မင်းသမီးကြီးဒေါ်မြင့်မြင့်ခင်နှင့် ကိုယ်တိုင်ပြောအတ္ထုပတ္တိ (၁၅)

''မာမီကထူးဆန်းတယ်။ ဆရာဝန်မဖြစ်ချင်ဘူး။ Nurse ပဲဖြစ်ချင်တာ။ ဆရာဝန်က ဆေးစာပဲ ရေးပြီးတော့ သင်ပေး သွားခဲ့တာ။ တကယ့်အနီးကပ် ပြုစုရတာက Nurse လေ။ ဒယ်ဒီက မာမီကို အရမ်းအံ့သြတယ်။ ဆရာဝန် မမှန်းဘူးလားတဲ့။ ဟင်အင်း မမှန်းဘူးလို့ Nurse ပဲဖြစ်ချင်တယ်လို့ ဆရာဝန်က စာရွက်ပေါ်မှာ ဆေးစာရေးပေးပြီး ထွက်သွားရော။ ကျန်တဲ့အပိုင်းက Nurse က ကူလုပ်ရတာလေ။ အဲဒီတော့ Nurse မပဲ လုပ်ချင်တယ်လို့ ရုပ်ရှင်ထဲမှာကျတော့ Nurse မ လည်းလုပ်ဖူးတယ်၊ ဆရာဝန်လည်း လုပ်ဖူးတယ်။ ဖြစ်ချင်တာတွေ အကုန်လုပ်လိုက်ရတာပေါ့။
Nurse မကတော့ (၁၃)နှစ်၊ (၁၄)နှစ်သမီး ထဲက ဝါသနာပါတာ။ မာမီရှာပေးမယ်သိလား၊ အဲဒီ Nurse မဝတ်စုံလေးနဲ့၊ Nurse မလေး မလုပ်ရမှာစိုးလို့ အသက်ကိုကြီးပြီးလျှောက်လွှာတင်ရတယ်။ မခင်ကြည်ဆိုတာနှစ်ယောက်ရှိတော့ မာမီကမခင်ကြည်(၂)ဆိုပြီး အဲဒီတုန်းက ရပ်ကွက်တွေ၊ ရပ်ကွက်တွေထဲမှာ တဲလေးထိုးပြီးတော့စေတနာ့ဝန်ထမ်းပေါ့။ ကျန်းမာရေးမကောင်းတဲ့လူတွေကို သွားသွားပြီးတော့အကူပေါ့။ သင်တန်းတွေတော့ မာမီတို့တက်ဖူးတာပေါ့။ အရင်တုန်းကဆိုသမီးရယ် နားရောဂါသိပ်ဖြစ် တာပဲ။ နားထဲမှာပြည်ယိုတာတို့ ဘာတို့၊ အဲဒါ မာမီတို့မှာ နားပဲဆေးနေရတာ။ နားကိုပိုက်ကလေးနဲ့ခွက်နဲခံထားပြီး လုပ်ပေးရတယ်။ နားပြည်ယိုတဲ့ရောဂါပေါ့။ အဲဒီဟာကို တော်တော်များများ မာမီလုပ်ခဲ့ဖူးတယ်။ ကိုယ်က ဝါသနာပါလို့သာ မရွံ့တတ်တာ။ တစ်ယောက်က အောက်ကကိုင်ထားပေါ့။ တစ်ယောက်ကရေနွေးနဲ့ဆေး၊ ဂွမ်းတွေဘာတွေနဲ့သုတ် ဆေးစက်ကလေးတွေဘာတွေချပေးလိုက်ပေါ့။ တော်တော်များများ တော်တော်ကိုလာကြတယ်။ အခုတော့ ကိုယ်လည်း အသက်ကြီးတော့ ဖြစ်ကြလား၊ မဖြစ်ကြလားတော့ မသိတော့ဘူး။ အရမ်းလည်း တိုးတက်နေပြီ၊ ဆေးစက်ချတာနဲ့ ပျောက်ချင်လည်းပျောက်မှာပေါ့နော်။
မင်းသမီးကြီး၏ သူနာပြုဝါသနာအငုံ့စိတ်မှာ ကျောင်းနေစဉ် ကာလကတည်းက ဖြစ်ပေါ်နေသော ရည်မှန်းချက်ဖြစ်ပြီး၊ သူမ၏ပင်ကိုယ်စိတ်မှာ အမြဲတမ်းလည်း မမာကျောသလို၊ အမြဲတမ်းလည်း မပျော့ပျောင်း နိုင်သည်ကို ခန့်မှန်းသိရှိရသည်။
''ကျောင်းသူတုန်းက သူနာပြုအတွေ့အကြုံလား။
ဟုတ်တယ် ကျောင်းလည်းတတ်တယ်။ သင်တန်းလည်း တတ်တယ်။ အားတဲ့အချိန်ပေါ့။ အခုထိုင်စဉ်းစားမိတယ်။ မာမီအလုပ်နဲ့လက်နဲ့ပြတ်သွားတော့ ငါအသုံးမကျတဲ့လူပိုများဖြစ်နေပြီလားလို့။ ဒါပေမဲ့တရားလုပ်တယ်။ ဟိုတုန်းက အချိန်မရတော့မလုပ်နိုင်ဘူး။ အခုတောင်မှ သမီးဆုကဗျာလာမယ် ဆိုမှရေချိုးတယ်။ မလာဘူးဆို ရေမချိုးတော့ဘူးဆိုပြီး ထိုင်နေချင်နေလိုက်တာ ဟား ...ဟား (ရယ်မောရင်း)''
အနုပညာလုပ်ငန်း၊ သူနာပြုလုပ်ငန်းများကို ဝါသနာကြီးသူ မင်းသမီးကြီးအတွက် ပြင်ပစီးပွားရေး လုပ်ငန်း များမှာလည်း စွန့်စားလုပ်ကိုင်လိုစိတ် ပြင်းပြနေသူဆိုတာ
''အရင်တုန်းက နာမည်ကြီးထီဆိုင်မှာ ရှယ်ယာတွေဝင်ခဲ့သေးတယ်လေ။ ဒါပေမဲ့မာမီတို့ခေတ်ကျတော့ အတိုးက မ,ကောင်းတော့ဘူး။ မာမီက အဲဒီတုန်းကဘာမှသိတာမဟုတ်ဘူး။ မသိဘဲနဲ့ ပွဲတွေဘာတွေလုပ်တယ်။ ပထမဦးဆုံး အင်းယားလိပ်မှာလုပ်တာ၊ ထီလာစစ်သူရဲ့သားလေ သူတို့လည်း ရှယ်ယာတွေပါတယ်။ ဖိတ်တော့သွားကြတာပေါ့။ နောက်ပိတ်ဆုံးကျတော့ အန်တီရယ် ဒီလိုပဲပွဲတွေဘာတွေ ရှိတယ်တဲ့၊ လာပြီးတော့ ဆုပေးတာတို့ ဘာတို့လုပ်ပေးပါတဲ့။ ကိုယ်လည်း နားမလည်ဘူး။ ပန်းကုံးတွေလည်း ပေးတယ်။ ဘာညာနဲ့ ပိုက်ဆံတွေလည်း ချီးမြှင့်ကြဆိုတော့ ထူးဆန်းလှ ချည်လားလို့ပေါ့။ နောက်တော့ တစ်လတစ်ခါလောက် သူတို့အားရင် အားသလို ကားလွှတ်ပေးတယ်လေ။ ညဘက်ကျရင် ထီရောင်း ကျတာပေါ့။ မင်းသမီး၊ မင်းသားတွေ ရောင်းရင် ပိုဝယ်တယ်လေ။ အဲလိုအရောင်းကျတော့ နောက်ပိုင်းမေး ကြည့်တော့ ရှယ်ယာတွေပါတာ ရှိတာပေါ့။ ဒါပေမဲ့ မာမီတို့ အချိန်ကျတော့ အတိုး မကောင်းတော့ဘူးပေါ့ သမီးရယ်။ ရှယ်ယာ ဝင်လိုက်သေးတယ်လေ''
ခင်ပွန်းသည် ဦးခင်မောင်ညွန့်မှာ ဥပဒေ အကျိုးဆောင် လုပ်ငန်းကို ဆောင်ရွက်နေသူ ဖြစ်သလို၊ ဇနီးဖြစ်သူ အပေါ်မှာလည်း သင့်တော်ရာ အကြံဥာဏ်များကို ပေးစွမ်းနိုင်သူ တစ်ဦးဖြစ်ကြောင်း၊ ယခင်အပတ်များတွင် ဖော်ပြခဲ့ပြီးသော ''ကောလိပ်ဂျင်'' ဇာတ်ကားကြီးအား လမ်းသစ်ဖောက်ထွက်နိုင်သူ အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပေသည်။ မင်းသမီးကြီး၏ စီးပွားရေး အကြံဥာဏ်ကောင်းများ အတွက်၊ အခြားသော စီးပွားရေး လုပ်ငန်းများမှာလည်း အစုရှယ်ယာများ ထည့်သွင်းခဲ့ဖူးသဖြင့် အကောင်းအဆိုး ဒွန်တွဲရရှိခဲ့ဖူးကြောင်း သိရသည်။ အတွက်အချက်ကောင်းသည့် မင်းသမီးကြီး၏ ဦးနှောက်မှာ အနားမပေးဘဲ၊ အချိန်နှင့်အမျှ စေခိုင်းခြင်းကို ခံနေရခြင်းကြောင့် ဖြစ်နိုင်သလို၊ မင်းသမီးကြီး၏ ဘုန်းကံ မြင့်မားနေခြင်းကြောင့်ပင် ဖြစ်မည်ဟု သုံးသပ်မိသည်။
''မာမီက စိတ်တွက်ကောင်းတယ်လေ။ အခု တစ်ခုခုတွက်ရင် စိတ်တွက်နဲ့တွက်တယ်။ အဲသမီးတို့ခေတ်တုန်း ကဆိုရင်ခဲတံတောင်းတယ်။ အခုခဲတံနဲ့ခေတ်မဟုတ်တော့ခုဘာလဲ Calculator နဲ့တွက်တယ်။ မာမီ အဲဒါနဲ့ မတွက် တတ်ဘူး။ ခေါင်းနဲ့တွက်တာ။ အိမ်မှာဆိုရင် သမီးရေ၊ ခဲတံနဲ့ စာရွက်ကလေး ရှာပေးပါဦးဆိုတာရှားတယ်။ နေ့စဉ်ဈေး ဝယ်တာတို့၊ နောက်မာမီရဲ့ထွက်ငွေ၊ ဝင်ငွေဘာညာ အကုန်ချတွက်တာ။ အဲဒီလို ခေါင်း ထဲမှာမှတ်ထားတာကို အားလုံးကအံ့သြတယ်။ ခုထက်ထိတော့ မှတ်ဥာဏ် ကောင်းနေတုန်းပဲ။ နောက်ဘယ်လောက်ကြာကြာခံမလဲတော့ မသိဘူး။ မာမီ စိတ်ထဲမှာလဲ ရုပ်ရှင်ရိုက်လို့ပေါ့။ ဒိုင်ယာလော့များ ကျက်လို့မရတော့ဘူးဆိုရင် ပေါ့ကွယ်။ လုံးဝမလုပ်တော့ဘူး စဉ်းစားထားတယ်လေ။ သူများတွေက ကိုယ့်အတွက်နဲ့ အနှောင့်အယှက်တွေ ဖြစ်လာမှာလည်းဆိုးတယ်။ ဟာ ဒီအဖွားကြီး စကားကလည်း မရသေးဘူး။ ခဏခဏမှားတယ်။ ငယ်ငယ်တုန်းက ကိုယ်ကသူများတွေကို ပြောခဲ့တယ်လေ။ အခု ဝဋ်လည်မှာ ကြောက်တယ်။ ကိုယ့်အလှည့်သူ့အလှည့် ဆိုတာရှိတယ်။ မှားနေတဲ့စကားကြီးကို သိသိကြီးနဲ့ ဒါကြီးပဲထပ်ပြောတဲ့ လူရှိတယ်။ အဲဒါကိုယ်က ငယ်ငယ်က ဟားခဲ့ဖူးတယ်လေ။ တစ်ချိန်ချိန်ကျရင် ကိုယ့်အလှည့် ဝဋ်တော့လည်မယ်လို့ ထင်တာပဲ။ အသက်က ခုဆိုရင် (၇၆)နှစ် ပြည့်သွားပြီလေ'' အသက်(၇၆)နှစ်ပြည့် မင်းသမီးကြီးသည် ယခုအခါ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသော ''ရုပ်ရှင်သက်ကြီးပူဇော်ပွဲ''တွင် ကန်တော့ခံ သက်ကြီးပူဇော်ခံ စာရင်းဝင်တစ်ဦး ဖြစ်လာသော်လည်း သူမသီဆိုခဲ့သော တေးသီချင်းများမှာ ယနေ့အချိန်အထိ လွန်စွာမှ အောင်မြင်ကျော်ကြားခဲ့သော၊ ကျော်ကြားနေဆဲ တေးသီချင်းများသာ ဖြစ်နေသည့် အကြောင်းကိုလည်း နောက်တစ်ပတ်မှာ စောင့်စားဖတ်ရှု့ပေးကြပါရှင်။
ဆုကဗျာ တွေ့ဆုံမှတ်တမ်းတင်သည်။

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009