“ ချိုတစ်လှည့် ခါးတစ်လှည့် ကံကြမ္မာ “


“သူတစ်ပါးရဲ့ အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံစည်တိုင်း၊ ငါ့မှာရော အမှားလုံးဝမရှိဘူးလားလို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့ သူတစ်ပါးရဲ့ လုပ်ရပ်တွေအပေါ် သည်းခံနိုင်စွမ်း၊ တိုးပွားလာမှာအမှန်ပဲ” ဆိုတဲ့ ဆရာတော်အရှင်ဆနာဓိကရဲ့ တရားတော်ထဲက ဆုံးမစာလေးကို 
ကျွန်မလိုက်နာကျင့်သုံးနိုင်ဖို့ ကြိုးစားလိုက်တိုင်းအလုံးစုံ မ အောင် မြင်နိုင်ဘဲ လမ်းတစ်ဝက်မှာပင် ပြတ်ပြတ်ပြီး ကျန်နေခဲ့တဲ့အပေါ် အားမလို၊ အားမရဖြစ်နေသူက ကျွန်မ ဆုကဗျာပါ။ နေ့စဉ်နှင့်အမျှ ကျွန်မရှင်သန်ရပ်တည်နေရတဲ့ စာပေနှင့် ရုပ်ရှင်လောကနှစ်ခုအတွင်းမှာ လူမျိုးစုံ၊ စရိုက်မျိုးစုံနဲ့ အထွေထွေကျင်လည်နေ၇တဲ့ဘ၀ဖြစ်နေတာကြောင့် ချစ်သူခင်သူများရှိသလို မုန်းသူ၊ မလိုတမာ မရှုစိမ့်သူတွေလည်း အများအပြားတွေ့မြင်နေရပါတယ်။ အဲဒီလို ပုဂ္ဂိုလ်များစွာထဲမှာမှ သေချာခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အဖြေမှန်ဟာ အကောင်းဆုံးဘက်ကို ဦးတည်မှု ရာခိုင်နှုန်းအင်မတန်နည်းလွန်းပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုပြုချက်တွေအရ ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ စိတ်ဓာတ်တည်ငြိမ်အောင်ထားနိုင်မှ စိတ်ချမ်းသာနိုင်မယ်လို့ တိုက်တွန်းထားတာကြောင့် ကောင်းတဲ့အချက်တွေကိုပဲ မရရအောင်ရှာကြံတွေးတောပြီး ကိုယ့်ကိုယ်စိတ်ချမ်းသာအောင် ဇွတ်ဖန်တီးနေရတဲ့အချိန် ကာလတွေလည်း ကျွန်မအများကြီးဖြတ်သန်းခဲ့ရဖူးပါတယ်။ ကျွန်မရဲ့ စိတ်ဓာတ်က သာမာန်အားဖြင့် ခပ်မာမာနေတတ်ပေမယ့် တစ်ခါတလေဘယ်သူမှ လိုက်မမီနိုင်လောက်အောင် ပျော့ခွေသွားတတ်တဲ့အချိန်အခါမျိုးကြုံတွ့လာတဲ့အခါ တိတ်တိတ်လေး။ ကျိတ်ကျိတ်ခံစားတတ်သူမို့ ယုတ်စွအဆုံး၊ တစ်အိမ်ထဲမှာအတူနေထိုင်နေကြတဲ့ ကျွန်မမိဘနှစ်ပါးနဲ့ ညီမလေးနှစ်ယောက်တောင် မရိပ်မိတတ်ကြပါဘူး။ ဒါဟာ သောကအပူတွေကို ဘယ်သူ့ကိုမျှဝေမပေးချင်တဲ့ ကျွန်မရဲ့ချော်လဲရောထိုင် စိတ်ဓာတ်ပါ။ ကျွန်မနားလည်လက်ခံထားပြီးသားဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတာ၊ လောကမှာကြာရှည်တည်မြဲနေတာမျိုးမဟုတ်ဘဲ၊ တည်ငြိမ်နေတဲ့ရေမျက်နှာပြင်ကို ခဲလုံးလေးနဲ့ ကောက်ပေါက်လိုက်လို့ ဖြစ်သွားတတ်တဲ့ ရေပွက် လေးလိုပါပဲ။ သူ့အချိန်အခါနဲ့ သူ့အဆုံးသတ်ချိန်တန်တဲ့အခါ ပြန်လည်တည်ငြိမ်သွားတတ်တယ်ဆိုတာ ကျွန်မသိသိကြီးနဲ့ “အသိခေါက်ခက်၊ အ၀င်နက်” ဖြစ်နေတဲ့အခါမျိုးလည်း ကြုံတွေ့ဖြတ်သန်းခဲ့ဖူးပါတယ်။ အဖြူရောင်ပတ်ဝန်းကျင်နှင့် မဟူရာပတ်ဝန်းကျင် လူ့လောကကြီးအတွင်းမှာ ကျင်လည်လှုပ်ရှားနေကြရတဲ့ လူသားတိုင်းမှာ ပတ်ဝန်းကျင်အမျိုးမျိုးရှိနေတတ်ကြပါတယ်။ မိမိလုပ်ကိုင်တဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေအပေါ် ကွဲပြားမှုကြောင့် လူ့စရိုက်အမျိုးမျိုးကို ခြားနားလာကြတဲ့အခါ တစ်ဦးကတစ်ဦးကဖေးမ၊ ကူညီစောင့်ရှောက်မှုတွေနဲ့ ပံ့ပိုးကူညီရင်းလက်တွဲခေါ်တတ်တဲ့ အေးမြတဲ့ “အဖြူရောင်ပတ်ဝန်းကျင်””မျိုးရှိတတ်သလို၊ တစ်ဦးရဲ့လုပ်ငန်းအောင်မြင်မှုကို တစ်ဦးက အသာယူနိုင်ဖို့၊ အနိုင်ယူလိုစိတ်တွေနဲ့ နောက်ကွယ်ကနေ ချောက်ချနေတတ်တဲ့ “မဟူရာပတ်ဝန်းကျင်”မျိုးလည်း ရှိစမြဲပါပဲ။ ““အဖြုရောင်ပတ်ဝန်းကျင်နဲ့ မဟူရာပတ်ဝန်းကျင်”နှစ်မျိုးမှာ လူအများစုကြုံတွေ့နိုင်မှုအများဆုံးလောကကတော့ “မဟူရာပတ်ဝန်းကျင်”မျိုးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်လူသားအများစုရဲ့ စိတ်ဓာတ်က ငါသာအောင်နိုင်ရမည် ဆိုတဲ့ အစွဲနဲ့ လုပ်ငန်းခွင်တိုင်းမှာ ကိုယ့်ထက်သာမနာလို ဖြစ်ရင်းကြိတ်ကြံစည်မှုများစွာနဲ့ ဘ၀ကိုတက်လှမ်းနိုင်ဖို့ ကြိုးစားနေကြသူများလည်း အများအပြားရှိနေတတ်ကြပါတယ်။ အလားတူ စိတ်ဓာတ်ပိုင်ရှင်မျိုးဖြစ်ပေမယ့် လုပ်ငန်းခွင်အတွင်းမှာဖြစ်စေ၊ လုပ်ငန်းပြင်ပမှာဖြစ်စေ နောက်ကျောဓားဖြင့်ထိုးသူများ၊ မှောက်လျက်လဲကျအောင် ခြေထိုးခံသူများ၊ ထိုင်ခုံနေရလုဖို့ ကြံစည်နေသူတွေနှင့် သူတစ်ပါးအရှက်ကွဲအကျိုးနည်းဖြစ်ပြီးရောဆိုသူများ အတွက်ကတော့ယှဉ်ပြိုင်လို့ အနိုင်ရသည့်တိုင်အောင် စိတ်အေးချမ်းမှု အမှန်တကယ်မရရှိ ကြပါဘူး။ ကံတရားအလှည့်အပြောင်းကြောင့် မတရားသောနည်းလမ်းဖြင့် ယှဉ်ပြိုင်အနိုင်ရစေဦးတော့ အောင်မြင်မှုအပေါ် “စိတ်ချမ်းသာမှု အမှန်တကယ်ရှိရဲ့လား”လို့ ဆန်းစစ်ဝေဖန်လေ့လာကြည့်စေချင်ပါတယ်။ . ကျွန်မရဲ့ အတွေ့အကြုံသက်တမ်းတစ်လျှောက်မှာတော့ အသိ ညာဏ်နည်းပါးသူတွေရဲ့ စိတ္တဇယှဉ်ပြိုင်ခြင်း ”တစ်ရပ်အဖြစ်ပဲ အဆုံးသတ်မှာ သောကအပူ တွေနဲ့ အဖြေထွက်လာခဲ့တဲ့ ချည်းပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ကို အနိုင်ယူလိုစိတ်တွေ စတင်ကိန်းအောင်စဉ် အငုံ့စိတ်ဓာတ်အခံရှိစအချိန်ကတည်းကနေ့စဉ်နှင့်အမျှ သူတစ်ပါးကို အနိုင်ယူလိုတဲ့အတွေးက ခန္ဒာကိုယ်မှာအဆမတန်ပိပြီး လေးလံနေခဲ့ရသည်မှာ မလွဲဧကန်ပါ။ တစ်ဆက်တည်းမှာပဲ အနိုင်ရဖို့ ကြိုးစားနေခဲ့ချိန်မှာလည်း ပါးလွှာတဲ့စည်းတစ်ဖက်ခြားက ဆန့်ကျင်ဘက်အကြောင်းအရာတွေအပေါ် နေ့မအိပ်၊ ညမအိပ်အာရုံစိုက်မှုကြောင့် အတွေးကွန်ယက်ကျယ်ကြီးထဲမှာ အဖိုးတန်အချိန်နာရီများစွာ အလဟသာကုန်ဆုံးပြီး နစ်မျောနေရဦးမှာပါပဲ။ မတည်မြဲခြင်းရဲ့ နောက်ကွယ်မှာ အောင်မြင်ခြင်းနှင့် ရှုံးနိမ်ခြင်း၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း၊ ချမ်းသာခြင်းနှင့်ဆင်းရြဲခင်း၊ ချစ်ခြင်းမုန်းခြင်း၊ ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း၊ ပျော်ရွှင်ခြင်းနှင့် စိတ်ဆင်းရဲခြင်း၊ ထောင်လွှားမာနဖြင့် ထင်ပေါ်လိုခြင်း၊နှင့် အေးချမ်းသော အောင်မြင်မှုကို ထိုက်သင့်သလောက်သာ ခံစားရယူလိုခြင်း စသဖြင့် ကွဲပြားခြားနားမှုဆန့်ကျင်ဘက် အကြောင်းအရာအသီးသီးတိုင်းမှာ အကောင်းဘက်မှအဆိုးဘက်သို့ဖြစ်စေ၊ အဆိုးဘက်မှ အကောင်းဘက်သို့ဖြစ်စေ လွယ်လင့်တကူ ကူးပြောင်းလွယ်တဲ့စည်းတစ်ကြောင်းစီက အင်မတန်မှ ပါးလှပ်လွန်းလှပါတယ်။ ကျွန်မတို့အသက်ရှင်နေထိုင်ခွင့်ရတဲ့ လူ့ဘ၀ကြီးမှာဘယ်အရာမှ ကြာရှည်မတည်မြဲပါဘူး။ “ဒီနေ့ ချမ်းသာပေမယ့်၊ နောက်နေ့ဆင်းရဲဇာတာပါလာလျှင် ဆင်းရဲမွဲတေသွားနိုင်ပါတယ်”၊ ထို့အတူ “ဒီနေ့ စိတ်ချမ်းသာနေပေမယ့်၊ နောက်နေ့ သောကပွားစရာတွေ ကြုံတွေ့လာနိုင်ပါတယ်” ဒါ့အပြင် “ဒီနေ့ ချောမောလှပနေတဲ့မျက်နှာလေးက အရေပြားတစ်ထောက်စာပြသာနာကြောင့် နောက်နေ့မှာ ပြောင်းလဲမှုများ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ကြပါဘူး။ ဒီဥပမာနဲ့ သာဓကတွေမှာ ကျွန်မဘ၀နဲ့ ရင်းနှီးပြီးရလာခဲ့တဲ့ သင်ခန်းစာတွေမို့ ကျွန်မပိုပြီး တန်ဖိုးထားနေရပါတယ်။ ဘာကြောင့် “ဒီနေ့ ချမ်းသာပေမယ့်၊ နောက်နေ့ ဆင်းရဲသွားနိုင်ပါတယ်ဆိုတဲ့စကားကို ကျွန်မရဲရဲဝံ့ဝံ့ဆိုရဲတာလည်းဆိုတော့ (၁၉၉၁)ခုနှစ်၊ နိုဝင်ဘာ(၂၉)ရက်မှာ ကျွန်မတို့ မိသားစုကြီးတစ်ခုလုံးကမ္ဘာပျက်သလို ခံစားခဲ့ကြရတဲ့ နေ့ရက်ဖြစ်ပြီး ကျွန်မတို့နဲ့ဘ၀တူမိသားစုတွေလည်း ဘယ်လိုမှမထင်မှတ်ထားတဲ့ ဘ၀ဆိုးကြီးကို နေ့ချင်းအပြီးရောက်ခဲ့ကြရလို့ပါပဲ။ အထက(၁)ကြည့်မြင်တိုင် ဒုတိယတန်း ကျောင်းသူဘ၀၊ အသက်(၈)နှစ်အရွယ်ကတည်းစပြီး ကျွန်မအတွက် ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် မေ့မရနိုင်တဲ့ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် မြင်ယောင်နေဆဲပါပဲ . . .. ။ အဲဒီအချိန်ကာလ ကျွန်မရဲ့ဖေဖေကလည်း ဥပဒေအရာရှိတစ်ဦးအဖြစ် စီးပွားရေး ပြေလည်နေချိန်ဖြစ်သလို ငယ်ရွယ်နုပျိုနေဆဲ ကျွန်မရဲ့ မေမေကလည်း မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းက တာဝန်ယူနေသူမို့ လူတန်းစေ့နေထိုင်နိုင်ကြတဲ့ မိသားစုလို့ဆိုနိုင်မှာပါ။ ကျွန်မရဲ့စိတ်ကူးထဲအိမ်လေးလို့ ကလေးအတွေးနဲ့ ကျေနပ်ပီတိဖြစ်နေခဲ့တဲ့အပြင် ကျောင်းသွားတိုင်းသမင်ပြန်လှည့်ကြည်ရင်း သဘောကျနေတတ်တဲ့ 
နှစ်ထပ်တိုက်အိမ်အသစ်လေးသာမက၊ ရှိသမျှ အတွင်းပစည်းပေါင်းစုံကို နေ့ချင်းညချင်းလက်လွှတ်ဆုံးရှုံးသွားခဲ့ရတဲ့အပြင် မီးဘေး၊ ကယ်ဆယ်ရေးယာယီစခန်းအဖြစ် သက်ဆိုင်ရာက သတ်မှတ်ပေးခဲ့ကြတဲ့ “ကျောင်းကြီးတိုက်””ဘုန်းတော်ကြီးကျောင်းမှာ (၆)လတိတိသူများတကာ ထမင်း၊ ဟင်းကောင်းကောင်းစားနေချိန်မှာ အရပ်ကဝေတဲ့ထမင်းထုပ်တန်းစီပြီး စားသောက်ခဲ့ရချိန်တွေ၊ ရွယ်တူတန်းတူတွေနဲ့ အတူဆော့ကစားဖို့ အခွင့်အရေးမရှိတော့တဲ့အပြင် ကျွန်မထက်(၂)နှစ်စီငယ်ကြတဲ့ ညီမလေးနှစ်ယောက်ကို ဆင်းဆင်းရဲရဲထိန်းကျောင်းခဲ့ရချိန်တွေ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဘ၀နဲ့ ချို့ချို့တဲ့တဲ့ကျောင်းပြန်တက်ခဲ့ရချိန်တွေ၊ အရွယ်နဲ့ မလိုက်တဲ့စီးပွားရေးအတတ်ပညာပေါင်းစုံကို မီးဘေးကယ်ဆယ်ရေးစခန်းအတွင်းမှာ အတူနေခဲ့ဖူးတဲ့လူကြီးသူမတွေဆီကနေသင်ယူရင်း ကျွန်မတတ်ကျွမ်းသွားတဲ့ မရမ်းသီးယိုထိုးနည်း၊ မြန်မာမုန့်မျိုးစုံလုပ်နည်း၊ ကြက်သားပလာတာရောင်းနည်းမျိုးစုံဖြင့် ကလေးဈေးသည်ဘ၀ကိုလည်း ခါးသီးမှုများနဲ့အတူ ကျွန်မဖြတ်သန်းခဲ့ရဖူးတာကြောင့်ပါပဲ။ ဒီလို အချိန်ကာလတွေ မှာ ကံကြမ္မာတရားရဲ့ မျက်နှာသာပေးမှုကို တစ်မအေတည်းအတူမွေးလာကြ တဲ့ ကျွန်မ အစ်ကို အကြီးဆုံးနဲ့ မောင်အငယ်ဆုံးလေး တို့ ရရှိလိုက်ကြတာပါပဲ။ အဖိုးတွေ အဖွားတွေက ငယ်ငယ်လေး ကတည်းကမြေးဦး ဖြစ်တဲ့ ကျွန်မရဲ့ အစ်ကို ကြီးကို အမေ့ဇာတိ ဓနုဖြူကိုခေါ်သွားပြီး မွေးစားထားတာကြောင့် ကျွန်မ အစ်ကိုကြီးဟာ ငယ်ငယ်လေးကတည်းက ကျွန်မတို့ ညီအစ်မတွေလို ဆင်းရဲ မှုကိုမခံစားခဲ့ရပါဘူး။ ဒီနေ့ အချိန်အထိလည်း သူလုပ်ကိုင်သမျှ အရာတွေအားလုံး အဆင်ပြေ အောင်မြင်နေတတ်တာ ကြီးပါပဲ။ မောင်လေးကတော့ အဲဒီအချိန်ကာလက လူ့ ဘ၀ ကိုရောက်မလာသေးတာကြောင့်ပါ။ ကျွန်မဆိုလိုချင်တာက သွေးချင်းမောင်နှမ ချင်း မျက်နှာ ဆင်တူနိုင်ပေမယ့် ကုသိုလ်ကံချင်း မတူညီနိုင်ကြပါဘူး လူချင်းယှဉ်လို့ ရနိုင်ပေမယ့် ညာဏ် ၊ ကံ ၊စန်း ချင်းကတော့ ကို လုံးဝ မယှဉ်ပြိုင်နိုင်ကြတာ လူ့ လောကရဲ့ ကုသိုလ်ကံ အကျိုးပေး တရား တစ်ခုပါ ။ အဲဒီအချိန်ကာလကတည်းက ကျွန်မရဲ့ဦးနှောက်သေးသေးလေးထဲကို သံမှိုစွဲသလို ရိုက်နှက်ဝင်ရောက်လာတဲ့အသိ ညာဏ်က “ကိုယ်သာလျှင်၊ ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ဆိုတာပါပဲ။ ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ အသိ စိတ်ဓာတ်ကလည်း တပြိုင်နက်တည်းမှာ သံလိုက်ဓာတ်လို စွဲကပ်ခံလိုက်ရတာကြောင့် တော်ရုံတန်ရုံအသေးအဖွဲ့ပြသာနာမျိုးဆို၊ ကျွန်မကိုယ်တိုင်အသိညဏ်နဲ့ပိုင်းခြား၊ ဆန်းစစ်တတ်သွားနိုင်တဲ့ အတတ်ပညာရပ်ကို အထိုက်အလျောက်ရရှိသွားခဲ့ပါတယ်။ လောကကြီးမှာ အခါခါရှုံးနိမ့်သွားလို့ အရာရာ အဆင်မပြေမှုများနဲ့ ကံတရားနိမ့်ပါးနေလို့ ဆိုပြီး စိတ်ဓာတ်ကျဆင်းပြီး ကိုယ့်ကို ကိုယ်တစ်ခု ခု လုပ်ပစ်လိုက်တော့မယ်လို့ ကြံရွယ် လိုက်တိုင်း၊ အတိတ်က ဖြစ်ရပ်ဆိုးကြီးက၊ အကောင်းဆုံးသာဓကတစ်ခုအဖြစ် ကျွန်မကို အားအင်သစ်တွေ နဲ့ အတူ ဆက်လက် မွေးဖွားရှင်သန်လာစေနိုင်ခဲ့တာ ဒီနေ့အချိန်အထိပါပဲ။ “ဘ၀မှာ အခါခါကျရှုံးပေမယ့် မညံ့ဖျင်းရင် အောင်ြမင်ခြင်းဆီသို့အချိန်တန်တဲ့အခါ ကူးပြောင်းရောက်ရှိသွားနိုင်တယ်” ဆိုတဲ့ အယူအဆကောင်းကို ကျွန်မ ဒီနေ့ အထိလက်မလွှတ်တမ်းဆုပ်ကိုင်ကျင့်သုံးနေဆဲပါ။ ယူတတ်ရင်၊ ရပါတယ်၊ တွေးတတ်ရင်မြင်ပါတယ် “ကိုယ့်ကို မုန်းတာသူ့အလုပ်၊ သည်းခံခွင့်လွှတ်ရမှာ ကိုယ့်တာဝန်” “ကိုယ့်ကို အပြစ်တင်ဆဲဆိုတာ သူ့အလုပ်၊ လက်သင့်မခံမိအောင်နေရမှာ ကိုယ့်အသိစိတ်” “ကိုယ့်ကို စိတ်ပူလောင်မှုတွေနဲ့ တိုက်ခိုက်ထိုးနှက်နေတာသူ့အလုပ်၊ စိတ်အေးချမ်းအောင်မေတ္တာပွားပြီး နေတတ်ရမှာက ကိုယ့်တာဝန်” “ကိုယ့်ကို မဟုတ်မမှန်စွပ်စွဲမှုမျိုးစုံနဲ့ အထင်အမှားအမြင်မှားဖြစ်အောင် ကြံရွယ်ပြုမှုတာက သူ့အလုပ်၊ ဖြေရှင်းချက်မပေးဘဲ မေတ္တာပို့ရမှာက ကိုယ့်စေတနာ” "ကိုယ့်ရဲ့ ယုံကြည်မှုကိုအလွဲသုံးစားခုတုံးလုပ်နေတာ သူအလုပ်၊ နောင်အခါမဆက်ဆံမိအောင် ရှောင်ကြဉ်ထိန်းသိမ်းရမှာ ကိုယ့်အတတ်ပညာ” “ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကိုပေးဆပ်ရမှာ ကိုယ့်အလုပ်၊ လက်သင့်မခံဘဲအမုန်းပွားပြီး ပူလောင်နေတာ သူ့တာဝန်” “စိတ်ဓာတ်ကိုအခြေခံကောင်းအောင်၊ စိတ်ချမ်းသာအောင် နေထိုင်ပြုမှု ပြောဆိုရမှာကိုယ့်အလုပ်၊ နားလည်မှုမရှိဘဲ ၊ သွေးခွဲစကားဆိုနေသူကို စိတ်ကျန်းမာရေး ကုသမှုစစ်ဆေးပေးရမှာက သူ့တာဝန်” “နှုတ်မစောင့်စည်းဘဲ အထိန်းအကွပ်မဲ့စကားတွေကို လုပ်ကြံပြောဆိုတတ်တာသူ့အကျင့်၊ ကိုယ်ပိုင်အသိညဏ်နဲ့ ခွဲခြားသုံးသပ်ရှောင်ရှားရမှာက ကိုယ့်အတတ်ပညာ” “မိတ်ဆွေ၊ သူငယ်ချင်းအချင်းချင်း၊ ကုန်းချောစကားနဲ့ ရန်တိုက်သွေးခွဲတတ်တာသူ့အလုပ်၊ တွဲလက်မဖြုတ်ဘဲ၊ နှစ်ဖက်နားနှင့်ဆင်ခြင်ချင့်ချိန်းပြီး ဏ်အသိနဲ့ အမှန်တွေးရမှာကိုယ့်တာဝန်" Positive & Negative ဥပမာ ---နယူတန်ရဲ့ နိယာမတရားလိုပါပဲ။ အကြောင်းအရာတိုင်းမှာ ဆန့်ကျင်ဘက်ရှိမှ တွန်းကန်မှုနဲ့ အောင်မြင်နိုင်မှာ လောကဓမ္မတာတရား တရားမို့ ချိုတစ်လှည့်၊ ခါးတစ်လှည့်ကံကြမ္မာကိုသာ ကြုံ ဆုံလာတဲ့အခြေအနေ ပေါ်မူတည်ပြီး ကျွန်မတန်ဖိုးထားထိန်းသိမ်းသွားပါမယ်လို့ ခံယူရင်း လူအချင်းချင်းလှည့်ပတ်ခြင်းအမှန်တကယ်ကင်းဝေးကြပါစေရှင်။ ဆုကဗျာ (၂၀၁၁)ခုနှစ်၊ ဇူလိုင် လ (၂၈) ရက် နံနက်(၁း၅၇)နာရီ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009