''ရှေးဟောင်းလက်ရာ၊ နလန်ဒါ (Nalanda) တက္ကသိုလ်သို့'' ဗုဒ္ဓဂယာမှ (၆၂)ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသော နလန်ဒါ ရှေးဟောင်း တက္ကသိုလ်သို့ ဆက်လက် ခရီးထွက်ခွာ လာခဲ့ကြသည့် မြန်မာ စာနယ်ဇင်း အဖွဲ့သားများအတွက်၊ မိုးတွင်းကာလ၌ ရာသီဥတု သာယာနေခြင်းက အခွင့်ကောင်းတစ်ရပ် ဖြစ်စေခဲ့ရသည်။ ကျွန်မတို့ အားလုံးသည် သတင်းသမားများပီပီ နေရာ အသစ်အဆန်းတွင် သတင်းဓာတ်ပုံ ရိုက်ယူလိုခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံကောင်း ဖန်တီးလိုခြင်းများဖြင့် ပြည့်နှက်နေသော စိတ်ဆန္ဒများကို ပိုင်ဆိုင် ထားသူများသာ ဖြစ်ကြသည်။
အေဒီ(၅)ရာစုနှစ် အချိန်ကာလ ကတည်းက စတင် တည်ထောင်ခဲ့သည့် နလန်ဒါ (Nalanda)မှာ ရှေးခေတ် ပညာရေးစနစ်နှင့် သက်ဆိုင်သောတက္ကသိုလ် နေရာဟောင်းကြီးဖြစ်ကာ၊ ပျက်စီးလျော့နည်းမှုများရှိခဲ့သော်လည်း ယနေ့တိုင် မရွေ့လျားဘဲတည်ရှိနေခြင်းမှာ နောင်လာနောင်သားများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် မှတ်တမ်းတင်၊ ထိန်းသိမ်း ဖွယ်ရာ၊ နေရာတစ်ခုဖြစ်လာခဲ့လေသည်။
နလန်ဒါ(Nalanda) ၌ သီရိဓမ္မသောကမင်းကြီး ဆောက်လုပ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားပုထိုးများနှင့် ဗိသုကာနှင့် အနုထုပိကာ လက်ရာ အများအပြားတည်ရှိနေဆဲဖြစ်သည်ကို တွေ့မြင်ခဲ့ရသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တိုင် ဘုရားအလောင်းတော် ဘဝကာလများ အတွင်း၌ နလန်ဒါ (Nalanda) သို့ အကြိမ်ပေါင်းများစွာ လာရောက် လည်ပတ်ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရှိခဲ့ရပြီး ပညာရေးဆိုင်ရာ ထူးချွန်သော လုပ်ရပ်များနှင့် ဘုန်းတော်ကြီးဘဝ၏ လက်တွေ့ကျသော အခြေခံ သဘောတရားများကို နလန်ဒါ၌ လေ့လာနိုင်ကြခြင်း ကြောင့်ပင် ထင်ရှားသောနေရာ အဖြစ်သို့ ရောက်ရှိလာခဲ့ရကြောင်း သိရှိရသည်။
ကမ္ဘာပေါ်တွင် ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကြီးအဖြစ် ဆရာပေါင်းအယောက် (၂ဝဝဝ)နှင့် ကျောင်းသားပေါင်း အယောက်(၁ဝဝ,ဝဝ) တစ်သောင်းကျော်တို့ တည်းခိုနေထိုင်ရင်း ပညာသင်ယူနိုင်သည့် နလန်ဒါ တက္ကသိုလ်ကြီး၌ ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်ပေါင်းများစွာ လာရောက် ပညာသင်ကြားခဲ့ကြသည့် နေရာကြီးလည်း ဖြစ်ပေသည်။
ရှေးကျသော Kus han ဗိသုကာပညာရပ်များနှင့် တည်ဆောက်ထားသည့် နလန်ဒါတက္ကသိုလ်ကြီး၏ အုတ်တံတိုင်း ပတ်ပတ်လည်တွင် ပညာသင် ဘုန်းတော်ကြီးများ နေထိုင်ရန် အခန်းငယ်ကလေးများစွာဖြင့် ဖန်တီး ဆောက်လုပ် ပေးထားကြောင်း သိရှိခဲ့ရသည်။ ဤနယ်မြေရှိ နေရာအနှံအပြားကို ရှာဖွေ၊ တူးဆွမွှေနှောက်ခြင်းဖြင့် တွေ့ရှိခဲ့ရသော အဆောက်အဦများနှင့် လိုဏ်ဂူ၊ လိုဏ်ခေါင်း အများအပြားကို လည်းနလန်ဒါ(Nalanda) တက္ကသိုလ် ၌ တွေ့မြင်ခဲ့ရသေးသည်။
ထို့အပြင် (၁၉၅ဝ)ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓကျောင်းတော်ကြီး ကိုလည်း ပြုပြင်ထိန်းသိမ်းမှုများဖြင့် တွေ့မြင်ခဲ့ရပြီး ပင်လယ်ရေမျက်နှာ ပြင်အထက် (၆၇)မီတာအမြင့်တွင် တည်ရှိသော နလန်ဒါ (Nalanda) ရှေး ဟောင်းတက္ကသိုလ်များမှာ နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအတွင်း၌ မိုးရွာသွန်းလေ့ရှိသလို၊ ရာသီဥတု အသာယာဆုံးအချိန်မှာ အောက်တို ဘာလမှ မတ်လအထိဖြစ်ကြောင်း သမိုင်းကြောင်းမှတ်တမ်းများတွင် ဖတ်ရှုလေ့လာခဲ့ရပေသည်။
ခမ်းနားကြီးကျယ်၍ ထူးခြားသော နလန်ဒါတက္ကသိုလ်ကြီးမှာ ကျယ်ပြန့် လွန်းလှသဖြင့် ရရှိသာအချိန် ခဏလေး အတွင်းမှာပင် လိုက်လံလေ့လာ၍ မကုန်နိုင်လောက်အောင် ဖြစ်ခဲ့ကြပေတော့သည်။
တုတ်တုတ်စီးပြီး မြို့ပတ်ခဲ့သည့် နယူးဒေလီညချမ်း
ကျွန်မတို့ မြန်မာစာနယ်ဇင်း အဖွဲ့သားများ အားလုံးမှာ ကျောင်းဖွင့်ရက်တွင် သင်ခန်းစာများနှင့် လုံးချာလည် လိုက်ကြ၊ ကျောင်းဆင်းချိန် တွင်လည်း
နယူးဒေလီမြို့အနှံ့၊ ခြေဆန့်လိုက်ကြနှင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် ဆိုလျှင်လည်း လေ့လာရေး ခရီးစဉ်များဖြင့် ဗဟုသုတများကို ရှာဖွေစုဆောင်းခွင့်များ ရရှိကြရပေသည်။ နယူးဒေလီမြို့သို့ ရောက်ရောက်ချင်း နေ့ရက်များက ကျွန်မတို့ မကျွမ်းကျင်သည့် နေရာဒေသများသို့ မည်သို့၊မည်ပုံ သွားရောက်ရမည်ကို မသိရှိခဲ့ ကြတာကြောင့် ကျောင်းဆင်းသည်နှင့် တည်းခိုရာ Crowne Plaza Hotel သို့ သာသာပြန်လာပြီး အနားယူ အပန်းဖြေခြင်းဖြင့် အချိန်များစွာ ကုန်လွန်ခဲ့ရသေးသည်။
သို့သော်လည်း ''မေးပါများ စကားရ''၊''သွားပါများ ခရီးရောက်''၊''ပါးစပ်ပါ ရွာရောက်'' မြန်မာစကားပုံများစွာကို ကျွန်မတို့ တွင်တွင်သုံးစွဲပြီး၊ တစ်ညမှာတော့ အဖွဲ့သားများ ပေါင်းစုကာ နယူးဒေလီမြို့အတွင်းရှိ Parlika Bazaar ဈေးသို့ သွားရောက်ရန် သဘောတူညီမှုရရှိခဲ့ကြပေသည်။
ကျွန်မတို့အဖွဲ့သားအချို့ ဟိုတယ်ဝင်ပေါက်မှ ထွက်လာခဲ့ပြီးသည်နှင့် လမ်းမကြီးထက်တွင် တဝီဝီမောင်းနှင် သွားလာနေသော Auto Rickshaws (ကျွန်မတို့အခေါ် တုတ်တုတ်) များစွာကို အမိအရ လှမ်းတားခဲ့ကြသော ဖြစ်ရပ်မှာ ပြန်တွေးတိုင်း ပြုံးရယ်ချင်စရာ ကောင်းလှပေသည်။ အဘယ်ကြောင့် ဆိုသော် ပြင်ပသွင်ပြင်လက္ခဏာများ အပြင် အိန္ဒိယလူမျိုးများနှင့် ကွဲပြားခြားနားသော ဝတ်စားဆင်ယင်မှု ပုံစံများကြောင့် လူစုလူဝေးဖြင့် ကားတားနေသော ကျွန်မတို့အဖွဲ့သားများကို အထူးအဆန်းဖြစ်ကာ မည်သည့်တုတ်တုတ် အငှား ကားဆရာများကမှ ရပ်ပေးခြင်းမရှိခဲ့ကြပေ။
ကျွန်မအတွက် ပထမဆုံးအကြိမ် တော်တော်စိတ်ပျက်သွားခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်ပြီး ကားလမ်းမကြီးပေါ်တွင် အငှားကားများစွာ ပြေးလွှားနေပါလျက် ငှားသမျှတုတ်တုတ် (Auto Rickshaw) များက ရပ်မပေးခဲ့ကြသည်မှာ မကြုံတွေ့ဖူးသော အဖြစ်အပျက်တစ်ခုပင်။ မိနစ်ပေါင်းများစွာကို ကျော်လွန်ချိန်တွင် မထင်မှတ်ထားတဲ့ ကျွန်မတို့အား လာရောက် ကူညီကြသူများက နယူးဒေလီရဲအရာရှိများ ဖြစ်ပြီး သူတို့ကိုယ်တိုင် နံပါတ်တုတ်လို ဝါးလုံးရှည်များဖြင့် တားပေးကာမှ၊ ဈေးညှိပြီး ကားစီးခွင့်ရသွားခဲ့ခြင်းကြောင့် ''အတော်လေး သြဇာညောင်းတဲ့ ရဲကြီးတွေပါလား''ဟု ဖြေတွေး၍ ကျွန်မတို့ရဲ့ ဖြစ်စဉ်ကို သဘောကျ နေမိခဲ့သေးသည်။
နယူးဒေလီမြို့၏ ညချမ်းမှာ အေးစိမ့်စိမ့်ရှိလှပြီး လူစုလူဝေးကြီးဖြင့် သွားရောက်ခဲ့ကြသည့် အတွက် တုတ်တုတ်တစ်စီးလျှင် (၃)ယောက်မှ (၄)ယောက် အထိ လေတဟူးဟူးဖြင့် လိုက်ပါစီးနင်းနိုင်တာကြောင့် အတွေ့အကြုံသစ် တစ်ခု ကဲ့သို့ ခံစားမိခဲ့သေး၏။
Auto Rickshaw ဟူသော တုတ်တုတ်များမှာ ဆိုင်ကယ်ကို အမိုး၊ အကာဖြင့် ပြင်ဆင်ဖွဲ့စည်းထားသော ယာဉ်ငယ်ဖြစ်ပြီး၊ အဝါရောင်နှင့် အစိမ်းရောင် စပ်ထားခြင်းကြောင့် ညအမှောင်တွင် ထင်းခနဲ၊ လင်းခနဲ မြင်တွေ့နိုင်ကြပေသည်။ အဆိုပါ တုတ်တုတ်များသည် Taxi ကားများထက်၊ ပို့ဆောင်ရေးစရိတ် သက်သာလှခြင်းကြောင့် ဈေးကလည်း အလွန်သက်သာလှပေသည်။ အိန္ဒိယနိုင်ငံ၏ လူနေမှုအဆင့်အတန်းအရ ငှားရမ်းစီးနင်းသူများ စိတ်ကြိုက်နှစ်သက် လက်ခံစေသည်မှာ မီတာဖြင့် ခရီးစရိတ်ကို တွက်ချက်ခြင်းပင်ဖြစ်သည်။ ကီလို မီတာ အကွာအဝေးပေါ် မူတည်ပြီး (၁၅)ရူပီးနှုန်းထား သတ်မှတ်ကာ တွက်ချက်ယူခဲ့ခြင်းကြောင့် ကျွန်မတို့ သွားရောက်ခဲ့ကြသော Parlika Bazaar သို့ ရူပီး (၂ဝဝ)ပင်ပြည့်အောင် မပေးခဲ့ကြရပေ။ လမ်းဘေးမြေအောက် ဈေးသာသာ လောက်သာ ဖွဲ့စည်းရောင်းချနေသော Parlika Bazaar သို့ ကျွန်မတို့ ရောက်ရှိသွားချိန်မှာ နယူးဒေလီမြို့၏ စံတော်ချိန်ည (၈)နာရီကျော်ကျော် အချိန်ဖြစ်နေသည့်အတွက် အချို့ဆိုင်ခန်းများမှာ ပိတ်ကာနီးဆဲဆဲ အနေ အထားဖြင့်တွေ့မြင်ခဲ့ရပေသည်။
ထိုအတွက်ကြောင့်လည်း ကျွန်မတို့အားလုံးမှာ (၃)ယောက်တစ်ဖွဲ့၊ (၄)ယောက်တစ်ဖွဲ့ လူစုခွဲကာဈေးစုံ အောင်တစ်ဝင်းလုံး စုံအောင်ပတ်ခဲ့ကြရ၏။ ရောင်းချနေသော အသုံးအဆောင် ပစ္စည်းအများစုမှာ အဝတ်အထည် များနှင့် Electronic ပစ္စည်းများ၊ အလှကုန်များ၊ စာအုပ်ဆိုင်များသာ ဖြစ်ပြီး အပေါဆုံး ပစ္စည်းမှာနာရီ၊မျက်မှန်နှင့် Memory Stick များဖြစ်နေသည်ကို တွေ့မြင်ရ ပေသည်။ အမျိုးသားဝတ် အင်္ကျီဆိုင်များနှင့် ဖိနပ်ဆိုင်များ၌ အထူး Discount ဈေးနှုန်းများကို (၉ဝ)ရူပီးမှ (၁၉၉)ရူပီးအထိ စာဖြင့် အတိအကျကပ်ကာ ရောင်းချ ပေးနေခြင်းကြောင့် ကျွန်မတို့အဖွဲ့နှင့် အတူ လိုက်ပါလာသော ဆရာဦးမျိုးလွင် (မြန်မာတိုင်းမ် ဂျာနယ်)မှာ ဈေးသက်သာလှသည့် အင်္ကျီများကို ဝယ်ယူနေခဲ့ပြီး ကျွန်မသည်လည်း ဖခင်နှင့် မောင်လေးအတွက် အမှတ်တရ ဝယ်ယူခဲ့သေး၏။
''စာပေကို တန်ဖိုးထားကြသည့် အိန္ဒိယလူမျိုးများ''
အိန္ဒိယနိုင်ငံသည် စာပေ အဆင့်အတန်းနှင့် စာပေယဉ်ကျေးမှု မြင့်မားလှ ခြင်းကြောင့် စာပေပညာရှင် အများအပြား ပေါ်ထွန်းခဲ့သော နိုင်ငံလည်းဖြစ်ခြင်းကို နာမည်ကျော်စာဆိုတော်ကြီး ရာဘင်ဒြာနာ့သ်တဂိုး (၁၈၆ဝ-၁၉၄၁)အား ကြည်ညိုလေးစားမှုဖြင့် ပြဋ္ဌာန်းနိုင်ကြပေသည်။ (၁၉၁၃)ခုနှစ်၊ စာပေနိုဘယ်လ် ဆုရှင် ရာဘင်ဒြာနာ့သ်တဂိုးအား ကြည်ညိုလေးစား၊ ချစ်ခင်ကြသော အိန္ဒိယ တိုင်းရင်းသားများသည် ''စာဆိုတော်တဂိုးအသင်း''ဟူသော အသင်းကြီးကို ပူးပေါင်းတည်ထောင် ထားကြသည်အထိ စာပေချစ်စိတ် ပြင်းထန်သူများဖြစ်ကြ၏။
ကျွန်မတို့သွားရောက်ခဲ့ကြသော Parlika Bazaar ဈေးကြီးအတွင်း၌ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်မှာ စာအုပ်ဆိုင်များစွာပင်ဖြစ်ပြီး သားသားနားနား ခင်းကျင်းထားသော လမ်းဘေးမှ ပျံကျစာအုပ်ဆိုင်များ၌ ဈေးနှုန်းချိုသာလှသော အင်္ဂလိပ် ဘာသာဖြင့် စာအုပ်ကောင်းပေါင်းများစွာကို စိတ်တိုင်းကျ ဝယ်ယူနိုင်ကြပေသည်။ အိန္ဒိယလူမျိုးများ၏ ထူးခြားချက်မှာ ကြီးကြီးငယ်ငယ် လူတန်း စားမရွေး၊ အင်္ဂလိပ်စကားကို ခရားရေလွှတ်တတွတ်တွတ် ပြောဆိုနိုင်ကြခြင်းပင်။ ကျွန်မတို့သွားလေရာ၌ တွေ့မြင်ခဲ့ရသော အခြေခံလူတန်းစားများပင် အင်္ဂလိပ်စာအုပ်နှင့် သတင်းစာများကို ကောင်းစွာ ဖတ်ရှုနိုင်ကြသူများ ဖြစ်ခြင်းကြောင့် စာအုပ်ဆိုင်များတွင်လည်း အိန္ဒိယလူမျိုးများနှင့် အပြိုင် ရွေးချယ်ဝယ်ယူ ခဲ့ရပေသည်။
ကျွန်မလို ဘန်ကောက်လေဆိပ်မှ စာအုပ်ဆိုင်တွင် ဘုမသိ၊ဘမသိ စာအုပ် များကို ဈေးကြီးပေးကာ ဇွတ်ဝယ်ယူခဲ့မိသူ အတွက် နောင်တရချင်စရာ အကောင်းဆုံးသော စာအုပ်အရောင်းဆိုင်များပင် ဖြစ်ပြီး Chicken Soup ကဲ့သို့သော စာအုပ်များ၊ အမေရိကန်သမ္မတ အိုဘားမား၏ အတ္ထုပ္ပတ္တိစာအုပ်များနှင့် ဂျာနယ်လစ်ဇင်နှင့် သက်ဆိုင်သော စာအုပ်များစွာကို တစ်အုပ်လျှင် ရူပီး(၁ဝဝ)၊ (၂ဝဝ)စသဖြင့် သတ်မှတ်ရောင်းချနေတာကြောင့် မြန်မာစာနယ်ဇင်းများ အကြိုက် တွေ့ခဲ့ကြရသည်။
ထို့အတွက်ကြောင့်လည်း အိန္ဒိယတွင် စာပေပွဲတော် အများအပြား နှစ်စဉ် ကျင်းပနေကြခြင်းဖြစ်မည်ဟု သုံးသပ်မိသလို၊ စာတတ်မြောက်မှု နှုန်းမှာလည်း ပြည်နယ်များအလိုက် ကွာခြားကြသည်မှာ စာပေကိုလိုလား တန်ဖိုးထားသူများစွာ ပေါ်ထွန်းနေသော အိန္ဒိယ၏ စာပေသမိုင်းကြောင်း ကြီးမားခြင်းကြောင့်ပင် ဖြစ်မည်ဟု ယူဆမိသည်။
သို့သော်လည်း သွားလာခဲ့ရသော နယူးဒေလီမြို့တော်အတွင်း၏ ဘူတာ ပလက်ဖောင်းများပေါ်တွင် ပြေးလွှား ဆော့ကစားနေသော ညစ်ပေနေသည့် ကလေးများ၊ တံတားများအောက်ရှိ ပလက်ဖောင်းများ၌ အိပ်စက်ကြသော အိမ်ခြေယာမဲ့များ၊ အလုပ်ကြမ်းသမားများ၊ ပုလင်းခွံ ၊ဘူးခွံများကိုလိုက်ကောက် နေကြသော ကလေးများ၊ လမ်းဘေးတွင် ဖိနပ်ချုပ်၊ ဖိနပ်တိုက်သည့် လူငယ်များ၊ အညိုရောင်ဝတ်စုံ အပြာရောင်ခေါင်းပေါင်းနှင့် ဆစ်လူမျိုး အချို့မှာအင်္ဂလိပ်စကားကို ရေပက်မဝင်အောင် ပြောနိုင်ကြသူများ ဖြစ်သော်လည်းအများစုမှာ ကျောင်းမနေဖူးသည့် လူငယ်များနှင့် စာမဖတ်တတ်သော ကလေးများဖြစ်နေသည်ကို အံ့အားသင့်ဖွယ်သိရှိခဲ့ရသည်။
ကျွန်မတို့အားလုံး စိတ်တိုင်းကျ ဈေးဝယ်ပြီး တုတ်တုတ်(Auto Rickshaw) စီးခဲ့ကြသည့် ဟိုတယ်သို့အပြန်လမ်းကြောင်းတွင် တိုးပွားလာသော Shopping Bags များကြောင့် မြန်မာပြည်ပြန်သည့်အခါ ''ကီလိုတွေ တိုးတော့ မှာပဲ'' ဟူသော စိုးရိမ်စိတ်ကလေးက ဝင်ဖြစ်အောင် ဝင်လာခဲ့သေး၏။ နယူး ဒေလီမြို့သို့ ကြုံတောင့်ကြုံခဲ ရောက်နေစဉ်အတွင်း၌ လေ့လာလည်ပတ်စရာ များက ရှေ့တန်းတင်နေခြင်းကြောင့်သာ အပြင်ထွက် လေ့လာခဲ့ရခြင်းဖြစ်ပြီး၊ များပြားလှသော မော်တော်ယာဉ်များ၊ Auto Rickshaw များကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုများမှာ စိတ်ရှုပ်ထွေးစရာပင် ကောင်းလှပေသည်။
Crowne Plaza Hotel မှ Parlika Bazzar သို့အသွားခရီးမှာ နာရီဝက်သာပင် ရှိခဲ့သော်လည်း၊ အပြန်ခရီး၌ ယာဉ်ကြော ပိတ်ဆို့နေခြင်းက တစ်ကြောင်း တုတ်တုတ်ဆရာမှာ လမ်းမှားပြီး၊ ဟိုတယ်နာမည်တူ အခြားသော Crowne Plaza Hotel သို့ ဦးတည်မောင်းနှင် ခဲ့သည့်အတွက် တစ်နာရီနီးပါး ကြာမြင့်စွာ တုတ်တုတ်စီးပြီး မြို့ပတ်ခဲ့ရသော နယူးဒေလီညချမ်း အချိန်အခါပင် ဖြစ်ခဲ့ကြရလေသည်။
ဆုကဗျာ ဓာတ်ပုံ-ဇင်မင်းဆွေ
0 comments:
Post a Comment