ငယ်ရွယ်၊ ထက်မြက်သော အယ်ဒီတာချုပ်(သို့) The Chic မဂ္ဂဇင်း၏ ပဲ့ကိုင်ရှင် ဒေါက်တာနုမြတ်

စွယ်စုံမီဒီယာ Group ဆိုသော ခေါင်းစဉ်အောက်မှာ ကျန်းမာရေး၊ ပညာပေးသုတ၊ ရသများစွာဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များကို ထုတ်ဝေ ဖြန့်ချိပေးနေသည့် ဆရာ ဒေါက်တာ တင်ထွန်းဦးနှင့် ဆရာမဒေါက်တာ ဒေါ်ခင်မိုးမိုးတို့၏ မီဒီယာလုပ်ငန်းများကို မိသားစုဝင် တစ်ဦးအနေဖြင့် ပါဝင် ကူညီ ဆောင်ရွက်ပေးနေသော ဆရာမ ဒေါက်တာ နုမြတ်သိင်္ဂီဦးနှင့် လျှပ်တစ်ပြက် မေးခွန်း(၈)ခု မေးမြန်းဖြစ်ခဲ့ပါသည်။

လတ်တလော လူငယ်စာဖတ် ပရိသတ်များ အကြိုက်တွေ့စရာ 'The Chic' မဂ္ဂဇင်းကိုလည်း အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ လာခဲ့ရသည့် ဒေါက်တာ နုမြတ်သိင်္ဂီဦး၏ ကြိုးပမ်း တင်ဆက်ခဲ့သော နည်းလမ်းများကို စာဖတ်ပရိသတ်များ သိရှိနိုင်စေရန် အတွက်
Su ။ မေးခွန်းတွေရဲ့ ပွဲဦးထွက်အနေနဲ့ The Chic ဆိုတဲ့နာမည်ကို မဂ္ဂဇင်းတစ်အုပ် အထိဖြစ်လာဖို့ စတင်ရွေး ချယ်ခဲ့တာ ကနေစပြီး ပြောပေး ပါနော်။
Nu ။ လူငယ်တွေအကြိုက် ခပ်သွက်သွက် Quailty မဂ္ဂဇင်းတစ်အုပ် ထုတ်မယ်လို့ ရည်ရွယ်ပြီးကတည်းက မဂ္ဂဇင်းနာမည်ကို အားလုံး ဝိုင်းစဉ်းစားခဲ့ကြတယ်။ အဓိပ္ပာယ်လည်း ပြည့်ဝရမယ်။ ခေတ်လည်းဆန်ရမယ်။ နားလည်း စွဲလွယ်ရမယ်ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့ နာမည်အမျိုးမျိုး ဝိုင်းစဉ်းစားကြပြီး နောက်ဆုံးမှာ Chic ဆိုတဲ့ စာလုံးအဓိပ္ပာယ်ကို ကြိုက်လို့ The Chic ဆိုပြီး နာမည်ပေးဖြစ်သွားတာပါ။ Chic ကို ရှီးခ်လို့ အသံထွက်ရပေမယ့် အများစုကတော့ ချစ်ခ်(Chick) လို့ပဲ အလွယ်ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကတော့ ခေတ် ဆန်ကျော့မော့ခြင်း၊ သားနားခံ့ညားခြင်း၊ စတိုင်ရှိခြင်း လို့အဓိပ္ပာယ်ရပါတယ်။ ခေတ်မီပြီး စတိုင်ကျတဲ့ဘဝရရှိ စေဖို့ ရည်ရွယ်ပြီး The Chic မဂ္ဂဇင်းကို စီစဉ်ထုတ်ဝေ ခဲ့တာ ဖြစ်ပါတယ်။
Su ။ ။ Fashion Health & Beauty,Life Style, Celebrities နဲ့ Entertainment တွေဟာ Quality မဂ္ဂဇင်းကြီးတိုင်းမှာ မပါမဖြစ် ကဏ္ဍကြီးတွေလို ဖြစ်နေပါပြီ။ ဒါပေမဲ့ The Chic မှာ ထူးခြားချက်တစ်ခု တွေ့ထားပါတယ်။ အဲဒါက Movie's Errors စာမျက်နှာပါ။ အဲဒီစာမျက်နှာကို ဘယ်လို စိတ်ကူးနဲ့ မွေးဖွားခဲ့တာပါလဲ။
Nu ။ ဟုတ်တယ်။ အဲ့ဒီကဏ္ဍကို စာဖတ်ပရိသတ်တွေ အကြိုက်တွေ့ နေကြတယ်။ အဓိကကတော့ စာဖတ်သူတွေ အပန်းပြေဖို့၊ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး ထည့်ဖြစ်ခဲ့တာပါ။ နိုင်ငံတကာက နာမည်ကြီး ဇာတ်ကားတွေမှာလည်း ဒီလိုအလွဲမျိုးလေးတွေ ရှိနေပါလား။ ဒီလိုမှားတတ်ပါလားဆိုတာကို သိရအောင်ပါ။ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ဝေဝေလှိုင်ရဲ့ စိတ်ကူးပါ။ နှစ်သက်စိတ်ဝင်စားကြတယ်ဆိုလို့ ဝမ်းသာပါတယ်။
Su ။ Quality Magazine ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာအုပ်သား ကောင်းကောင်းနဲ့ ရပ်တည်နိုင်ဖို့အပြင်၊ စာဖတ်ပရိသတ် လက်ခံနိုင်မယ့် အကြောင်းအရာတွေကို ဘယ်လို Idea နဲ့ စီစဉ်ခဲ့တာပါလဲ။
Nu ။ Quality မဂ္ဂဇင်းစစ်စစ်ဖြစ်ဖို့ အတွက် စာအုပ်ဒီဇိုင်းပိုင်း၊ စာအုပ်သားပိုင်းရော ပါဝင်တဲ့ အကြောင်းအရာပိုင်းတွေကိုပါ သေချာကြိုးစားပြီး အားစိုက်ထားပါတယ်။ တစ်အုပ်လုံးကို ရောင်စုံကြွေစက္ကူနဲ့ ရိုက်ထားပြီး ဒီဇိုင်းအရောင်အသွေး၊ ပုံရွေးချယ်မှု၊ Presentation ကအစ လုံးဝ ဆန်းသစ် နေအောင် စီစဉ်ထားပါတယ်။ အထဲမှာပါဝင်တဲ့ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ၊ ကဏ္ဍတွေကို မဂ္ဂဇင်းထုတ်ဖို့ စစီစဉ်ကတည်းက သေချာစဉ်းစား ရွေးချယ်ခဲ့ကြပါတယ်။ နိုင်ငံတကာမဂ္ဂဇင်းတွေ၊ ပြည်တွင်း Quality မဂ္ဂဇင်းတွေကို ဖတ်ကြည့်၊ လေ့လာကြည့်ကာ စာဖတ်ပရိသတ်တွေ ဘယ်လို အကြောင်းအရာတွေကို စိတ်ဝင်စားနေကြသလဲ။ စိတ်ဝင်စားနိုင်မလဲ။ ဘယ်လို အကြောင်းအရာတွေက စာဖတ်ပရိသတ်တွေ အတွက် အကျိုးရှိစေနိုင်မလဲ။ အသုံးဝင်နိုင်မလဲ။ ဘယ်လို Presentation အသစ်နဲ့ချပြရမလဲ စသဖြင့် လေ့လာဆန်းစစ်ပြီးမှ အကောင်းဆုံး ဖြစ်အောင် စီစဉ်ခဲ့ကြတာပါ။
မဂ္ဂဇင်းကို ခုခေတ်မှာ လူတွေစိတ်ဝင်စားနေကြတဲ့ အကြောင်းအရာတွေ ဖြစ်တဲ့ Fashion (ဖက်ရှင်)၊ Health and Beauty (ကျန်းမာရေးနဲ့အလှအပ)၊ Life Style (လူနေမှုပုံစံ)၊ Celebrities (ထင်ပေါ်ကျော်ကြားသူများ)နဲ့ Entertainment (ဖျော်ဖြေရေး) ဆိုပြီး ခေါင်းစဉ်ကြီးငါးခုခွဲကာ သေသေသပ်သပ် နဲ့ဖော်ပြထားပါတယ်။ Fashion ဆိုရင်လည်း ခေတ်စားနေတဲ့ Fashion Trend တွေ၊ Fashion Shopping Guide၊ အမျိုးသား Fashion ပါမကျန် ဖော်ပြထားပါတယ်။ Health and Beauty အပိုင်းမှာဆိုရင်လည်း ကျန်းမာရေးနဲ့ အလှအပဆောင်းပါး တွေကို ဗဟုသုတရစေဖို့ ပေါ့ပေါ့ပါးပါး တင်ဆက်ထားပါတယ်။ Fitness အတွက် ကကွက်တွေ၊ အာခီဒို ကစားနည်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။
Lifestyle အပိုင်းမှာ အချစ်ရေး၊ အိမ်ထောင်ရေး၊ ပညာ ရေး၊ အလုပ်အကိုင်၊ အောင်မြင်ရေး၊ လူမှုရေး၊ ပရဟိတ၊ စိတ်ခွန်အားဖြည့်ရေး စသဖြင့် စုံစေ့နေအောင် စီစဉ်ပေးထားပါတယ်။ Relaxing Time! ဆိုတဲ့ ကဏ္ဍမှာလည်း အနုပညာရှင်တွေရဲ့ အပန်းဖြေနည်းတွေကို တစ်လနဲ့တစ်လ မရိုး အောင် တင်ဆက်ပေးထားပါတယ်။ Celebrities အပိုင်းမှာတော့ ပြည်တွင်းပြည်ပ အနုပညာရှင်တွေအကြောင်း အင်တာဗျူးတွေကို တဝကြီးဖော်ပြပေးထားပါတယ်။ I Love My Hometown၊ My View On Opposite Sex၊ Celebrities' Hobbies၊ Celebrities' Crazy၊ First and Best စသဖြင့် ခေါင်းစဉ်လေးတွေခွဲကာ စိတ်ဝင်စားဖို့ကောင်းအောင် စီစဉ်ထားပါတယ်။
နောက်ဆုံးအပိုင်းဖြစ်တဲ့ Entertainment အပိုင်းမှာ လည်း စာအုပ်၊ သီချင်း၊ ရုပ်ရှင်အညွှန်းတွေကိုဖော်ပြထားတဲ့ To Do List၊ လက်ဆောင်ပေးဖို့အတွက် အကြံပြုထားတဲ့ Gift Guide၊ ဗေဒင်၊ Inbox၊ Movie's Errors၊ Heart's Window ဆိုပြီး ကဏ္ဍတွေ ထပ်မံခွဲကာ ဖော်ပြပေးထားပါတယ်။ စာအုပ်တစ်အုပ်လုံးကိုပရိသတ် လက်ခံအောင်အားထုတ်ထားပါတယ်။ အဓိကကတော့စာဖတ်သူတွေအတွက် ပြီးပြည့်စုံတဲ့မဂ္ဂဇင်းဖြစ်စေလိုတဲ့ Idea နဲ့ စီစဉ်ခဲ့တာပါ။
Su ။ The Chic ရဲ့ ပထမ ဆုံးစာအုပ်မှာ စာမျက်နှာ(၁၆ဝ)နဲ့ စတင်ထုတ်ဝေခဲ့ပြီး၊ ဒုတိယမြောက် စာအုပ်မှာတော့ (၁၇၆)မျက်နှာအထိ တိုးပွားလာတာကို မြင်တွေ့ရတော့ မဂ္ဂဇင်းတစ်အုပ် အနေနဲ့ လစဉ်တိုင်း စာမျက်နှာ တိုးတိုးသွားရဖို့ ရည်ရွယ်ထားတာပါလား။ ဘာကြောင့်ပါလဲ။
Nu ။ လစဉ်စာမျက်နှာ တိုးသွားဖို့တော့မရည် ရွယ်ပါဘူး။ မဂ္ဂဇင်းကို စာမျက်နှာ (၁၆ဝ)နဲ့(၁၈ဝ)ကြား ထုတ်မယ်လို့သာ ရည်ရွယ်ထားတာပါ။ ဘာကြောင့်လဲ ဆိုတော့စာအုပ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ကိုင်ဖတ်ရလွယ် ကူတဲ့ Size ဖြစ်စေချင်လို့ပါ။ စာမျက်နှာဖောင်းပွနေမှာ ကိုလည်း မလိုလားပါဘူး။ စာမျက်နှာတိုင်းကို စာဖတ် သူတွေအတွက် ဗဟုသုတရရင်ရ မရရင် ဖျော်ဖြေမှုရစေဖို့ အသေးစိတ်ကအစ စနစ်တကျ ကြိုးစားထားပါတယ်။
Su ။ ပရိသတ်လက်ခံတဲ့ မဂ္ဂဇင်းတစ်အုပ် အဖြစ် ကို ဒုတိယအကြိမ်နဲ့တင် ရရှိသွားတဲ့အပေါ်မှာ အယ်ဒီတာချုပ် တစ်ယောက်အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
Nu ။ ပရိသတ်လက်ခံတဲ့ မဂ္ဂဇင်းလို့ သတ်မှတ်လိုက်တဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ အဓိကကတော့ ပရိသတ်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသွားလို့လို့ ထင်ပါတယ်။ အယ်ဒီတာအဖွဲ့၊ ဒီဇိုင်နာအဖွဲ့၊ Marketing အဖွဲ့၊ Production အဖွဲ့နဲ့ ပံ့ပိုးကူညီသူတွေ အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြလို့လည်း ဒီလိုအခြေအနေ ရောက်လာတာပါ။ ကိုယ်တွေချပြတဲ့ Idea တွေ၊ Presentation တွေကို လက်ခံလို့ ဝမ်းသာပါတယ်။ အခုဆိုရင် စာဖတ်ပရိသတ်တွေ နှစ်သက်ကြကြောင်း၊ ဈေးကွက်ထဲ နေရာရလာပြီ ဖြစ်ကြောင်း ပြန်ကြားရလို့ကျွန်မတို့ The Chic အဖွဲ့သားတွေ အကုန်ဝမ်းသာ ပီတိဖြစ်ကြရပါတယ်။ အောင်မြင်အောင် ဆက်လက်ပြီး ကြိုးစားနေပါတယ်။ ဆက်လက်ပြီး အားပေးကြပါဦးလို့လည်း ပြောချင်ပါတယ်။ မဖတ်ရသေးသူတွေလည်း မြည်းစမ်းပြီး ဖတ်ကြည့်စေချင်ပါတယ်။
Su ။ နောက်ထပ်ဆန်းသစ်၊ ပါဝင်လာဦးမယ့် အစီအစဉ်တွေရှိခဲ့ရင် လည်းပြောပေးပါနော်။
Nu ။ The Chic မဂ္ဂဇင်းကို တစ်လထက် တစ်လပိုပြီး ကောင်းအောင် ကြိုးစားနေပါတယ်။ ဇန်နဝါရီလကစပြီး ဆရာအတ္တကျော်ရဲ့ ဘဝအမောပြေဖို့ အဖြေရှာစို့ကဏ္ဍနဲ့ ရသပိုင်းအနေနဲ့ ဝတ္ထုတိုလေးတွေ ဖော်ပြပေးမှာပါ။ ဒါ့အပြင် မချပြရသေးတဲ့ အစီအစဉ်တွေလည်း အများကြီးရှိပါသေးတယ်။ နောက်တဖြည်းဖြည်းနဲ့ ချပြမှာပါ။ စောင့်ကြည့်ပေးကြပါနော်။
Su ။ ဒါက Personal မေးခွန်းပါ။ ဆရာဝန်ဘွဲ့ရပြီးသူတစ်ယောက် ဖြစ်ပါလျက်နဲ့ စာပေလုပ်ငန်းကို မိသားစုနဲ့အတူ လုပ်ကိုင်နေတာဟာ သင်ကြားခဲ့တဲ့ ဆေးပညာတွေအတွက် နှမြောစရာ ကောင်းတယ်လို့ ဒေါက်တာနုမြတ် မထင်မိဘူးလား။
Nu ။ ဟုတ်ကဲ့။ အဲလိုတော့ လာလာမေးကြပါတယ်ရှင့်။ ဒါပေမဲ့ ဆေးပညာဘွဲ့ ရပြီးသူတိုင်းလည်း ဆေးကုကြတာတော့ မဟုတ်ပါဘူး။ ကိုယ်သင်ထားတဲ့ ဆေးပညာနဲ့ဆက်စပ်ပြီး NGO အပိုင်း၊ Research အပိုင်း၊ Teaching အပိုင်းစသဖြင့် အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ အများကြီးပါပဲ။ အဲလိုပဲ နုမြတ်တို့ မိသားစုအနေနဲ့ ဆရာဝန်တွေဖြစ်ပြီး ဆေးမကုပေမယ့် ကိုယ်တတ်ထားတဲ့ ဆေးပညာကို ကိုယ်ဝါသနာပါတဲ့ စာပေနဲ့ဆက်စပ်ပြီး ပညာတွေ ဖြန့်ဝေပေးနေတာကြောင့် နှမြောစရာကောင်းတယ် လို့တော့ မထင်ပါဘူး။ နုမြတ်တို့ရဲ့ စွယ်စုံမီဒီယာ ကနေ အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်း၊ Good Health ကျန်းမာရေးနဲ့အလှအပ ဂျာနယ်ထုတ်ဝေပြီး ပြည်သူအားလုံးကို ကိုယ်သိထားတဲ့ ကျန်းမာရေးဗဟုသုတ၊ ကျန်းမာရေး အသိတွေ ဖြန့်ဝေပေးရလို့ ပီတိတောင်ဖြစ်ရပါတယ်။ နောက်ပြီး ကိုယ်ဝါသနာ ပါတာလည်း လုပ်ရတယ်။ မိသားစုလုပ်ငန်း ဖြစ်လို့ မိဘကိုကူညီရာလည်း ရောက်တာကြောင့် ဒီလုပ်ငန်းလုပ်ရတာကို ဝမ်းသာဂုဏ်ယူမိပါတယ်။
Su ။ ဒေါက်တာနုမြတ်ရဲ့ ''ဂျင်ဆင်းမြေရောက် ကင်မ်ချီနေ့ရက်များ'' ခရီးသွားဆောင်းပါးစာအုပ် ထွက်ပြီး နောက်ထပ်စာအုပ်တွေ ထပ်ထွက်ဖို့ရှိပါသလား။
Nu ။ ဟုတ်ကဲ့ရှိပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ ကျန်းမာရေးဆောင်းပါးတချို့ကို စာအုပ်အဖြစ် ထုတ်ဖို့ရှိပါတယ်။ ဥရောပ ခရီးသွား ဆောင်းပါးရှည်ကြီးကိုလည်း ရေးသားနေပါတယ်။ စာအုပ်အဖြစ် ထုတ်ဝေဖို့လည်း ရည်ရွယ်ထားပါတယ်။ ကျွန်မရေးတဲ့ ခရီးသွားဆောင်းပါးတွေကို စောင့်ဖတ်နေကြတဲ့ ပရိသတ်ကြီးကိုလည်း တစ်လက်စတည်း တောင်းပန်ချင်ပါတယ်။ The Chic မဂ္ဂဇင်းအတွက် နေ့ရောညပါ စိတ်နှစ်ပြီး အားစိုက်လုပ်နေရလို့ ခရီးသွားဆောင်းပါးဘက် မလှည့်ဖြစ်သေးတာပါလို့။ ဒါပေမဲ့ နောက်နှစ်အတွင်းမှာ ထွက်ဖြစ်အောင် ကြိုးစားနေပါတယ်။ သည်းခံပြီး စောင့်ဖတ်ပေးကြပါနော်။ ကျွန်မအားစိုက်ထားတဲ့ The Chic မဂ္ဂဇင်းကိုလည်း အားပေးကြပါလို့လည်း ပြောချင်ပါတယ်။ ဒီအင်တာဗျူးကို စီစဉ်ပေးတဲ့ သူငယ်ချင်းဆုကဗျာ၊ ဖော်ပြပေးတဲ့ လျှပ်တစ်ပြက်ဂျာနယ်နဲ့ စာဖတ်ပရိသတ်ကြီးများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။
ဆုကဗျာမှတ်တမ်းတင်သည်။

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009