊ ရှင်းပြသဖြင့်သိရှိခဲ့ရသည်။ သူမဘ၀ တစ်သက်တာတွင် သင်ခန်းစာ အကြီးကြီး တစ်ခုကို ၊ ငွေကြေးပေါင်းများစွာ ၊ အချိန်နာရီပေါင်းများစွာဖြင့် ရင်းနှီးကာ ၀ယ်ယူပြီးမှ ရရှိလိုက်ရသလို ၊ နောင်တ ခပ်ကြီးကြီး တစ်ခုကြောင့်လည်း ၊ ကိုယ့်ကိုယ်ကို ယူကျုံးမရ ဖြစ်ခဲ့ရသည့် စတုတ္ထတန်း စာသင်နှစ်ပင် ဖြစ်ခဲ့ရသည်။ သူမ မျှော်မှန်းထားသည့် တစ်ကျောင်းလုံး ထူးချွန်ဆု “ပထမဆု” ကို ၊ တိုက်ကွမ်ဒို လက်ရွှေးစင် သူမ၏ ငယ်သူငယ်ချင်း မလေး “ခင်လေးဖြူ” @ Khin Lay Phyu ကရရှိသွားပြီး ၊ သူမကတော့ “ဒုတိယဆု” ဖြင့်သာ ၊ ကိုယ့်ကိုယ် ကို နှစ်သိမ့်လိုက်ရသည်မှာ သူမ နှစ်သက်စွာ စားသုံးခဲ့မိသော “သခွားသီးတုတ်ထိုး ၊ အချည်ရည်စိမ်” များကြောင့်ပင်။
(၆)
စတုတ္ထတန်း စာသင်နှစ်တွင် “ဒုတိယဆု” တံဆိပ်သာ ဆွတ်ခူး ရရှိခဲ့သည့်အတွက် ၊ ပြန်လည်တွေးမိတိုင်း နောင်တ ၊ တသီကြီးက သူမဘ၀ အတွက် မမေ့နိုင်စရာ အတိတ်ပုံရိပ် တစ်ခုဖြစ်လာသည်။
“ငါသာ ဆေးရုံမတက်ရရင် ၊ ကျောင်းစာတွေလွတ်မှာ မဟုတ်ဘူး။ ငါသာ လက်သုတ်စုံတွေ ၊ သခွားသီးတုတ်ထိုးတွေ မစားမိရင် ၊ ဆေးရုံတက်ရမှာ မဟုတ်ဘူး ။ ဒါဆို ငါ “ပထမဆု” ရချင်ရမှာ” ဟူသော ကလေးအတွေးဖြင့် သူမ ကို တွန်းအားများစွာ ရရှိစေခဲ့ပြန်သည်။ “တွေ့ကြုံခွဲခွာ ၊ ဓမ္မတာ” ဟူသော တရားသဘောအတိုင်း သူမ ချစ်သော သူငယ်ချင်းများ ၊ သူမ ချစ်သော အင်းစိန် ၊ အဝေရာလမ်းမှ ခြံလေးအား ၊ ပဉ္စမတန်း စတင်တက်ရောက်ရမည့် နွေရာသီကျောင်းပိတ်ရက်များတွင် ခွဲခွာခဲ့ရလေသည်။ အင်းစိန် ၊ ဗဟိုကျောင်းလေးမှာ အခြေခံ ပညာမူလတန်း ကျောင်းလေး သာဖြစ်သဖြင့် ၊ ပဉ္စမတန်း တက်ရောက်ရမည့် သူမ အတွက် ၊ အဖေက၊ အထက်တန်းကျောင်းကြီး တစ်ကျောင်းကို ၊ စနစ်တကျ ရွေးချယ်ကာ၊ ကျောင်းအပ်ပေးခဲ့ခြင်း ကြောင့်ပင်။ “အ.ထ.က(၂)စမ်းချောင်း” ဟူသောအထက်တန်း ကျောင်းတော်ကြီးမှာ ၊ ရန်ကုန်မြို့ ၊ပြည်လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် ၊ အင်းစိန် ၊အဝေရာလမ်းမှ နေ့စဉ်ကျောင်းသွား ၊ကျောင်းပြန်လုပ်ဖို့ ၊ကိုယ်ပိုင်ကား လည်းမရှိသလို ၊ ကျောင်းကားလည်း မသေချာသဖြင့် ၊ သေချာသည့် ဆုံးဖြတ်ချက်တစ်ခုမှာ ၊ ကျောင်းအသစ်ကြီးနှင့် အနီးဆုံးနေအိမ်သို့ ပြောင်းရွှေ့ခြင်းပင်ဟု ၊ သူမ ၏ ဖခင်ဖြစ်သူက ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း ၊နောင်အရွယ်ရောက်လာသည့် အခါမှ သူမ သဘောပေါက်ခဲ့ရသည်။
“အချိန်တန်ရင်တော့ ငါတို့ ပြန်ဆုံမှာပေါ့ ငယ်သူငယ်ချင်းတို့ရေ ၊ အခုတော့ အားလုံးခွဲကြရဦးမှာပေါ့”
အိမ်ပြောင်းမည့်နေ့က ၊ ကားပေါ်သို့ ပစ္စည်းများ တင်ပြီး ၊ကားထွက်ချိန်အထိ ၊ ကားနောက်မှ အပြေးအလွှား လိုက်လံ နှုတ်ဆက်ခဲ့ကြသည့် ဖိုးချို ၊ နော်ပစောထီး၊ နန်းသီရိ နှင့် အေးလှသီတာ တို့၏ လက်ပြ နှုတ်ဆက်နေကြသည့် မြင်ကွင်းကို ၊ သူမ ယနေ့တိုင် မမေ့နိုင်သေးပေ။
(၇)
“သမီးကြီး ၊ ကျောင်းက ပြန်လာရင် မူကြိုမှာ ညီမလေးနဲ့ မောင်လေးကို တစ်ခါတည်း ၀င်ကြိုခဲ့နော် ။ အမေ ဒီနေ့ ရုံးအပြန် နောက်ကျမယ်”
မနက်ကျောင်းသွားခါနီး ၊ ပြင်ဆင်နေချိန်တွင် မိခင်ဖြစ်သူက ၊ သတိပေးစကား ဆိုလိုက်သဖြင့်သူမ ပြုံးလိုက်မိသည်။ သူမ(၆) တန်းနှစ်မှာပင် အသက်(၄) နှစ်ခွဲအရွယ် ညီမအငယ်လေး ၊ မူကြိုစတက်သဖြင့် အသက်(၃)နှစ်အရွယ် မောင်အငယ်လေးမှာလည်း တွဲဖက် မူကြို ပညာတော်သင်အဖြစ် ၊ တစ်နေကုန် ကျောင်းအိပ်ကျောင်းစားပို့ထားရခြင်းပင် ။ အ.ထ.က(၂)စမ်းချောင်း ကျောင်းတော်ကြီး၏ ပညာသင်စနစ်မှာ တစ်နေကုန် ကျောင်းတက်ချိန် ဖြစ်သဖြင့် ၊ အင်းစိန်ကျောင်းမှာကဲ့သို့ပင် ၊ မောင်လေး ညီမလေးများကို သူမ အချိန်အများကြီး ထိန်းချိန်မရတော့ပေ ။
ထို့အတွက်ကြောင့် တစ်နေကုန် မူကြိုပို့ထားပြီး ၊ ညနေကျောင်းဆင်းချိန် အိမ်မပြန်ခင် ၊ မူကြိုမှ သွားဝင်ခေါ်ကာ ၊ မောင်နှမတွေ အိမ်သို့ အတူတူ ပြန်လာဖြစ်သည်။
“မမကို ၊ သားကြီးလာရင် တစ်လှည့်လုပ်ကျွေးမယ်နော်” ဟု အပြောချိုချိုလေးဖြင့် ချွဲတတ်သည့် မောင်အငယ်လေးကို ၊ သူမ အချစ်ဆုံးဖြစ်သည့် အပြင် ၊ အသက်(၉) နှစ် တိတိ ကွာခြားသော်လည်း သူမ ၏ မွေးနေ့က အောက်တိုဘာလ (၄)ရက်နေ့ ၊မောင်လေး၏ မွေးနေ့က ၊အောက်တိုဘာလ(၆) ရက်နေ့ ဖြစ်နေခြင်းကြောင့် ထူးထူး ခြားခြား တိုက်ဆိုင်နေခြင်းပင်။
အပိုင်း (၂) ဆက်လက်ဖတ်ရှုပေးပါနော်။
ဆုကဗျာ

1 comments:

HNINSIPHUU said...

ဆုရေ.. အမကြီးတစ်ယောက်အကြောင်းရေးထားတာ ကောင်းလိုက်တာ..တို့လည်း ဝန်ထမ်းမိဘကနေ မွေးတဲ့ အမကြီးတယောက်မို့ ဆုရေးထားတဲ့ ခံစားချက်တွေ က တို့နဲ့ ထပ်တူခံစားမိတယ်...
စကားမစပ် တို့လည်း အ.မ.က (၁) အင်းစိန် (ဗဟို) ကျောင်းထွက်ပဲ..

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009