" လွမ်းကမ္ဘာထဲက တမ္ပဒေသ"

မြန်မာ့မော်ကွန်း အမှတ်တရ
“ရှေးဟောင်းမြို့တော် ပုဂံမြေ”တဲ့။
တစ်နည်းအားဖြင့် ပြည်တကာတို့ထက် မြတ်သော ၊ နှလုံး မွေ့လျော်ဖွယ်ရှိသော အကြည်ပြည်သည်ရှိ၏။
ထိုပြည်သည် ၀တ္ထုကာမနှင့် ပြည့်စုံသည်ဖြစ်၍  ပုဏ္စကာမ(ပုဂံ)ဟူ-လည်းကောင်း ၊
ထိုမှတစ်ဖန် ရန်သူတို့ကို ချေမှုန်းလေ့ရှိသော၊ ရဲရင့်စွမ်း ပကားရှိသောသူတို့၏ နာရာ ဌာ နဖြစ်ခြင်းကြောင့်
အရိန(အရိမဒ္ဒန)ဟူရွေ့ လည်းကျော်ဇော၏ဟု“ ပင်းယ ဆင်ဖြူရှင် ငါးစီးရှင် မယ်တော် ဧ။် ပုဂံကျောင်းကျောက်စာ " အရ လေ့လာသိရှိရသည်။
အခန်း(၁)
ဒဂုံတကသိုလ်၊ သမိုင်းအထူးပြုနောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေး အပျော်ခရီးစဉ်ဖြစ်သည်။ နောက်ဆုံးနှစ်စာမေးပွဲများအပြီး ကိုယ့်ရပ်၊ ကိုယ့်ရွာသို့ ပြန်ကြရမည့် ကျောင်းသူ၊ကျောင်းသားများ၏နှုတ်ဆက်ပွဲခရီးစဉ်ဟု ဆိုလျှင်လည်းမမှားနိုင်ပါ။
သုံးနှစ်တာကာလအတွင်း အတူတကွ ပညာသင်ကြားခဲ့ကြသော သူငယ်ချင်းအားလုံး၏ တူညီဆန္ဒကြောင့် သတ်မှတ်ထားသောခရီးစဉ်မှာ“ရှေးဟာင်းမြို့တော်ပုဂံမြေ”ဖြစ်သည်။ 
 မောင်နှင့်ကျွန်မ၏ ချစ်သူသက်တမ်း  သုံးနှစ်တာအတွင်း ပထမဦးဆုံးသွားခွင့်ရသော ခရီးစဉ် လည်း ဖြစ်ပေသည်။ ကျောင်းသားအားလုံး၏ ခေါင်းဆောင်အဖြစ် တာဝန်ပေးထားသော  ကိုအောင်မင်း၏ စီစဉ်ပေးမှုကြောင့် ရန်ကုန်-ပုဂံညောင်ဦးပြေးဆွဲလျက်ရှိသော “ပုဂံမင်းသား” -express -ကားကြီးဖြင့် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ နေ့လယ်(၃)နာရီတွင် စတင်ထွက်ခွာ လာခဲ့သည်။
ရန်ကုန်- ပြည်ကားလမ်းမကြီးတလျှောက်တွင် စိမ်းစိုသာယာနေသော မြင်ကွင်းများ၊ အေးချမ်းမှု အပေါင်း ပြည့်စုံလှသော လမ်းတလျှောက်ရှိ မြို့ရွာများကြောင့် မွေးဖွားစဉ်ကပင် ရန်ကုန်မြေတွင် ကြီးပြင်းလာရသော ကျွန်မတို့လူငယ်၊ လူရွယ်များအဖို့မှာမူ လွန်စွာမျက်စီ  ပသာဒဖြစ်ဖွယ်ကောင်းလှသည်။
မြို့ပြပုံရိပ်များနှင့် မတူရိုးစင်းလှသော အညာမြေ၏ ရနံ့များ ကြောင့် -- ခရီးစဉ်လေးတွင် ပျော်ရွှင်မှုများအပြင်၊ ဗဟုသုတလေ့လာဖွယ်များကြောင့် --ခရီးစဉ် လေးတွင် ပျော်ရွှင်မှုများအပြင်၊ ဗဟုသုတလေ့လာဖွယ်များရရှိနိုင်ပေသည်။
 ရှေးဟောင်း ဘုရားလက်ရာ

ကျောင်းသား အုပ်စုများ၏ဂစ်တာသံစဉ်ကြားတွင် နစ်မျောနေသော ကျွန်မတို့ကျောင်းသူအုပ်စုမှာလည်း တ၀ါးဝါး တဟားဟားနှင့်အချင်းချင်း အော်ဟစ်နောက်ပြောင်နေကြလေသည်။
 အခန်း(၂)
ပုဂံညောင်ဦးကိုရောက်သည်နှင့် တည်းခိုရန်စီစဉ်ပေးထားသော ညောင်ဦးမြို့ရှိ အလို တော်ပြည့်ကျောင်းတိုက်တွင် ရေမိုးချိုးပြီးသည်နှင့် သူငယ်ချင်းများအားလုံး ကိုယ့်အုပ်စုနှင့် ကိုယ်အဖွဲ့ခွဲ-- ဘုရားဖူးထွက်ကြလေသည်။
မောင်နှင့် ကျွန်မ၏စက်ဘီးခရီးစဉ်တွင် မည်သူက မှ မပါဝင်ကြပါ။ ခရီးပန်းလာသည်တစ်ကြောင်း၊ အညာ နေပူအောက်တွင် ကိုယ့်စက်ဘီးကိုယ် နင်းရမည်က တစ်ကြောင်းကြောင့်ပင်။ ထို့ကြောင့် မောင်နှင့်ကျွန်မတို့နှစ်ဦးသာ စက်ဘီးကိုယ်စီ ဖြင့် ပုဂံ-ညောင်ဦးမြို့တလျှောက် ခြေဆန့်ကြလေတော့သည်။
 “လှည်းဝင်းရိုးသံတညံညံ ပုဂံဘုရားပေါင်း”ဟု အဆိုရှိသည့်အတိုင်း “လှည်းဝင်းရိုးသံ”ဟူသည့် အဓိပ္ပါယ်ကိုကောက်ပါက ပုဂံတွင်စေတီပုထိုးပေါင်း ( ၄၄၆၇၃၃ ) ရှိသည်ဟု မှတ်သားဖူးပေသည်။
ညောင်ဦးမြို့ မှ မနားတမ်း စက်ဘီးနင်းလာသည်မှာ ပုဂံမြို့အ၀င်ရှိ “သရပါ”တံခါးအရောက်တွင် ခေတ္တ- အမောဖြေ ရင်းက…..
“ငယ်လေး မောင်တော့လေ ပုဂံကိုစပြီးခြေချမိတာနဲ့ ဒီသရပါတံခါးကိုရောက်တိုင်း ကြက်သီး မွှေးတွေထသွားတတ်တယ်ကွ”
 “ဘာဖြစ်လို့လဲမောင်” ဟု ကျွန်မကမေးတော့
 “မပြောတတ်ဘူး ငယ်လေးရဲ့ ဟောဒီ“မဟာဂီရိ နတ်မောင်နှမ” နတ်ကွန်းကို မြင်ရင်ပိုဆိုး တယ်၊
စိတ်ထဲမှာ ၀မ်းနည်းသလိုလို၊ ဘာလိုလိုကြီး မေမေနဲ့တစ်ခါလာတုန်းကဆို မေမေက ကန်တော့ပွဲတွေပေးပြီး မောင့်ကိုကန်တော့ခိုင်းတာ”
 သရပါတံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မဟာဂီရိနတ်မောင်နှမ(လက်ဝဲမောင်တော်နတ်ရုပ်၊ လက်ယာနှမတော်နတ်ရုပ်)တို့၏ နတ်ကွန်းများကို ကန်တော့ရင်းက မောင်ပြောသော စကား ကြောင့် ပြုံးမိပါသည်။
မောင့်မေမေသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည့်အပြင် ရိုးရာ နတ်များကိုလည်း သက်ဝင်ယုံကြည် ကိုးကွယ်သူဖြစ်လေသည်။ သို့အတွက်ကြောင့် သားဖြစ်သူ အား ထိုကဲ့သို့ ကန်တော့ပွဲပေးပြီး ပူဇော်ခိုင်းသည်မှာ မဆန်းပါဟု ကျွန်မထင်သည်။
 “ငယ်လေးသိလား ၊ ဒီ “သရပါတံခါးကြီး”က တို့ပုဂံမြေမှာ ရှားရှားပါးပါး ကျန်ခဲ့တဲ့တံခါးတစ်ခုပဲ၊ “သရပါ”ဆိုတာ “မြားကိုဆီးကာသောတံခါး”လို့ အဓိပါယ်ရတယ်”
ဟု စိတ်ဝင်တစားရှင်းပြနေ သော မောင့်အားသိချင်စိတ်ဖြင့်
 “ဘာဖြစ်လို့ ဒီတံခါးကြီးတစ်ခုပဲကျန်ရတော့တာလဲမောင်”
 “မောင်ဖတ်ဖူးတဲ့ စာအုပ်ထဲမှာတော့ ပျဉ်ပြားမင်းက ခရစ်(၈၄၉)မှာ ပုဂံမြို့ကိုတည်တော့ ကျုံးမြို့ရိုးလေးမျက်နှာပတ်လည်မှာ တံခါး(၁၂)ရပ်ကို ဆောက်လုပ်ခဲ့တယ်တဲ့။ တံခါး(၁၂) ရပ် ထဲကမှ အရှေ့မျက်နှာအလယ်ဗဟိုတံခါးဖြစ်တဲ့ ဟောဒီသရပါတံခါးတစ်ခုပဲ ထင်ထင်ရှားရှား ကျန်တော့တာလေ”
သမိုင်းဘာသာအထူးပြုသင်ကြားထားသူဖြစ်သည့်အပြင် စာဖတ်အားအလွန်ကောင်းလှသော မောင့်အား ကျွန်မချစ်သူအဖြစ် ရွေးချယ်ခဲသည်မှာ မှားမည်မထင်ပါ။
မောင်နှင့် ကျွန်မ၏ချစ်သူ သက်တမ်းတလျှောက်တွင် မောင်သည်တခြားစုံတွဲများလို ရုပ်ရှင်ကြည့်ခြင်းအား၊ ဈေးဝယ် ထွက်ခြင်းစသည့် အပျော်အပါးများကို စိတ်မ၀င်စားဘဲ ကျွန်မတတ်သော သင်တန်းပေါင်း များစွာအား တစ်ဖ၀ါးမှမခွါဘဲ လိုက်တတ်လေသည်။
ကျွန်မတို့ အဓိကတက်ဖြစ်သော သင်တန်းမှာ “ဆရာတော်ဘုရား ကလေးဥိးအောင်ဇေ”၏ English သင်တန်းပင်ဖြစ်သည်။
 ကျောင်းသားအများစုက“တော်တော်”ဟု ချစ်စနိုးဖြစ့်ခေါ်သော ဆရာသည် သူရောက်ရှိရာ ဒေသတိုင်းရှိ မြေကြီးများအား ကျွတ်ကျွတ်အိတ်ဖြင့်ထည့်ကာ သယ်ဆောင်သိမ်းဆည်းလေ့ရှိသော ချစ်စဖွယ်အပြုအမူကို မောင်သည်အားကျအတုယူကာ
ယခုလည်း ----ပုဂံမြေမှ မြေမှုန့်၊ မြေကြီးများကို ကျွတ်ကျွတ်အိတ်တစ်လုံးဖြင့်ထည့်ကာ သိမ်းဆည်းရ လေသည်။
 “ငယ်လေး၊ ကူလုပ်ပေးဦးကွာ၊ နေမြင့်လာရင် ကန်တော့ပလ္လင်သွားဖို့ နောက်ကျနေဦးမယ်”
ဟုဆိုလေသည်။ ကျွန်မသည် ပုဂံသို့ ယခုတစ်ခေါက်နှင့်ပါဆိုလျှင် တတိယအကြိမ်မြောက်ဖြစ် ပေသည်။
ရောက်သည့်အခေါက်တိုင်း ကန်တော့ပလင်ဘုရားသို့ မဖြစ်မနေဦးစွာသွားလေ့ရှိ သည်။
အဘယ့်ကြောင့်ဆိုသော် ဘုရားအ၀င်၏ ဘေးတစ်ဖက်တစ်ချက်တွင် ဈေးဆိုင်ခန်းများ ရှိလေ၏။
ထိုဆိုင်လေးများတွင် ကျွန်မနှစ်သက်သော ပစ္စည်းအဆန်းလေးများအား ၀ယ်ယူရရှိ  နိုင်သောကြောင့် ဖြစ်ပေသည်။ ပထမအကြိမ်ရောက်ခဲ့စဉ်က လက်ပတ်ကြိုး၏ဘေးတွင် ခလုပ် တံလေးပါရှိသော မီးခြစ်လေးတစ်ခုအား ရှားပါးစွာရရှိလိုက်သောကြောင့်ပင်။
ထိုအကြောင်း အား မောင့်ကိုပြောပြထားသဖြင့် မောင့်က ကျွန်မကိုယ်စားအလောကြီးပေးနေခြင်းဖြစ်၏။
 " ကန်တော့ပလင်ဘုရား " 
 ကန်တော့ပလင်ဘုရားကြီးကို ကောဇာသကရာဇ်(၅၆၅)ခုနှစ်တွင် ဝေဠုဝတီမိဖုရားကြီး နှင့် နရပတိ စည်သူမင်းတို့ တည်ထားပူဇော်ကိုးကွယ်ခဲ့သည်ဟု ဘုရားသမိုင်းအား နံရံထက် တွင် ချိတ်ဆွဲထား သည်ကိုတွေ့ရလေသည်။
ဘုရားသို့ ရောက်သည်နှင့် ကျွန်မသည် ဈေးဆိုင် တန်းများကို အစောတလျင် ပစ္စည်းဆန်းလေးများ တွေ့လိုတွေ့ငြားရှာဖွေနေမိသည်။
 “ဒေါက်”ဟူသော အမည်သံအဆုံးမှာတော့ အလှကုန်များထည့်ထားသော -မှန် ဘောင်နှုတ်ခမ်းနှင့် ကျွန်မ၏နားထင်မိတ်ဆက်သွားလေ၏။
 “အား လား လား”ခေါင်းကိုမူးနောက်သွားတာပဲ၊
 မောင်က “မချောလေးက ဘုရားလာတာ ဘုရားတော့ အရင်မဖူးဘဲနဲ့၊ ဥစ္စာတွေတပ်မက်နေတာကိုး၊ အဲဒါဘုရားရိုက်တာ၊ ဖြစ်တာ တောင်နည်းသေး”ဟု ရယ်မောကာ ပြောလေတော့သည်။
ကျွန်မ၏၀ယ်ခြမ်းရေးအစီအစဉ်အပြီးတွင် ဘုရားဝင်းတလျှောက် လေ့လာကြလေသည်။
 “နရပတိစည်သူမင်းက ဘိုးတော်အလောင်းစည်သူမင်းမှ သားလောင်းတော်၊ ဘိုးလောင်းတော် တို့ကို ပြစ်မှားမိပြီး ကန်တော့တဲ့ ပလ္လင်နေရာမှာ ဘုရားတည်ထားကိုးကွယ်ခဲ့လို့“ကန်တော့ ပလ္လင်ဘုရား”လို့ခေါ်တာတဲ့။ နရပတိစည်သူမင်းက (၈)နှစ်ကြာဘုရားတည်ရင်းက နတ်ရွာစံ သွားလို့ သားတော်နားတောင်းများမင်း (ဇေယျသိင်္ခမင်း)က ကောဇာသက္ကရာဇ်(၅၈၈)မှာ အပြီးတိုင်ဆက်လက်တည်ထားခဲ့ရတာလို့ လေ့လာခဲ့ရဖူးတယ်”
 မောင်သည် ပါးစပ်ကလည်း ရှင်းပြရင်း လက်မှလည်း တပြိုင်နက် ကင်မရာဖြင့် ဘုရားသမိုင်း များနှင့် ရုပ်ပွားတော်များအား မှတ်တမ်းတင်ပူဇော်နေလေသည်။
ကျွန်မလည်း လိုချင်တာရခဲ့ ပြီးသည့်အပြင် ဗိုက်ထဲမှလည်း ဘင်ခရာတီးဝိုင်းသံကို ကြားနေသည့်အတွက်
“မောင် ဗိုက်ဆာလာပြီ၊ ဗူးဘုရားမှာနေ့လယ်စာသွားစားရအောင်”
 “ငယ်လေးကလည်း ထမင်းစားရင်း“တိုးတိုးဝင်း”မှာပဲ မြန်မာ့ဘူးဖေးသွားစားမယ်လို့ ပြောထား တယ်လေ၊ အဲဒီမှာစားပြီးမှ ဗူးဘုရားသွားကြရအောင်”
 ကျွန်မက အထွန့်တက်စွာဖြင့်
“မဟုတ်ဘူးမောင်ရဲ့ မေမေက ဗူးဘုရားမှာ သနပ်ခါးအတုံးဝယ်ခဲ့ဖို့ သေသေချာချာမှာလိုက် တယ်။
ပြီးတော့ ငယ်လေးတို့က ပုဂံနေပူကြီးထဲမှာ အဆောင်းမပါ၊ အကာမပါဘဲ စက်ဘီးနဲ့ သွားနေတာဆိုတော့ တပြိုင်နက်တည်းကိစနှစ်ခုပြတ်သွားအောင် ဗူးဘုရားကစားသောက်ဆိုင် တွေမှာပဲ ထမင်းစားရင်း သနပ်ခါးတုံးပါတစ်ခါတည်းဝယ်လိုက်ရအောင်ကွာ….နော်”
ကျွန်မက နှုတ်ခမ်းလေးစူကာ မောင့်ကိုချွဲတော့
 “ဟုတ်ကဲ့ပါခင်ဗျာ ၊ ယောက္ခမကြီးနဲ့ ကိုင်ပေါက်နေမှတော့ လိုက်လျောရတော့မှာပါ"
 “မောင်နော် ဘာကိုင်ပေါက်တာလဲ--၊ညစ်တီးညစ်ပတ်တွေ”
 “ဟောဗျာ ခုနကပဲ သနပ်ခါးတုံးဝယ်ရမယ်ဆို အဲဒီသနပ်ခါးတုံးကိုပဲ ပြောတာပါဗျာ ဟား ဟား ဟား”
 ကျွန်မတို့ချစ်သူနှစ်ဦးလည်း စရင်းနောက်ရင်းကပင် စက်ဘီးကိုယ်စီနင်းကာ ဗူးဘုရားသို့ ရောက်လာခဲ့လေ၏။ 
" ဗူးဘုရား "
 ဗူးဘုရားသည် ခရစ်(၃)ရာစုတွင် ပျူစောထီးမင်းတည်ခဲ့ပြီး၊ ပုဂံနေပြည်တော်တွင် ဒုက္ခပေးနေ သော
ကျား၊ ၀က်၊ ငှက်၊ ဗူး၊ ရုံးပျံစသော ရန်သူငါးမျိုးအနက်မှ ဗူးပင်များကို ရှင်းလင်းခဲ့ရာအရပ်-တွင် ဗူးသီးပုံသဏ္ဍာန်စေတီတည်ခဲ့ခြင်းကြောင့် ဗူးဘုရားဟုခေါ်ကြောင်း သိရလေသည်။
ဗူးဘုရားဝန်းအပေါ်မှကြည့်လျှင် ဧရာဝတီမြစ်ကမ်းကြီးအား ငွေရောင်တောက်ပနေသော မှန်သားပြင်ကဲ့သို့ နေရောင်အောက်တွင် တင့်တယ်စွာတွေ့မြင်ရပေသည်။
 ထိုစဉ် စက်ဘီး အပ်ရာနေရာမှ ပုဂိုလ်တစ်ယောက်က
“အစ်မလေးတို့ ၊ အစ်ကိုလေးတို့ စက်လှေငှားကြမလား၊ ဒီကနေ ဧရာဝတီမြစ်တ်လျှောက် စက်လှေနဲ့ ရှုခင်းတွေကြည့်လို့ရတယ်”
မောင်က ကျွန်မအား ဘယ်လိုလဲဟူသော အဓိပါယ်ဖြင့် မေးလေးတစ်ချက်ဆတ်ပြကာ အသံ တိတ်မေးလေသည်။
“ထမင်းအရင်စားလိုက်ဦးမယ်ကွာ၊ ပြီးတော့မှသွားကြတာပေါ့၊ မောင်သွားချင်နေတယ် မဟုတ် လား
ဟုမေးတော့ မောင်ကခေါင်းငြိမ့်ပြကာ ပြုံးနေသည်။ ကျွန်မက….
 “သွားတာတော့ ဟုတ်ပါပြီ၊ ငယ်လေးတို့က စက်ဘီးတွေ ငှားလာကြတာ၊ စက်လှေနဲ့ လျှောက်ကြည့်ပြီးရင် ဒီကိုပြန်လာ၊၊ ဒီကမှ သနပ်ခါးတုံးကြီးတွေ တစ်ပွေ့တစ်ပိုက် နဲ့ ညောင်ဦးပြန်သွား၊ ဟူး မသက်သာဘူးနော် မိုးချုပ်သွားမှခက်မယ်”
ကျွန်မ၏ ညည်းတွား စကားကြောင့် စက်လှေငှားရန်ပြောသော ပုဂိုလ်မှာ . . .
 “အဲဒီအတွက်မပူပါနဲ့ အစ်မလေးရယ်၊ စက်ဘီးတွေစက်လှေပေါ်တင်ခဲ့ပေးမယ်၊
ပြီးရင်  ညောင်ဦးဆိပ်ကမ်းထိ စက်လှေနဲ့တစ်ခါတည်း ပြန်ပို့ပေးလို့ရပါတယ်”ဟု စက်လှေငှား ဖြစ်ရေး ကိုသာတွင်တွင်ဆိုနေပေသည်။
“အင်း ဒီလိုဆိုတော့လည်းမဆိုးပါဘူးဟု တွေးမိကာ စက်လှေငှားရန် သဘောတူလိုက်ရ သည်။
မြစ်ဧရာ၏ အလှမှာပြောမကုန်အောင် ကျယ်ပြောလှသည်။ ဖွဲ့မကုန်အောင် များပြား လှသည်။
မြစ်ဧရာတလျှောက်ရှိ ပုဂံဘုရားများကို ဖူးမျှော်ရင်း တန့်ကြည်တောင်တန်းကြီး၏ အလှကို အဝေးမှပင်ခံစားနိုင်လေသည်။
ကျွန်မတို့တည်းခိုသော အလိုတော်ပြည့်ကျောင်းတိုက်သို့အရောက်တွင် သူငယ်ချင်းအားလုံး တစုတဝေးတည်း စကားလက်ဆုံကျကြလေ၏။
တစ်နေ့တာအတွေ့အကြုံများကို ဖလှယ်ကြ ရင်း  အချင်းချင်းစနောက်ကြသည်မှာ ကျောင်းသားဘ၀၏ နောက်ဆုံးမှတ်တမ်းများပင်လော။
အခန်း(၃)
 နံနက်မိုးလင်းသည်နှင့် “မျိုးမျိုး”စားသောက်ဆိုင်တွင် ထမင်းဆီဆမ်းအား -Break fast -အဖြစ် စားကာ ရွှေစည်းခုံစေတီသို့ စက်ဘီးကိုယ်စီဖြင့် သွားးကြလေသည်။
  ရွှေစည်းခုံစေတီ
ရွှေစည်းခုံစေတီသည် အေဒီ(၁၀၆၀)တွင် အနော်ရထာမင်းစတင်တည်ခဲ့ပြီး၊ အပြီးမသတ်ခြင်းကြောင့် ကျန်စစ်သားမင်းကြီးက ဆက်လက်တည်ထားခဲ့ရာ အေဒီ(၁၀၉၀)တွင် ပြီးစီးခဲ့ကြောင်း မှတ်တမ်းစာအုပ်များ အရ လေ့လာသိရှိရပါသည်။
 “ငယ်လေး ရွှေစည်းခုံစေတီကို သေသေချာချာကြည့်လိုက်စမ်း၊ကုန်းမြင့်ပေါ်မှာတည်ထားတာ လား။ မြေပြန့်ပေါ်မှာတည်ထားတာလား”
 ဟုမောင်က စက်ဘီးနင်းရင်းမှ ရုတ်တရတ်မေးလိုက် သဖြင့် အတန်ငယ်စဉ်းစားရင်း . . …
“အင်း အဝေးကကြည့်ရင်တော့ ကုန်းမြင့်ပေါ်မှာ တည်ထားသလိုထင်ရတယ် ဟုတ်လား မောင်”
 “အဲဒီလိုထင်ရတာကွ၊ တကယ်တော့ မဟုတ်ဘူး၊ အဲဒါ ရွှေစည်းခုံစေတီကြီးရဲ့ ထူးခြားချက်ပဲ၊ အပြင်အံ့(၉)ပါးမှာ တစ်ပါးပါဝင်တဲ့အချက်ပဲ”မောင့်စကားကြောင့် အနည်းငယ်တွေဝေသွား ခဲ့ သည်။
“ဘယ်လိုပြောလိုက်တယ်မောင်၊ “အပြင်အံ့ကိုးပါးလို့ကြားလိုက်သလားလို့”
“ဟုတ်ပါဗျာ့ ဟောဒီရွှေစည်းခုံစေတီကြီး အတွင်းအံ့ကိုးပါး အပြင်အံ့ကိုးပါးနဲ့ ပြည့်စုံတယ်လို့
ရှေးလူကြီးတွေ လက်ထက်ကတည်းက ယုံကြည်ကြတာလေ”
နှစ်ယောက်သား စကားတပြောပြောနှင့် ဘုရားရင်ပြင်တော်ပေါ်သို့တက်လာကြသည်။ နိုင်ငံခြားသား ဧည့်သည်များ ကိုလည်း စေတီအနှံ့အပြားတွေ့ရလေသည်။
ကျွန်မတို့ မြန်မာ့ ပုဂံမြေ၏ ရှေးဟောင်းလက်ရာများဖြင့် ဆန်းကြယ်လှပခြင်း၊ ရှားပါးလှသော စေတီပုထိုး၊ ဂူဘုရား၊ အုတ်ခွက်များရှိခြင်း၊ ထင်ရှားကျော်ကြားလှသော ရာဇ၀င် မြန်မာသူရဲကောင်းများ၏ အငွေ့အသက်မကင်းသော --ရှေးဟောင်းမြို့တော်အား နိုင်ငံခြားသားများလေ့လာရန် အလွန် စိတ်ဝင်စားကြသည်မှာ အဆန်းတကြယ်မဟုတ်ပါ။
 ကျွန်မတို့ နှစ်ဦးသည် ဘုရားဖူရင်းကပင် စေတီ၏မဟာရံတံတိုင်းတလျှောက် ထူးခြားမှုများ အား မှတ်တမ်းတင်ကြလေ၏။
 “မောင် ၊စောစောကပြောတဲ့ အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးဆိုတာ ဘာတွေများလဲ“
မောင်က လက်နှစ်ဖက်ကို စတိုင်ကျကျပိုက်ရင်းကပင်….
“ဟဲ ဟဲ ဆရာတင်တယ်ပေါ့၊ ပြောပြရမယ်ပေါ့၊ သိချင်ရင် ဒီလိုတော့ လွယ်လွယ်ဘယ်ရမလဲ၊ ကျွန်တော်မျိုးကြီး စာအုပ်တွေအများကြီးကို အပင်ပန်းခံပြီး ဖတ်ထားရကျိုးနပ်အောင်….”
ဟု ဆိုကာ သူ့ပါးတစ်ဖက်ကို ဖောင်းကာလက်ညိုးလေးထိုးပြကာ နမ်းခိုင်းလေတော့သည်။
 ကျွန်မမှာ အလွန်ရှက်သွားပြီး 
“မောင်နော် ဘုရားပေါ်မှာ အိနြေမရ၊ ဘယ်လိုဖြစ်နေတာလဲ ၊ ငရဲကြီးမှာ မကြောက်ဘူးလား
ဟု ပြောပြောဆိုဆိုနှင့်ပင် မောင့်လက်မောင်းအား ညင်သာစွာ လိမ်ဆွဲပစ်လိုက်သည်။
 “အား သေပါပြီဗျ လုပ်ကြပါဦး၊ ဒီမှာ အားနွဲ့တဲ့ ယောက်ျားသားကို အနိုင်ကျင့်နေတယ်ဗျို့
ဟု အာဗြဲကြီးနှင့် အော်ပြောသောအခါ ကျွန်မတို့၏ရှေ့နားမှ ဖြတ်လျှောက်သွားကြသော နိုင်ငံခြား သူလေးများမှာ စကားနားလည် လို့ ပဲလား၊ ကျွန်မတို့နှစ်ယောက်၏ အပြုအမူကြောင့်ပဲလား မဝေ ခွဲတတ်ပါ၊
ပြုံးစိစိဖြင့် ကြည့်နေရင်း ဓာတ်ပုံများတဖျတ်ဖျတ်ရိုက်နေပါတော့သည်။
 “မရှက်ဘူးလားမောင်ရာ၊ သူများတွေဟားစရာဖြစ်ကုန်ပြီ၊ မပြောချင်လည်းနေတော့” 
ဟု အိုက်တင်ခံတော့မှ
“အေးပါကွာ၊ မောင်လည်း သိလွန်းလို့တော့ မဟုတ်ပါဘူး၊ ဆရာဦးမောင်မောင်(ဘီအေ)သမိုင်း ရေးသားပြုစုတဲ့“မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်၊ ပုဂံစေတီပုထိုးများ”စာအုပ်မှာ ဖတ်ဖူးတာကို ပြန်ပြောပြမယ်” 
အခန်း(၄)
 ရွှေစည်းခုံစေတီ၏ အတွင်းအံ့ကိုးပါးမှာ-
၁။ ထီးတော်သည် ကြိုးမဆိုင်းရဘဲ ခိုင်မြဲခြင်း၊
၂။ စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့မရောက်ခြင်း၊
၃။ စေတီ၏ ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
၎။ စေတီ၏မဟာရံတံတိုင်းအတွင်း လူမည်မျှများများပြည့်ကျပ်မနေခြင်း။
၅။ စေတီကို ဆွမ်းဦးအောင်မတင်နိုင်ခြင်း။
၆။ စေတီ၏အမြင့်သည် အရှိထက်ပိုမြင့်သည်ဟု ထင်ရခြင်း။
၇။ စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
၈။ မဟာရံတံတိုင်းအတွင်း မိုးရေမတင်ခြင်း။
၉။ စေတီရှိ ခရေပင်တို့သည် တစ်နှစ်ပတ်လုံးပွင့်ခြင်းတို့ဖြစ်သည်။
 အပြင်အံ့ကိုးပါးဆိုသည်မှာ-
 ၁။ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့်ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာ ခြင်း။
၂။ ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာရခြင်း။
၃။ ဧရာဝတီမြစ်ရေသည်စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။
၎။ မဟာရံတံတိုင်းသည် ရှစ်ပယ်(၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
၅။ စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို  ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
၆။ ကျောက်သယ်သည့်သူများ အရိပ်ရန် မန်ကျည်းပင်များချက်ချင်းပေါက်ခြင်း။
၇။ ကျောက်သယ်အပြီး မန်ကျည်းပင်များကွယ်ပျောက်ခြင်း။
၈။ ရွှေစည်းခုံစေတီရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း-တွင်စေတီအရိပ်ထင်ခြင်း။
၉။ စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ဖြစ်ပေ သည်။
“မောင်ကတယ်ဟုတ်ပါလား၊ ------အရမ်းတော် တယ်နော်၊မောင်မဆိုးဘူး၊ ငယ်လေးတော် တယ်….ဟီး…ဟီး”ကျွန်မက ပြောင်စပ်စပ်နှင့်ပြောတော့မောင်က….
“တတ်လည်းတတ်နိုင်တဲ့ ကောင်မလေး၊ ကဲ ပြီးရင် ဘယ်သွားကြမလဲ”
“ရန်ကုန်ပြန်ရင်လက်ဆောင်ပေးဖို့ ပစည်းလေးတွေဝယ်သွားဦးမယ်”ဟု စေတီစောင်းတန်း ဘက်သို့ ဆင်းလာခဲ့သည်။
ရွှေစည်းခုံစေတီ၏ စောင်းတန်းတွင် ရှေးဟောင်းပစည်းမျိုးစုံနှင့် ပုဂံအမှတ်တရပစ္စည်းများ ရောင်းချသော ဆိုင်တစ်ဆိုင်မှ မင်းသား၊ မင်းသမီးပုံ ရုပ်သေးရုပ်လေးနှစ်ရုပ်အား မောင်က နှစ်သက်သည်ဟုဆိုသဖြင့် အမှတ်တရ၀ယ်ဖြစ်ခဲ့ကြ၏။
ကျွန်မက ယွန်းသေတ္တာလေးများ နှင့် တူမလေးများအတွက် ယွန်းထမင်းချိုင့် ကစားစရာသေးသေး လေးများအား ၀ယ်လေသည်။ ပုဂံ-ညောင်ဦးရှိ ထင်ရှားလှသော စေတီပုထိုးများ၏ပုံအား  ပို့စကဒ်ပြုလုပ် ထားသည်မှာ ၀ယ်ချင် စရာကောင်းလှပေသည်။
 ထို့နောက် မောင်သည် ကျန်စစ်သားဥမင်တွင် ဓာတ်ပုံရိုက်ချင်သည်ဟု ဆိုသဖြင့် ရွှေစည်းခုံစေတီအနီးရှိ ကျန်စစ်သားဥမင်သို့ ရောက်လာကြသည်။
    ကျန်စစ်သားဥမင်
  ကျန်စစ်သားဥမင်ကို ခရစ်(၁၁)ရာစုနှောင်းတွင် ကျန်စစ်သားမင်းတည်ခဲ့သည်ဟု မှတ်သားခဲ့ဖူးသည်။
 “မောင် ဒီဥမင်က ဟိုတစ်နေ့က ငယ်လေးတို့သွားခဲ့တဲ့ “သမီးဝှက်ဥမင်”တို့ “မြားဥမင်”တို့နဲ့ မတူဘူးနော်၊ဟိုဥမင်နှစ်ခုက သဲကျောက်တောင်နံရံကိုထွင်းပြီး လိုဏ်ဂူပုံစံမျိုးဆောက်ထား တာ၊
ဟောဒီကျန်စစ်သားဥမင်ကျတော့ မြေပြန့်ပေါ်မှာ တမင်တကာကြီး ဆောက်ထားတဲ့ပုံမျိုး ပဲနော်”
မောင်က ကျွန်မစကားများအားလုံးကို အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းငြိမ့်ပြရင်း ဥမင် အတွင်းရှိ နံရံဆေးရေးပန်းချီများကို ဓာတ်ပုံရိုက်ယူနေသည်။ ဥမင်အတွင်း-မှလိုဏ်ခေါင်းများ အခန်းကျဉ်းလေးများ အား များပြားစွာတွေ့ရသည်။ ၀င်္ကပါပတ်လမ်းမှာ အလင်းရောင်နည်းပါး သဖြင့်ဓာတ်မီးထိုးကာ သွားရလေ၏။ ဥမင်နံရံနှင့်  ပေါင်းကူးမျက်နှာကျက်များထက်တွင် ရေးဆွဲထားသော ကြက်တူရွေးပုံနှင့် လေးပစ်နေသော မွန်ဂိုစစ်သည်များမှာ အကြမ်းရေးဆွဲ ထားသောပုံများဖြစ်သော်လည်း လွန်စွာသက်ဝင် လှသည်။
 ရှေးဟောင်း တံခါးကြီး ရဲ့ တင့်တယ်ဟန်
အခန်း(၅)
ယနေ့အစီအစဉ်သည် ကျောင်းသားကျောင်းသူအားလုံးအတူတကွ ပုပ္ပါးတောင်သို့ တက်ကြ ရန်ဖြစ်ပသည်။
  ပုပ္ပါးတောင်
 ပုပ္ပါးတောင်သည် မန္တ-လေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း-တည်ရှိပြီး -မြို့၏ အရှေ့မြောက်ဘက် (၁၀)မိုင်ခန့်အကွာတွင် ဖြစ်သည်။
ကျွန်မတို့သည် ကျောက်ပန်းတောင်းမြို့ မှ  ဗျတ္တ--ပန်းဆက်လမ်း၏လမ်းခွဲအတိုင်း ပုပ္ပါးတောင်ခြေရင်းသို့ ရောက်လာကြသည်။ တောင်ခြေရင်းရှိ ကုမာရာ-ရာမကျောင်းတိုက်တွင် ခေတ္တ-နားနေရင်း ပုပ္ပါးတောင် ကလပ်ကြီး သို့မျှော်--ကြည့်နေမိလေသည်။
တောင်ကလပ်ရှိ စကားဝါပန်းပင်များ၏ မွှေးရနံ့များကြောင့်   Travel Sick       ဖြစ်လာသော ကျွန်မ ရုတ်ခြည်း ပင် အံ့သြဖွယ်ရာပျောက်ကင်းသွားပေ၏။
 -ပုပ္ပါးတောင်ကြီးသည် သာသနာသက-ရာဇ်(၁၀၁)ခုနှစ်တွင် မြေမှထွက်ပေါ်လာ သည်ဆိုသော ရာဇ၀င်စကားကြားဖူးခဲ့သည်။ ထို့ပြင် ပထ၀ီဝင်ပညာရှင်တို့၏   ယခင်မီးတောင် ဖြစ်ခဲ့ဖူးသည်ဆိုသော စကားတို့ကြောင့်လည်း စပ်ဟပ်မိကြသည်ဟု ယူဆရပေမည်။
 “ပုပ္ပါးဝန ပဗတ” တစ်နည်းအားဖြင့် ပန်းများပေါသဖြင့် “ပန်းတော်တောင်”ဟုခေါ်စေကြောင်း ရာဇ၀င်များအရသိရှိရသည်။ ထိုမှတစ်ဆင့် ကာလရွေ့လျားလာသောကြောင့် “ပုပ္ပါးတောင်”ဟု ခေါ်တွင်ကြောင်းလည်း လေ့လာရသည်။
 ပုပ္ပါးတောင်ကြီး၏ အရပ်လေးမျက်နှာရှိ ပုံသဏ္ဍန် လေးမျိုးသည် နိမိတ်လေးမျိုးကဲ့သို့ဖြစ်နေပေသည်။
  အရှေ့အရပ်မျက်နှာဘက်မှ  ကြည့်လျှင် နွားလပို့အသွင်မြင်ရသောကြောင့် ထိုအရပ်ရှိ လူတို့သည်
နွားဖြင့် အသက်မွေးကြသော တောင်သူ၊ ယာအလုပ်သမားများ ဖြစ်ကြပြီး ထိုအလုပ်ဖြင့် ကြီးပွားတိုးတက် သည်ဟူ--လည်းကောင်း၊
 အနောက်မျက်နှာမှ ကြည့်လျှင် ဆင်ကြီးဝပ်တွားနေသည့်အသွင်ထင်မြင်ရသောကြောင့် ထိုအရပ်တွင် နေထိုင်သော သူများသည် ဆင်ခြင်တုံတရားရှိမည်ဟု---လည်းကောင်း၊ တောင်အရပ်မျက်နှာမှကြည့်လျှင် စပါးပုံကြီးအသွင်ထင်မြင်ရသဖြင့် ထိုအရပ်ရှိလူများသည် လယ်ယာလုပ်ငန်းဖြင့် ကြီးပွားချမ်း သာသည်ဟု--လည်းကောင်း၊ မြောက်အရပ်မျက်နှာမှကြည့်လျှင် ယက်ကန်းလက်ခတ်အသွင် ထင်မြင်ရသဖြင့် 
ထိုအရပ်ရှိလူများသည် ၀ါဂွမ်းစိုက်ပျိုးခြင်း၊ ယက်ကန်းအလုပ်လုပ်ခြင်းဖြင် အကျိုးစီးပွားဖြစ်ထွန်းမည်ဟူ---လည်းကောင်း၊ အယူအဆရှိကြသည်ကို သိရဖူးသည်။
 ပုပါးတောင်သို့တက်ရာလမ်းတွင် မျောက်ကလေးများအား  ချစ်စဖွယ်တွေ့ရလေသည်။
မျောက်စာရောင်းသော ကလေးမလေးများမှာလည်း ကျွန်မတို့အုပ်စုအား အလုအယက်ပင် ရောင်းချနေတော့သည်။ မျောက်ကလေးများ၏ စူးစူးဝါးဝါးအော်သံများကြောင့် ပုပါးတောင်ကြီး အလှမှာ ပိုမိုအသက်ဝင်လှသည်။
“ဟဲ့ လုပ်ကြပါဦး ငါ့ကိုဒီမှာကုတ်နေပြီ၊“ နောင်နောင်”ငါ့ကို လာခေါ်ပါဦး”ဟု ဆိုသော အသံ ကြောင့်
လှည့်ကြည့်မိလိုက်တော့ အိနြေ၏ ဆံပင်ရှည်ကြီးများအား အော်ဟစ်ကာ လိုက်--ဆွဲ နေသော မျောက်ကလေးများကိုတွေ့ရသည်။
အားလုံးက သူမ၏အဖြစ်ကို ကူညီဖို့မေ့နေကာ သဘောကျကာ အော်ရယ်နေကြသည်။ မျက်နှာကြီးရှုံ့တွ သွားသော အိနြေ္ဒအားအနီးရှိ ဘုရား လူကြီးများက . ...
“ဒီတောင်ပေါ်ကို ဆံပင်ဖားလျားချပြီး တက်လို့မရဘူးကလေးမရဲ့ အမေယ်ဝဏ္ဏ မကြိုက်ဘူး
ဟု ပြောသံကိုလည်း သတိထားမိလိုက်သည်။
 ပုပ္ပါးတောင်တောင်သခင်မမယ်ဝဏ္ဏ
 ပုပါးတောင်ရှိ ထင်ရှားသောရာဇ၀င်ဇာတ်လမ်းများအနက် မောင်ဗျတ္တ--နှင့် မယ်ဝဏ--တို့၏ အချစ်ဇာတ်လမ်း မှာလည်းတထူးတဆန်း လူတို့၏ နှုတ်ခမ်းမှာ ရေပန်းစားလျက်ရှိပေသည်။
အနော်ရထာမင်းလက်ထက်တွင် ပုပါးတောင်သို့ ပန်းခူးစေလွှတ်ခြင်းခံရသော ပန်းဆက်သမား၊ ခြေလျင် သည် မောင်ဗျတ္တ--သည် ပုပါးတောင်တွင်ကျင်လည်နေသော ပန်းစားသခင်မ မယ်ဝဏ္ဏနှင့် ချစ်ခင်စုံမက်တော်မူလေသည်။
 ထို့နောက် မယ်ဝဏ္ဏ၏ နေထိုင်ရာဌာနဖြစ် သော “၀ဏ္ဏ--ယက္ခ--”တောင်တွင်ပင်ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး သားတော်နှစ်ပါးကို ဖွားမြင် တော်မူခဲ့သည်။
သို့သော် မယ်ဝဏ္ဏကား တောတွင်းသူတို့ သဘာဝတောတွင်းမှာပဲပျော် သည်။ လူတို့ဌာနကိုခေါ်--မရပေ။
သူမသည် လောကတစ်ခုလုံးတွင် မောင်ဗျတ္တ--က သူ့ကိုချစ်ခြင်းနှင့် မောင်ဗျတ္တကို မယ်ဝဏ္ဏက ချစ်သောချစ်ခြင်းတရားသာလျှင် သိပေသည်။
ချစ်ခြင်းတရားကိုသာ အလေးထားမြတ်နိုးသော မယ်ဝဏ္ဏသည်မောင်ဗျတ္တသေဆုံးခြင်းသတင်း ကြားသည် နှင့် ရင်ကွဲနာကျကာ သေဆုံးသွားခဲ့ကြသည်။
အချစ်တစ်ခုသာလျှင် ဘ၀ဖြစ်စေခဲ့ သောမယ်ဝဏ္ဏ၏ မေတ္တာကိုလေးစားရင်ခုန်မိသောကျွန်မသည်…
“ငယ်လေးကမောင့်ကို အရမ်းကိုချစ်တော့ တကယ်လို့သာမောင်သေသွားခဲ့ရင်ငယ်လေးလည်း လိုက်သေမှာပဲ " ဟုမောင့်မျက်နှာ   စိုက်ကြည့်ရင်းမိုက်ရူးရဲဆန်စွာဆုံးဖြတ်ချက်ချပစ်လိုက် သည်။
ပုပ္ပါးမှအပြန်လမ်းတွင် မောင်ဗျတ္တနှင့် မယ်ဝဏ္ဏတို့၏ ရင်နင့်ဖွယ်ဇာတ်လမ်းအကြောင်းကို စဉ်းစားခန်း ဖွင့်လာခဲ့မိတော့သည်။
အခန်း(၆)
 ညောင်ဦးမြို့တွင်းရှိလမ်းများပေါ်တွင် ဆိုင်ကယ်များ မြင်းလှည်းများဆိုက်ကားများသည် များပြားလှသဖြင့်
သတိကြီးစွာဖြင့် ရှောင်တိမ်းကာသွားနေရ၏။
ကျွန်မသည်စက်ဘီး စီးချင် လှသော အာသီသကြောင့် သာ ပုဂံညောင်ဦးသို့ခေါက်တုန့်ခေါက်ပြန် စီးနင်း နေခဲ့သော်လည်း စက်ဘီးနှင့်အကျွမ်းမ၀င်ခဲ့သည်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးကာစ ကာလကပင် ဖြစ်ပေသည်။
 မောင်သည်ကျွန်မအားကျော်တက်သွားလိုက် စိတ်မချသဖြင့် ရပ်စောင့်လိုက်နှင့်ပင် ကျွန်မအတွက် စိုးရိမ် နေသေးသည်။ 
“ငယ်လေး၊ ဈေးထဲရောက်တော့မယ်၊ ဖြေးဖြေးနင်း၊ ဆိုက်ကယ်တွေနဲ့ ရှုပ်နေတယ်၊ ဖြစ်ရဲ့လား”
 “အေးဆေးပါမောင်ရယ်၊ ပုဂံကနေညောင်ဦး ညောင်ဦးကနေပုဂံဒီလောက်အဝေးကြီး နင်းလာ နေတာတောင် ဘာမှမဖြစ်တဲ့ဥစ္စာကို”
ဟုပြောရင်းမျက်နှာပြောင်စပ်စပ်လုပ်ကာလျှာထုတ်ပြ လိုက်စဉ်အတွင်း…
“ဒုန်း ဟာ… တိုက်ပြီ” ရှေ့မှဦးတည်လာနေသော ထော်လာချီအားမမြင်မိပဲဝင်ကျုံးမိလေသည်။
ဖြေးညင်းစွာမောင်းလာသော်လည်း မောင့်အားစက်ဘီးစီးရင်းမှပင် စကားလှမ်းပြောမိသဖြင့် အန္တရာယ်ကို သတိမထားမိလိုက်ပါ။
“အဟင့် အဟင့် ”စက်ဘီးတခြား လူတခြားဖြစ်သွားသော ကျွန်မသည်လက်မောင်းထက်မှ နာကျင်မှုဒဏ် ကြောင့် ငိုနေမိသည်။
 “ငယ်လေးကတော့ကွာ မောင်ပြောနေရက်သားနဲ့ သတိထားပါဆို ပြောလို့မှမဆုံးသေးဘူး ဖြစ်ပြီ”
 မောင်ကဗျစ်တောက်ဗျစ်တောက်မြည်တွန်လျက်နှင့် ပင်မြေကြီးပေါ်လဲကျသွားသော ကျွန်မကို လက်မောင်း တစ်ဖက်မှ ဆွဲထူကာမနေလေသည်။
  “အား မရဘူး နာတယ် အရမ်းနာတယ်” ဟုငယ်သံပါအောင် အော်လိုက်သော ကျွန်မအသံ ဗြဲကြီး ကြောင့် ထော်လာဂျီပေါ်မှ လူများစိုးရိမ်ကြီးပြေဆင်း လာကြတော့သည်။
 ယာဉ်မောင်း ဖြစ်သူဦးလေးကြီးမှ “ဒုက္ခပါပဲ မောင်တို့ရယ် ဦးကြီးတော့ ပြသာနာပဲ  မှန်း၊ လုံမလေး ဘာဖြစ် သွားတာလဲ” ဟုဆိုကာ ဒဏ်ရာရသွားသော လက်မောင်းအားသေသေချာချာစူးစမ်းနေလေ သည်။
“သွေးတွေထွက်နေတာ မနည်းပါလားကွဲ့” ဟုစိုးရိမ်တကြီးပြောလေ၏။
ထိုအချင်းအရာကို သိသောမောင်ကစာနာစွာဖြင့် “ဦးကြီးတို့ခရီးဖင့်နေပါ့မယ် သွားကြပါခင်ဗျာ 
ကျွန်တော်ပဲသူ့ကိုဆေးခန်းလိုက်ပို့ပေးလိုက်ပါ့ မယ် အခုကိစ္စကလည်း သူပေါ့ဆလို့ဖြစ်ရတာပဲ ဦးကြီးတို့ဘက်ကမှန်ပါတယ်” ဟု ပင်တစ်ဖက်ကိုအားနာစကားဆိုနေတော့သည်။
 ကျွန်မှာ သာနာကျင် ငိုနေရင်းကပင် မောင့်မျက်နှာကိုတအံ့တသြကြည့်နေမိသည်။
 “ကဲ့ ငယ်လေးလာ ငိုမနေနဲ့တော့ ဟိုမှာလူတွေလည်း အုံလာကုန်ပြီ သွေးတိတ်အောင် ဆေးခန်း သွားပြရအောင်”  ဟု ပြောပြီး မြင်းလှည်းတစ်စီးအားလက်ပြကာတားလေတော့သည်။
 အခန်း(၇)
စက်ဘီးမှောက်သောဒဏ်ရာကြောင့် ဘယ်ဘက်လက်မောင်းရှိအကြောများ ရောင်ကာပွန်းပဲ့ ကုန်လေသည်။
သူငယ်ချင်းများသည်လည်း တစ်ယောက်တစ်ပေါက်ပြောကြားရင်း ၀ိုင်းပြုစု ပေးနေကြသည်။
ကျောင်းသားခေါင်းဆောင်ကိုသီဟမှ “ရှင်ထွေးငယ် တို့တတွေရဲ့လေ့လာရေးခရီးစဉ်ကတော့ (၃)ရက်ကျန်သေးတယ်။ ဒါပေမဲ့ လက်ကဒဏ်ရာကဒီအတိုင်းပေါ့နေလို့မဖြစ်ဘူး အရိုးတွေဘာ တွေထိ မထိဓာတ်မှန်ရိုက်ကြည့်မှ ဖြစ်မယ် ဘယ်လိုလုပ်ချင်သလဲ ရန်ကုန်ပြန်မလား” ဟု စာနာစွာမေးလေသည်။
ကျွန်မကိုယ်တိုင်သည် ပတ်တီးစည်းလျှက်သားနှင့်ပင် နေရာတွင်လေ့လာနိုင်ဦးမည် မထင်ပါ။
ထို့ကြောင့်ပင်သူငယ်ချင်းများကို နှုတ်ဆက်ရင်းယနေ့နေ့လည်မှီရာကားနှင့်ပင် ရန်ကုန်ပြန်ဖို့ ဆုံးဖြတ်လိုက် တော့သည်။
 “မောင် ငယ်လေးပြန်နှင့်တော့မယ် မောင်နေခဲ့လိုက်ဦး ဘုရားစုံအောင်လည်းဖူးရသေးတာ မဟုတ်ဘူး”
“ဘာ ငယ်လေးဒီလောက်ဖြစ်နေတာမောင်ကဘယ်လိုလုပ်ပြီး ဒီမှာဆက်နေနိုင်မှာလဲ မောင်ပါ ပြန်လိုက်မယ်” ဟုဆိုပြီးအခန်းပြန်ကာအ၀တ်အစားများ သိမ်းဆည်းရန်ထွက်သွားလေတော့ သည်။
 ကျွန်မနှင့်မောင်၏အိမ်အပြန်ခရီးလမ်းတွင် ကြည်နူးမှုပေါင်းများစွာနှင့်ပင် မောင်၏ ဂရုဏာ စေတနာ ဥာဏ်ပညာများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်မို့  မောင့်အား ဘ၀လက်တွဲဖော် အဖြစ်ရွေးချယ်ခဲ့ သည်မှာ မမှားကြောင်း သက်သေပြသခဲ့သော ပုဂံ ခရီးစဉ်နှင့်အတူ ထော်လာဂျီယာဉ်မောင်း ဦးလေးကြီးအားကျေးဇူး တင် မိပါတော့သည်။
 ဆုကဗျာ
 ( မြန်မာ့မော်ကွန်း ဇာတ်ကားကြီး ရိုက်ကွင်းအမှတ်တရပုဂံမှာ ရေးဖြစ်ခဲ့တဲ့ စိတ်ကူးယဉ် ပုဂံဇာတ်လမ်းလေးတစ်ပုဒ်ပါရှင်။ အချက်အလက် တွေ လွဲမှားနေခဲ့ပါကထောက်ပြဝေဖန်ပေးမှုကို မျော်လင့်လျက် )
ကျမ်းကိုးစာရင်း
၁။ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန ပုဂံစေတီပုထိုးများ
၂။ ဦးမောင်မောင်(ဘီအေ) သမိုင်း မြန်မာ့ယဉ်ကျေးမှုစေတီပုထိုးများ
၃။ ပုဂံ-ညောင်ဦး ရွှေစည်ခုံစေတီတော် လမ်ညွှန်စာစောင်
၎။ အရှုင်က၀ိန၏ ပုပါးတောင်တော်သမိုင်း
၅။ သော်တာဆွေ(ဦး) ပုဂံသူရဲကောင်းများ၊
၆။ မင်းဘူးဦးအောင်ကြိုင် ပုဂံခေတ်ဗိသုကာလက်ရာများ


0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009