အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၃)

အတုယူ လေ့လာစရာများစွာ HindustanTimes သတင်းစာတိုက်မှာ မြန်မာ မီဒီယာသမားများ တက်ရောက်ခွင့် ရရှိသော အိန္ဒိယလူထု ဆက်သွယ်ရေး ပညာသင်သိပ္ပံ (Indian Institute Of Mass Communications) ကို အိန္ဒိယနိုင်ငံ ပြန်ကြားရေးနှင့် အသံလွှင့်ဝန်ကြီးဌာန၊ လက်အောက်ခံဌာန တစ်ခုအဖြစ်၊ ယူနက်စကိုအဖွဲ့မှ အတိုင်ပင်ခံ ပညာရှင်တချို့နှင့် ဝန်ထမ်းအနည်းငယ် ပူးပေါင်းကာ (၁၉၆၅)ခုနှစ်၊ သြဂုတ်လ (၁၇)ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် I.I.M.C သည် ပုံနှိပ်နှင့် အီလက်ထရွန်းနစ် သတင်းဌာန နှစ်မျိုးစလုံး အတွက် ပညာ သင်ကြားနိုင်သော တက္ကသိုလ်ဖြစ်ပေသည်။
ကျွန်မတို့ မြန်မာမီဒီယာအဖွဲ့ကြီး၌ ပုံနှိပ်နှင့် အီလက်ထရွန်းနစ်သတင်းဌာနမှ တာဝန်ရှိသူများအပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့လည်း ပါဝင်လာတာကြောင့် I.I.M.C တက္ကသိုလ်တွင် သတင်းစာပညာရပ်များကို စာတွေ့သာမက၊ လက်တွေ့ ကွင်းဆင်း၍လည်းလေ့လာစေခဲ့ခြင်းကြောင့် အိန္ဒိယ၏နာမည်ကြီး သတင်းစာတိုက်တစ်တိုက်ဖြစ်သော "Hindustan Times(H.T)" သို့ သွား ရောက်ခွင့်ရရှိခဲ့ကြပေသည်။ (၁၉၂၄)ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့သည့် "Hindustan Times" သတင်းစာမှာအင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသောသတင်းစာဖြစ်ပြီး တစ်ရက်လျှင် စောင်ရေပေါင်း(၁.၄)သန်းကို နေ့စဉ်အောင်မြင်စွာ ထုတ်ဝေနေ ကြောင်းသိရှိခဲ့ရသဖြင့် အားကျအံ့သြမိခဲ့ရသေး၏။နယူးဒေလီမြို့ရှိ 18-20 ,Gandhi Marg ၌ ရုံးချုပ်အဖြစ်တည်ထောင်ထားသော သတင်းစာတိုက်ကြီးမှာ ခမ်းနားကြီးကျယ်လွန်းပြီး၊ သတင်းစာတိုက်အဖွဲ့စည်းထားပုံမှာစနစ်တကျရှိ လှသည်ကို တွေ့ရှိခဲ့ရသည်။ အိန္ဒိယနိုင်ငံ၏နာမည်ကျော် " The Times Of India" သတင်းစာပြီးပါက ဒုတိယမြောက် စာဖတ်ပရိသတ်အများဆုံးဖြစ်သည့် "Hindustan Times" သတင်းစာ၏အယ်ဒီတာချုပ်မှာ Mr.Sanjoy Narayan ဖြစ်ကာ၊ ကျွန်မတို့ မြန်မာစာနယ်ဇင်းအဖွဲ့မှ သိလိုသမျှအချက်အလက်များနှင့် သတင်းစာတစ်စောင် ၏အခြေခံသဘောတရားများကို အယ်ဒီတာတစ်ဦးမှ ရှင်းလင်းပြောကြားပေးခဲ့ သဖြင့် ပြည့်ပြည့်စုံစုံသိရှိခဲ့ရပေသည်။ အဆိုပါ "Hindustan Times" သတင်းစာ ကြီးမှာ အိန္ဒိယမြောက်ပိုင်းတစ်ခွင်ဖြစ်သော နယူးဒေလီမြို့ (New Delhi) မွန်ဘိုင်းမြို့(Mumbai) ၊ ကိုးလ်ကတ္တားမြို့(Kalkata) ၊ ပါတနာမြို့ (Patna)၊ ဆန်ချီ(Ranchi)၊ ဘိုပါး(Bhopol) ၊ လက်နောင်း(Lucknow) နှင့် ချန်ဒီရတ် (Chandigarh) မြို့များအထိ ပေါက်မြောက်သြဇာသက်ရောက်သော သတင်းစာ ကြီးတစ်စောင်ဖြစ်ခြင်းကြောင့် လေ့လာလည်ပတ်ခွင့်ရခဲ့သည်မှာ ကျွန်မတို့ အတွက် ကုသိုလ်ကံထူးခြင်းကြောင့်ပင်။ ထို့အပြင် "Hindustan Times" သတင်းစာကြီးမှ လက်ခွဲထုတ်ဝေနေသည့် သွေးသောက်ဂျာနယ်နှင့်မဂ္ဂဇင်းများမှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော နေ့စဉ်ထုတ်စီးပွားရေးသတင်းစာ "Mint" ၊ ဟိန္ဒူဘာသာဖြင့် နေ့စဉ်ထုတ် "Hindustan" သတင်းစာ၊ "Nandan" အမည်ရှိ ရင်သွေးရတနာများအတွက် လစဉ်ထုတ်ကလေးမဂ္ဂဇင်း၊ စာပေရေးရာ မဂ္ဂဇင်းဖြစ်သော "Kadambani" မဂ္ဂဇင်းများမှာလည်း စာဖတ်ပရိသတ်များအကြိုက် ခိုင်ခိုင်မာမာရပ်တည်နေ နိုင်သည်မှာ အိန္ဒိယသတင်းစာကြီး၏ အားထုတ်မှုကောင်းများကို သက်သေ ခံပြသနေပေသည်။ "Hindustan Times" သတင်းစာမှာ Broadsheet ဆိုဒ်ကြီးသတင်းစာဖြစ်ပြီး၊ (၁၉၄၂)ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်က ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့စဉ်က မဟတ္တမဂန္ဒီကိုယ်တိုင်တက်ရောက် ချီးမြှင့်ခဲ့ သလို၊ အယ်ဒီတာအဖွဲ့ဝင်များထဲတွင် မဟတ္တမဂန္ဒီ၏သားဖြစ်သူ Devdas Gandi လည်း ဦးဆုံးပါဝင်ခဲ့သူဖြစ်ခြင်းကြောင့် လွန်ခဲ့သော(၆၈)နှစ်ကျော် ကတည်းက တာထွက်ကောင်းခဲ့သော သတင်းစာကြီးလည်း ဖြစ်ပေသည်။ ကျွန်မတို့အားလုံးကို တံခါးမရှိ၊ဓားမရှိဝင်ထွက်သွားလာခွင့်ပြုခဲ့သော သတင်းစာတိုက်ကြီးတွင် သတင်းထောက်များနှင့်အယ်ဒီတာများအတွက် သတင်းဌာနတစ်နေရာစီခွဲခြားထားပြီး DTP သမားများအတွက် ကွန်ပျူတာ အခန်းကိုလည်း သီးသန့်ပုံစံဖြင့် တွေ့မြင်ခဲ့ရသလို၊ သတင်းသမားများအားလုံး မှာ စကားအပိုမပြောခြင်း၊ လုပ်ငန်းနှင့်မသက်ဆိုင်သည်များကို မပြုလုပ်ကြခြင်း၊ ကွန်ပျူတာများတွင် Speaker များမထားရှိခြင်းမှာလည်း ထူးခြားချက်တစ်မျိုး ပင်ဖြစ်သည်။ ဤသည်မှာလည်း လုပ်ငန်းအပေါ်အာရုံစူးစိုက်မှုအားကောင်းစေရန် ကျင့်သုံးသင့်သည့် သတင်းဌာနကြီးတစ်ခု၏နည်းလမ်းကောင်းပင်ဖြစ်သဖြင့် အားကျမိခဲ့ရသေးသည်။ ကျွန်မတို့ကိုယ်တိုင် ဝင်ရောက်လေ့လာခွင့်ရရှိခဲ့သော "Hindustan Times" သတင်းစာကြီးမှာ ကမ္ဘာ့ထိပ်တန်းသတင်းစာကြီး (၁ဝ)စောင်အနက် နံပါတ်(၈)နေရာဖြင့် ဗိုလ်စွဲနေသော နေ့စဉ်ထုတ်သတင်းစာဖြစ်ပြီး၊ အိန္ဒိယ နိုင်ငံမှထုတ်ဝေလျက်ရှိသည့် "The Times Of India" သတင်းစာမှာ နေ့စဉ် ထုတ်စောင်ရေ(၃.၄)သန်းကျော်ဖြင့် နံပါတ်တစ်နေရာတွင်ရှိ နေခဲ့သည်ကို World Press Trends (2009) ၏စစ်တမ်းများအရ သိရှိခဲ့ရသည်။ ထို့အပြင် ဗြိတိန်နိုင်ငံမှ ထုတ်ဝေနေသော "The Sun" သတင်းစာကြီး မှာ နေ့စဉ်ထုတ်စောင်ရေ(၃)သန်း ကျော်ဖြင့် နံပါတ်(၂)နေရာတွင် ရပ်တည် နေပြီး အမေရိကန်နိုင်ငံမှ "USA Today" သတင်းစာမှာစောင်ရေ(၂.၂)သန်း ကျော်ဖြင့် နံပါတ်(၃)၊ ဗြိတိန်နိုင်ငံမှ "Daily Mail" သတင်းစာမှာစောင်ရေ (၂.၁)သန်းကျော်ဖြင့် နံပါတ်(၄)နေရာတွင်ရှိကာ၊ အမေရိကန်နိုင်ငံမှ "The Wall Street Journal" မှာ နေ့ စဉ်ထုတ်စောင်ရေ သန်း(၂)သန်းကျော် ဖြင့် နံပါတ်(၅)နေ ရာတွင် ရပ်တည် နေကြောင်း လေ့ လာခဲ့ရသည်။ ဗြိ တိန်နိုင်ငံမှ ထုတ် ဝေလျက်ရှိသော "The Daily Mirror" သတင်းစာ မှာလည်း စောင်ရေ(၁.၄)သန်းကျော်ဖြင့် နံပါတ်(၆)အဖြစ်သိရှိခဲ့သလို၊ အိန္ဒိယ နိုင်ငံမှ "The Hindu" သတင်းစာမှာ စောင်ရေ (၁.၃)သန်းကျော်ဖြင့် နံပါတ်(၇)၊ "The Deccan Chronicle" သတင်းစာမှာ စောင်ရေ(၁)သန်းကျော်ဖြင့် နံပါတ်(၉) နေရာတွင်ရှိနေပြီး အမေရိကန်နိုင်ငံမှ "The New York Times" သတင်းစာမှာ နေ့စဉ်ထုတ်စောင်ရေ(၁)သန်းဖြင့် နံပါတ်(၁ဝ)နေရာတွင် ရပ်တည်နေသည်ကို သုံးသပ်ကြည့်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းစာအပေါများဆုံးနှင့်စောင်ရေအကောင်းဆုံးနိုင်ငံအဖြစ် လေ့လာသိ ရှိနိုင်ပေသည်။ "Hindustan Times" သတင်းစာများအား ပုံနှိပ်သည့်စက္ကူလိပ် များမှာ News Print (49) ဂျီအက်စ်အမ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ပြည်တွင်းဖြစ် Recycle များဖြင့် ပုံနှိပ်ထားသောရောင်စုံစာမျက်နှာသတင်းစာဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ ဟီးရိုးဟွန်ဒါမှာ တစ်နေ့တာ မြို့တော်ဒေလီနှင့် (ဂူး(ဒ်)ဂေါင်)Guragon အား ခြောက်လမ်းသွား၊ အဝေး ပြေးကားလမ်းမကြီးအဖြစ် ဆက်သွယ်ထားသောကားလမ်းမကြီးအတိုင်း နှစ် နာရီနီးပါးသွားရောက်လိုက်ရုံဖြင့် ရောက်ရှိခဲ့ကြသည့် လေ့လာရေးခရီးစဉ်မှာ ''ဟီးရိုးဟွန်ဒါ (Hero Honda) စက်ရုံသို့ဖြစ်ပေသည်။ ဟီးရိုးဟွန်ဒါ မော်တာလီမိတက်၏အဓိကအခြေစိုက်စက်ရုံမှာ နယူးဒေလီ တွင် ဖြစ်သော်လည်း Dharuhera , Haridwar နှင့် Gurganon ဟူ၍ စက်ရုံ သုံးရုံခွဲခြားထားခြင်းကြောင့် ကျွန်မတို့ လေ့လာခွင့်ရခဲ့သော စက်ရုံမှာ Guraganon (ဂူး(ဒ်)ဂေါင်)၌ ဖြစ်သည်။ Hero Honda ဆိုသည်မှာ အိန္ဒိယနိုင်ငံမှ Hero Group နှင့် ဂျပန်နိုင်ငံမှ Honda ကုမ္ပဏီတို့ ဖက်စပ်ဖွဲ့ထားခြင်းဖြစ် ပြီး စက်ရုံသုံးရုံစလုံးမှ တစ်နှစ်လျှင်ဆိုင်ကယ်စီးရေ(၃.၉)သန်းကျော် ပုံမှန် ထုတ်လုပ်နေရကြောင်းသိရှိရသည်။ စက်ရုံပရဝုဏ်သို့ ဝင်ဝင်ချင်းစတင်မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အသန့်အပြန့်ကြိုက်သော ကျွန်မကျေနပ်သွားမိသွားသည်က၊ ဖွေးဖွေးစွတ်ဖြူ နေသော ဝန်ထမ်းဝတ်စုံများကို တူညီစွာဝတ်ဆင်ထားသည့် Hero Honda ဝန်ထမ်းများ၏ ပြင်ပသွင်ပြင်လက္ခဏာများကြောင့်ပင်ဖြစ်သည်။ ကျွန်မစိတ် အတွင်းမှ တွေးတောမိခဲ့သည်။ ''အင်း...တို့မြန်မာမီဒီယာသမားတွေလာမှာ ဆိုတော့ သန့်သန့်ပြန့်ပြန့်လေးတွေ ထုတ်ဝတ်ထားကြတာပဲနေမှာပေါ့''ဟူ သောအတွေးပင်။ ကျွန်မ၏စိတ်ကူးနှင့်အတွေးကို စတင်ချေဖျက်ခဲ့လိုက်သူမှာ ဟီးရိုးဟွန်ဒါ စက်ရုံ၏သူဌေး Mr.Brijmohan Lall ကိုယ်တိုင်ပင်ဖြစ်ပြီး မြန်မာတိုင်း(မ်)မှ ဦးမျိုးလွင်မှ သူဌေးအား မေးမြန်းနေသောအသံကို အသာနားစွင့်ကြည့်မိသော အခါ အဖြူရောင်ဝတ်စုံမှာ စက်ရုံ၏ယူနီဖောင်းဖြစ်ခြင်းကြောင့် အမြဲတမ်း ဝတ်ဆင်ကြရကြောင်း ပြန်လည်ဖြေကြားနေသည်ကို ကြားသိခဲ့ရသည်။ ဟီးရိုး ဟွန်ဒါအမှတ်တံဆိပ် ဆိုင်ကယ်များထုတ်လုပ်နေသည့် စက်ရုံအတွင်းပိုင်းသို့ ရောက်ရှိလာသောအခါ ကုမ္ပဏီ၏မူဝါဒလမ်းစဉ်(၅)ရပ်ကို ဆိုင်းဘုတ်ကြီးဖြင့် ရေးသားဖော်ပြထားသည်ကို ဤသို့လေ့လာဖတ်ရှုခဲ့ရပေသည်။ (၁) ကမ္ဘာ့အဆင့်မီထုတ်လုပ်သူဖြစ်ရေး (Be a world class manufacturer) (၂) ဈေးကွက်ဦးဆောင်သူဖြစ်ရေး (Be a market leader) (၃) ဝယ်ယူအသုံးပြုသူများစိတ်ချမ်းသာမှု အပြည့်ဝဆုံးရရှိစေရေး (Provide highest level of customer satisfaction (၄) အဖွဲ့လိုက်ဆောင်ရွက်မှု၊ အကောင်းဆုံးရလဒ်ပေါ်ထွန်းရေး (Achieve excellence through teamwork) (၅) စက်ရုံနှင့် ပူးပေါင်းဆောင်ရွက်သူများအား၊ ဆက်ဆံရေးအဓွန့်ရှည် စွာဖော်ဆောင်နိုင်ရန် ဆောင်ရွက်ရေး (Create enduring relationship with stake holders) ဟူသော ဒို့တာဝန်အရေး(၅)ပါးကို ဦးထိပ်ထားဆောင်ရွက်တတ်စေရန် စက်ရုံ နံရံများတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးမှ ဗဟုသုတအဖြစ် လေ့လာ သိရှိခဲ့ရသည်။ စက်ရုံအတွင်းလေ့လာရေးအဖြစ် ကျွန်မတို့မီဒီယာအဖွဲ့အား အုပ်စု(၃)စုခွဲ ကာ လိုက်လံပြသခဲ့ခြင်းကြောင့် ဆိုက်ကယ်ထုတ်လုပ်ပုံအဆင့်ဆင့်ကို အသေး စိတ် သိရှိခဲ့ရပေသည်။ ဟီးရိုးဟွန်ဒါစက်ရုံကြီး၏အကျယ်အဝန်းမှာ (၇၃) ဧကကျယ်ဝန်းပြီး ဝန်ထမ်းပေါင်းအယောက်(၅ဝဝဝ)မှတစ်ရက်လျှင် ဆိုင်ကယ် စီးရေ (၆၅ဝဝ)ကို နေ့စဉ်ထုတ်လုပ်ပေးနေကြောင်း အံအားသင့်ဖွယ်သိရှိခဲ့ရ၏။ ဆိုင်ကယ်တစ်စီးစတင်ဖြစ်ပေါ်လာရန်အတွက် တပ်ဆင်ပေးရသောပစ္စည်း ကိရိ ယာများမှအစ၊ မီးခွက်၊ ဆိုင်ကယ်ဘီး၊ ဟွန်း၊ အင်ဂျင်အဆုံးထိ ပစ္စည်းအမယ် ပေါင်း(၂၅ဝဝ)ကျော်အား တပ်ဆင်မှုနှင့်ထုတ်လုပ်မှုအပိုင်းများမှာ အသေးစိတ် ဖြင့် စနစ်တကျရှိလှသည်ကို တွေ့မြင်ခဲ့ရသည်။ ဟီးရိုးဟွန်းဒါစက်ရုံ၏ ထူးခြားချက်မှာ ဝန်ထမ်းဝတ်စုံဖွေးဖွေးလေးများမှာဆီများစွန်းပေခြင်းနှင့် အညစ် အကြေးစွန်းထင်းခြင်းများမရှိသလို၊ ကြမ်းပြင်များပေါ်တွင်လည်း မူလီသေးသေး လေးတစ်လုံးမှအစ၊ မည်သည့်ဝါရှာပစ္စည်းမှမကျန်၊ ပြုတ်ကျနေသည်ကို မမြင် တွေ့ခဲ့ရခြင်းကြောင့်ပင်။ ဤသည်မှာလည်း စည်းစနစ်ကောင်းမွန်ထူးခြားသော စီမံခန့်ခွဲမှု ကြောင့်ဟု သုံးသပ်မိခဲ့သလို၊ နောက်ထပ်တစ်နေရာတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပါ စည်းကမ်းများကောင်းမွန်ခြင်းကြောင့်ဟုလည်းဖြစ်နိုင်သည်ဟု တွေးတောနေမိခဲ့သည်။ Benefits of TPM အဖြစ် "Zero Accident, Zero Defect , Zero, Breakdown" ဟူသော ပစ္စည်းများ အလေအလွင့်အဖြစ်ပျက်စီးမှုမရှိစေရ။ ဝန်ထမ်းတစ်ဦးမျှ ထိခိုက်ဒဏ်ရာမရစေရ၊ စက်ကိရိယာချို့ယွင်းမှုမဖြစ်စေရ ဟူသည့်စည်းကမ်းချက်မှာ ပြတ်သားလွန်းလှပေသည်။ မြန်မာနိုင်ငံမှ စက်ရုံများ နှင့် ကုမ္ပဏီများပင် မိမိတို့၏လိုအပ်ချက်များကို အတုယူ၍ ဖြည့်ဆည်းလိုက်နာ သင့်၏။ အုပ်စု(၃)စုခွဲလိုက်ခြင်းကြောင့် အုပ်စု(၁)တွင်ပါဝင်ခဲ့သော ကျွန်မတို့အဖွဲ့ သားများအတွက် ဆိုင်ကယ်စက်ရုံအတွင်းသို့ ထုတ်လုပ်မှုအဆင့်ဆင့်ကြည့် ရှုရုံသာ ကြည့်ရှုခဲ့ချိန်မှာ တစ်နာရီနီးပါးကြာမြင့်သွားသော်လည်း၊ နားအူလောက် အောင် ဆူညံနေသည့် အသံဆိုးကြီးများကို မကြားခဲ့ရသဖြင့် စိတ်ချမ်းသာခဲ့ရ သေးသည်။ ထို့အပြင် ထုတ်လုပ်မှုဌာနတိုင်းတွင်လည်း ဝန်ထမ်းများမှာ တိတ်ဆိတ်ခြင်းဖြင့် တည်ငြိမ်စွာအလုပ်လုပ်နေကြသည်မှာ စက်ရုပ်များလား ပင် အောက်မေ့ခဲ့ရပေသည်။ သို့သော် ဆိုင်ကယ်စက်ရုံအတွင်း၌ လှုပ်လှုပ် ရှားရှားဖြင့် ဆူညံစွာအသံထွက်နေသည့် တစ်ခုတည်းသော ဌာနစိတ်တစ်ခုကို လည်း လေ့လာခဲ့ကြရပြီး၊ ဝတ်စုံအဖြူရောင်လေးများဖြင့် ဝန်ထမ်းများ ကိုယ်တိုင် အပြီးသတ်တပ်ဆင်ပြီးသော ဆိုင်ကယ်ပေါ်သို့ တက်ခွလိုက်၊ စက်နှိုး ကြည့်လိုက်၊ ဟွန်းတီးလိုက်၊ ဂီယာအမျိုးမျိုးချိန်းလိုက်၊ အင်ဂျင်လီဗာကို တင်လိုက်၊ ချလိုက်၊ မီးဖွင့်ကြည့်လိုက်နှင့် ရှုပ်ယှက်ခတ်နေအောင် ဆူညံပွက် လောရိုက်နေသည့် ဆိုင်ကယ်အချောသတ်ဌာနပင်ဖြစ်သည်။ ဟီးရိုးဟွန်ဒါ စက်ရုံထုတ် ဆိုင်ကယ်တစ်စီး၏တန်ဖိုးမှာ ဒေါ်လာ(၉ဝဝ)နီးပါးရှိသလို အမျိုး သားစီး(၁၂၅)စီစီ၊ အင်ဂျင်တပ်မော်တော်ဆိုင်ကယ်တစ်စီးမှာ ဓာတ်ဆီ တစ်ဂါ လန်လျှင် မိုင်(၇ဝ)နီးပါးမောင်းနှင်နိုင်ကြောင်းသိရသည်။ ကျွန်မတို့ မြန်မာမီဒီယာအဖွဲ့မှာ ဆိုင်ကယ်စက်ရုံအတွင်း လေ့လာနေစဉ် အချိန်မှာပင် အလှဓာတ်ပုံရိုက်သူများ၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသူများ ဖြင့် စက်ရုံတစ်ဝန်းလုံးအပြည့်နေရာယူထားကြပေသည်။ လေ့လာရေးပြီးစီး ချိန်၌ စက်ရုံ၏ အစည်းအဝေးခန်းမကြီးတွင် ဟီးရိုးဟွန်ဒါစက်ရုံမှ Operation Manager မှစက်ရုံအကြောင်း ရှင်းလင်းတင်ပြခဲ့ခြင်းကြောင့် အသေးစိတ် သိရှိခဲ့ရသေးသည်။ ဟီးရိုးဟွန်ဒါစက်ရုံမှ ဝန်ထမ်းပေါင်း(၅ဝဝဝ)အနက်၊ M.B.A စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ရဝန်ထမ်းပေါင်း(၂ဝဝ)ကျော်အား လစာကောင်း ကောင်းပေးပြီး ခန့်ထားနိုင်သလို အင်ဂျင်ထုတ်လုပ်ရေးအပိုင်းမှ ဝန်ထမ်း တစ်ဦး၏လစာမှာ ရူပီး(၁၂ဝဝဝ) (Rupees 12000) နီးပါးဟု သိရှိရတာကြောင့် တစ်လလျှင် မြန်မာကျပ်ငွေ နှစ်သိန်းခွဲကျော်ဝင်ငွေရှိသည့် ဟီးရိုးဟွန်ဒါ ဝန်ထမ်းမျာ ဘာကြောင့် တက်ြ<ွကစွာလုပ်ကိုင်နေကြသလဲဟူသော အဖြေကို ရှာဖွေတွေ့ရှိခဲ့ရပေသည်။ မြန်မာမီဒီယာအဖွဲ့အား Projector ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ သော Operation Manager ၏ တင်ပြချက်အရ ဟီးရိုးဟွန်ဒါဆိုင်ကယ်များ မှာ (၂ဝဝ၉-၂ဝ၁ဝ)ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၅ဝဝဝ) ရောင်းအားရှိကာ ယခုနှစ်အတွင်းမှ စတင်ပြီးနောင်အခါဒေါ်လာသန်း ပေါင်း(၅၄ဝဝ)အထိ တိုးမြှင့်ရောင်းချနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း၊ ဝန်ထမ်းများကိုလည်း သင်တန်းများစနစ်တကျပေး၍ အရည်အချင်းတိုးတက် လာသည်နှင့် လစာများထိုက်ထိုက်တန်တန် ချီးမြှင့်သောနည်းလမ်းကောင်းများ ဖြင့် ဟီးရိုးဟွန်ဒါမှ ဝန်ထမ်းများ၊ အခြားစက်ရုံသို့ရောက်မသွားနိုင်အောင် ထိန်းချုပ်ထားနိုင်ကြောင်း ကြားသိခဲ့ရခြင်းမှာလည်း စီမံခန့်ခွဲသူများ၏ အလိမ္မာ တစ်မျိုးပင်ဖြစ်ပေသည်။ ဟီးရိုးဟွန်ဒါမှ ဥက္ကဋ္ဌဖြစ်သူ Mr.Brijmohan Lall သည် အလုပ်ကို အလုပ်နှင့်တူအောင် ဖန်တီးနိုင်သူဖြစ်သလို ဝန်ထမ်းများအပေါ်တွင်လည်း လေ့လာမှုမှာ အသေးစိတ်လှပေသည်။ ဥပမာအားဖြင့်ဆိုရသော် စက်ရုံဝန်ထမ်း များ၏မွေးနေ့၊ ရက်မြတ်များကို လစဉ်အလိုက်ဂုဏ်ပြုရေးသားကာ နာမည်နှင့် တကွစက်ရုံအတွင်း၌ ဆိုင်းဘုတ်ကြီးဖြင့်ဖော်ပြခဲ့သော နည်းလမ်းကောင်းမှာ ဝန်ထမ်းကောင်းများအား Motivation ပြုလုပ်ပေးသော် နည်းစနစ်တစ်မျိုးပင် ဖြစ်မည်ဟု ကျွန်မသုံးသပ်မိခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ (၁၉၈၃)ခုနှစ်ကတည်းက စတင်ခဲ့သော ဟီးရိုးဟွန်ဒါ ဆိုင်ကယ်များမှာ ယနေ့အခါတွင် အိန္ဒိယနိုင်ငံ၏ ဈေးကွက်ကို(၉၅)ရာခိုင်နှုန်း အထိ ရယူထားပြီဟု စက်ရုံ၏ Operation မန်နေဂျာ၏ ပြောကြားချက်အရ သိရှိရသည်။ ဟီးရိုးဟွန်ဒါစက်ရုံမှအထွက် လမ်းတစ်နေရာတွင် ဆိုင်းဘုတ်ကြီးတစ်ခုကို ထပ်မံတွေ့ရှိလိုက်ရပြီး၊ အိန္ဒိယဝန်ကြီးချုပ်ဟောင်း မဟတ္တမဂန္ဓီ (Mahatma Gandhi) ၏ ဒဿနကိုဂုဏ်ပြုဖော်ပြထားခြင်းမှာ ဟီးရိုးဟွန်ဒါစက်ရုံမှ စီမံခန့် ခွဲသူများ၏ ဝန်ထမ်းများအပေါ် သတိပေးတပ်လှန့်ခြင်းသဘောလည်း သက် ရောက်မည်ဟု ကျွန်မသုံးသပ်ကြည့်မိခဲ့သည်။ ''A customer is the most important visitor on our premises. He is not dependent on us. We are dependent on him. He is not an interruption on our work. He is the purpose of it and not an outsider on our premises. He is a part of it. We are not doing him a favour by serving him. He is doing us a favour by giving us the opportunity to do so'' ဟူသည့် ''အားပေးဝယ်ယူသော ဖောက်သည်ဆိုသည်မှာ အရေး ကြီးဆုံးဧည့်သည်ဖြစ်ပါတယ်။ သူက ကျွန်ုပ်တို့ကို မှီခိုနေတာမဟုတ်ပါ ဘူး။ ကျွန်ုပ်တို့ကသာ သူ့ကိုမှီခိုနေရတာဖြစ်ပါတယ်။သူက ကျွန်ုပ်တို့ရဲ့ အလုပ်ကိုလာရှုပ်နေတာမဟုတ်ပါဘူး။ ဒီစက်ရုံမှာသူက အပြင်လူ မဟုတ်ပါဘူး။ သူ့ကြောင့် ကျွန်ုပ်တို့ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့က သူ့ကိုလိုက်လျောကြည်ဖြူနေတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့လုပ်ငန်းလည်ပတ်လုပ်ခွင့်ပေးနေတဲ့လိုက်လျောကြည်ဖြူမှု ကို သူကပေးစွမ်းနေတာဖြစ်ပါတယ်''်''ဟု ဖတ်ရှုလေ့လာခဲ့ရတာကြောင့် ဟီးရိုးဟွန်ဒါစက်ရုံ၏တစ်နေ့တာလေ့လာရေးမှာ ကျွန်မအတွက် အသိပညာ များစွာတိုးပွားခဲ့ရပေသည်။ ဆုကဗျာ
ဓာတ်ပုံ ဇင်မင်းဆွေ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009