ပျော်ရွှင်ဆင်နွှဲပန်းမြို့တော်ရဲ့တန်ဆောင်တိုင် မီးပုံးပျံပွဲ

မီးပုံးပျံဘယ်ကစ
ကျွန်မတို့ ငယ်စဉ်အခါ၊ ကျောင်းနေစဉ် ကာလက သင်ပုန်းကြီးဖတ်စာ အတွင်းမှာ သင်ကြားခဲ့ရဖူးတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး လေသူရဲ၊ မီးပုံးပျံ ဦးကျော်ရင်လို ပုဂ္ဂိုလ်ထူးတွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ သာမက၊ ကမ္ဘာ အနှံ့မှာလည်း 'မီးပုံးပျံ' အကြောင်းကို စိတ်ဝင်စားသူများ ပေါများလာခဲ့ကြတာ ဖြစ်ပါတယ်။
'မီးပုံးပျံဦးကျော်ရင်' ဆိုတာကလည်း ပုံဆွဲဆရာ ဘဝကနေ မီးပုံးပျံကို တီထွင်နိုင်ခဲ့တာကြောင့် မြန်မာသိ၊ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသလို ဦးကျော်ရင်ရဲ့ အသက် (၅၆)နှစ်ကနေ (၆၆)နှစ် အရွယ်အထိ (၁ဝ)နှစ်တာ ကာလအတွင်းမှာ မီးပုံးပျံ(၅)လုံးနဲ့ မြန်မာပြည်အနှံ့အပြားကို အကြိမ်ပေါင်း (၅၅)ကြိမ် တိုင်တိုင်လှည့်လည်စီးနင်း လိုက်ပါနိုင်တဲ့ သတ္တိကလည်း ချီးကျူးလေးစားစရာ ကောင်းလွန်းနေပြန်ပါတယ်။ မီးပုံးပျံဦးကျော်ရင်က မြန်မာလူမျိုးပီပီ၊ မခံချင်စိတ်၊ သူရသတ္တိစိတ်ဓာတ်တွေ ထက်သန်နေသူပီပီ ထားဝယ်မှ မောင်ကျော်ရင်ဆိုသူသည် လေယာဉ်ပျံလုပ်တတ်သည်ဟု ကြွားဝါခဲ့ဖူးသော်လည်း ယခုအခါ သေသလား၊ ရှင်သလားမသိ၊ တိမ်မြုပ်သွားလေပြီ ဟူသော မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတစ်ပုဒ်ရဲ့ ချိုးနှိမ်သော အရေးအသားများကြောင့် 'မိမိသည် လေယာဉ်ပျံ လုပ်တတ်သည်ဟု မကြွားဝါခဲ့ကြောင်း၊ ကောင်းကင်၌ လေယာဉ်ပျံများ စက်ပျက်သွားသောအခါ ထိုးကျပျက်စီးခြင်းမရှိရအောင် ပြုလုပ်နိုင်သောနည်းကို စာရေးသားခဲ့ကြောင်း၊ မြန်မာ၊ မြန်မာချင်း အထင်သေးသည်မှာ ဝမ်းနည်းဖွယ်ကောင်းကြောင်း၊ မိမိအစွမ်းကို စောင့်ကြည့်စေလိုကြောင်း' ပြန်လည်ချေပ စိန်ခေါ်ခဲ့တာကို လေ့လာဖတ်ရှုခဲ့ရပါတယ်။
အသက်(၅၅)နှစ်မှာ ပင်စင်ယူလိုက်တဲ့၊ ဦးကျော်ရင်က အတောင်(၈ဝ)ရှိ ပိတ်အုပ်(၂၄)အုပ်ကို အားပြုပြီး မီးပုံးပျံကြီးချုပ်လုပ်ကာ မီးခိုးမှိုင်းသွင်းကြည့်ပြီး အမြင့်အတောင်(၃ဝ)၊ လုံးပတ်(၁ဝဝ)ရှိပြီး၊ ထန်းပင်ထိပ်ဖျားခန့်အမြင့်ထိ ရုန်းကန်မှု ကောင်းကောင်းဖြင့်၊ နှစ်မိုင်ခန့်အထိ၊ မြင့်တက် သရုပ်ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ (၁၉၃ဝ)ပြည့်နှစ်မှာ ရန်ကုန်မြို့ National Sporting Club ရဲ့ ကြီးကြပ်မှုဖြင့် ကန်တော်ကြီးအလယ်ကျွန်းမှာ မီးပုံးပျံးစီးပြခဲ့တဲ့အခါ၊ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမယ့်၊ ဇွဲမလျော့တဲ့ဦးကျော်ရင်ရဲ့စိတ်ဓာတ်ကြောင့် ရန်ကုန်မြို့မှာ (၃)ကြိမ်တိုင်တိုင် ထပ်မံစီးနင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ (၁၉၃၄)ခုနှစ်မှာ မြိတ်မြို့မှာ မီးပုံးပျံစီးနင်းပြသ ခဲ့စဉ်ကလည်း ပင်လယ်တွင်းသို့ ပြုတ်ကျခဲ့ဖူးတာကြောင့် မီးပုံးပျံမှာ လိုသလို ထိန်းကျောင်းလို့ ရနိုင်သည်မဟုတ်ဘဲ၊ မြင့်လိုသမျှမြင့်တက်ပြီး ကျချင်သည့်နေရာ ကျနိုင်သော အန္တရာယ်များလှတဲ့ လုပ်ငန်းဟု ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မီးပုံးပျံဦးကျော်ရင်ကဲ့သို့ စတန့်မင်းသားချစ်ဆွေ သည်လည်း 'မြဂနိုင်' ရုပ်ရှင်ဇာတ်ကားထဲမှာ မီးပုံးပျံစီးပြီး ထွက်ပြေးသော အခန်းတွင်၊ သရုပ်ဆောင်ရင်း အမှန်တကယ် စီးပြခဲ့သလို ထူးထူးခြားခြား မီးပုံးပျံသမိုင်းမှာ အမျိုးသမီးလူစွမ်းကောင်းအဖြစ်၊ ဇာတ်ပို့အမျိုးသမီး သရုပ်ဆောင် ဒေါ်မြကြီးရဲ့ သမီးမတင်နုမှာလည်း အသက်(၂ဝ) အရွယ်နှင့်ပင်၊ 'မီးပုံးပျံမတင်နု'ဟု အမည်တွင်ခဲ့သူဖြစ်ပါတယ်။ အလားတူ မီးပုံးပျံဦးကျော်ရင်ကို အားကျသူများထဲမှာ သူ၏သား ဦးကျော်လင်းလည်း အပါအဝင်ဖြစ်ကာ၊ (၁၉၂၉)ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့မှာ အသက်(၁၅)နှစ်သား မောင်ကျော်လင်းရဲ့ မီးပုံးပျံစီးနင်းမှုကို ထပ်မံမြင်တွေ့ခဲ့ကြရတယ် ဆိုတဲ့အကြောင်း ဆရာတင့်နိုင်တိုးရဲ့  'မီးပုံးပျံ ဦးကျော်ရင်ကို အားကျကြသူများ' ဆောင်းပါးမှာ ဖတ်ရှုခဲ့ရဖူးပါတယ်။
'မီးပုံးပျံများဖြင့်ဆင်ကာနွှဲတန်ဆောင်တိုင်မီးထွန်းပွဲ'
တန်ဆောင်တိုင်ကာလများတွင်တာဝတိံသာနတ်ပြည်မှြ<ွကမြန်းလာသော မြတ်စွာဘုရားရှင်ကိုရည်မှန်းပြီး၊ မီးပုံးပျံလွှတ်တင်ပူဇော်တဲ့ကောင်းမှုကိုဆောင် ရွက်ကြသလို၊ တာဝတိံသာနတ်ပြည်မှာ သိကြားမင်းတည်ထားကိုးကွယ်သော မြတ်စွာဘုရားရဲ့ ဆံတော်ရှင် စူဠာမုဏိစေတီတော်အားပူဇော်သည့် ကောင်းမှု အဖြစ်လည်း မီးပုံးပျံဖြင့်ပူဇော်ခဲ့ကြတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာလည်း ထင်ရှားသော တောင်ကြီးမီးပုံးပျံပွဲကြီးကို တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်မှာ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းပင် ဖြစ်တယ်လို့သိရပြီး၊ မီးပုံးပျံများ လွှတ်တင်ပါက ကံကောင်းခြင်းနှင့် ကံဇာတာတက်ခြင်းများ ရှိတယ်လို့ အယူရှိခဲ့ကြတာကိုလည်း ရှေးလူကြီးများရဲ့ အဆိုအရ သိရှိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို အတုယူပြီး ပြင်ဦးလွင်မြို့မှာလည်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခု(၂ဝ၁ဝ)ခုနှစ်တွင် ဆဌမအကြိမ်တိုင်ခဲ့ပြီလို့ သိရပါတယ်။ ပြင်ဦးလွင်မြို့၊ ရေငယ်ရွာအနီး၊ ဓမ္မရတိကုန်းတော်ပေါ်တွင် တည်ထား ကိုးကွယ်လျှက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးရဲ့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ကွင်း အတွင်းမှာ ယခုနှစ်အတွက် ယခင်နှစ်များနှင့်မတူ မီးပုံးပျံများကို (၂ဝ၁ဝ) ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် လွှတ်တင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင်ပွဲတော်ကြီး အတွက် နေ့ခင်းပိုင်းအချိန်တွင် အရုပ်အလှ မီးပုံးပျံလွှတ်တင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ ဓာတ်ပုံပြိုင်ပွဲများနှင့် ညပိုင်းတွင် မီးရှူး၊မီးပန်း၊ မီးကျည်မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်ပြိုင်ပွဲဝင်ခြင်း များကိုလည်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
(၂ဝဝ၅)ခုနှစ်မှာ စတင်ကျင်းပလာခဲ့တဲ့ မီးပုံပျံလွှတ်ပြိုင်ပွဲမှစတင်ပြီး ရည်ရွယ်ချက် (၆)ချက်ဖြင့် ကျင်းပလာခဲ့တဲ့ အကြောင်းကို ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီဝင်တစ်ဦးဖြစ်သော ဦးကျော်ဌေးကိုမှ အောက်တိုဘာလ (၃၁)ရက်က ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးမှ သတင်း၊ မီဒီယာအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်က ရှင်းလင်းပြော ကြားခဲ့ပါတယ်။
အဆိုပါ ရည်ရွယ်ချက် (၆)ချက်မှာ-
(၁)ပြင်ဦးလွင်မြို့၊ မဟာအံ့ထူး ကံသာဆုတောင်းပြည့် ဘုရား၏ ဘုန်းကျက်သရေတော် ပိုမို တိုးတက်စေရန်။
(၂)တိုင်းရင်းသား လူမျိုးပေါင်းစုံ စည်းစည်းလုံးလုံး ပါဝင်ပြီး၊ မြန်မာ ဓလေ့ရိုးရာများ မပျောက်ကွယ်စေရေးအတွက် အစဉ်အလာဖြစ်စေရန်။
(၃)မြန်မာ့ရိုးရာ မီးပုံပျံလွှတ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပေးအယူမျှတမှု၊ နားလည်မှု၊ အချိန်အဆမှန်ကန်မှု၊ အမိန့်နာခံမှု၊ စည်းကမ်းသေဝပ်မှု၊ စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်တတ်မှုစသော အလေ့ကျင့်ကောင်းများ ရရှိစေရန်။
(၄) မြန်မာနိုင်ငံအရပ်ရပ်ရှိ ပြည်သူများသာမက ကမ္ဘာကပါသိရှိပြီး၊ နိုင်ငံခြား ခရီးသွားဧည့်သည်များပါ စိတ်ဝင်တစား လာရောက်ကြည့်ရှုခြင်းဖြင့် မြန်မာ့ရိုးရာ မီးပုံပျံလွှတ်ပြိုင်ပွဲဟု ဂုဏ်ယူဝင့်ကြွားနိုင်ရန်။
(၅) ပွဲတော်ကျင်းပခြင်းဖြင့် ဒေသတစ်ခုနှင့်တစ်ခု ကူးလူးသွားလာကြခြင်းဖြင့် ပြည်သူအချင်းချင်း ချစ်ခင်မှု၊ ရင်းနှီးမှု၊ စည်းလုံးမှုရရှိစေရန်။
(၆) ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ကြခြင်းဖြင့် မိမိဒေသ ထွက်ကုန်ပစ္စည်းများနှင့် ရောင်းပန်းဝယ်ပန်းတိုးတက်ပြီး ဒေသစီးပွားရေး ပိုမိုကောင်းမွန်လာစေရန်တို့ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ မီးပုံပျံပွဲတော်ကြီးကို ပိုမိုစည်ကားစွာ ကျင်းပနိုင်စေရန် ယခုနှစ်မှာ ထူးထူးခြားခြားအဖြစ် နာမည်ကျော် Iron Cross အဆိုတော်များ ဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်း၊ လင်းလင်း၊ ချမ်းချမ်း၊ နေနေတို့ရဲ့ ဖျော်ဖြေမှုများကို နိုဝင်ဘာလ(၁၉)ရက်၊ (၂ဝ)ရက်၊ ညနေ (၃)နာရီအချိန်မှာ လက်မှတ်တစ်စောင် (၆ဝဝဝ)ကျပ်နှုန်းနှင့် ဝယ်ယူနားဆင်နိုင်ကြမှာ ဖြစ်သလို နိုဝင်ဘာလ (၂၁)ရက်နေ့မှာလည်း Hip Hop အဖွဲ့များရဲ့ ဖျော်ဖြေမှု အစီအစဉ်အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဂျေမီ၊ ရန်ရန်ချမ်း၊ ဂျင်းနီ၊ စန္ဒီမြင့်လွင်၊ ဂျောက်ဂျက်၊ ကောင်းမြတ်လေး၊ Five Cracker၊ Cyclone, အားတီ၊ Uraniun Dancer Group၊ DJ ရန်နိုင်တို့ရဲ့ တေးသီချင်းများဖြင့်လည်း ဖျော်ဖြေတင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
မြန်မာ့ဇာတ်သဘင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်များအတွက်လည်း ခေတ်သစ်စွမ်းအား အနုပညာအင်အားစု ဖြစ်တဲ့ စိန်မာဒင်သား မိုးမင်း၊ ရဲမိုး၊ မိုးဇာတ်၊ ဂျွန်မိုး၊ နေဇာတို့ရဲ့ စံပြသဘင်နဲ့ ဝီရိယမင်းသား''ဝင်းနောင်'' ယဉ်ကျေးမှုသဘင်ပွဲ များကိုလည်း ပွဲတော်ကာလ ၅ရက်တိုင်တိုင် မိုးလင်းပေါက် ကြည့်ရှုနိုင်ရအောင် ထည့်သွင်း စီစဉ်ပေးထားတယ်လို့ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးဝဏ္ဏနှင့် တေးဂီတဖျော်ဖြေပွဲများရဲ့  တာဝန်ခံ ဦးမိုးအောင်ဆွေတို့မှ မီဒီယာများကို အသိပေးပြောကြား သွားခဲ့ပါတယ်။
ပြင်ဦးလွင်မြို့ မီးပုံးပျံပွဲတော်ကြီးမှာ မီးပုံးပျံဆုကြေးများ အဖြစ် အများဆုံး ကျပ်(၂၅)သိန်းမှ အနည်းဆုံး ကျပ်(၃)သိန်းအထိ သတ်မှတ်ထားတာကြောင့် အပြိုင်အဆိုင် အလှဆင်ကာ ယှဉ်ပြိုင်နိုင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ ထို့အပြင် တန်ဆောင်တိုင်ပွဲတော် ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ မန္တလေးဓာတ်ပုံပညာရှင်တို့ ဦးစီးပြုလုပ်တဲ့ ''ပျော်ရွှင်ဆင်နွှဲ ပန်းမြို့တော်ရဲ့ တန်ဆောင်တိုင်ပွဲ'' ခေါင်းစဉ်အဖြစ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကြီး ကိုလည်း ပထမဆုဆုကြေးငွေ ကျပ်(၆)သိန်း+ ကင်မရာတစ်လုံး+ ဆုဖလား၊ ဒုတိယဆု ကျပ်(၄)သိန်း+ ကင်မရာတစ်လုံး+ ဆုဖလား၊ တတိယဆု ကျပ်(၃)သိန်း+Canon လက်ဆောင်ပစ္စည်း+ ဆုဖလားနှင့် နှစ်သိမ့်ဆု (၇)ဆုကိုလည်း ထည့်သွင်းချီးမြှင့်သွားမှာ ဖြစ်တာကြောင့် ဓာတ်ပုံပညာရှင်များ ဝါသနာရှင်များအတွက် အခွင့်အလမ်းကောင်းများကို ရရှိနိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
တန်ဆောင်တိုင်မီးပုံပျံပွဲတော် ရက်အတွင်း ဈေးဆိုင်ခန်းများကိုလည်း ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ရောင်းချပေးသွားမယ်လို့ သိရပြီး စုပေါင်းမိသားစု (ဝ၉-၄၇၁၃၁ဝ၂၅, ဝ၉-၆၅ဝ၆၂၇၇, ဝ၉-၆၅ဝ၆၇၈၉) ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ကြတဲ့အကြောင်း စုပေါင်းမိသားစုမှ ဦးကျော်လှိုင်က သတင်းစာရှင်းလင်းပွဲနေ့က အသိပေးပြောကြား သွားခဲ့ပါတယ်။
ပြင်ဦးလွင်နှင့် မီးပုံးပျံအမျိုးအစားများ
ပြင်ဦးလွင်မှ ဆင်းသက်လာသော ရွာအမည်'ပြင်ဦးလွင်'မှာ 'ပြင်ဦး၊ ပြင်ကြီး၊ ပြင်စာ'ပြင်သုံးပြင် တစ်ပြင်ကောင်းစားမည်'ဟု တဘောင်ပေါ်ပေါက် ခဲ့ဖူးတယ်လို့ မှတ်သားခဲ့ဖူးတာကြောင့် ရှမ်းနှင့်ဓနုတိုင်းရင်းသားများနေထိုင်ခဲ့ ကြတဲ့ ပြင်ဦးလွင်ရွာကလေးမှာ ယခုအခါပြင်ဦးလွင်အမည်ဖြင့် တိုင်းရင်းသား ပေါင်းစုံနေထိုင်နေကြပြီဖြစ်တာကို တွေ့မြင်ခဲ့ရပါတယ်။ ယခုအခါ ပြင်ဦးလွင် မြို့မှာ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ဘော်ဒါဆောင်ကြီးများ၊ စီးပွားရေးလုပ်ငန်းများစွာဖြင့် ထင်ရှားစည်ကားနေသော တောင်ပေါ် စခန်းမြို့လေးတစ်မြို့အဖြစ်တွေ့မြင်ခဲ့ကြရပါတယ်။
မီးပုံးပျံပြုလုပ်ရာမှာ ရှမ်းဘာသာနှင့် 'မဲဆာ'လို့ခေါ်တဲ့ သာလဲပင်မှ၊ မှိုင်းကိုင်စက္ကူခေါ် ရှမ်းစက္ကူကုန်ကြမ်းကို ရယူကြရတာဖြစ်ပါတယ်။ သာလဲပင် ဆိုသည်မှာ ရှမ်းပြည်နယ်နှင့် တောင်ပိုင်း ဝနယ်မြေဒေသများမှာ အလေ့ အကျ ပေါက်ရောက်သောအပင်ဖြစ်ပြီး အပင်ရဲ့ အခေါက်များကို ပြုပြင်ပြောင်း လဲပြီးမှ မိုင်းကိုင်စက္ကူကို ရယူနိုင်မှာဖြစ်ပါတယ်။ မိုင်းကိုင်စက္ကူများကို မီးပုံးပျံ အတွက်သာမက စာရေးရာတွင် အသုံးပြုရန်၊ ပစ္စည်းများထုပ်ပိုးရန်နှင့် သစ်စေးသုတ်ပြီးပါက မိုးကာအဖြစ်လည်း အသုံးပြုနိုင်ကြပါတယ်။
နေ့အရုပ်မီးပုံးပျံများကို ပြုလုပ်ရာမှာ မှိုင်းကိုင်စက္ကူအပြင်၊ ဆီစိမ်စက္ကူကိုလည်း သုံးနိုင်ကြပြီး ကုန်ကျစရိတ်မှာ ရှစ်သောင်းမှ နှစ်သိန်းခွဲအထိ ကျသင့်သလို၊ ယခင်နှစ်များက ဝက်ရုပ်၊ ဖား၊ ခို၊ ယုန်၊ ဖျံ၊ ရွှေဟင်္သာ၊ ကြက်တူရွေး၊ မြင်းကြား၊ ဘဲ၊ ဇီးကွက်၊ ဂဠုန်၊ ဆင်ဖြူတော်၊ ရွှေကြက်၊ ငါး၊ သစ်တောက်ငှက်စသော အကောင်ပုံသဏ္ဍာန်မျိုးစုံဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အပြင် စိန်နားပန်နှင့် ညမီးကျည်မီးပုံပျံများမှာလည်း တန်ဖိုးကြီးမားပြီး စိန်နားပန်မီးပုံးပျံတစ်လုံးတွင် ခေါင်(၁၈)ပေမှ အမြင့်(၂၂)ပေ အထိရှိနိုင် ပြီး ကျပ်(၄)သိန်းမှ (၁၅)သိန်းအထိ ကုန်ကျစရိတ်ရှိနိုင်တယ်လို့ သိရပါတယ်။ ညမီးကျည်မီးပုံးပျံမှာလည်း ခေါင်(၂၅)ပေ၊ အမြင့်(၂၈)ပေအထိရှိနိုင်ပြီး ကျပ်(၈)သိန်းမှ(၂၅)သိန်းအထိ ကုန်ကျနိုင်သလို ယမ်း(၁၈)ပိဿာမှ (၃၅)ပိဿအထိ အသုံးပြုကြရတယ်လို့ သိရပါတယ်။ ညမီးကျည်တွင် မီးရေတံခွန်၊ မီးကျောက်၊ ဖျောက်ဆိပ်၊ မီးပုလဲ၊ မီးဒုံး၊ လေထီး၊ မီးကျည် မီးပျား၊ မီးစင်္ကြာ၊ မီးရှူးကျွမ်းဘား၊ မီးပလွေ၊ ရောင်စုံကာလာထုပ်၊ မီးဖက်ထုပ် စသော ယမ်းအမျိုးအစားများကို အသုံးပြုကြရတယ်လို့ ဗဟုသုတအနေနဲ့ သိရှိခဲ့ရပါတယ်။
ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲတော်ကြီးမှာ မြန်မာပြည်အရပ်ရပ်ရှိ ခရီးသွား ဧည့်သည်များ သာမက နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကိုလည်း ဆွဲဆောင်နိုင်သော ပွဲတော်ကြီးဖြစ်လာစေရန် ပွဲတော်ကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများမှ ကြိုးပမ်း အကောင်အထည် ဖော်ဆောင်လျက်ရှိတာကို တွေ့မြင်ခဲ့ကြရပါတယ်။
ဆုကဗျာ
ဓာတ်ပုံ-မောင်ပြည့်ဝ(ပန်းဝေသီ)နှင့်
ဖိုးခွား(Snap Shot)

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009