ပီကေ

တကယ်တော့ကျွန်တော် တို့ လူသားတွေရဲ့ စိတ်ဟာ ပီကေလိုပါပဲ၊ ပီကေဆိုတာ ကပ်သွားလို့ ပြန်ခွာလည်း အရသာ အရှိအတိုင်း ပုံစံမပျက်တမ်း နဂိုအတိုင်းမှ ပြန်ပါမလာနိုင်တော့တာ… အနည်းဆုံးတော့
အကြွင်းအကျန် ဒဏ်ရာလေးတော့ ကပ်ကျန်နေဦးမှာပဲ မဟုတ်လားဗျာ…

အခန်း (၁)

“တီ…..တီတီ…..တီတီ…..တီ……တီ…..တီတီ”
နာရီ Alarm သံကြောင့် အိပ်မောကျနေသော ကျွန်တော်နိုးလာပါသည်။ သို့သော်မျက်လုံးပေါက်က ဘယ်လိုမှ ဖွင့်လို့မရ။
ညကတစ်ညလုံး Chatting ထိုင်လိုက်သည် မှာပဲပြုတ်သည် အဒေါ်ကြီး ဧ။်အသံကြားမှ အိပ်ရာထဲ ကမန်းကတန်း ၀င်ခွေဖြစ်လိုက်သောကြောင့်ပင်။
“တီတီ……..တီတီ………….တီ”
Alarm သံက ခဏနားပြီး နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ Alarm ထပိတ်ဖို့ ပျင်းနေသောကြောင့် ခေါင်းအုံးဖြင့် နားပိတ်ကာ ဆက်အိပ်နေလိုက်သည်။
“ကလင်…..ကလင်…..ကလင်…….ကလင်”
““““ရွှေလည်တိုင်ကိုကွယ်……အနမ်းလေးပေးစဉ်ဝယ် …..
ရင်ခုင်စရာသနပ်ခါနံ့ လေးတွေနဲ့……ရင်ခွင်ကြားမှာခေါင်းလေးငုံ့ ကာ ရှက်ပြုံးလေး ပြုံးနေခဲ့သူရယ်......“““

Alarm သံတိတ်သွားသဖြင့် ဇွတ်ပြန်အိပ်နေသော်လည်း ဖုန်းသံက တစ်မျိုးနှောင့်ယှက်လာပြန်သဖြင့် စောစောစီးစီး ဖုန်းဆက်သူကိုသာ ကျိတ်ကာဒေါပွနေလိုက်သည်။
“ဟာကွာ၊ အိပ်ချင်ပါတယ်ဆိုမှ ဖုန်း ကတစ်မျိုး”
ဖုန်းသံက ဇွဲကောင်းစွာဖြင့် ဆက်တိုက် ခိုင်ထူး(ဦး)၏ ရွှေလည်တိုင်သီချင်းကိုမြည်နေသည်။ တောက်!!!!! ဘယ်သူမို့လို့ ဒီလောက် အစောကြီး နှောင့်ယှက်နေပါလိမ့်???
“Hello ”
“ဇီးကွက်၊ အိပ်တုန်းလား”
အိပ်မှုန်ဇ၀ါးဖြင့် နံပါတ်မကြည့်မိဘဲ ဖုန်းကိုင်လိုက်သောကျွန်တော်၊ အသံချိုချိုလေးကြောင့် အိပ်ရာမှ ကမန်းကတန်း ထလိုက်မိသည်။
“မာမီ၊ Morning မာမီ၊ သားနိုး နေပါပြီ ……….၀ါး”
“ဟော၊ နိုးပြီဆိုတာနဲ့ သူကလည်းသန်းနေလိုက်တာ အကျယ်ကြီးပဲ၊ အဲဒီမှာ ဘယ်နှစ်နာရီထိုး ပြီလဲ”
အာ၊ မာမီကတော့လုပ်ပြီ၊ သူများ အိပ်ရေးမ၀ရတဲ့ ကြားထဲကနေ မြန်မာပြည်ကို တကူးတကနာရီလှမ်း မေးနေသေးတယ်ဗျာ…..
မာမီကိုချစ်လည်းချစ်၊ ကြောက်လည်းကြောက်တာမို့ စိတ်ထဲကသာ မြည်တွန်ကာ မျက်လုံးကို ပွတ်လျက် နာရီကို လှမ်းကြည့်လိုက်တော့…….
“ ဒီမှာ ခုနှစ်နာရီ ခွဲပြီမာမီ”
“ဟဲ့၊ ကောင်လေး(၇)နာရီခွဲနေတာတောင် ကျောင်းသွားဖို့မပြင်သေးဘူးလား။ မာမီအနားမှာ မရှိတာနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ၊ အဲဒါတွေကြောင့် မသွားခင်တကည်းက မှာထားတာတွေ မေ့ကုန်ပြီလား၊ ညဆိုအိပ်ရာစောစောဝင်မှ၊ မနက်ကျရင်အချိန်မှန် နိုးမှာပေါ့၊ အခုတော့….. တစ်ညလုံး Chat Room တစ်ကာဝင်လည်၊ သူငယ်ချင်းတွေနဲ့ Talking ပွား၊ မိုးလင်းမှ အိပ်ရာထဲဝင်တော့ ဘယ်မှာ နားချိန်ရှိပါဦးမလဲ၊ မျက်တွင်းဟောက်ပက်ကြီးနဲ့ ကျောင်သွား၊ သွားတက်နေတာ မင်းကို ဘယ်ကောင်မလေးက ကြိုက်မှာလဲ”
Chatting ထိုင်ခြင်းကို ၀ါသနာတစ်ခုလို စွဲလမ်းနေသော ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိသော မာမီသည် သြစတြေးလျ သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသော်လည်း ဖုန်းဖြင့် Lecture ရိုက်နေသမျှကို နားဒုက္ခခံနေရသည်။
“ဟာ၊ ထပြီ မာမီရာ၊ ထပြီ အစောကြီး ဖုန်းဆက်တာ အိပ်ရာနှိုးဖို့ အတွက် တစ်ခုတည်းပဲ ဆိုရင်တော့ Phone Bill ကုန်ပါတယ်ဗျာ”
“ သြော်…မာမီကို ပြန်ပြောတတ်နေပြီပေါ့၊ အားနေတယ်လို့များ ထင်နေသလား၊ ဒီမှာ၊ မာမီအစည်းအဝေးခန်းကိုသွားနေပြီ၊ ဒီလကုန် ပြန်မလာဖြစ်သေးဘူး၊ နောက်(၃)လလောက်ထပ်ကြာမယ်၊ ပေးထားခဲ့တဲ့ မုန့်ဖိုးတွေ ကုန်လောက်ပြီထင်လို့ ထပ်လွှဲပေးလိုက်တယ်၊
သွားမထုတ်ချင်လည်း ရပါတယ် ဇီးကွက်ရယ်၊ ဒါပဲနော်”
အငေါ်တူးကာပြောနေသောမာမီအသံကြောင့်အိပ်ချင်စိတ်များပျောက်ကာ ထခုန်မိလေသည်။
“ဟေး၊ ဒါမှ တို့မာမီကွ၊ အတော်ပဲ Color Printer တစ်လုံးလိုချင်နေတာနဲ့ ….ရှဲ့ရှဲ့မားမား”
“ဇီးကွက်၊ မာမီက သုံးဖို့ပေးတာနော်၊ အပိုတွေ မဖြုန်းပစ်နဲ့ ၊ တစ်ခါလာလည်း Computer Accessories တွေဝယ်လိုက်၊ Laptop တွေ I- Pad တွေ ၀ယ်လိုက်နဲ့ တစ်အိမ်လုံးလည်း Electronic ရုံးခန်းကျနေတာပဲ၊”
ဟဲဟဲ ဘာပဲဖြစ်ဖြစ် အဆူခံရလည်းကျေနပ်တယ် ၊ Laptop Model Design အသစ်တွေလည်းပေါ်နေပြီတဲ့၊ အိမ်က အဟောင်းတွေကို လျော့ဈေးနဲ့  ၀ဲပစ်ရမယ်။
ကိုယ့်အတွေးနဲ့ကိုယ် ပီတီဖြစ်နေရင်း အိပ်ရာမှထကာ ရေချိုးခန်းထဲသို့ လေကလေးချွန်ကာ ၀င်သွားလိုက်သည်။
ကျောင်းသို့ ကားမောင်းသွားရင်း တစ်လမ်းလုံး စဉ်းစားလာသည်မှာ ဒယ်ဒီနှင့်မာမီအကြောင်း၊ ဒယ်ဒီကထက်မြက်ပြီး စီးပွားရေး လောကမှာ ထင်ရှားအောင်မြင်သူ၊ မာမီကလည်း ဒယ်ဒီနှင့်အပြိုင် စီးပွားရေးလောကမှာအောင်မြင်နေသူ တစ်ဦးဖြစ်သလို၊ ဒယ်ဒီ၏ ပါရမီဖြည့်ဖက်ကောာင်းပီသသူလည်း ဖြစ်ပေသည်။
လွန်ခဲ့တဲ့တစ်နှစ်ကပေါ့……..
ကျွန်တော်တို့ မိသားစုသုံးယောက်စလုံး အပန်းဖြေခရီးထွက်ရင်း ကား Accident ဖြစ်ကာ ဒယ်ဒီ ပွဲချင်းဆုံးပါးသွားခဲ့ရပြီး၊
ကျွန်တော်နဲ့ မာမီ ဒဏ်ရာကိုယ်စီရခဲ့ကြတဲ့ အချိန်မှာ ပျော်ရွင်ဖွယ် အားလုံးဟာ ဆိတ်သုန်း ပျောက်ကွယ်ခဲ့ရသည်။
ထိုအချိန်က မာမီသည် တစ်ဦးတည်း ရုန်းကန်ကာ ကြိုးစားသလောက် ကျွန်တော်ကတော့ ဘာအလုပ်မှ လက်ကြောမတင်းဘဲ Computer တစ်လုံးနှင့်သာ အချိန်ကုန်နေတတ်သူမို့ မာမီက စိတ်တိုင်းမကျနိုင်ဘဲ အမြဲဆူလေ့ရှိသည်။
ကျောင်းဆင်းသည်နှင့် ပြည်လမ်းမရှိ K.M.D သို့ဝင်ကာ HP DeskJet 3744အမျိုးအစား Color Printerတစ်လုံးကို ဈေးချိုချို ဖြင့် ရွေးချယ်ဝယ်ယူလိုက်သည်။
ပစ္စည်းယူကာ ငွေချေပြီးသည်နှင့် နာရီကြည့်လိုက်တော့ ညနေ(၅)နာရီခွဲနေပြီမို့ အိမ်သို့သာ ဦးတည်မောင်းလာခဲ့သည်။
ရေချိုး၊ ထမင်းစားပြီးသည်နှင့် ည ၇ နာရီကျော်သို့ပင်ရောက်လာခဲ့ရသည်။
အခွေတစ်ခွေထိုးကာ အချိန်ဖြုန်းနေလိုက်ပြီး ည (၈)နာရီထိုးသည်နှင့် Computer ရှေ့ သို့ ကပျာကယာ လှမ်းလာခဲ့သည်။
G-Talk ကိုဝင်တော့ မျှော်နေသူကရောက်မလာသေး၊ (၁၅)မိနစ်ကျော်ကျော်လောက် စောင့်နေပြီးချိန်မှာတော့…..
“ဟော သူမလာပြီ”
Chat Room ထဲသို့ အလျင်အမြန်ဝင်ကာ Keyboard အား လက်ချောင်းလေးများဖြင့် အပြေးအလွှား ဆော့ကစားလိုက်သည်။
နောက်ကျလှချည်လား Jelly Girl”
“ အင်း ဆေးခန်းသွားနေရလို့ ဒီနေ့ရက်ချိန်းလုပ်ထားတာလေ”
“ Jelly Girl က အမြဲတမ်း ဆေးခန်းသွားနေရတယ်၊ သွားနေရတယ်နဲ့ ဘာရောဂါရှိလို့လဲ”
ကျွန်တော့်အမေးကို တော်တော်နှင့် အဖြေမပေးသဖြင့် ဆက်ကာ၊ ဆက်ကာစာရိုက်လိုက်သည်။
“ Hay RU there ?”
စာသားများစွာ ရိုက်ပြီးချိန်တွင်တော့ အဖြေစာသားလေးက အလိုလိုပေါ်လာ ပါတော့သည်။
Jelly Girl is Offline .
သူမက Chat room ထဲမှ နူတ်မဆက်ဘဲ ထွက်သွားပြန်ပြီ၊ သူမသည် ထူးတော့ အတော်ထူးဆန်သော မိန်းကလေးဖြစ်သည်။
သူမနှင့် Chatting ထိုင်တိုင်း စကားများစွာကို တခါတရံ မိုးလင်းသည်အထိ ကြာမြင့်စွာ ပြောတတ်သော်လည်း၊ သူမဖြေချင်သည့် မေးခွန်းမျိုး မေးမိသည့်အခါတိုင်းတွင် ယခုလိုပင် နှုတ်မဆက်ဘဲ Log Out လုပ်သွားတတ်ခြင်းပင်။
“ ဥပမာ- ဘာအလုပ်လုပ်သလဲ”
“ နေမကောင်းလျှင် ဘယ်ဆေးခန်းမှာပြသလဲ” ဟူသော မေးခွန်းမျိုးများနှင့် နီးနီးတူနေသည် အခါမျိုးတိုင်းတွင်ဖြစ်သည်။
ထိုအခါများတွင် ကျွန်တော့်မှာသာ ယောင်တောင်တောင်နှင့် ကျန်ခဲ့ရပြီး သူမအလွမ်းပြေ Web site လေးရှိ Poem ကဏ္ဍသို့သာ ၀င်ကြည့်ရသည်။
သူမသည် စကားပြော မကောင်းသော်လည်း အရေးအသားကောင်းသူဖြစ်ကြောင်း သူမ၏ကဗျာများ၊ ၀တ္ထုတိုများက သက်သေခံနေသည်။
နာမည်ကသာ Jelly စိတ်ဓာတ်ကတော့အမာစား…….
ကျွန်တော် ကိုယ်တိုင်ကလည်း online ခင်တွယ်သူ နာမည်ပေးရလောက်အောင်ပင် Internet Web Site ကြည့်ရသည်ကို လွန်စွာ ၀ါသနာကြီးလှသည်။ အတန်းတူ သူငယ်ချင်းများ လက်ဖက်ရည်ဆိုင်တွင် အာဖောင်နေသောအချိန်တွင် သူကတော့ Internet Cafe တစ်ခုခုတွင် (သို့) အိမ်ထဲတွင်သာ Coffee တစ်ခွက်နှင့် တစ်နေကုန် အချိန်ဖြုန်းရသည်ကို နှစ်သက်သူဖြစ်သည်။
Chat Room ထဲတွင် လူပေါင်းစုံနှင့် စကားပြောဖူးပါသည်။ သို့သော် ထိုအပေါက်ဆိုးသော ကောင်မလေးကိုမှ ဘာကြောင့်
စွဲစွဲမြဲမြဲခင်နေရမှန်း ကိုယ်တိုင် နားမလည်သေးပါ။ ညစဉ်Chat room ပေါင်းစုံဝင်လည်ခြင်း၊ Download လုပ်ခြင်းများအား (၉)နာရီတွင် အပြီးအသတ် ကျန်အချိန်များအား သူမတစ်ဦးတည်း မူပိုင်ပေးထားလိုက်သည်။ ရံဖန်ရံခါတွင် သူမဟောသော တရားဦးများကိုလည်း ကြားနာရသေးသည်။
“ Energy မနက်စောစောဘုရားရှိခိုး တတ်လား”
“ No No No မနက်ဆို ကိုယ်က အိပ်ရာထနောက်ကျတတ်တော့ နိုးတာနဲ့ ရေချိုးပြီး ကျောင်းတန်းပြေးရတာ
Break Fast တောင် Canteen မှာထားရတော့ ညကျမှပဲရှိခိုးးဖြစ်တော့တယ်။”
“ မင်းကရောဘုရားရှိခိုးလို့လား”
ကျွန်တော်ကလည်း သူမ. မခံချင်အောင် တွန်းပေးလိုက်တော့…….
“ အမယ်…..မနက်တစ်ခါ၊ ညတစ်ခါရှိခိုးတာပေါ့၊ ပုတီးလည်းစိပ်တယ် တရားကတော့ ထိုင်ချင်ပေမယ့် လွယ်တော့ အိပ်နေရင်းနဲ့ပဲ အာနာပါန ရှုမှတ်ရတယ်။”
“ မင်းကလည်း ကမ္မဌာန်းထိုင်တာများ လွယ်လွယ်လေး၊ ဘယ်ခြေထောက်ပေါ်၊ ညာခြေတင်၊ တင်ပျဉ်ခွေထိုင်၊ ဘယ်လက်က အောက်မှာ၊ ညာလက်က အပေါ်မှာထားပြီး လက်မချင်းထိ ၀င်လေ၊ ထွက်လေမှတ်ရုံပဲကွာ”
ကျွန်တော့် စကားအဆုံးမှာတော့ သူမက နှုတ်မဆက်ဘဲ ထွက်သွားပြန်ပါသည်။
ဘယ်လိုနားလည်ရမှန်းကို မသိသည့် မိန်ကလေးအတွက်၊ ဘာစကား မှားသွားသလဲဆိုသည့် အဖြေကို တညလုံး ထိုင်စဉ်းစားနေသော်လည်း ပေါ်မလာခဲ့ပါ။
သူမသည် ကျွန်တော့်ကို စိတ်တစ်ခါကောက်တိုင်း (၂) ရက် (၃)ရက်လောက် အကြာတွင် သူမဘာသာ Chat room ထဲသို့ ပြန်လည် ၀င်လာတတ်ပါသည်။
ထိုကာလ မတိုင်မီကတော့ E-Mail ပို့သည့် အချိန်များတွင် သူမOnline ပေါ်တွင်ရှိနေသည်ကို တွေ့ရသဖြင့် စကား လှမ်းပြောတတ်သည့် အခါများတွင် မည်သည့်အကြောင်းဖြင့်နှင့်မှ တုန့် ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူမကို သဘောကျသည့်အချက်မှာ ကျွန်တော့်လို နေ့စဉ် computer Screen နှင့် မခွာသူပင် အရှုံးပေးရလောက်အောင်ပင် သူမသည် Internet ကျွမ်းကျင်သူဖြစ်သည်။
“ ကိုယ့် G-mail က Error တက်နေတယ်၊ ဖွင့်မရလို့ ၊ မင်းဆီကိုတောင် Facebook ကနေ Message ပို့နေရတယ်”
ဟု သူမကို ညည်းမိသည့်အခါ သူမက ဆရာမကြီး Guide ဖြင့် ပြန်ပြောလေ့ရှိသည်။
“You က တော်တော်ပိန်းတာပဲ၊ Free Mail တွေက ဒီလိုပဲကွ၊ You က အလကားရတိုင်း အားမနာ၊ လျှာမကျိုး သုံးနေပြီးတော့ မရမှ ခိုလိုညည်းနေရလား”
သူမက ကျွန်တော်ကို အသားလွတ် ခွပ်နေပါလား။
“ ဒီလမ်းက မရရင်၊ ဟိုဖက်လမ်းက လှည့်ဝင်လေ။ လူငယ်ပဲ ဥစ္စာ လမ်းသစ်ဖောက်စမ်းပါ၊ လမ်းဟောင်းကြီးထဲမှာ ထိုင်ဆွေး မနေစမ်းပါနဲ့ ကဲကဲ၊ သနားလို့ ပြောပြမယ်၊ စာရွက်နဲ့ Ball Pen ယူထား၊ www. Bypass .ds4a .com ဆိုပြီး Subject Bar မှာ ရိုက်ထည့်လိုက်ပေတော့၊ free Mail site ပေါင်းစုံဖြစ်တဲ့ G-mail ရော၊ yahoo ရော mail မျိုးစုံပေါ်လာလိမ့်မယ်။
ကိုယ်လိုချင်တဲ့ Mail မှာ Click ထောက်လိုက်ရင် page ကျလာမယ်။ I.Dနဲ့ Password ရိုက်ထည့်ပြီးဖွင့်ပေတော့”
သူမ စကားများကို ဟုတ်မှဟုတ်ပါ့မလား ဟူသော ဇဝေဇ၀ါအတွေးဖြင့် တွေးနေမိသည်။
အမျိုးမျိုး ဖွင့်နေတာ Cannot be displayed ပဲ ပြနေတာ။
အင်းလေ၊ စမ်းသပ်ကြည့်တာမမှားပါဘူး၊
“ Hey ! ဖွင့်လို့ရလား Energy ”
ကျွန်တော် စမ်းသပ်ကြည့်နေစဉ်မှာပဲ G-Mail Inbox အလွယ်တကူ ပွင့်လာပါသည်။ အလဲ့၊ ရတယ်ဗျာ သူမပြောသော လမ်းကြောင်းအတိုင်း ၀င်ကြည့်တာ ဖြူးနေတာပဲ၊ မဆိုးဘူး၊ အခုလိုကျတော့လည်း ကောင်မလေးက တောာ်သွားပြန်ရော….
G-Talk ထဲမှာ မီးစိမ်းနေတာနဲ့ သူမကိုကျေးဇူးတင် စကားဆိုလိုက်သည်။
“ ရှဲ့ ရှဲ Jelly Girl ”
“အမလေး ၊ ကျေူးဇူးတင်ခံချင်လို့ မဟုတ်ပါဘူးနော်၊ User အချင်းအချင်း မျှဝေတဲ့သဘောပါ။ တခြားဘော်ဒါတွေကိုလည်း လက်ဆင့်ကမ်းလိုက်ဦး၊ ဒါပေမယ့် Jelly သာ လူတတ်ကြီးလုပ်ပြီး ပြောနေတာ၊ လူတိုင်း ဒီနည်းလမ်းကို သိနိုင်ပါတယ်။ ”
“ ဟုတ်ပါပြီဗျာ ၊ကိုယ်ကပိန်းလွန်းလို့ မသိတာနေမှာပါ စကားမစပ် မင်းကို ကိုယ်တစ်ခါလောက်တော့ တွေ့ဖူးချင်တယ်။”
“ ဘာကိစ္စ ”
“ သြော်၊ ကိုယ်တို့ ခင်လာတာလည်းကြာပြီ၊ နောက်ပြီး အခုဆို မင်းက ကိုယ်ရဲ့ ဆရာတစ်ပိုင်းလို ဖြစ်နေတော့ ကျေးဇူးတင်စကားပြောရင်း တစ်ခုခုသွားစားကြတာပေါ့ ”
G –Talk ထဲမှာ မီးအစိမ်းလေးက ဖျတ်ခနဲ ကွယ်ပျေက်သွားသည်။ သူမ Offline ဖြစ်သွားပြန်ပါပြီ။
တောက် ဘာဖြစ်လို့ ဒီလောက်တောင် အကဲပိုနေရသလဲ မသိဘူး၊ ဒီစော် က ဘာမို့လို့ လဲကွာ ????????
ဒီမေးခွန်းရဲ့ အဖြေဟာ မကြာခင်မှာ မျှော်လင့်ထားသလို မဟုတ်တဲ့အဖြစ်မျိုးနဲ့ ပေါ်လာတော့ မယ်ဆိုတာသာ ကျွန်တော် ကြိုတင်သိခဲ့မိရင်.....


“ အခန်း ( ၂ ) ”
မနက်စောစောတွင် လန်းဆန်းသွားအောင် စိတ်ကြိုက်စိမ်ကာ ရေချိုရင်း ရေချိုးခန်းထဲတွင် သူတစ်ယောက်တည်း သီချင်းပေါင်းစုံ အောင်ဟစ်နေသည်။ ဒီနေ့သူစိတ်တွင် ထူထူးခြားခြား လန်းဆန်းနေပြီး ရေချိုးခန်းထဲက ထွက်လာကာ အကျီင်္ အမြန်ဝတ်လိုက်သည်။
ပြီးနောက် ကားကိုမောင်းကာ လေဆိပ်သို့ ထွက်လာခဲ့သည်။
မာမီပြန်လာမည် ဆိုသောကြောင့် သူအူမြူးနေသည်။ မုန့်ဖိုးကုန်နေသည်က တစ်ကြောင်း၊ မာမီကို လွမ်းလှသည်က တစ်ကြောင်းကြောင့် ကတ်ဆက်ကို အသံကုန်ဖွင့်ကာ တစ်လမ်းလုံး စည်းချက်လိုက်ရင်း ကားမောင်းလာခဲ့သည်။
ထိုအချိန်မှာပဲ ကံဆိုးမှုတစ်ခု ကြုံတွေ့ရလေသည်။ လမ်းလယ် မျဉ်းဝါကြားနား အရောက်တွင် ကားလမ်း ဖြတ်ကူးသူများက များပြားသဖြင့် ရုတ်တရက် အရှိန်လျော့ကာ Break အုပ်လိုက်သည့်အခါ....
“ ဟယ် တိုက်မိတော့မှာပဲ ”
ပလက်ဖောင်းမှ ဆူညံသံများက သူဆီလွင့်ထွက်လာသည်။
လမ်းဖြတ်ကူးနေသော ချာတိတ်လေးတစ်ယောက်က တစ်ဖက်ကားလမ်းဆီသို့ ဖြတ်ခနဲအပြေး သူ့ကားရှေ့မှာ ဟန်ချက်ပျက်ကာ ချော်လဲမလို ဖြစ်သွားခြင်းကြောင့်ပင်။ ဒီအဖြစ်အပျက်က သူရဲ့အတိတ်ကို ပြန်လည် တူးဆွလိုက်သဖြင့် သူ့ရင်ထဲ နာကျဉ်လာရသည်။
“ တော်ပါသေးရဲ့ တိုက်မိသွားရင် ကလေးတော့ သေပြီပဲ မသေဘဲ ဒုက္ခိတဖြစ်သွားရင် ပိုဆိုးမယ်။”
ထိုအသံတွေက နားထဲမှာ ဆူဝေလာတာမို့ သူ အံတစ်ချက်ကြိတ်ကာ တောက်ခေါက်လိုက်သည်။
သူ့ကို ၀ိုင်းကြည့်နေကြသော မျက်လုံးအစုံတို့၏ ဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် လီင်္ဗာကို ဖိနင်းပစ်လိုက်သည်။
မိုးဖွဲဖွဲလေး ရွာလာသဖြင့် အေးချမ်းနေသော်လည်း သူခန္ဒာကိုယ်ထက်မှ ချွေးများ တစိမ့်စိမ့်ထွက်သည်။ ရှေ့နားနှင့် နောက်နားမှ ကားများကို တ၀ှီးဝှီိး ကျော်တက်ပစ်လိုက်သည်။
လေဆိပ်အ၀င်ပေါက်ဆီသို့ အရောက်တွင် ခံပြင်းစိတ် ရှက်စိတ်တို့ဖြင့် မြင်းကွင်းရှေသို့ ၀င်လာသော အရာကို မမြင်မိဘဲ ၀င်ဆောင့်မိလေသည်။
“ အင့်၊ အမေ့ ”
ပခုံးထက်မှာ လှလှပပ ကျနေသော ဆံပင်များကို တစ်ဝက်စုချည်းထားသည့် ကောင်မလေးဧ။်ဖြူဖွေးသွယ်လျသော လက်ချောင်းကလေးတွေက မျက်နှာလေးနှင့် လိုက်ဖက်အောင် အပြစ်ကင်းစင်လှသည်။
“ လူတစ်ယောက်လုံးကိုတောင်မမြင်ဘူးလားဟဲ့ ထော့ကျိုးရဲ့ ”
“ ဘာ ”
ဒေါသစိတ်ကြောင့် သူမမျက်နှာကို စူးစူးစိုက်စိုက် ကြည့်ပစ်လိုက်သည်။ ကြောက်စရာကောင်းလှတဲ့ ကဝေမအသွင်သို့ ရုတ်ခြည်း ပြောင်းလဲသွားသော သူမမျက်နှာကို ဖင်ထိုင်လျက် လဲကနေလျက်ကပင် မျက်စိရှေ့တွင် ကျနေသော သူမ၏ လက်ကိုင်ဖုန်းလေးဖြင့် ပစ်ပေါက်လိုက်မိသည်။
“ အား”
“ဟင် နင်နင် မိုက်ရိုင်းလှချည်လား ထော့ကျိုးရဲ့ နင်ကလည်း ၀င်တိုင်သေးတယ်။ ငါကိုလည်းစော်စော်ကားကား ”
ခဏလေးပါပဲ ထိုခဏလေးအတွင်းမှာပဲ သူရဲ့ စိတ်အစဉ်ဟာ ပျော့ပျောင်း နူးညံသွားခဲ့ရသည်။ သူမကို မထီမဲ့မြင် တစ်ချက် ပြုံးပြလိုက်သည်။
ဘာကြောင့်လဲဆိုတော့ ...
“ သားလေး မာမီ ဒီမှာ”
မာမီအသံလေးက တင်းမာခက်ထန်နေသော သူစိတ်ကို တသိမ့်သိမ့် နွေးထွေးမှုတွေ ပေးစွမ်းခဲ့ခြင်းကြောင့်ပင်။
သူရဲ့ ခြေတုလေးတစ်ဖက်ကို ညင်သာစွာ ပြန်ကောက်တပ်လိုက်ပြီး မာမီကိုအားယူကာ မတ်တပ်ထရပ်လိုက်သည်။
သူ့ ခြေတုလေးကိုညှာနင်းကာ လေဆိပ်ထဲမှ အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
ထိုမိန်ကလေးကိုတော့ တစ်ချက်လေးမှ လှည့်မကြည့်ဘဲ သူမ၏အဖြစ်အပျက်ကို သူအာရုံခံကြည့်လိုက်သည်။
“ ဖြစ်နိုင်သည်က”
သူမသည်ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ ဆူပွက်နေသော ဒေါသဖြင့် သူခြေရင်းမှာ ချိုင်းထောက်ကလေးကို အသည်းအသန် ကောက်ရှာမည်။ ပတ်ဝန်းကျင်က ၀ိုင်းကြည့်နေသဖြင့် ဂနာမငြိမ်စိတ်ဖြင့် တစုံတခု ကိုင်တွယ် သိမ်းဆည်းနေမည်။
သူရဲ့ခပ်စုတ်စုတ် Hand Phone လေးကို နှမြောတွန့်တိုစွာ ကိုင်တွယ် သိမ်းဆည်းနေသည်။
အင်မတန် အကျည်းတန်သော မြင်ကွင်းကို သူမတစ်သက်စာနှောင်တရစေချင်သည်။
“ ထော့ကျိုး ”
ဆိုသောစကား “ ဒုက္ခိတ” ဆိုသောအသံများကို သူမေ့ထားခဲ့သည်မှာ အချိန်အတော်ကြာပြီးကာမှာ ခြေတစ်ဖက်ဆာနေသော မိန်းကလေး၏ အပြောအဆိုကြောင့် သူနှလုံးသားထဲကို ခပ်နက်နက် စိုက်ဝင်သွားစေသည်။
လောကနိယာမတစ်ခုကို သူလက်ခံလိုက်ရသည်။ ထိုနေ့ညက ခါတိုင်းထက်ပို တိတ်ဆိတ်နေခဲ့သည်။
မာမီနှင့်အတူ ထမင်းစာရင်း
“ သားလေး လေဆိပ်မှာ လုပ်လိုက်တဲ့ သားအပြုအမှုက သားမှဟုတ်ရဲ့လား လို့တောင် မာမီထင်မိတယ်။ တကယ်ဆို မိန်းကလေး လည်းရှက်မှာပေါ့၊ သူလည်း သားလို ဝေဒနာခံစားနေရတဲ့ သူအချင်းချင်းပဲကွယ်၊ သားဒီလိုတော့ မျက်နှာလွှဲခဲပစ် မလုပ်သင့်ဘူး ”
ဘုရား ! မာမီက ဟိုစော်ဘက်က နာပေးနေသေးတယ်။ သူမျက်နှာကို ဖျတ်ခနဲမြင်ယောင်မိတော့ အလိုလိုခံစားချက်မဲ့ကာ မျက်နှာ သေသွားသည်။
“ ကဲပါ မာမီရာ မာမီလည်း ခရီးပန်းလာတာ နားလိုက်ပါတော့ သားလည်း သူငယ်ချင်းတွေနဲ့ Chatting ထိုင်လိုက်ဦးမယ် ”
တကယ်တော့ သူရင်ထဲမှာ တိတ်တဆိတ် ကြေကွဲနေသေးသည်။ ဖွင့်ထုတ်ပြောပြဖို့ သူအလျှင်အမြန်စဉ်းစားလိုက်တော့
“လေဆိပ်ဟုတ်လား ဒါဆို မင်းဒီနေ့ လေဆိပ်ရောက်ခဲ့တယ်ပေါ့၊ ဘယ်အချိန်လောက်ကလဲ၊ ဘာဖြစ်ခဲ့တာလဲ၊ ဘယ်သူနဲ့လဲ”
သူထိတ်လန့်တကြား သူမကို မေးခွန်းများ ထုတ်လိုက်မိသည်။
ကျွန်တော် ယောင်အအ ဖြစ်သွားချိန်မှာပဲ စာတန်းများက အဆက်မပြတ် Screen ပေါ်တွင် ထင်လာသည်။
“ ဟုတ်တယ် jelly နဲ့ ၀င်တိုက်မိတာ၊ ဒီလူကလည်း ရုပ်ကလေးသနားကမားနဲ့ မိုက်ရိုင်းတာလွန်ရော၊ Jelly hand Phone လေးတောင်သူကြောင့် ပျက်စီးသွားတယ်။ ဒါတောင် သူကတောင်းပန်စကားတစ်ခွန်းမှ မဆိုဘူးနော်၊ ”
သူတစ်ချက် မဲ့သွားသည်။
သွေးပျက်တုန်လှုပ်ဖွယ်အဖြစ်၊ နူတ်ခမ်းက တွန့်သွားပြီးမျက်လုံးက ချောက်ချားနေသည်။
“ I ကတော့လေ၊ အဲဒီလူလို ပုဂိုလ်မျိုးနဲ့ ဒီဘ၀တင်မဟုတ်ဘူး၊ နောင်ဆယ်ဘ၀ ဝေးရပါစေလို့ ဆုတောင်းတယ်။ အလကားအကြင်နာတရားမရှိတဲ့သူ ”
" You have blocked Jelly Girl. You can no longer see each other online or chat together until you unblock them."
ပြတင်းတံခါးဆီက လေတစ်ချက်အဝှေ့မှာတော့ ညမွေးပန်းရနံ့လေးက သင်းကြိုင်လာသည်။ လင်းလက်နေသော လမင်းကြီးကို မော့ကြည့်လိုက်ရင်းကလေးငယ်တစ်ယောက်လို ပါးစပ်ကို လက်ဖြင့်အုပ်ကာ အသံထွက်တိုင်တည်ရင်း ဆုတောင်းလိုက်မိသည်။
“ဘ၀မှာ ကျွန်တော့်ကို နားလည်မှုများစွာနဲ့ အကြင်နာပေးနိုင်သူ၊ ဘ၀တူချင်းစာနာ စိတ်ရှိတဲ့ မိန်ကလေးတစ်ယောက်နဲ့သာ အိပ်မက်ချင်းထပ်တူကျပြီးဆုံနိုင်ခွင့် ပေးသနားတော်မူပါ ဖိုးရွှေလမင်းရေ-----အာဝါး---၀ါး------၀ါးးးးးးးးးးးးးးးးး”

ဆုကဗျာ
၂၀၁၁ ခုနှစ် ၊ ဧပြီ ၁ ၊

1 comments:

Aung said...

Ma Ma Su, so happy lar

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009